November 18, 2012

ပန်းကြာဝတ်မှုန်ရုပ်ရှင်အား ပြန်ခံစားခြင်း

ဒီနေ့ စင်ကာပူမှာ ပြတဲ့ ပန်းကြာဝတ်မှုန်ရဲ့ နောက်ဆုံးပွဲကို သွားရောက်ကြည့်ရှုဖြစ်ခဲ့ပါတယ်။ လိုချင်တဲ့ နေရာမရပင်မဲ့ ရတဲ့နေရာကပဲ အားပေးကြည့်ဖြစ်ခဲ့ပါတယ်။ ဝတ္ထုကို အကြိမ်ကြိမ်ဖတ်ထားမိတဲ့ အတွက် ဝတ္ထုထဲကအတိုင်း အကုန်ပါအောင် မရိုက်ပြနိုင်ခဲ့ပင်မဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်း တစ်ပုဒ်လို့ မှတ်ချက်ပေးလိုက်မိပါတယ်။ 

ပန်းကြာဝတ်မှုန်ဝတ္ထုကို ဖတ်ထားတဲ့ သူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဝတ္ထုလောက် အရသာမရှိဘူးလို့ တွေးမိကြမယ်လို့ ထင်ပါတယ်။ ဝတ္ထုကို ရေးထားတဲ့ ဆရာမခင်ခင်ထူး ကိုယ်တိုင်က အားရမှုမရှိပင်မဲ့ ရုပ်ရှင်သရုပ်ဆောင် အဖွဲ့သူ၊သားတွေ ပင်ပန်းတာကိုကြည့်ပြီး ကျေနပ်ပါတယ်လို့ ပြောထားမှတော့ ကျနော်ကိုယ်တိုင်လည်း ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် လက်ခံထားမိလျှက်သားပါပဲ။

ဝတ္ထုကို ဖတ်ပြီးတဲ့ အချိန်မှာ ကျန်ခဲ့တဲ့ စိတ်ခံစားမှုမျိုးကို ဒါရိုက်တာ အနေနဲ့ ဘယ်လိုများ အဆုံးသတ်မလဲဆိုတဲ့ စိတ်ကြောင့် ဒီနေ့ ဒီပွဲကို သွားကြည့်ဖြစ်စေခဲ့တာပါ။ စိတ်ထဲမှာတော့ ဆရာမရဲ့ ဇာတ်သိမ်းအတိုင်း မသိမ်းပါစေနဲ့လို့ ဆုတောင်းမိခဲ့တာတော့ အမှန်ပါ။ တကယ်သွားကြည့်ဖြစ်လိုက်တဲ့ အချိန်မှာတော့ ကြည့်ရကျိုးနပ်တယ်လို့ပဲ ယူဆလိုက်မိပါတယ်။ ဝတ္ထုထဲမှာ ပါတဲ့ဇာတ်ဝင်ခန်း တော်တော်များများ ရုပ်ရှင်မှာ မပါဝင်တာကလွဲလို့ ဇာတ်လမ်းရဲ့ဇာတ်ကွက် အချိတ်အဆက်မိပါတယ်။ ဇာတ်သိမ်းမှာ မင်းသားနဲ့ မင်သမီးကိုပေးပေါင်းထားတဲ့ အတွက်လည်း ဇာတ်ရှိန်ကို အကောင်းဆုံးနဲ့ အဆုံးသတ်တယ်လို့ ယူဆမိပါတယ်။

အောင်နိုင်သူရဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်သွားတဲ့ နိုင်းနိုင်း အနေနဲ့ ဘာမှ ပြောစရာမရှိပင်မဲ့ သီရိမေနေရာမှာ သရုပ်ဆောင်တဲ့ သက်မွန်မြင့်ကိုတော့ ပြောစရာနည်းနည်းလေးရှိနေပါတယ်။ အကယ်ဒမီရပြီးသားသူ တစ်ယောက်မို့ သရုပ်ဆောင်မှုအပိုင်းမှာ ပြောစရာမရှိပင်မဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်တဲ့အချိန်မှာ ဝတ်ဆာဆင်ယင်မှုအနေနဲ့ မြန်မာဆန်သောလည်း သိပ်မလိုက်ဖက်ဘူးလို့ ကျနော့်အနေနဲ့ မြင်မိပါတယ်။ နောက်တစ်ခုက ထွေးထွေးသိန်းနဲ့ ပတ်သက်လို့ ဟာသတွေ အခန်းတော်တော်များများ ရှိနေပင်မဲ့ ရုပ်ရှင်မှာတော့ တစ်ခန်းစ၊ နှစ်ခန်းစလောက်ပဲ ပါတာကို တွေ့ရပြန်ပါတယ်။

