March 14, 2011

မုန်းတယ်လို့ ပြောဖို့မှ မလိုအပ်တာ

လောကမှာ မိဘနဲ့ သားသမီးဟာ အမြဲဒွန်တွဲနေတဲ့ ဝေါဟာရ တစ်ခုလိုပါပဲ။ သားသမီးကို မချစ်တဲ့ မိဘမရှိသလို။ မိဘကို မချစ်တဲ့ သားသမီးဆိုတာကလည်း အလွန်ကိုရှားပါးလွန်တဲ့ ကိစ္စပါ။ မရှိဘူးလို့ ကျနော်မပြောချင်ပါဘူး။ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ အဲဒီအထဲမှာတော့ ဟောဒီက ကျနော် ဝင်းသော်ထွန်း တစ်ယောက် မပါဘူးဆိုတာကို ကျနော့် အသက်ရှင်နေသမျှ ကာလပတ်လုံး ကျနော်ပြောရဲပါတယ်။ ဝင်းသော်ထွန်း ဆိုတဲ့ ကျနော်ဖြစ်လာဖို့ အဖေဆိုတာ မရှိမဖြစ်တဲ့ အရာပါ။ ဒါကိုတော့ အကျယ်ချဲ့ပြီး ပြောပြနေစရာတောင် လိုမယ်မထင်ပါဘူး။ အဲ့ဒီအထဲမှာ အဓိက အရေးပါတာကတော့ အမေပါ။ အမေဆိုတာ ကျနော်ဖြစ်လာဖို့ ကို အဖေနဲ့လည်း အတူတူ နေရသေးတယ်။ ပြီးတော့ လူ့လောကထဲကို ရောက်လာမဲ့ ကျနော့်ကို အင်္ဂါအစုံပါလားဖို့လည်း သူ့မှာ ဂရုစိုက်နေထိုင်ရသေးတယ်။ သူ့ခများ အစားအသောက်လေး ဂတွင်းတွေ့လို့ စားချင်တာတောင် ကျနော် ကိုထိခိုက်မှာ ဆိုးလို့ မစားပဲ နေနေလာခဲ့တာ ကိုးလကျော်လို့ ၁၀လထဲတောင် ရောက်ခဲ့ပေါ့။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပြန်ဘူး။ နောက်ဆုံး ကျနော် လူ့လောကထဲရောက်တော့မဲ့ အချိန်မှာ နင်လား ငါလား မွေးရတော့မဲ့ အချိန်ရောက်နေတာတောင် အကယ်၍ အမေနဲ့ကလေးအသက် တစ်ခုခုရွေးရတော့မယ်ဆိုရင် ကလေးအသက်ကို ရအောင်ယူပေးပါလို့ ဒုက္ခတွေရောက်နေတဲ့ အချိန်မှာတောင် အမေဟာ ကျနော်အတွက် တွေးပူနေပေးခဲ့ပြန်ပါတယ်။

အမေ့ရဲ့မေတ္တာ ကျနော်ရဲ့ မိဘအပေါ်ထားတဲ့ မေတ္တာဟာ တူညီတာကြောင့်ပဲလားတော့ မပြောတက်ပါ။ ကျနော်ဆိုတဲ့ ဝင်းသော်ထွန်း တစ်ယောက် လောကအလယ်မှာ ဖွံ့ဖွံ့ထွားထွား ၇ပေါင်နဲ့ ၈အောင်စ ရှိလိုနေပြန်တာကလည်း အမေ့ရဲ့ကျေးဇူးကြောင့်ပါပဲ။ အမေ့အကြောင်း ပြောရမယ်ဆိုရင်တော့ စာမျက်နှာတွေသာ ကုန်သာသွားမယ်။ အမေ့အကြောင်းကတော့ ပြောလို့ကုန်မှာ မဟုတ်ပါဘူးလေ။ မိဘနဲ့သားသမီးကြားမှာ ကြီးမာတဲ့ ပြဿနာဆိုတာ ရှိကြမှာပါပဲ။ ကျနော့်အနေနဲ့ လက်ခံပါတယ်။ ကျနော်တောင် အမေ့ကို အရမ်းချစ်တဲ့ သားလို့ မိသားစု အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်က သမုတ်ထားကြပင်မဲ့ တစ်ခါတစ်ခါ ဘာမဟုတ်တဲ့ အကြောင်းအရာလေးကြောင့် အမေနဲ့ကျနော် အိမ်တွင်းစစ်လေး သဖွယ်ရှိခဲ့ဖူးတာပဲ။ ဒါပင်မဲ့ ကျနော် အမေ့အပေါ်ချစ်တဲ့ အချစ်ကတော့ လျော့မသွားခဲ့ပါဘူး။

