April 2, 2010

မအိမ်ကံ ( ဇာတ်သိမ်း) အပိုင်း ၁

၁၃၃၈ ခုနှစ် တပို့တွဲ လပြည့်နေ့။ ဘုန်းကြီးကျောင်း အုတ်လှေကားကြီး ပေါ်က အဆင်း အုတ်ခုံခြေတွင် ချွတ်ထားခဲ့သော ကွင်းထိုး ခုံဖိနပ်ဟောင်းကို ငုံ့ကောက်ရင်း ဆွမ်းချိုင့် တစ်ဖက် ခုံဖိနပ်တစ်ဖက် တစ်ဖက်စီ ကိုင်ကာ နတ်လမ်းရိပ်ကို အရီးကျေးဥ ၀င်လာခဲ့သည်။

နတ်လမ်းကြီးက အရီးကျေးဥ ၀င်လာခဲ့သည်။ နတ်လမ်းကြီးက ရှည်လျား လှသည်။ တဖြောင့်တည်းတော့ မဟုတ်။ ခပ်ဝေးဝေးမှာ တစ်ချို့ ကွေ့သွားသော အဆစ်ကွေ့ တစ်ကွေ့ ရှိသည်။ ထိုနေရာမှာ စေတီဟောင်း ကလေး ရှိ၍ ကြီးမားလှသော မဏိဩဃပင်ကြီး တစ်ပင် ရှိသည်။ မဏိဩဃပင် အရိပ်က ကောင်းလှ သဖြင့် အရီး ကျေးဥ တစ်ထောင်နားရန် စိတ်ကူးကာ နတ်လမ်းအတိုင်း ဖြည်းဖြည်းချင်း လျှောက်လာ ခဲ့သည်။ အသက်ငါးဆယ်ကျော်လို့ ခြောက်ဆယ်အတွင်း ၀င်လာတော့ တပို့တွဲ လပြည့်လေ။

ရှင်အိမ်ကံ ဆုံးသာ ဆယ့်နှစ်နှစ် ရှိပြီ။ ကျုပ် သူငယ်ချင်း ကျေးဇူးရှင်မကြီး အဖို့ရာ ဆွမ်းကလေး တစ်စ လောင်းလှူ နေကျကိုး။ ဘယ်တုံး ကျောင်းပဲလား”
“ကျောင်းပါပဲ။ ဆရာတော် ရှိကဲ့လား”

“ရှိပါ့၊ ခုပဲ ကျုပ်နဲ့ စကားပြောခဲ့ သေးသယ်”

နတ်လမ်းထဲမှာ တွေ့ကြသူ ရွယ်တူတွေက နှုတ်ဆက်ကြခြင်း ဖြစ်သည်။ သည်အိမ်ကြီးမှာ လူတွေ ဆုံးပါးခဲ့ကြပြီ။ ဘိုးသာထန် ဆုံးခဲ့သည်။ ကြီးပန်းရုံ ဆုံးခဲ့ပြီ။ အရီးလှအုံ ဆုံးခဲ့ပြီ။ ကိုဖိုးငွေ ဆုံးခဲ့ပြီ။ ကိုဖိုးငွေကတော့ သည်ဆယ့်နှစ်နှစ် အတွင်း လူကြီး ရောဂါနှင့် ဆုံးခဲ့ခြင်း ဖြစ်၏။ ဘယ်သူ့ အတွက်မှ နှစ်စဉ် ဆွမ်းရယ်လို့ မှတ်မှတ်ရရ မပို့ဖြစ်သော်လည်း မအိမ်ကံ အတွက်တော့ သည်ရက် ရောက်တိုင်း ၀တ်မပျက် ဆွမ်းလှူခဲ့ သည်ပင် ဆယ့်နှစ်နှစ် ရှိခဲ့ပြီ။ ပဲမှော်တိုက်ပေါ်မှာ ဘ၀ဆုံးခဲ့ရှာ သူဆိုတော့ အသနား ပိုရတာ ပါပါ၏။ ကံကုန်သက်စေ့ မီးစာ ကုန်ဆီခန်း ဆုံးပါးရရှသူ မဟုတ်တော့ ရှိခဲ့သမျှ အစွဲအလမ်း တွေကြောင့် မကျွတ်မလွတ်မှာ စိုးတာလည်း ပါပါလိမ့်မည်။

“ရှင်အိမ်ကံရယ် ညည်းကို ရည်စူးပြီး အမျှအတန်းများ ဝေခဲ့ပါသယ်။ ဆွမ်းလှူခဲ့ပါသယ်။ ညည်းမကျွတ် မလွတ်သေးရင်လည်း သာဓု ခေါ်နိုင်ပါစီ၊ လွတ်ပါ ကျွတ်ပါစီ။ ညည်းလုပ်ချင်သာ ညည်းလုပ်ခဲ့သာ ပဲလေ။ တမလွန်မှာ ညည်းစိတ်ချမ်းသာ နေမှာလို့လည်း ငါတွက်ပါသယ်။ ညည်းကို မျက်စိအောက်က အပျောက် မခံဘဲ တစ်လျှောက်လုံး စောင့်ရှောက်ခဲ့သာ ပါအေ။ တစ်အောင့်ကလေး ငါသတိ လက်လွတ် ဖြစ်ရချိန် ကလေးမှာ ညည်း အရုပ်ဆိုးအောင် လုပ်သွားခဲ့ သာကို ငါဖြေမဆည် နိုင်ဘူး။ သူငယ်ချင်းမကြီး ကောင်းရာမွန်ရာ ဘ၀မခြား ရောက်နိုင် ရနိုင် ပါစီ”

အရီးကျေးဥ စိတ်ထဲမှာ စကားတွေ ပြည့်လျှံနေသည်။ နှစ်စဉ် သည်ရက်ကို ရောက်တိုင်း အရာအားလုံး အသစ်ဖြစ်ရ မြဲပင်။ ဟိုတုန်းကတော့ သည်အိမ်ကြီးမှာ အဝေးဧည့်တွေ တရုန်းရုန်း။ ၀ိုင်းထဲမှာ အဝေးဧည့်တွေ ချွတ်ထားတတ်သော လှည်းဆက် မပြတ်။ တစ်နယ်လုံးက သေနတ်ဆုရ ဇောင်ချမ်းကုန်းသူကြီး ဦးသာထန် ဆိုသည်နှင့် မီးမသေ ရေမနောက် ချစ်ကြောက် ရိုသေ ရှိခဲ့ကြသည်။