ပန်းကြာဝတ်မှုန် ဇာတ်ကားမှာ ကြည့်ရတာ အတန်းဆုံးကတော့ ရှုခင်းတွေရဲ့ အလှပါပဲ။ ရိုက်ကွင်းရိုက်ကွက်တွေ အခန်းတိုင်းလိုလို လှတယ်လို့ ပြောရင် မှားမယ် မထင်ပါဘူး။ မူရင်းဝတ္ထုကို မဖတ်ထားပဲ ကြည့်မယ်ဆိုရင်တော့ တော်တော်လေး ကောင်းမဲ့ ဇာတ်လမ်းလို့ ပြောလို့ရပါတယ်။ ဝတ္ထုဖတ်ထားတဲ့ သူတစ်ယောက် အနေနဲ့ကတော့ ကောင်းတယ်လို့ ပြောလို့မရပင်မဲ့ နောက်ဆုံးဇာတ်သိမ်းကြောင့် ကျေနပ်မှု  ဖြစ်ခဲ့ရပါတယ်။

ဝတ္ထုကို ဖတ်ပြီးတဲ့ အချိန်မှာ စိတ်မှန်းနဲ့ အကယ်ဒမီ ပေးဖြစ်ခဲ့ပါတယ်။ 
ဇာတ်ကောင် သီရိမေ နေရာ အကယ်ဒမီရနိုင်တယ်လို့....ပြီးတော့
ဒါရိုက်တာ၊ ဇာတ်ညွန်း၊ ဇာတ်လမ်းလို့ စိတ်မှန်းနဲ့ ပေးထားခဲ့ပါတယ်။

ရုပ်ရှင် ကြည့်ပြီးတဲ့ အချိန်မှာတော့ ဓါတ်ပုံ၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ လောက်သာရနိုင်တော့မယ်လို့ စိတ်ထဲ အလိုလို သိလာပါတယ်။ ဘယ်သူတွေ ဘာဆုရကြမလဲဆိုတာတော့ နောက်လ ( ဒီဇင်ဘာလ) ၃၀ရက်နေ့မှာ ကျင်းပမဲ့ အကယ်ဒမီပေးပွဲတွင် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ကျနော့်ကိုယ်ပိုင် အတွေးနဲ့ကတော့ အကယ်ဒမီဆု တစ်ခုလောက်တော့ ရကောင်းပါရဲ့...လို့တွေးရင်းးးးးး။


လေးစားစွာဖြင့်
ရီနိုမာန် 

မှတ်ချက် -
စာဖတ်ပရိသတ် တစ်ယောက်အနေနဲ့ ခံစားရေးဖွဲ့ခြင်း ဖြစ်ပါတယ်။ ဆရာမ၏ ဝတ္ထုအား တစ်စုံတစ်ရာ ဝေဖန်ခြင်း မဟုတ်ပါ။ 
ရုပ်ရှင်ကြည့် ပရိသတ်တစ်ယောက်အနေနဲ့ ခံစားမိသမျှ ရေးဖွဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒါရိုက်တာ၏ ပညာအား တစိုးတစိမျှ စော်ကားလိုခြင်း မရှိပါကြောင်း လေးစားစွာ အသိပေးအပ်လိုက်ရပါတယ်။
 



4 comments:

ဆောင်းနှင်းရွက် said...

အစက တစ်ရက်ရက် သွားကြည့်မလို့ လုပ်ပြီးမှ
မကြည့်ဖြစ်တော့ဘူး ..း(

သီရိမေ ပဲ အကယ်ဒမီ ရနိုင်တာလား ..
အောင် ရော ဟင် .. ??
ထွေလာမှာ ကြည့်တာတော့
နိုင်းနိုင်းက ပိုကောင်းနေလားလို့ ..
၂ ယောက်လုံးရရင်တော့ ကောင်းတာပေါ့ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ဇွန်မိုးစက် said...

ရီနိုရေ...

