July 3, 2011

ဘဝရဲ့ တစ်နေရာမှာ ရှိခဲ့ဖူးသည်

လောကမှာ အမှတ်တရ ဖြစ်စေတဲ့ အကြောင်းအရာတွေ အများကြီးရှိကြ၏။ အမှတ်တရ အများကြီးထဲမှ ကျနော့်အတွက် မှတ်မှတ်ရရ ဖြစ်စေခဲ့သော ကျောင်းဆရာဘဝလေးကိုလည်း မေ့ထားလို့မရနိုင် ဖြစ်ရပြန်ပါသည်။ စာသင်နှစ် တစ်နှစ်ဟုဆိုပင်မဲ့ စာသင်ကာလ ၉လလောက်ဟာ ကျနော်ဘဝရဲ့ မေ့မရတဲ့ အမှတ်တရများလို့ ဆိုလျှင်လဲ မှားနိုင်မည် မဟုတ်ပါ။ တစ်ကြိမ်တစ်ခါသာ ပြုလုပ်ခဲ့ဖူးတဲ့ ကျောင်းဆရာအလုပ်မှ ရယူလိုက်မိတဲ့ ဆရာတစ်ယောက်ရဲ့ ခံစားချက်ကိုလည်း ယခုအချိန်တွင် ပြန်လည်ခံစားပီတိ ဖြစ်ရပါသည်။ ကျွန်တော် စိတ်နှင့်ကျနော်သာဆိုလျှင် ယခုအချိန်တွင် ကျောင်းဆရာဘဝဖြင့် အရိုးထုတ်နေမိမှာ အမှန်ပါ။ သို့သော် မိဘဆန္ဒကို မဆန့်ကျင်လိုသောကြောင့် စာသင်နှစ်တစ်နှစ်အပြီးမှာ ကျနော်ကျောင်းဆရာ အလုပ်မှ အလုပ်ထွက်ခဲ့လိုက်သည်။

ယခုအချိန်မှာ ကျောင်းဆရာအလုပ်နဲ့ အနေဝေးခဲ့ပင်မဲ့ ထိုအချိန် ထိုကာလက အမှတ်တရ အရိပ်လေးတွေက ကျနော့် ရင်ထဲမှာ ယခုအချိန်ထိ ရှင်သန်နေမြဲဖြစ်သည်။ အမှတ်ရစေသော အကြောင်းအရာများထဲမှ ပထမဆုံး အမှတ်၇နေသည့် အချက်မှာ ကျနော်တာဝန်ကျသော မူလတန်းကျောင်းသည် ရပ်ရွာမှ ကိုယ်ထူးကိုယ်ထ ကျောင်းလေးဖြစ်သည်။ ထိုမူလတန်းကျောင်းတွင် ကျောင်းအုပ်လည်း ကျနော်၊ စာပြဆရာလည်း ကျနော်၊ အားကစားဆရာလည်း ကျနော်၊ နောက်ဆုံး သန့်ရှင်းရေး အလုပ်သမားလည်း ကျနော်သာ ဖြစ်သည်။ တစ်ကျောင်းလုံးတွင် ဆရာဆို၍ ကျနော်တစ်ယောက်တည်းသာ ရှိသည်။ မဆီမဆိုင် ကျနော်လေးတန်းကျောင်းသားဘဝက အဖြစ်အပျက်လေး တစ်ခုကို သွာသတိရမိသည်။ ကျနော်တို့ လေးတန်းနှစ်က အစိုးရစစ် ဖြစ်သည်။ အစိုးရစစ်မတိုင်မှီ ပထမအစမ်းနှင့် ဒုတိယအစမ်း ဆိုပြီး စာမေးပွဲဖြေကြရသည်။ ကျနော်တို့ အခန်းမှာ ကျောင်းသား၊ကျောင်းသူပေါင်း ၇၀ကျော် ရှိသည်။ ပထမအစမ်း စာမေးပွဲ၌ တစ်ခန်းလုံးတွင် ဘာသာစုံအောင်မှတ်ဖြင့် အောင်သောသူ ကျောင်းသားတစ်ဦးသာ ရှိခဲ့သည်။ ထိုသူမှာ အခြားသူမဟုတ်ချေ။ ကျနော်သာ ဖြစ်သည်။ ယခုလည်း တစ်ကျောင်းလုံးတွင် ဆရာဆို၍ ကျနော်တစ်ဦး သာရှိသည်။