သူကြီးကတော် မပန်းရုံ ကျတော့လည်း မာန်မာန မရှိလို့ ချစ်ခင်ကြသည်။ ရိုးဖြောင့်လို့ လေးစားကြသည်။ သူကြီးသမီး မအိမ်ကံ ကတော့ ထူးထူးခြားခြား လှလွန်းသော ရုပ်ရည်ကြောင့် နယ်လုံးပေါက် ရွာလုံးပေါက် ကျော်ကြားခဲ့ပါ၏။ ရုပ်ရည် ချောမောသလောက် စိတ်နှလုံး တည်ကြည်သည်။ အကျင့် စာရိတ္တ ကောင်းသည်။ သူတစ်ပါး အပေါ် ရက်ရော ပေးကမ်း ရှိသည်။ စွန့်ကြဲရာတွင် လက်ဖွာသူ ဖြစ်သည်။ မအိမ်ကံ ထမင်းလုတ်ကို စားဖူးကြသူတွေချည်း ဖြစ်သည်။ အဖိုးတန် ကျောက်မျက်တိုင်း အနာအဆာ ကလေး တစ်ချက် ပါတတ်သလို မအိမ်ကံ တွင်လည်း အနာအဆာကလေး တစ်ချက်ပါသည်ဟု ဆိုလျှင် ထိုအနာအဆာသည် ကွမ်းတောင်ကိုင် ဘ၀ကို အလွန်အမင်း တပ်မက်ခဲ့ခြင်း ကိုသာ ပြရလိမ့်မည်။ သည်တစ်ချက် ကိုတော့ သိကြားမင်း ဖျက်တောင် ပျက်နိုင်လိမ့်မည် မထင်။

မအိမ်ကံ ကိုယ်တိုင် အဖို့ရာ အနှစ် နှစ်ဆယ် လုံးလုံး မျှော်လင့်ခဲ့ရသည့် နည်းတူ သမီးကြီး မအိမ်မြိုင် အတွက် အနှစ် နှစ်ဆယ် တင်းတင်း စောင့်စားခဲ့သည်။ သည်အနှစ်လေးဆယ်လုံး ကုသိုလ် တစ်ပိဿာ ငရဲ တစ်ရွေးသား ဆိုသလို ထိုအစွဲ တစ်ရွေးသားကို မစွန့်နိုင်ခဲ့တာလည်း ထူးဆန်းလှပါ၏။ တကယ်တမ်း စွန့်သွားခဲ့တာက ရခဲလှသော လူ့ဘ၀ အသက် တစ်ချောင်းသာ ဖြစ်၏။ မအိမ်ကံ ဆုံးခါနီး ကလေးမှာပင် ကွမ်းတောင်ကိုင် လာဘ်ဦး လွဲခဲ့ဖူးသော မမစိမ်းမြ အကြောင်း ပြောသွားခဲ့သည်။ အလှူအတန်း လှည့်မည့်ရက်မှာ ရွာထဲ နာရေးပေါ်လျှင် အလှူပွဲ ပျက်သည်။ နောက်ဆုတ်ပေး ရသည်။ ရွာက ရွေးချယ်ထားသော ကွမ်းတောင်ကိုင် ခမျာလည်း လာဘ်ဦးလွဲ ရတော့သည်။ ကွမ်းတောင်ကိုင် အဖြစ်က ဖယ်ပေး ရသည်။ မင်္ဂလာ မရှိခြင်းနှင့် ကြုံကြိုက်ရသည့် ကွမ်းတောင်ကိုင် အဖြစ် သတ်မှတ်ခံရကာ ကွမ်းတောင်ကိုင်သစ် ရွေးကြရသည်။

ရွှေမှုံ့ သမီး မှုံနံ့သာကို ကွမ်းတောင်ကိုင် ရွေးလိုက်ကြပြီ ဆိုကတည်းက မအိမ်ကံမှာ စိတ်ကူးဆန်းတွေ ရှိနေပုံ ရပါ၏။ နောက်ဆုံး ကိုယ့်အသက်နှင့် ရင်းကာ ရက်ရက်စက်စက် ပြုမူ သွားခဲ့သည် အထိ တည်တည်ငြိမ်ငြိမ် ဆုံးဖြတ်ခဲ့သည်။ သို့သော် မအိမ်ကံ ဣနြေ္ဒ ကောင်းလွန်း လှသည်။ အေးဆေး လွန်းလှသည်။ အရာအားလုံးကို စွန့်ခွာ ရတော့မည့် အချိန်ကလေး မှာပင် ညင်သာ လွန်းလှသည်။ ကျေးဥပင် မရိပ်စား မိခဲ့။ သည်လောက် အကျည်းတန်အောင် လုပ်လိမ့်မည် မထင်ခဲ့။ နွားချည်ကြိုး တစ်ချောင်းကပဲ မအိမ်ကံ ဘ၀ကို ဘ၀ ခြားစေခဲ့သည်။ မအိမ်ကံ အလောင်းကို တွေ့ရသူတိုင်းက အံ့သြကြသည်။ မျက်လုံးတွေ ပြူးအစ် နေသော်လည်း မျက်နှာက ပြုံးနေတာကို အံ့သြကြခြင်း ဖြစ်သည်။ နောက်ဆုံး အချိန်ကလေးမှာ သူနိုင်ခဲ့ ပြီ ဆိုသည့် အပြုံးဆိုတာ ကျေးဥက သူတကာထက် ပိုသိပါ၏။ တကယ်တော့ မအိမ်ကံ နိုင်ခဲ့ခြင်း မဟုတ်။ အရှုံးကြီး ရှုံးခဲ့ခြင်းသာ ဖြစ်သည်။ စောစောကပဲ ကျောင်းပေါ်မှာ ဆရာတော်က မိန့်ခဲ့သေးသည်။

“ဒကာမကြီး မအိမ်ကံခမျာ ဘ၀ တစ်လျှောက်လုံး သဒ္ဓါတရား ကြီးခဲ့သူ ဖြစ်သော်လည်းပဲ အဘိဇ္ဈာ တည်းဟူသော မတရားသဖြင့် ကြံစည်မှု ကလေးကြောင့် ဘ၀ဇာတ်သိမ်း အကျည်းတန် ရရှာသူ ဖြစ်ခဲ့ရသယ်။ လူတွေဟာ ကာမဂုဏ် အာရုံတွေမှာ စွဲလမ်းသယ်။ ဘ၀မှာ စွဲလမ်းသယ်။ ဘ၀ပျက်သော အယူမှာ စွဲလမ်းကြသယ်။ ဒါကြောင့်ပဲ သူ့မှာ ဥပစ္ဆေဒက မရဏ ခေါ်တဲ့ သက်တမ်းမကုန် ကံစွမ်းမကုန် နှစ်ပါး စုံပါလျက် ကနဲ့ ကပ်၍ ဖြတ်တတ်သောကံကြောင့် ဘ၀နစ်မွန်း ရရှာသယ်။ အဲဒါကို ဘယ်အရာက ဖြစ်စေသာလည်း ဆိုတော့ ဗျာပါဒ- ပျက်စီးစေလိုသောစိတ်၊ ဥဒ္ဓစ္စ ကုက္ကုစ္စ- စိတ်ရဲ့ မငြိမ်သက်ခြင်း က လွှမ်းမိုးသဲ့ စိတ်ကြောင့် ၀ိစိကိစ္ဆာ ဖြစ်ရသာ။ ယုံမှားတွေး တောမိသာပေါ့။ အဲသည်ယုံမှား တွေးတောခြင်းက အမှန်တရားကို သို့မဟုတ် ဖြစ်အပ်သဲ့ တရားကို ဖုံးလွှမ်းပစ်လိုက်နိုင်သဲ့ အာနိသင် ရှိကြသယ်။ ဒါဟာ အမှားပဲ။ ပြင်းပြစွာ စွဲလမ်းမှုတိုင်းဟာ ဥပါဒါန်ပဲ ဒကာမကြီး”