မိဘနဲ့ သားသမီးကြား ဘာတွေဘယ်လိုပဲ ရှိနေခဲ့ပါစေ။ ကျနော်ရှေ့မှာတော့ အမေ့ကို မချစ်ဘူးလို့ ပြောရင် လက်ခံနိုင်ခဲ့ပင်မဲ့ အမေ့ကို မုန်းတယ်လို့ ပြောတဲ့ လူတွေကိုတော့ ကျနော်အနေနဲ့ လက်မခံနိုင်သလို့၊ သည်းငြီးလည်း မခံနိုင်လောက်အောင် ကျနော်ဒေါသထွက်တက်ပါတယ်။ တစ်ခါက သူငယ်ချင်းတစ်ယောက်နဲ့ ကျနော် စကားများခဲ့ကြတယ်။ တစ်ခြားအကြောင်းအရာတော့ မဟုတ်ဘူး။ အမေ့ကို မုန်းတယ်လို့ ပြောလို့။ ကျနော်လည်း သူ့စကားကိုကြားတော့ ဘေးနားမှာရှိတဲ့ အုတ်နီခဲတစ်လုံးကို ကောက်ယူပြီး " ရော့ မင်း...ခေါင်းကို ဒီအုပ်ခဲနဲ့ တစ်ချက်လောက်ရိုက်ခွဲလိုက် .. အေး မင်းမသေလို့ ပြန်ရှင်လာမှ မင်းအမေ့ကို မုန်းတယ်ဆိုတဲ့ စကားပြော။ ဒီလိုမှ မင်းမလုပ်ရဲခဲ့ရင် မင်းအမေ့ကို မုန်းတယ်ဆိုတဲ့ စကား ငါ့ရှေ့မှာ လာမပြောနဲ့" ကျနော်ရဲ့စကား ကျနော့်ရဲ့အသံကြောင့် သူကျနော်ကို တော်တော်စိတ်ဆိုးသွားမှန်း သိပင်မဲ့ အမေကိုချစ်တဲ့ သားတစ်ယောက်အရှေ့မှာ ဒီလိုစကားပြောတဲ့ သူ့ကို ကျနော်စကားမပြော အပေါင်းအသင်း မလုပ်ပဲ နေလာခဲ့တာ နှစ်ပေါင်းနှစ်ဆယ့်လေးနှစ်ကြာသွားခဲ့ပေါ့။ ဟိုးတစ်နေ့က MRT ပေါ်မှာ ကျနော်ကိုတွေ့လို့ သူအတင်းလိုက်ခေါ်ပြီး သူနဲ့ကျနော် စကားများပြီတဲ့ နောက်ရက်ကစလို့ ကျနော်ကို မေ့မရခဲ့ကြောင်း ၊ ကျနော်နဲ့ စကားပြောချင်ပင်မဲ့ မာနမလျော့ချင်တာက တစ်ကြောင်း၊ နောက်ပိုင်းသူနဲ့ ကျနော်နယ်ဝေးသွားတော့ ဒီတစ်ခါလမ်းမှာတွေ့ရင် သူကစပြီး လိုက်ခေါ်မယ်လို့ တွေးထားပင်မဲ့ ကွဲသွားတဲ့ နောက်ပိုင်း တစ်ခါမှ မတွေ့တော့ပဲ အခုမှပြန်တွေ့ရလို့ ဝမ်းသာကြောင်းနှင့် ကျနော်ပြောခဲ့သော စကားများဟာ သူ့အတွက်မှန်ကြောင်း။ သူ့အမေ့ကို မုန်းတယ်ဆိုတဲ့ စကားဟာ စိတ်ခံစားမှု သက်သက်ကြောင့် ပြောမိတာဖြစ်ကြောင်း ကျနော်ကို ရင်ရင်နှီးနှီး ရှင်းပြနေတော့သည်။ အမှန်အတိုင်းပြောရလျှင် သူနှင့်ကျနော် စကားမပြောချင်ပါ။ အချိန်တွေ ကြာလာတာရယ်၊ အတွေးအခေါ်လူကြီးဆန်လာတာရယ်၊ သူပြောနေတဲ့ စကားတွေ နားထောင်ရတာ သူ့အတွေးတွေကို ထင်ထင်ရှားရှားမြင်လာရတာကြောင့် သူနှင့်စကားပြောနေရင်းမှ သူ့အမေ့ကြောင့် သူယခုလို ကောင်းကောင်းမွန်မွန်နေနိုင်တာဖြစ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါတယ်။ ကျနော့်ရဲ့စိတ်ထဲမှာတော့ တိုးတိုးလေး ပြောနေမိတယ်။

မိဘ ဆိုတာ မုန်းစရာကောင်းတဲ့ အရာမှ မဟုတ်တာပဲလေ.........


