March 25, 2011

လူပျိုကြီး ဟက်ထိသွားတဲ့ အချစ်

အသက် ၃၀....။ ဒါဆို လူငယ်လို့ ခေါ်လို့မရတော့ဘူးပေါ့။ လူကြီးတစ်ပိုင်း ဖြစ်နေပြီ။ မိန်းမနဲ့လား ကလေးရှိလား။ ပေါက်ပေါက်ရှာရှာ ရည်စားတောင်မရှိဘူး။ ဒါဆို လူပျိုကြီးပေါ့။ အေးပေါ့..... ဒါပဲပြောရတော့မှာပေါ့...။ ကိုယ့်ကိုကိုယ်တော့ အခုထိ ၁၉နှစ်က မတက်သေးဘူး။ အသက် ၃၀မှ မိန်းမ မရသေးတော့လည်း လူပျိုကြီးလို့ပဲ အခေါ်ခံရတော့မှာပေါ့လေ။ ကဲ.... ရှိစေတော့။ လူပျိုကြီး ဆိုတော့လည်း လူပျိုကြီးပေါ့။ လူပျိုကြီး အခုတစ်လော ဘာလုပ်တယ်မှတ်လဲ။ ရုပ်ရှင်ကားတွေ တစ်ကားပြီး တစ်ကားကြည့်တယ်။ စာတွေဖတ်တယ်။ အဲနှစ်ခုနဲ့ အလုပ်ကိုး ရှုပ်နေတာပဲ။

ဟိုတစ်လောတုန်းက ပြေတီဦး ၊ အူဝဲ နဲ့ ရဲအောင်တို့ ပါဝင်တဲ့ ဇာတ်လမ်းလေးကြည့်ဖြစ်တယ်။ ရှင်းရှင်းပြောရရင် အချစ်ကားလေးပေါ့။ လူပျိုကြီး ငယ်ငယ်တုန်းက ဇာတ်လမ်းဆင်တူတဲ့ ကားတစ်ကားကြည့်ဖူးတယ်။ နေအောင်နဲ့ ရဲအောင်ပါတာတော့ မှတ်မိတယ်။ မင်းသမီး ဘယ်သူလဲတော့ မသိတော့ဘူး။ အဲဒီအချိန်တုန်းက ကြည့်ရတဲ့ ဖီလင်နဲ့ အခုပြန်ကြည့်လိုက်ရတဲ့ ဖီလင် မတူတော့တာ လူပျိုကြီး သတိထားလိုက်မိတယ်။

နေအောင်တို့တုန်းက ဇာတ်လမ်းလောက်ပဲ မှတ်မိတော့တာ။ ခုပြေတီဦးတို့ သရုပ်ဆောင်တာကို ကြည့်ပြီး လူပျိုကြီး ရင်ထဲထိသွားတယ်ပြောရင် ပိုမှန်လိမ့်မယ်။ အချစ်ဆိုတဲ့ အရာကြီးကို ဒါရိုက်တာကပဲ ပုံဖော်ကောင်းလို့လား။ ဒါမှမဟုတ် အဓိကသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ပြေတီဦးနဲ့ အူဝဲတို့ရဲ့ သရုပ်ဆောင်ကောင်းလို့ပဲလား။ စာရေးဆရာရဲ့ ဇာတ်အိမ်ကိုက ကောင်းနေ၍ပဲလား လူပျိုကြီး မပြောတက်သွားရလောက်အောင် ဖြစ်သွားခဲ့ရတာတော့ အမှန်။