“တပည့်တော်မ အဖို့ရာတော့ အကြောင်းသိ သူငယ်ချင်းကလည်း ဖြစ်ပြန်၊ ကျေးဇူးရှင်ကလည်း ဖြစ်ပြန်ဆိုတော့ တပည့် တော်မ သိသလောက်တော့ ဖျောင်းဖျပါသယ် ဘုရား။ မအိမ်ကံက သည်တစ်ချက်ကိုတော့ မပြင်နိုင်ခဲ့ရှာပါဘူး ဘုရား”

“ပြင်းပြစွဲလမ်းမှုဟာ အားကြီးသော အကြောင်းကိုး ဒကာမကြီးရဲ့။ ချေဖျက်ဖို့ ခက်သယ်။ မိမိကိုယ်ကို မိမိ ပင်ပန်း ဆင်းရဲအောင် ညှဉ်းဆဲသာ ဘယ်သူကမှ လုပ်သာ မဟုတ်ဘူး။ ဒါကို နှလုံးသွင်းပါ ဒကာမကြီး”

ဆရာတော်က တရားတော်နှင့် ငြှိမ်းတော့လည်း စိတ်ကလေး ငြိမ်းရပါ၏။ မဏိသြဃပင်ကြီးနား ရောက်တော့ နတ်လမ်းက တစ်ကွေ့ကြီး ကျန်သေးသည်။ ဘုန်းကြီးကျောင်းရိပ် ကလွတ်ပြီ ဖြစ်သဖြင့် ကွင်းထိုး ခုံဖိနပ်ဟောင်းကို ချစီးကာ အနီးက စေတီကလေးဘက် ဆက်လျှောက် လာခဲ့သည်။ စေတီ ကလေးနှင့် ကပ်လျက်မှာ ဇရပ်ဟောင်း ကလေး ရှိသည်။ ရေချမ်းစင် ကလေး ရှိသည်။ ရီးကျေးဥ ဆွမ်းချိုင့်ချကာ ရေတစ်မှုတ် ခပ်သောက်သည်။ ဇရပ်ခြေမှာ ထိုင်ရင်း ခဏနားသည်။ ရေနံရောင် မည်းချိတ်နေသည့် နတ်လမ်းကို ကြည့်ရင်း ဆရာလေး ကိုပြေသိမ်းကို သတိရသည်။ သည်နတ်လမ်း အတိုင်း လျှောက်ရင်း မအိမ်ကံကို ချစ်ခွင့်တောင်းခဲ့တာ မဟုတ်လား။ ဇောင်ချမ်းကုန်းကို မြင်းတစ်စီးနှင့် ရောက်လာတတ်သော မြို့သား ကိုလူချောကို မအိမ်ကံ အင်မတန် ချစ်ရှာသည်။ ဆရာလေး ကိုပြေသိမ်းကလည်း မြို့ရပ်က ခွာကာ တောမှာ နေခဲ့ရှာပါ၏။ တောမှာပဲ ကျောင်းဆရာ လုပ်ရင်း မအိမ်ကံ အပါးက မခွာဘဲ ရှိခဲ့သည်။

သည်အိမ်ကြီးက ထွက်ချင်တော့လည်း အပမှီ သူတစ်ယောက်လို ကောက်ကာငင်ကာ ထွက်သွားတတ် ပြန်ပါ၏။ ဆရာလေး မရှိတော့သည့် ရက်တွေမှာ မအိမ်ကံ နေတတ်အောင် နေခဲ့တာ ကိုလည်း ရီးကျေးဥ သတိရသည်။ စိတ်မချမ်း သာသော်လည်း စိတ်ချမ်းသာ သလို နေခဲ့သည်။ သမီး နှစ်ယောက်ကို အရိပ် တကြည့်ကြည့် ရှိခဲ့ရှာသည်။ နောက်တော့ သမီးငယ်က မြို့ရောက်။ သမီးကြီးက ချစ်သူနောက် ကောက်ကောက်ပါ။ တောထဲက လင်ဆုံးပြီ ဆိုတော့ မအိမ်ကံ ခမျာ လှေပျက် ရေ၀င်သလို အိုးဒယ်နစ်နစ် ရှာသည်။ ဒါတွေ တွေးမိတော့လည်း ရီးကျေးဥ မျက်ရည် စမ်းစမ်းကျရ ပြန်ပါ၏။

“ဟဲ့ ကျေးဥလားလို့။ ညည်းဘာလုပ်နေသာတုံး”

ရီးကျေးဥက ဇရပ်ရိပ်ထဲကနေ နတ်လမ်းဘက် ကိုလှမ်း ကြည့်သည်။ ရွယ်တူ မိန်းမတစ်ယောက်။ မိန်းကလေး နှစ်ယောက်၊ သုံးယောက်လည်း ပါသည်။ ဘယ်သူတွေများပါ လိမ့်တော်။ မျက်လုံးကို မှေးစင်းကာ အားယူကြည့်၏။ နောက်မှ အသံကျက်မိ သွားသည်။
“ရွှေမှုံလား။ အေး သူငယ်ချင်းရယ်၊ ကျောင်းကို ဆွမ်းလာပို့သာ။ အရိပ်ကောင်းလို့ တစ်အောင့်နားသာပါ။ ညည်း ကျောင်းကိုလား”

“အေး ထမနဲ လာလှူသာ၊ ရော့ သမီးတို့ ကျောင်းကို သွားနှင့်ကြ။ အမေကြီး လိုက်ခဲ့မယ်”

ရီးရွှေမှုံက ဇရပ်ရိပ်မှာ လာထိုင်သည်။ ဆံပင်တွေဖြူကာ မျက်ရစ် ကျီးခြေတွေနှင့် ဇရာဘက်ကို ယိမ်းနေပြီ ဖြစ်သော တစ်ခါက ရွာ့ကွမ်းတောင်ကိုင် ရီးရွှေမှုံကို ရီးကျေးဥ တွေတွေ ငေးငေး ကြည့်နေမိ ပါ၏။ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့တတ် ပလေ။ ပြောလို့သာ ပြောရ၊ ရွှေမှုံ သူငယ်ချင်းမနှင့် မတွေ့ရတာ တောင်ကြာပြီ။ ရွှေမှုံ၊ ကျေးဥ၊ မအိမ်ကံတို့ ဆိုတာက ရွယ်တူ မတိမ်းမယိမ်း သူငယ်ချင်းတွေ။ မအိမ်ကံတို့ အိမ်ကြီးကို ကျေးဥ မရောက်ခင် ကပင် ရွှေမှုံတို့နှင့် တပူးတွဲတွဲ ရှိခဲ့သူ။ ရွှေမှုံမိဘ များနှင့် ကျေးဥ မိဘတွေ ကလည်း သူငယ်ချင်း မိတ်ဆွေတွေ ပင်။ ရွှေမှုံက ကြီးတော် စံရွှေ့သား သာအောင်နှင့် အိမ်ထောင် ကျတော့မှ အနေဝေးခဲ့ ကြခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အခုတော့လည်း အရီးကျေးဥ၊ အရီးရွှေမှုံ ဖြစ်ခဲ့ကြပြီ။

