September 8, 2013

စဉ်းစားကြည့်ပါ

မနှစ်က ကျွန်တော့် အကို နိုင်ငံခြားက ပြန်လာတဲ့ အချိန်အိမ်မှာ အမေနဲ့ စကားများကြတယ်။ စကားများတယ်ဆိုတာထက် နားလည်မှုလွဲတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်။ အိမ်မှာက အကိုရှာတဲ့ ဝင်ငွေပဲရှိတာ။ အကိုပို့တဲ့ ငွေကို လောက်ငှအောင် အမေပဲ ကြည့်ပြီး စီစဉ်ရတာ။ အဖေမရှိတော့တဲ့ နောက်ပိုင်း အမေက အကို့ကို အားကိုးနေခဲ့ရတယ်။ ကျွန်တော်ကလည်း ကျောင်းတစ်ဖက်နဲ့ ဆိုတော့ ဘာမှ မကူညီနိုင်ခဲ့ဘူး။ အကိုက အဖေနဲ့ တူတာဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ စကားပြော အရမ်းနည်းတယ်။ အမေကတော့ သူ့သား ဘယ်လောက်ပင်ပန်းနေပြီ ဖြစ်တဲ့အကြောင်း၊ တစ်ခါတစ်လေ ကျွန်တော် အပိုငွေလေး သုံးလိုက်မိရင်း အကို့ကို မသနားကြောင်း၊ အလိုက်မသိတတ်ကြောင်း၊ ငွေကို သုံးဖို့လောက်သာသိတယ် စတာတွေကတော့ အတူနေဖြစ်တဲ့ ကျွန်တော်က ကြားနေကျ။

ကျွန်တော်က ဆယ်တန်း ၂ နှစ်ကျပြီး စာမေးပွဲ တစ်နှစ်အောက်ထားလိုက်တယ်။ ဒီနှစ်တော့ ကျွန်တော် စာမေးပွဲ ပြန်ဖြေချင်တဲ့ စိတ်ရှိတာနဲ့ အမေ့ကို ကျွန်တော် ပူဆာမိတယ်။ အမေကတော့ သူ့ထုံစံအတိုင်း ပေါက်ပေါက်ဖေါက်တော့တာပေါ့။ နောက်ဆုံး အကို့ရဲ့ အဆုံးအဖြတ်နဲ့ ကျွန်တော် စာမေးပွဲ ဖြေဖို့ အဆင်ပြေသွားရတယ်။ ဒီတစ်ခေါက် အကို ခွင့်နဲ့ ပြန်လာတော့လည်း အမေက ကျွန်တော်ကို ဆူဖို့ အကြိမ်ကြိမ် အကို့ကို ပြောတယ်။ အကိုက ကျွန်တော့်ကို စကားတွေ အများကြီး မပြောဘူး။ တစ်ခွန်းပဲပြောတယ်။ ညီလေးရာ အကိုလည်း ထမင်း စားတာပဲ၊ ညီလေးလည်း ထမင်းစားတာပဲ ဘယ်ဟာ ကောင်းတယ် မကောင်းဘူးဆိုတာတော့ စဉ်းစားတတ်ရမှာပေါ့ တဲ့။

ကျွန်တော် အကို့ ကို သတိထားမိတာတော့ ကြာပါပြီ။ အကိုက စကားနည်းတယ် ဆိုပင်မဲ့ လိုအပ်ရင်တော့ တော်တော်လေး စကားပြောတယ်။ မလိုအပ်ဘူးလို့ ထင်ရင် စကား တစ်လုံးမှကို မပြောတာ။ နောက်တစ်ခုက ဟန်မဆောင်တတ်တာ။ အမေ့မောင် ကျွန်တော်တို့ ဦးလေး အိမ်လာတော့လည်း စကားတစ်ခွန်းနှစ်ခွန်းပြောပြီး အိပ်ခန်းထဲ ဝင်နေတာမျိုး။ အမေကတော့ အားနားနေတာပေါ့။ ဦးလေးက အကို နိုင်ငံခြားက ခဏပြန်လာတယ်ဆိုလို့ လာတွေ့တာပါ။ အကိုကတော့ သူ့စိတ်ထဲမှာ အမေနဲ့ ခြံကိစ္စ ပြဿနာ ဖြစ်ပြီးကတည်းက ဦးလေးကို ကြည့်မရတော့တာ ကျနော် သိနေတယ်။ နောက်ပြီး အကိုက အစားအသောက်ကို သိပ်ဂရုမစိုက်ဘူး။ စားလို့ ရရင်ဖြစ်တယ်။ ဘာနဲ့ စားရစားရ။ အမေက အဲလိုမျိုး မဟုတ်ဘူး။ ဘယ်အစားအသောက်ကို ဖြစ်ဖြစ် အရသာခံ စားတယ်။ အစားအသောက်ကိစ္စနဲ့ပဲ အမေနဲ့ အကို စကားများသလိုဖြစ်ပြီး အမေငိုတော့တာပဲ။