လေးစားစွာဖြင့်
ရီနိုမာန်

4 comments:

အင်္ဂါဟူး said...

ကျေးဇူးတောင် ဆပ်လို့ မကုန်နိုင်အောင်များတာကို မုန်းဖို့တော့ ဝေလာဝေး.. ကျန်တာအသာထား လူဘ၀ထဲ ၀င်လာအောင်မွေးပေးတယ်ဆိုကတည်းကို က လွန်လှပြီ။

noblemoe said...

မန့် လို့ ရပြီ
မနက်တည်းကလာဖတ်တာ
မိဘကျေးဇူး တခါတခါ အဖေ့ကိုပိုတွယ်တာတယ်ထင်ရတယ် ဒါပေမယ့် နေမကောင်းလို့ ယောင်ရင်တော့ အမေဖြစ်ဖြစ်နေတယ် ဝမ်းနည်းတိုင်းအမေကိုတမိတယ်။ ကိုယ့်ကိုကိုယ် တခါတခါဘယ်သူ့ ကိုပိုနေမှန်းတောင်မသိတော့ဖူး မိခင်တစ်ယောက်ရဲ့ ပေးဆပ်နိုင်စွမ်းကတော့ အသက်နဲ့ရင်းခဲ့တာနော်

သာယာချမ်းမြေ့ပါစေရှင်း
မိုး

ahphyulay said...

အင်း...
လုံးဝထောက်ခံပါတယ်ဗျာ..။
မိဘတဲ့ ။ အမိနဲ့ အဖ တဲ့ ..။
ဘယ်တော့ မှ အစားထိုးလို့ မရတဲ့ အရာတွေ၊
အရိပ်တွေပါပဲ။ မချစ်လို့ ရတယ်ဆိုပေမယ့် မုန်းလို့ 
မရဘူဆိုတဲ့ နေရာမှာ ကျွန်တော်က မောင်နှမ
လေးယောက်မှာ သားတစ်ယောက်ထဲပါလို့  ဆိုးသွမ်း
မှာစိုးပြီး ငယ်ငယ်က အတင်းအဖိအနှိပ်ခံခဲ့ ရတော့ 
မုန်းခဲ့ ဘူးတယ်လေ၊ အမေ့ ကို..၊ အခုတော့ ဝေး
နေကြပြီးတစ်ယောက်ထဲကိုယ့် ပဲ့ ကိုယ်ကိုင်ရတဲ့ အချိန်ကျမှ အရိပ်ရဲ့ တန်ဘိုးကို သိခဲ့ ရတယ်လေ။

Han Kyi said...

ယောက်ျားတစ်ယောက်ရဲ့ ဘ၀ဟာ သိက္ခာ၊ မိန်းမတစ်ယောက်ရဲ့ ဘ၀ဟာ အရှက်ပေါ်မှာ တည်ပါတယ်...ကိုယ်စီကိုယ်စီ အသက်နဲ့ထပ်တူ တန်ဖိုးထားကြတဲ့အရာတွေပါ...ဒါပေမယ့် ယောက်ျားတစ်ယောက်က အဖေဖြစ်လာရင် သားသမီးအတွက် သိက္ခာတရားကို ချနင်းရဲတဲ့အထိ သတ္တိတွေ ရှိလာပါတယ်...မိန်းမတစ်ယောက်ဟာ ရင်သွေးကို လွယ်ထားရတဲ့ အချိန်ကစလို့ အသက်ကို စွန့်လွှတ်ရဖို့ အင်မတန်နီးပါတယ်...ရင်သွေးကို မွေးတဲ့အချိန်မှာ အရှက်တရားကိုပါ စွန့်ရပြန်ပါတယ်...အသက်၊ အရှက်နဲ့ သိက္ခာကို စတေးလို့ လူဖြစ်အောင်မွေးခဲ့တဲ့ မိခင်၊ ဖခင်တွေအပေါ်တောင် ကိုယ်ချင်းမစာ မလေးစား မကြင်နာတဲ့လူတစ်ယောက်ဟာ မိတ်ဆွေအပေါင်းအသင်းနဲ့ လောကအပေါ်မှာ ဘယ်တော့မှ ကိုယ်ချင်းစာ ကောင်းကျိုးပြုမှာ မဟုတ်...