“ဆွမ်းလာပို့သာလား ကျေးဥ။ ရီးကြာညွန့် အတွက် ထင်ပ။ ရီးကြာညွန့်လည်း သတိရပါ့အေ။ ငါ့ယောက္ခမက ညည်းအမေဆို လက်ကသုံးတောင်ဝှေး အောက်မေ့သာ”

“အမေ့အတွက် မဟုတ်ပါဘူးအေ။ ရှင်အိမ်ကံ အတွက်ပါ။ ခမျာ ဆုံးသာ ဆယ့်နှစ်နှစ်ရှိရှာပြီ။ ကံကုန်သက်စေ့ မဟုတ်ရှာတော့ ကုသိုလ်ကလေး ဖက်ပေးနေသာပါ”

“အင်း ဟုတ်ပါရဲ့။ မအိမ်ကံဆုံးသာတောင် ဆယ့်နှစ်နှစ် ရှိပြီနော်။ မနေ့တစ်နေ့ကလိုပါပဲအေ။ ပြန်တွေးရင် အသစ်တွေ ဖြစ်ရသယ်။ မအိမ်ကံက ဘာလို့တို့တစ်တွေ အပေါ် အငြိုးကြီး ရရှာသာလဲဆိုသာ ငါနားမလည်နိုင်ဘူး။ ငါ့ယောက္ခမများနဲ့ ဘာတွေဖြစ်ခဲ့သယ် ဆိုသာထား။ ငါကတော့အေ၊ မအိမ်ကံ အပေါ် မကောင်းစိတ် မရှိရိုး အမှန်ပါ။ ငါ့သမီး မှုံနံ့သာ ကဆိုသာ မအိမ်မြိုင် ကွမ်းတောင်ကိုင် ဖြစ်မှ ရွာမျက်နှာရမှာ အမေရဲ့လို့ ပြောရှာသာ။ သူ့ကိုယ်သူ ကွမ်းတောင်ကိုင် ဖြစ်ရမယ်လို့လည်း မတွက်ရှာပါဘူး။ ဘာပဲဖြစ်ဖြစ်ပါအေ။ မအိမ်ကံ သည်လို အဖြစ် ဆိုးရရှာသာကို ငါ တကယ် စိတ်မချမ်းသာခဲ့ရပါဘူး ကျေးဥရယ်”

“အေးပါ ရွှေမှုံရယ်။ ငါသိပါသယ်။ ဖြစ်ခဲ့သာ တွေလည်း ဖြစ်ခဲ့ပါပြီအေ။ သည်အဖြစ်အပျက် တွေကို ငါအသိဆုံးပါ။ မအိမ်ကံမှာ နာစရာတွေ ရှိသယ် ဆိုရင်တော့လည်း သေရွာပါပြီ ပေါ့အေ။ မအိမ်ကံခမျာ လူတကာ အပေါ်မှာ ကောင်းခဲ့ရှာသူပါ။ သူ့စိတ်ကို သူ့မအေ အရင်းကြီး ပန်းရုံတောင် ငါ့လောက် မသိပါ ဘူး။ ခမျာ ကံဆိုးရှာလွန်းသယ်။ မအိမ်ကံ ဆုံးခါနီးအထိ အကုသိုလ်တွေ ကုပ်ခွစီး နေခဲ့သာပါ။ မနေ့ တစ်နေ့က လိုပဲလို့ ညည်းပြောသဲ့ စကား မှန်လိုက်သာအေ။ ငါ့မှာ အဲသည်အိမ်ကြီးမှာ နေရသာ ဆိုတော့ မနက် မိုးလင်းသာနဲ့ ကိုယ်နဲ့ မဆိုင်သဲ့ နေရာ ရောက်နေရ သလိုပါပဲ။ အိမ်ကြီးရှင်တွေကို မနက်တိုင်း ငါမေတ္တာပို့ပါရဲ့။ အော် အိမ်ကြီးရှင်တို့ မရှိကြတော့တဲ့ အိမ်ကြီးမှာ တို့သားအမိ သားအဖ တစ်တွေက မြဲနေကြရသယ်။ ငါ့စိတ်ထဲမတော့ မအိမ်ကံ ရှိနေသလိုပဲ။ တစ်ခါတလေ ကျေးဥရေလို့ ခေါ်လိုက်သလား ထင်မိသေးသာ။ သည်လိုစိတ်ဖြစ် ရတိုင်း ငါ့မှာ မျက်ရည်ကျရသယ်အေ”

“အေးပေါ့အေ။ ညည်းကို ညီအစ်မ အရင်းလို ချစ်ခဲ့ရှာသာ ငါသိပါသယ်။ ကိုင်း ကိုင်း ပြန်ရော့။ ငါလည်း မြေးတွေ နောက်လိုက်လိုက်ဦးမယ်။ မနက်က ထမနဲ ထိုးဖြစ်သာနဲ့ ဆရာတော့် ကျောင်းပို့ချေဦးမယ်ဆိုပြီး ထွက်လာသာ။ ငါ့အိမ်လည်း ၀င်ပါ ထွက်ပါအေ။ ငါလည်း တစ်ခေါက် လာပါဦးမယ်။ လိုသာရှိတော့လည်း ပြောပါအေ နော်ကျေးဥ”

“အေးပါအေ၊ ပြောပါ့မယ်။ ကိုင်း သွားမနှော”

အရီးကျေးဥ ဇရပ်ရိပ်မှ နတ်လမ်းအတိုင်း လျှောက်လာခဲ့သည်။ နတ်လမ်း အကွေ့က တစ်ဆစ်ချိုး လိုက်သည့် အခါ ကိုပြေသိမ်း မအိမ်ကံ ကောင်းမှုဆိုသည့် နတ်လမ်း အခန်း ငါးခန်းစာ အလှူရှင် အမည်ကို မြင်နေရသည်။ နတ်လမ်းဟောင်းကို အသစ် ပြန်ပြင်ခဲ့စဉ်က လှူခဲ့သည့် ကောင်းမှုဖြစ်သည်။ အခုတော့ အလှူ့ဒကာ ကိုပြေသိမ်းလည်း မရှိတော့ပြီ။ အလှူ့ အစ်မ မအိမ်ကံလည်း ဆုံးပါးခဲ့ပြီ။ သူတို့ နှစ်ဦး၏ ကုသိုလ် ကောင်းမှုကတော့ ရှိနေဆဲ။ အေးမြသော အရိပ်ကို ပေးနေဆဲပင်။ အရီးကျေးဥနှုတ်က တတွတ်တွတ် ရွတ်နေခဲ့ပါ၏။

“ရှင်အိမ်ကံရယ် ညည်းကုသိုလ်တွေ မနည်းခဲ့ပေါင်အေ။ သည်ကုသိုလ် အဖို့ကြောင့် နောင်ဘ၀ဆက်တိုင်း ဆက်တိုင်း ဖက်စိမ်းကွမ်းတောင် ပွေ့နိုင်ပါစေတော်”