စောစောကပဲ အစ်မ မျက်နှာစာအုပ်မှာ ကော်မန့်ရေးလိုက်သေးတယ်။ စာအုပ်ကိုတော့ မမှီဘူးကွယ်။ ရှုခင်းတွေ အသားပေးတာများတယ်။ ဇာတ်လမ်းကူးဆက်က တစ်ချို့ဆွဲထားရမယ့် နေရာတွေကို ဖြတ်ချလိုက်တာ အရမ်းမြန်ပြီး၊ တစ်ချို့အခန်းတွေကျတော့ မလိုအပ်ဘဲ ရှည်နေပြန်ရော။ ကျိုင်းမိုင်းအခန်းတွေ ရိုက်ပြတာ အားနည်းတယ်။ ကဗျာတွေ ရွတ်တာလည်း သိပ်မပါဘူး။ လေးနက်ရမယ့် နေရာတွေမှာ ပေါ့သွားတာပေါ့။ အ၀တ်အစားဒီဇိုင်းလည်း တစ်ချို့နေရာတွေမှာ နဲနဲအံလွဲနေတယ်။ သူငယ်ချင်းငါးယောက်ရဲ့ စရိုက်လက္ခဏာကို ကားအစပိုင်းမှာ ဖော်ပြပေးရင် ပိုကောင်းမယ်။ အောင့်ရဲ့ကာရိုက်တာကိုလည်း ဒီထက်ပိုပေါ်အောင် ဖော်ပေးသင့်တယ်။ ဒါတောင် ၀တ္ထုဖတ်ထားလို့ ကိုယ်သိနေတောတွေ အများကြီးကို မပါဘဲ နားလည်ပေးနိုင်တာ။ တကယ်လို့ ၀တ္ထုလုံးလုံးမဖတ်ဖူးတဲ့သူဆိုရင် တစ်ချို့နေရာတွေမှာ ကြည့်တဲ့သူက အပြည့်အ၀ ခံစားနားလည်နိုင်ပါ့မလားလို့ အစ်မ သံသယဖြစ်မိတယ်။

ပွင့်မြုးဇင် said...

ဥသြနဲ့ပန်းပွင့်တွေပါ သယ်ဆောင်လာနိုင်တဲ့ နွေဦးမျိုးဖြစ်ချင်တယ်.. ဆိုပြီး ရည်းစားစကားကို သွယ်ဝိုက်ပြောတာလေးက စာအုပ်ထဲမှာ အရမ်းလှတဲ့ဇာတ်ကွက်လေးနော်.. အဲဒါလေးလဲ မပေါ်လွင်ဘူးလားလို့.. မဇွန်မိုးစက်ပြောသလိုပဲ.. အောင့်ဇာတ်ရုပ်ကို အားမရဘူး.. စာအုပ်သာဖတ်မထားရင် သူ့ဇာတ်ရုပ်က ပေါ့ပျက်ပျက်ကြီးနေမှာ..

Ree Noe Mann said...

သဲသဲရေ
ဝတ္ထုဖတ်တုန်းကတော့ အကယ်ဒမီကို အများကြီး ရနိုင်တယ်လို့ ထင်ထားပင်မဲ့။ ရုပ်ရှင် ကြည့်ပြီးသွားတဲ့
အခါမှာတော့ အကယ်ဒမီ တစ်ခုလောက် ရခဲ့ရင် ကံကောင်းတယ်လို့ ပဲ ပြောရမလို ဖြစ်နေပြီ။

မဇွန်

ဟုတ်တယ် အမ။ လုံးဝ အားမရတာတော့ အမှန်ပဲ။
အဲဒီဇာတ်ကားကို ကြည့်ပြီးသွားတဲ့ အချိန်မှာ စိတ်ကလေး တစ်ခုဖြစ်လာတယ်။ မအိမ်ကံကို ရုပ်ရှင် ရိုက်လိုက်မှာကို ကြောက်သွားမိတယ်။
အခန်းဖေါ် သူငယ်ချင်းကို ပြောပြတော့ မအိမ်ကံကို
ဇာတ်လမ်းတွဲ ရိုက်ဖို့ စီစဉ်နေကြတယ်လို့ ပြောတယ်။
အင်း... အဲလိုဆိုရင်တော့ မဆိုပါဘူး ပေါ့။

ပွင့်မြုးဇင်

တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အချစ်တွေ ခံစားချက်တွေကို ပုံဖော်တဲ့ နေရာမှာ တော်တော်လေး လိုပါတယ်။
ကျနော်ကတော့ ဇာတ်ကားတစ်ခုလုံးမှာ ဇာတ်သိမ်းလေးပဲ သဘောကျမိပါတယ်။