တစ်ကျောင်းလုံး ကျောင်းသူ ကျောင်းသား အရေအတွက်မှာ ၂၀ပင် မပြည့်ချင်ပါ။ စ ကျောင်းအပ်လက်ခံတုန်းကတော့ ကျောင်းသား အရေအတွက် ၂၀ကျော်ရှိခဲ့သည်။ တကယ့်တကယ်ကျောင်းလာတက်တော့ ၁၈ယောက်မျှသာ လာတက်ကြသည်။ ကျနော့်အတွက် ကံကောင်းသည်မှာ အတန်းကြီးဖြစ်တဲ့ လေးတန်းကျောင်းသား သုံးယောက် ရှိနေခြင်းပင်ဖြစ်သည်။ ကျနော်ရဲ့ စာသင်ချိန်တစ်ချို့နှင့် အားကစားချိန်များမှာ ထိုလေးတန်းကျောင်းသားများ ရှိနေခြင်းကြောင့် ကျနော် အနားရ ရသည်။ စာသင်နှစ်အစတွင်တော့ ကျနော်ကိုယ်တိုင် ကျောင်းဆရာဖြစ်ရသလို၊ ကျောင်းသားတစ်ဖြစ်လည်း ဘာသာစကားကို လေ့လာရပြန်ပါသည်။ ကျနော်တာဝန်ကျသော ဒေသသည် ပအို့ဝ်ဒေသ ဖြစ်သောကြောင့် တစ်ချို့သော ကျောင်းသားလေးများမှာ မြန်မာလို ပြော၍နားမလည်သော အခါမျိုးတွင် သူတို့ ဘာသာစကားဖြင့် ရှင်းပြမှသာ နားလည်ကြတော့သည်။ ဒါကြောင့်လည်း ကျနော့်မှာ ကျောင်းဆရာတစ်ဖြစ်လည်း သူတို့ဘာသာစကားကို သင်ယူလေ့လာရပြန်ပါသည်။

စာသင်နှစ်လယ်လောက်မှာတော့ ကလေးတွေနှင့်ကျနော် အပေးအယူမျှလာ ကြပါသည်။ ကျနော်ပြောချင်တာကို သူတို့လေးတွေ နားလည်လာကြသလို၊ နားမလည်သော မြန်မာစာတစ်ချို့ကိုလည်း ပအို့ဝ်ဘာသာ စကားဖြင့် ပြန်လည်ရှင်းပြ နိုင်ခဲ့သည့်အထိ အဆင်ပြေလာခဲ့သည်။ သူတို့လေးတွေနဲ့ ကျနော် အဆင်ပြေနေတဲ့ အချိန်မှာ အဆင်မပြေဖြစ်နေကြသည်က ကျနော်၏ မိဘများ ပင်ဖြစ်ကြတော့သည်။ ဘာကြောင့်လည်းဆိုတော့ အမေနဲ့အဖေသည် ကျနော်ကို ပြန်ခေါ်နေသောကြောင့် ဖြစ်သည်။ ကျနော်ဒီကျောင်းဆရာ အလုပ်ကို စိတ်ဝင်စားသွားမည်ကို ကျနော့်၏အမေသည် အလွန်မှ စိုးရိမ်ပူပန်နေ၏။ ထိုနောက်မှာတော့ အမေနဲ့ ကျနော် အလဲအလှယ်တစ်ခုကို သားသမီးနှင့် မိဘနှစ်ဦး သဘောတူ ဆုံးဖြတ်လိုက်ပါတော့သည်။

စာသင်နှစ်တစ်နှစ်ရဲ့ နောက်ဆုံးကာလဖြစ်တဲ့ စာမေးပွဲကြီး ပြီဆုံးသွားချိန်မှာတော့ မိဘနှင့် သားသမီးကြားထားရှိတဲ့ ဂတိအတိုင်း ကျောင်းဆရာအလုပ်မှ ကျနော်အပြီးအပိုင်း စွန့်လွှတ်လိုက်ပါတော့သည်။ နောက်နှစ်တွင် ဒီကျောင်းကို ပြန်လာမှာပဲလို့ မျှော်လင့်နေကြမဲ့ ကလေးတွေ အတွက်တော့ ကျနော်ဝမ်းနည်းခံစားခဲ့ရပါသည်။ ကျနော့်၏ ကျောင်းဆရာအလုပ်သည် တရားဝင်အစိုးဝန်ထမ်း မဟုတ်သေးတာကြောင့် လွယ်လွယ်နှင့်ပင် ထွက်လိုရပါသည်။ နောက်နှစ်ဒီရွာလေးကို ကျနော်ပြန်လာနိုင်မှာ မဟုတ်တော့ဘူးဆိုတဲ့ အကြောင်း ရွာလူကြီးကိုပြောပြတော့ ကျနော်ကို ဘာမှ ပြန်မပြောပဲ စိမ့်စိမ့်ကြီးကြည့်နေသော ရွာလူကြီး၏အကြည့်ကို ကျနော် နားလည်လိုရပါသည်။ မြို့နှင့် အလှမ်းဝေးလှတဲ့ ဒီရွာလေးမှာ အစိုးရမှခန့်တဲ့ ဆရာတစ်ယောက်ရဖို့ နေနေ၊ ကျနော်တို့လို့ ဆွဲခန့် ဆရာတစ်ယောက်ရဖို့တောင် မလွယ်ကူပါ။ ဒါကြောင့်မို့ထင်ပါသည်။ ကျနော်ပြန်မလာနိုင်တော့ဘူးလို့ ပြောတော့ စိတ်မကောင်းခြင်းများစွာဖြင့် ကျနော်ကိုကြည့်နေသော အကြည့်ကို နားလည်လို့ရနိုင်ပင်မဲ့ တဖက်မှာ ရှိနေတဲ့ မိဘများကိုတော့ ကျနော်ကြောင့် စိတ်မဆင်းရဲစေချင်ပါ။ ဒါကြောင့်လည်း ကျနော့်စိတ်ကို ပိုင်ပိုင်နိုင်နိုင်ပဲ ဆုံးဖြတ်လိုက်ပါသည်။