၁၃၄၀ ပြည့်နှစ် ကဆုန်လ၏ ရက်တစ်ရက်တွင်ဖြစ်သည်။
သည်နှစ်တော့ ဇောင်ချမ်းကုန်း တောင်သူတို့ မိုးရေ ရသည့် နှစ်ဖြစ်သည်။ သင်္ကြန် အခါရက်တွေ ပြီးကတည်းက မိုးဦး ကောင်းခဲ့သည်။ အချို့ ရက်တွေ ဆိုလျှင် မိုးများပင် စွေနေ ခဲ့ပါ၏။ အိမ်မှာ အရီးကျေးဥ တစ်ယောက်တည်း ရှိနေခဲ့သည်။ မအိမ်ကံတို့ အိမ်ကြီးမှာ ရီးကျေးဥ မနေတာကြာပြီ။ မအိမ်ကံ ဆုံးကတည်းက ဖြစ်သည်။ အိမ်ကြီးကို တံခါးတွေ အလုံပိတ်ကာ သည်အတိုင်း ထားခဲ့ကြသဖြင့် လှမ်းကြည့်လိုက်တိုင်း အထီးကျန်နိုင်လွန်း လှသည်။

မအိမ်ကံ ဆုံးခါစ နှစ်တွေတုန်းက အစ်ကို မောင်မြတ်သာနှင့် မမစိမ်းမြတို့ တစ်နှစ်တစ်ခေါက် ဆိုသလို ရောက်လာတတ် ကြသည်။ ရီးကျေးဥတို့ မိသားစုကို အိမ်ကြီးမှာ နေကြဖို့ ခွင့်ပြု ရှာကြသည်။ နေစေချင်ကြသည်။ ထိုစဉ်က အဖေ ဦးဖိုးငွေရှိ နေသေးတော့ အဖေ ဦးဖိုးငွေကပဲ ငြင်းဆန်ခဲ့သည်။ အိမ်ဝိုင်း တိုက်ထဲမှာပဲ သီးသန့် အိမ်ကလေး တစ်လုံး ဆောက်နေရန်သာ ခွင့်ပြုဖို့ တောင်းဆိုသည်။ နွားစားကျင်းနှင့် နွားတင်းကုပ်ကို လည်း ရွှေ့လိုက်ကြသည်။ ဦးမြတ်သာက အိမ်ကြီးကို ထိန်းသိမ်း စောင့်ရှောက် ထားပါရန် တာဝန်ပေးခဲ့သည်။ ထန်းတောနှင့် ကိုင်းမြေယာ တော်တော်များများ ရောင်းချခဲ့သော်လည်း ရီးကျေးဥတို့ သားအဖတစ်တွေ ပိုပိုလျှံလျှံ စားလောက်သည့် မြေအတော် များများကို တရားဝင်လွှဲပေးခဲ့သည်။ ဆရာလေး ကိုပြေသိမ်းတို့ ဘက်က ဆွေမျိုးတွေက ဆိုလျှင် အမြဲတမ်းလိုလို ပေးပေးကမ်းကမ်း ဆိုတော့ ရီးကျေးဥတို့ မပူမပင် မကြောင့်မကြ နေရပါ၏။

အရီးကျေးဥသားကြီးထွန်းပက ရွာမှာပဲအိမ်ထောင်ကျ သဖြင့် တစ်အိုးတစ်အိမ် ထူထောင်ပေးလိုက်ရပြီ။ အငယ်ကောင် ထွန်းရကတော့ အနောက်တန်း ရွာသူနှင့် အိမ်ထောင်ကျသဖြင့် အနောက်တန်း ရွာတွေဘက်မှာ။ တစ်ခါတစ်ခါသား တွဲလောင်း၊ သမီးတွဲလောင်းနှင့် ရောက်လာတတ်ကြသော်လည်း များသော အားဖြင့် သည်ဝိုင်းထဲကို မရောက်လေ့ကြ။ ရီးကျေးဥက မြေးတွေကို လွမ်းလျှင်တော့ လူလွှတ်အခေါ်ခိုင်းတတ်သည်။ အေးငြိမ်ကတော့ အရီးကျေးဥ တို့နှင့် ပင်နေသည်။ အေးငြိမ်ကပဲ ချက်ပြုတ်လျှော်ဖွပ် အိမ့်ဗာဟီရတွေမှာ လက်လွှဲရသည်။ အဖိုး အခရယ် မဟုတ်ဘဲ နှစ်ကုန်မှ ယာထွက်ကိုင်းထွက် သီးနှံပေးရ သည်။ အေးငြိမ် ကိုယ်တိုင်ကလည်း အမိအဖမဲ့ ရှာသူကလေးဆိုတော့ ရီးကျေးဥကို မအေလို ချစ်ရှာသည်။ မအိမ်ကံ ရှိစဉ် ကတည်းက ရက်ကန်းခတ်ရင်းက အိမ်ကြီးကို ရောက်လာခဲ့သူပင်။ အခုတော့ အေးငြိမ်သည်လည်း အိမ်ပါ မိသားစုဖြစ်ရပြီ။

“အေးငြိမ် ညည်းဘကြီးတုတ်တော့ သည်မိုးနဲ့ ဆိုရင် ပြန် မလာလောက်ဘူး။ ကိုင်းထဲမှာပဲ ရှိမှာ။ ထမင်း သွားပို့ချေအေ။ မိုးသိပ်အေးရင် ပြန်ခဲ့လို့ပြော”
“ဟုတ်ကဲ့ မမကျေး။ မမကျေး ထမင်းစားတော့လေ။ ကျုပ်ခူးထားခဲ့မယ်”

“မဆာသေးပေါင်အေ။ ညည်းပြန်မှစားပါ့မယ်”

“ကျုပ်က ရွာထဲဝင်ဦးမှာ။ ဒွေးလေးတို့ဆီ မရောက်သာ ကြာလို့။ ဘကြီးတုတ်ဆီ ထမင်းပို့ပြီးမှပါ”

“အေး အေး သွားလေ။ ထမင်းတောင်းကို ၀ါတာဖလူး အုပ်သွား”

ဝါတာဖလူးဆိုတာ မိုးကာစကို ပြောမှန်း အေးငြိမ်သိသည်။ အေးငြိမ် ထွက်သွားတော့မှ အရီးကျေးဥ အ၀တ်ဟောင်း ထုပ်ကို မ ယူလာကာ အိမ်ရှေ့ကပြင် အလင်းရောင် ကောင်းကောင်းမှာ ထိုင်သည်။ အပ်ချည်ကို အပ်ပေါက် ထိုးတော့မှ အေးငြိမ်ကိုမှ မထိုးခိုင်း လိုက်ရလေခြင်းလို့ တွေးမိသည်။ ရီးကျေးဥ တစ်ကြိမ်၊ နှစ်ကြိမ် ကြိုးစားကြည့်သော်လည်း အဆင်မပြေ။ မိုးကလေး တဖွဲဖွဲဆိုတော့ တာလမ်းပေါ်မှာ လူသွားလူလာ မရှိ။ အိမ်ဘေး ၀ိုင်းတိုက်က ငတာကို လှမ်းခေါ်ရန် စိတ်ကူးသည်။ မိုးဖျောက်ဖျောက်ထဲမှာ ကစားနေကြသည့် ကလေးတွေတော့ ရှိသည်။ ဘယ်သူတွေမှန်းလည်း မသိ။ ရီးကျေးဥက အ၀တ်ဟောင်းပုံထဲက အပြဲတွေကို အရင်ရွေးကာ သီးသန့်ဖယ်သည်။ လူစလူနများ တွေ့ရလေမလား ၀ိုင်းဝကို မျှော်ကြည့်သည်။