ဇာတ်လမ်း စလယ်ဆုံး ပြောစရာမရှိရလောင်အောင် ကောင်းမွန်လှပါတယ်။ လူပျိုကြီးကို ဟက်ထိသွားစေတဲ့ အခန်းတွေကတော့ သိပ် အများကြီး မရှိပါဘူး။ ရဲအောင်၊ ပြေတီဦး နဲ့ အူဝဲတို့ ဆုံတဲ့ အခန်းရယ်။ သူတို့သုံးယောက်ဆုံပြီးလို့ အူဝဲနဲ့ ပြေတီဦး နောက်တစ်ခေါက် ပြန်ဆုံတဲ့ အခန်းနှစ်ခုကတော့ လူပျိုကြီးရဲ့ ရင်ထဲကို ထိသွားစေခဲ့တဲ့ အခန်းတွေပါပဲ။ လူပျိုကြီး ဖြစ်တဲ့ ကျနော် ဘာမှပြောစရာမရှိရလောက်အောင် ဇာတ်လမ်းနဲ့ သရုပ်ဆောင်မှုတွေဟာ ကောင်းမွန်တာကြောင့် နောက်ထပ် ဘယ်အချစ်ကားကို ကြည့်ကြည့် ကြည့်လို့ အဆင်မပြေတော့တဲ့ အထိ ဖြစ်သွားခဲ့ရပါတယ်။ တင်စားလွန်းတယ်လို့ မပြောကြပါနဲ့ ကြည့်ကြည်လိုက်ပါလို့ပဲ လူပျိုကြီး ပြောပါရစေ။ ဇာတ်ကား နာမည်ကတော့ တိမ်ဒဏ္ဍာရီ ဆိုတဲ့ ဇာတ်လမ်းလေးပါပဲ.... ဗျာ။

အဲနောက်ပိုင်းမှာတော့ ဘယ်အချစ်ကားမှ ကြည့်ရတာ ဘာလိုနေမှန်းမသိ ဖြစ်နေတာနဲ့ ဘယ်အချစ်ကားမှ ကောင်းကောင်းပြီးအောင် မကြည့်ဖြစ်ခဲ့ပါဘူး။ ဒါပင်မဲ့ ဒီအချစ်ဆိုတဲ့ အရာကြီးကိုပဲ အဓိကထား ရိုက်ထားတဲ့ ဇာတ်လမ်းတစ်ခုကတော့ လူပျိုကြီးရဲ့ ရင်ထဲကိုရောက်လို့ လာပြန်ပါတယ်။ သရုပ်ဆောင်တွေကို သိပ်မကြိုက်ပင်မဲ့ အချစ်ဆိုတာကြီးကို လှပအောင် ရိုက်ထားတာဆိုတော့လည်း လူပျိုကြီးရင်ထဲ မငြိချင်ပဲ ငြိသွားပြန်ပါတယ်။ ဒီတစ်ခါ ငြိသွားတဲ့ ဇာတ်လမ်းလေး နာမည်ကတော့ ပြန်လည်နိုးထစေလိုသော အချစ်၏မျက်နှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ နေမင်း နဲ့ မယ်လိုဒီ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပထမကားလောက် မကြိုက်ပင်မဲ့ လက်ခံလို့ရတဲ့ အနေပါ။

ဘာပဲဖြစ်ဖြစ် အချစ်နဲ့ပတ်သက်လို့ ရင်ထဲထိသွားစေတဲ့ ဒီကားလေးနှစ်ကားကိုတော့ ဒီတစ်ခေါက်တော့ ညွှန်းလိုက်ပါရစေ ဗျာ.....။ အချိန်ရမယ်ဆိုပါက ကြည့်စေချင်ပါကြောင်း..........။


လေးစားစွာဖြင့်
ရီနိုမာန်

3 comments:

Han Kyi said...

အင်း မြန်မာကား မကြည့်တာ ၁၃နှစ်ထဲတောင် ရောက်လာပြီ...ဘာပဲဖြစ်ဖြစ် မျှဝေတာ ကျေးဇူးတင်ပါတယ်လေ

ခနွဲ said...

မျှဝေတဲ့ အတွက် ကျေးဇူး။ ကြည့်ရတာပ။

အဖြူရောင်နတ်သမီး said...

ကြည့်ချင်တယ်..
ဇာတ်လမ်းတွေက ထပ်ထပ်နေလို့ ဘာပြီးရင် ဘာလာမလဲ ဆိုတာကြိုသိနေတဲ့ဇာတ်လမ်းမျိုးတွေကို ရှောင်ရင်း မြန်မာကားမကြည့်ဖြစ်တာ ကြာပေါ့..း(

သူတို့ကိုလည်း အပြစ်မပြောလိုပါ...
ဆင်ဆာလွတ်အောင်ရိုက်ရတာကိုး...း(