သံယောဇဉ်ဖြစ်နေကြပြီးဖြစ်တဲ့ ကျနော့် တပည့်လေးတွေအပေါ်မှာတော့ ကျနော် မရက်စက်ချင်ပါ။ ဒါကြောင့်လည်း နောက်စာသင်နှစ်မှာ ကျနော်ပြန်မလာတော့ဘူး ဆိုတဲ့ အကြောင်းကို ကလေးတွေ မသိအောင်လို့ ရွာလူကြီးများကို မပြောရန် ကျနော်ကပဲ တောင်းပန်ထားလိုက်သည်။ ဒီလိုနဲ့ ကျနော်ပြန်မဲ့ မနက်မှာတော့ ရွာမှ လူကြီးတစ်ချို့နှင့် ကျနော့်တပည့် ၁၈ယောက်စလုံး ကျနော့်ကို ရထားဘူတာရုံလေးသို့ လိုက်ပို့ပေးကြသည်။ ရထားလာရန် နာရီဝက်လောက်လိုသေးတာကြောင့် ကလေးတွေနဲ့ စကားလက်ဆုံကြရင်း စာကြိုးစားဖို့၊ လိမ္မာဖို့၊ လူကြီးမိဘများကို ရိုသေဖို့ မြန်မာလိုတစ်မျိုး ပအိုဝ့်လို တစ်မျိုးနဲ့ ကျနော် ရှင်းပြနေတုန်းမှာ......

" .... ကဲ ....ကဲ... ကလေးတို့ ရထားလာတော့မယ်။ မင်းတို့ ဆရာလေးကို ထိုင်ပြီး ကန်တော့လိုက်ကြအုံး "

ကျနော် ဟန့်တားချိန်မရလိုက်။ ကလေးများ အားလုံး ကျနော်ရှေ့သို့ရောက်လာကြသည်။ ဒီအခြေအနေကို ကျနော် လက်မခံချင်ပါ။ ကလေးတွေအပေါ် ကျနော်ရက်စက်ရာ ကျနေမည်ဟု ထင်မိသည်။ တဆက်တည်းမှာပဲ "ငါက သူတို့လေးတွေရဲ့ ဆရာဖြစ်ခဲ့ဖူးတာပဲ။ ဆရာဆိုတဲ့ နာမနဲ့ အညီ ငါခံယူထိုက်ပါတယ်။" ဘယ်လိုအတွေးကြောင့်မှန်း ကျနော်မပြောတက်။ ၇င်ထဲမှာ အလိုလိုစို့တက်လာခဲ့သည်။ မျက်ဝန်းအိမ်မှာလည်း ပြည့်လျှံလာတဲ့ မျက်ရည်တွေ။ ဒါ ဆရာတစ်ယောက်ရဲ့ ပီတိ မျက်ရည်တွေလား။ ရင်ထဲမှာ စိတ်မကောင်းခြင်းများစွာဖြင့် ကျနော်ရထားပေါ်တက်လာခဲ့သည်။

ရထားထွက်ခါးနီးကျောင်းသား တစ်ဦးရဲ့ အော်ပြောလိုက်တဲ့ အသံကိုကြားလိုက်ရတဲ့ အချိန်မှာတော့ ကျနော်ရဲ့ မျက်ဝန်းအိမ်ထဲမှ မျက်ရည်များဟာ ဒုတိယအကြိမ် ပြည့်လျှံလို့ သွားပါတော့သည်။

" ဆရာ...ဆရာ့ကို သားတို့ နောက်နှစ် မျှော်နေမယ်နော်...." တဲ့။


လေးစားစွာဖြင့်
ရီနိုမာန်

2 comments:

အင်္ဂါဟူး said...

ပြောရင် ယုံမလားဗျာ... ဒီစာကို ဖတ်ပြီးခါနီးမှာ... မျက်ရည်ဝဲ ပြီး ဆို့နင့်လာတယ်။

တစ်ခါတစ်ရံ ဘ၀ရဲ့လောကဓံတွေဟာ သာမန် ပုထုဇဉ်တွေကို ဆို့နင့်ကြေကွဲစေပြီး တစ်သက်လုံးအမှတ် ရနေတတ်တယ်ဗျာ။

Ree Noe Mann said...

ကျေးဇူးတင်ပါတယ်ဗျာ ယခုလို အားပေးလို့။