ပဲမှော်တိုက်။ ရီးကျေးဥ မျက်စိက ပဲမှော်တိုက်ဆီ ရောက်သွားခဲ့သည်။ သည်နှစ် မိုးကောင်းပုံနှင့် ဆိုလျှင် ပဲမှော်တိုက် ပြိုရော့မလား တွေးမိလိုက်ခြင်း ဖြစ်၏။ ပြီးခဲ့သည့် သုံးလေးနှစ် အတွင်း မိုးဦးမကောင်း မိုးလယ်ကောင်း၊ မိုးလယ်မကောင်း မိုးနှောင်းကောင်း ဆိုသလို မိုးတွေ ခါတိုင်းနှင့် မတူအောင် ရွာခဲ့ လို့ပဲလားတော့ မသိ။ အလွန် ခိုင်ခန့်လှသော ပဲမှော်တိုက်ကြီး ပြိုလုပြိုခင် စောင်းကျ သွားခဲ့သည်။ ပိုးထိုးရာအနာတွေ၊ ကျောက်ပေါက်မာ ထိုးနေသည့် ကျွန်းတိုင်တွေ ဆိုသော်လည်း တိုင်ကြီးတွေက ခိုင်လှပါ၏။ ထရံတွေ ကလည်း မဆွေး၊ ဆင့်တန်းရက်မ တွေကလည်း လေး၊ နှစ်တွေချည်း ဖြစ်၏။ သို့သော် မအိမ်ကံ ဆုံးပါးခဲ့သည့် နောက်ပိုင်း ထူးထူးဆန်းဆန်း တစ်ဖက် ယိုင်သွားခဲ့သည်။ အိမ်မကြီးကို ထိန်းသိမ်းစောင့် ရှောက်ခဲ့သော်ငြား လည်း ပဲမှော်တိုက် ကိုတော့ ပစ်ထားခဲ့ကြသည်။ ပဲမှော်တိုက်ကြီးဘက် လူမသွားဝံ့ကြ တာပင် ကြာပြီ။ ရီးကျေးဥတို့ အိမ်နောက်ဖေး ဘက်တွင် ပဲမှော်တိုက် သေးသေး တစ်လုံး ထပ်ဆောက်ခဲ့ ကြသည်။

ပဲမှော် တိုက်အိုကြီးမှာ စောင်းရသည့်ကြားထဲ နွားချေး ကျင်းဟောင်းက ထပေါက်ကြသော ဘူးနှင့် ဖရုံပင်ကြီးတွေက ပဲမှော်တိုက်ပေါ် ကုတ်ကတ် တွယ်တက်ကြရာက ပဲမှော်တိုက်ကိုပင် ဖုံးပစ်လိုက်ကြသည်။ အသီးတွေ၊ အပွင့်တွေ ထွားထွား ကျိုင်းကျိုင်း သီးကြပွင့်ကြသော်လည်း ဘယ်သူကမှ မခူးကြ။ နွယ်ရှင်တွေကလည်း တိုးလို့ တွဲလောင်းကျလျက်။ နောက်တော့ ပဲမှော်တိုက် စောင်းသွားသည့် အတိုင်း နွယ်ရှင်တွေကပါ လိုက်စောင်းကြရာက ပဲမှော်တိုက်နှင့် နွယ်ပင်တို့ အချင်းချင်း ထူပေးထားကြသကဲ့သို့ ရှိလာခဲ့သည်။ နွယ်ရှင်တွေ၊ ဖုန်တွေ၊ ပင့်ကူမျှင်တွေ ထလုံးလိုက်ကာ မူလ ရုပ်သွင်မရှိတော့သော ပဲမှော်တိုက်ဘက်ကို မျက်စောင်းပင် ထိုးမကြည့်ဝံ့အောင်ရှိခဲ့ ရသည်။

ဦးမြတ်သာ တစ်ခေါက် ရောက်လာတုန်းကတော့ ပဲမှော်တိုက်ကို ဖြိုဖို့ ခွင့်ပြုခဲ့သည်။ ဦးစံကောင်းနှင့် ရွာသား အချို့ကို ပင် ခေါ်ထားပြီးပြီ။ မနက်ဖြန် ပဲမှော်တိုက် ဖြိုတော့မည်ဆိုလျှင်ပဲ သည်ကနေ့လို ညမှာ ကျေးဥ အိပ်မက် မက်ခဲ့သည်။ အိပ်မက်ထဲမှာ မအိမ်ကံက ပဲမှော်တိုက်ပေါ်မှာ ဒါန်းစီး နေခဲ့ခြင်း ဖြစ်သည်။ ပဲမှော်တိုက် ခေါင်တန်းဆီက ကြိုးနှစ်ချောင်း ချကာ ဒါန်းစီး နေသော မအိမ်ကံက ပဲမှော်တိုက်ပေါ်မှာ ငါနေသာ၊ မဖြိုကြနဲ့နော် လို့ပြောတာကို ကျေးဥ မ မှတ်မှတ်ထင်ထင် ရှိခဲ့သည်။ ကျေးဥလန့်နိုးတော့ မိုးပင်မလင်းသေး။ မနက်မိုးလင်းတော့ အစ်ကို မောင်မြတ်သာကို အိပ်မက် အကြောင်း ပြောပြဖြစ်ခဲ့ သည်။ အစ်ကို မောင်မြတ်သာခမျာ တစ်ချက်တွေ သွားခဲ့ကာ ခေါ်ထားသည့် လူတွေကို ပြန်လွှတ်လိုက်ရ တော့သည်။ ပဲမှော် တိုက်ကို မဖြို ဖြစ်တော့။

“ကျေးဥ၊ ပဲမှော်တိုက်ကို မဖြိုနဲ့။ သည်အတိုင်းသာ ထားပါဟာ။ သူ့ဟာသူ ပြိုတော့လည်း ပြိုရုံပေါ့။ ငါမပြန်ခင် ဆွမ်းကျွေးချင်သယ်။ ပဲမှော်တိုက်နားမှာ ပရိတ်တော် ရွတ်ဖတ်ပြီး အမျှအတန်း ဝေမယ်။ ငါ့နှမကလေး မကျွတ်ရှာဘူးနဲ့ တူပါရဲ့။ ကိုစံကောင်းတို့နဲ့ တိုင်ပင်ပြီး စီစဉ်တော့”