ဖြစ်ပုံက ဒီလို.....။ အကို မရှိရင်တော့ အိမ်မှာ ကျွန်တော်တို့ သားအမိနှစ်ယောက်ထဲ ဖြစ်သလိုစားကြပါတယ်။ အကိုလာတဲ့ အချိန်မှာတော့ အိမ်မှာ ဝိုင်းကူဖို့ ရွာထဲက အဒေါ်တစ်ယောက်ကို ခေါ်ထားလိုက်တယ်။ အဲ့ဒီနေ့က အိမ်မှာ မုန့်ဟင်းခါးချက်စားကြတယ်။ ညစာ စားပြီးတာတောင် အများကြီးကျန်နေသေးတယ်။ နောက်နေ့ မနက်ကျမှ အပူပေးပြီး ထပ်စားမယ်ပေါ့။ မနက်ကျတော့ အိမ်မှာခေါ်ထားတဲ့ အဒေါ်က မုန့်ဟင်းရည် မလောက်မှာ ဆိုတာကြောင့် ရေနည်းနည်း ရောပြီး မီးဖိုပေါ် တင်ထားတုန်း ရှိသေးတယ်။ အမေက သူစားတော့မယ်ဆိုပြီး ထည့်စားတဲ့ အချိန်မှာ အရသာက ပေါ့နေပြီ။ ဒါကို အမေက .... ဟဲ့ ဟင်းရည်က ဘယ်လို ဖြစ်တာလဲ။ မနေ့ညက အကောင်းကြီးပါ။ ရေရောလိုက်သေးတာလား......။ အဒေါ်က  အင်း ရေနည်းနည်း  ရောလိုက်တယ်လည်းဆိုရော  အမေ ထသောင်းကျန်ပါတော့တယ်။ ငါက ကောင်းကောင်းလေး စာရမလားမှတ်တယ်။ မပြောမဆိုနဲ့ လုပ်ချင်တာလုပ်တယ်။ ခုတော့ စားမကောင်းတော့ဘူး။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ နောက်ဆုံး အဲလို မကောင်းမကံဆို သွန်ပစ်လိုက်တာကမှ ကောင်းအုံးမယ်လည်းဆိုရော အခန်းထဲမှာ ရှိနေတဲ့ အကို့အသံ ထွက်လာပါတယ်။

ဘာဖြစ်လဲ အမေရယ်... ပေါ့တော့လည်း ဆားထည့်စားတာပေါ့.... စောစောစီးစီး သူတစ်ပါးကို မပြောပါနဲ့၊ အစာတစ်လုတ်အတွက်နဲ့ စိတ်အဲလောက်ထိ ဆင်းရဲမခံပါနဲ့ လည်းဆိုလိုက်ရော ငိုချင်ရဲ့ လက်တိုသလိုဖြစ်ပြီး သူ့ကို နားမလည်ဘူး။ သူ့ကို နားလည်မယ်လို့ ထင်ထားတဲ့ သားက သူ့ကို ခုလိုမျိုးပြောတော့ သူ ရင်နာတယ်။ သူစိမ်းဖက်က နားပြီး ကိုယ့်အမေကို ဒီလိုပြောရလား။ သူရှာကျွေးတယ်ဆိုပြီး ငါ့ကို ဒီပုံစံ လာမလုပ်နဲ့။ ပြောလည်းပြော ငိုလည်းငိုပေါ့။ အကိုလည်း အမေ့ကို ပြန်ပြောနေတဲ့ အသံတွေတော့ ကြားနေရတယ်။ ကျွန်တော်လည်း အကိုနဲ့ အမေ့ကြားမှာ ဘာမှဝင်မပြောပဲ ဒီအတိုင်းလေးပဲ နားထောင်နေလိုက်တယ်။ အကို သူ့အိပ်ခန်းထဲ ဝင်သွားတာကို ကျွန်တော်တွေ့လိုက်တယ်။ သိပ်မကြာဘူး ဆိုင်ကယ်အသံနဲ့ အတူ အမေ့ ငိုသံလည်း တိတ်သွားခဲ့တယ်။

အမေလည်း အပြင်ကိုထွက်သွားပင်မဲ့ နေ့လည်စာ စားမဲ့ အချိန်မှာ ပြန်လာပြီး စီစဉ်ချက်ပြုတ်နေပင်မဲ့ ဆိုင်ကယ်အသံနဲ့အတူ ထွက်သွားတဲ့ ကျွန်တော့်အကို ကတော့ ...........။


 ရီနိုမာန်
 

2 comments:

သိ င်္ဂါ ရ said...

မိဘ နဲ့ သားသမီး ကြား က မေတ္တာတရား က နားလည်မှုတွေ လွဲတဲ့ အခါ နှစ်ဘက်စလုံးမှာ နာကျင်ကြရတာပါပဲ ...

AMK said...

မြန်မာပြည် က မိဘတွေ က သားသမီးတွေ တသက်လုံး သူတို့ စကားကိုပဲ နားထောင်စေချင်တယ် .သားသမီးတွေ ကြီးလားလို့  သူတို့ အတွေ အကြုံနဲ့ အနည်းအပါးပြန်ပြောတာတို့  ပြန်ဆွေးနွေးလာတာ တို့ ကိုလက်မခံနိုင်ကျဘူး အကိုရ..နောက်ဆုံး ပိုက်ဆုံရှာနိုင်လို့ သူတို့ ကို ပုန်ကုန်ပါတယ် ဆိုတဲ့ ဘူတာကိုဆိုက်ရောဗျာ..သူတို့ သားသမီးတွေ လူကြီးဖြစ်လာကျပြီး အတွေ့ အကြုံ နဲ့ ၇င့် ကျက်လာတာကို မခံစားနိုင်ကျဘူးလို့ ထင်တာပဲ တသက်လုံး ကလေးပဲ လုပ်စေချင်တယ်နဲ့တူပါတယ်