တကယ်လည်း ဆွမ်းကျွေး အမျှဝေခဲ့ ကြသည်။ ပရိတ်တော် ရွတ်ဖတ်ကြသည်။ အမျှအတန်း ဝေကြသည်။ သည့်နောက်တော့ ပဲမှော်တိုက် သည်လည်း နှစ်ပေါင်းများစွာ ငုတ်တုတ် စောင်းစောင်း ရှိနေခဲ့ တော့သည်။ အိမ်မကြီးကတော့ အကောင်း ပကတိ ရှိသည် ဆိုသော်လည်း လူသူ မနေကြသဖြင့် ခြောက်ကပ်စွာ ထီးထီးကြီး တည်နေခဲ့သည်။ ဦးမြတ်သာတို့ ရောက်လာသည့် အခါတွင်လည်း သည်အိမ်ကြီးမှာ မတည်းကြပါ။ မမစိမ်းမြတို့အိမ် တည်းကြကာ လိုအပ်မှ ရောက်လာကြခြင်း ဖြစ်သည်။ သည်ဘက် နှစ်တွေ မှာတော့ အလာကျဲသွား ကြပြီ။ ခိုင်ကလေးလည်း အိမ်ထောင်ရက်သား ကျသွားခဲ့ပြီ။

တစ်ခါက ပန်းမျိုး စုံလင်တို့ ပွင့်လန်းခဲ့ရာ အိမ်ဝိုင်းတိုက်ကြီးမှာ ခုတော့ ပန်းတွေလည်း မပွင့်ကြတော့ပြီ။ အပြုအပြင် ကင်းမဲ့နေကြသော သီးပင် စားပင်တွေ ကလည်း ဝေေ၀ဆာဆာ မရှိကြ။ မအိမ်ကံ လွင့်မျောသွားခြင်းနှင့် အတူ သစ်ပင်ပန်းပင်တို့ သည်လည်း တမလွန်သို့ လွင့်မျော ကြတော့မည့် ပမာ အရာရာ သည် ဆုတ်ယုတ်လျော့ပါး နေကြလေပြီ။ ခြံထောင့်က ဆပ်သွားဖူး ရုံကြီးဆိုလျှင် အလိုလို ပုတ်ရိကာ မျိုးတုံး သွားခဲ့သည်။ ဆပ်သွားဖူးရုံကြီးထဲမှာ ခေါင်းစိုက်ကာ သေနေသော ငှက်မည်းကြီး တစ်ကောင်ကို တွေ့လိုက်ရသည့် နေ့က ကျေးဥပင် အော်ဂလီ ဆန်ခဲ့ရသည်။ တစ်ခြံလုံး အသက်မရှူနိုင်လောက်အောင် ပုပ်စော်နံ နေသဖြင့် ရှာကြ ဖွေကြရာက ငှက်မည်း အသေကောင်ကို တွေ့လိုက် ရခြင်းဖြစ်၏။ မအိမ်ကံ ရှိစဉ်က ပြောခဲ့ဖူးသော ငှက်မည်းကြီး ဆိုတာကို သည်တော့မှ ရီးကျေးဥ လက်ခံ ခဲ့ရသည်။ ခမျာ ကြောက်မည်ဆို ကြောက်စရာ။

မိုးမှုန်မှုန်ဖွဲဖွဲ ကျနေသည့် ကဆုန်လ ကောင်းကင်အောက်တွင် အိမ်ကြီးနှင့် ပဲမှော်တိုက်တို့ကို ရီးကျေးဥ ခပ်ဝါးဝါးလှမ်း မြင်နေရလေ၏။ မိုးရေစွတ်စွတ် မြင်ကွင်းတွေကို ရီးကျေးဥ လှမ်းကြည့် နေခိုက်မှာပင် ၀ိုင်းဝဆီက လူရိပ်လိုလို မြင်လိုက်ရသည်။ မျက်လုံးတွေက မကောင်းတော့ ၀ိုးဝိုးဝါးဝါး ထင်လိုက် ခြင်းသာဖြစ်၏။ ခေါ်သံလိုလို ကြားလိုက်ရတော့ အနားက ၀ါးဖတ် ခမောက်ကို ဆောင်းကာ ထွက်လာခဲ့သည်။
မိန်းမသား နှစ်ယောက်။

တစ်ယောက်ကကြီးကြီး။ တစ်ယောက်က အပျိုပေါက်။ မိုးရေထဲမှာ အကာမပါ၊ အဆောင်းမပါကြဘဲ စုံးမွှားမွှား ရပ်နေ ကြခြင်းဖြစ်သည်။ တံခါးအပြင်မှာ ရပ်နေကြ သဖြင့် တိတိပပတော့ ရှင်းရှင်းကြီး မမြင်ရသေး။ ဇလီကွက်တွေကြားက မြင်ရခြင်းသာ ဖြစ်သည်။ ဘယ်သူတွေများ ပါလိမ့်။ အနောက်တန်း ရွာက ဧည့်သည်တွေများလား။

“ကျေးကျေး”

နှစ်ပေါင်းများစွာက အသံ။ အားမပါ လှသော အသံပေသိ သည်အသံကို ရီးကျေးဥ မမေ့နိုင်ပါ။ ၀င်းတံခါး ထိပ်နှစ်ချပ်ကို တွဲခတ်ထားသော သံကွင်းကို လှမ်းမပြီး တံခါးနှစ်ချပ်ကိုဖွင့် လိုက်တော့ အသံရှင်က ရီးကျေးဥကို လှမ်းဖက်လိုက်သည်။ သည်အထိလည်း ရီးကျေးဥ မဝေခွဲနိုင် သေးသလို ကြောင်ကြောင်ကြီးရပ်နေခဲ့သည်။ ကျေးကျေးတဲ့။ ဒါဆိုရင် ဘယ်သူ ဖြစ်ရဦးမှာလဲ။

“မြိုင်ကလေး၊ မအိမ်မြိုင် ဟုတ်ကဲ့လား”

“ဟုတ်ပါသယ် ကျေးကျေး။ မအိမ်မြိုင်ပါရှင်”

“ရော် ၀င်ခဲ့လေ။ မိုးတွေ ဖြိုးဖြိုးဖြောက်ဖြောက် နဲ့ကွယ်။ လာလာ သြော် ဖြစ်မှ ဖြစ်ရ ပလေသယ်အေ”

အိမ်မကြီးနှင့် ပဲမှော်တိုက် စောင်းစောင်းကို မအိမ်မြိုင်က တွေတွေကြီး ရပ်ကြည့် နေခဲ့သည်။ ရီးကျေးဥက လက်ကို ဆွဲကာ ခေါ်လာခဲ့ရ၏။ အပျိုပေါက် မိန်းကလေးကတော့ ဘာကိုမှ အရေးမထားသည့် မျက်နှာမူနှင့် အရာရာကို ကြည့်တည့် ကြောင်တောင်လိုက်လံ ကြည့်ရှုနေသည်။ နှစ်ယောက်လာခဲ့ ကြသော်လည်း ပါလာကြသည်က လွယ်အိတ်ကလေး တစ်လုံးမျှသာ။ သည်မှာနေကြမှာလား၊ ခဏ တစ်ဖြုတ်လား၊ ပြန်ကြမှာလား။
အိမ်ပေါ်ရောက်တော့ ရွာထွက်ဖျင် တဘက်တစ်ထည် လှမ်းပေးကာ ခေါင်းက ရေတွေ သုတ်စေသည်။ အ၀တ်အစား လဲစေသည်။ ရေနွေးပူပူ တစ်ခွက်စီ သောက်စေသည်။ သည်အထိ စကားမပြောဖြစ်ကြ။ ရီးကျေးဥကတော့ မအိမ်မြိုင် ရောက်လာခြင်း ကိုသာ အံ့သြနေတော့သည်။ အဆုံးထားသော အဖိုးတန် ပစ္စည်း တစ်ခုကို ပြန်တွေ့လိုက်ရ သကဲ့သို့ ရင်ထဲ ကတုန် ကယင်ကြီး ဖြစ်လို့နေ၏။ ဘယ်လိုက ဘယ်လိုများ ရောက်လာ တာပါလိမ့်။

အိမ်က ထွက်သွားသည့် နေ့ကတည်းက သည်ကနေ့မှ ပြန်ရောက်လာသော အိမ်ကြီးရှင် ဧည့်သည်။ မအိမ်မြိုင် မြင်းခြံကို သွားသည့် နေ့က ဖိုးကူးလှည်းနှင့် လိုက်ပို့ခဲ့ပြီး အပြန်မှာတော့ သတင်းဆိုးသာ ပါလာခဲ့သည်။ ဆယ့်ငါးနှစ်တောင် ရှိပါပေါ့လား။ သည်ဆယ့်ငါးနှစ် အတွင်းမှာ အရာရာသည် ပြောင်းလဲ ခဲ့ကြပြီ။ ထွက်သွားတုန်းက မိန်းမချော မိန်းမလှ။ ရွာ့ကွမ်း တောင်ကိုင် စာရင်း ပေါက်ခဲ့သူ ပပ၀တီ မင်းသမီးကလေး။ ပြန်ရောက်လာတော့လည်း မနွံမရေ ရှိလှချည့်လားအေ။ သည်အိမ်ကြီးမှာ ဘာတွေဖြစ်လို့ ဘာတွေတော့ဖြင့် ပျက်ခဲ့ပြီ ဆိုတာကော ညည်းသိရဲ့လား။ ရီးကျေးဥက ခွမ်းခနဲ ကျကွဲသွားသော ဓာတ်ပုံတစ်ချပ်ကို သတိရလိုက်သည်။ မအိမ်ကံ ကိုယ်တိုင် အပေါ်ထပ်ဆီက နာနာကြည်းကြည်း ပစ်ချ ခွဲချေ ပစ်လိုက်သော ဓာတ်ပုံ။ အခုတော့လည်း မှန်စတွေလို တစ်စစီ ကြေခဲ့ ကြပြီကောအေ။

“သူကလေးက”

“မြိုင့်သမီးလေ မအိမ်စိုတဲ့”

မအိမ်စို။ မအိမ်ကံ တုန်းကတော့ အိမ်ကြီးရဲ့ကံ အဖြစ် မအိမ်ကံလို့ အမည်မှည့်ခဲ့ ကြသည်။ သမီးနှစ်ယောက် ကျတော့ မအိမ်မြိုင်တဲ့။ မအိမ်ခိုင်တဲ့။ အိမ်ကြီး အဖို့ရာတော့ မမြိုင်ခဲ့ မခိုင်ခဲ့ကြသူတွေ။ အခု လာပြန်ပြီလား မအိမ်စို။ မအိမ်စို ရောက်လာတော့ အရာရာ ခြောက်ခန်းချိန် ဆိုက်ခဲ့ပြီ။ အတိတ်နိမိတ်နှင့် အတူ တစ်ကျော့ပြန် စိုပြည် လန်းဆန်း ပါစေတော့။

“ကျေးကျေး မြိုင့်ကို စိတ်ဆိုး နေမှာပေါ့နော။ မြိုင်သည်ဘက်ကို ခြေဦး မလှည့်တော့ဘူးလို့ ဆုံးဖြတ်ထား ပြီးသားပါ။ သည်ရွာ၊ သည်နေရာ၊ သည်အိမ်ကြီးကို စိတ်ရင်း အတိုင်း ဆိုရင် လာစရာ မရှိတော့ ပါဘူး။ မလာချင်တော့ ပါဘူး။ မြိုင့်အမှားတွေဟာ မြိုင်နဲ့ အတူပဲ ရှိရမှာပါ။ ဒါပေသိ မြိုင်အိမ်ကြီးကို နေ့စဉ်နဲ့ အမျှ သတိရသယ်။ အမေ့ကို နေ့စဉ်နဲ့အမျှ သတိရသယ်။ ကျေးကျေးတို့၊ ညီမလေး ခိုင်တို့ကို သတိရသယ်။ အခုလည်း မြိုင် အိမ်ကြီးကို လာကြည့်သာပါ။ သင်္ချိုင်းမှာ အမေ့ကို ကန်တော့ချင်လို့ လာခဲ့သာပါ။ ကျေးကျေးကို ကန်တော့ ချင်လို့ လာခဲ့သာပါ”

မြိုင်ကပြောရင်း ငိုလေသည်။ ရီးကျေးဥကတော့ သူ့ရှေ့မှာ ငုတ်တုတ် ထိုင်နေကြသည့် သားအမိကိုပဲ ငေးကြည့်နေခဲ့သည်။ မအိမ်မြိုင်ရဲ့အလှတွေ ဘယ်ရောက်ကုန်ပါလိမ့်။ တကယ့်ကို ရင့်ရော်ရော် မိန်းမတစ်ယောက်လို ဖြစ်ခဲ့ပြီ။ ဒါတွေ ထားပါတော့။ သက်ဦးဝေ ကကော။ ပျောက်သွားခဲ့ပြီ ဆိုကတည်းက ဘာသတင်းမှ မကြားရတော့သော အိမ်သား တစ်ယောက်ကို ပြန်ပေါ်လာတော့ ဘာက စမေးရမှန်း မသိဘဲရှိခဲ့ရ သည်။ တကယ်တော့ သည်အိမ်ကြီးက ရောက်လာသည့် ဧည့်သည်ရဲ့အိမ်။ ငါကသာ အိမ်ကြီးရဲ့ ဧည့်သည်။ သည်လို အခြေအနေ မျိုးမှာ ရီးကျေးဥ ဘာပြောရမှန်း မသိ။ အပြစ်တင် ရမှာလား။ ရေငုံနှုတ်ပိတ် နေရမှာလား။ ဒါကိုလည်း မတွေး တတ်တော့ပြီ။ မအိမ်မြိုင် ကိုသာ ငေးနေမိ တော့သည်။ ရင်ထဲ ရောက်လာသည့် စကားတွေကိုတော့ ပြောမိပါ၏။


လေးစားစွာဖြင့်
ရီနိုမာန်

No comments: