November 18, 2012

ပန်းကြာဝတ်မှုန်ရုပ်ရှင်အား ပြန်ခံစားခြင်း

ဒီနေ့ စင်ကာပူမှာ ပြတဲ့ ပန်းကြာဝတ်မှုန်ရဲ့ နောက်ဆုံးပွဲကို သွားရောက်ကြည့်ရှုဖြစ်ခဲ့ပါတယ်။ လိုချင်တဲ့ နေရာမရပင်မဲ့ ရတဲ့နေရာကပဲ အားပေးကြည့်ဖြစ်ခဲ့ပါတယ်။ ဝတ္ထုကို အကြိမ်ကြိမ်ဖတ်ထားမိတဲ့ အတွက် ဝတ္ထုထဲကအတိုင်း အကုန်ပါအောင် မရိုက်ပြနိုင်ခဲ့ပင်မဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်း တစ်ပုဒ်လို့ မှတ်ချက်ပေးလိုက်မိပါတယ်။ 

ပန်းကြာဝတ်မှုန်ဝတ္ထုကို ဖတ်ထားတဲ့ သူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဝတ္ထုလောက် အရသာမရှိဘူးလို့ တွေးမိကြမယ်လို့ ထင်ပါတယ်။ ဝတ္ထုကို ရေးထားတဲ့ ဆရာမခင်ခင်ထူး ကိုယ်တိုင်က အားရမှုမရှိပင်မဲ့ ရုပ်ရှင်သရုပ်ဆောင် အဖွဲ့သူ၊သားတွေ ပင်ပန်းတာကိုကြည့်ပြီး ကျေနပ်ပါတယ်လို့ ပြောထားမှတော့ ကျနော်ကိုယ်တိုင်လည်း ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် လက်ခံထားမိလျှက်သားပါပဲ။

ဝတ္ထုကို ဖတ်ပြီးတဲ့ အချိန်မှာ ကျန်ခဲ့တဲ့ စိတ်ခံစားမှုမျိုးကို ဒါရိုက်တာ အနေနဲ့ ဘယ်လိုများ အဆုံးသတ်မလဲဆိုတဲ့ စိတ်ကြောင့် ဒီနေ့ ဒီပွဲကို သွားကြည့်ဖြစ်စေခဲ့တာပါ။ စိတ်ထဲမှာတော့ ဆရာမရဲ့ ဇာတ်သိမ်းအတိုင်း မသိမ်းပါစေနဲ့လို့ ဆုတောင်းမိခဲ့တာတော့ အမှန်ပါ။ တကယ်သွားကြည့်ဖြစ်လိုက်တဲ့ အချိန်မှာတော့ ကြည့်ရကျိုးနပ်တယ်လို့ပဲ ယူဆလိုက်မိပါတယ်။ ဝတ္ထုထဲမှာ ပါတဲ့ဇာတ်ဝင်ခန်း တော်တော်များများ ရုပ်ရှင်မှာ မပါဝင်တာကလွဲလို့ ဇာတ်လမ်းရဲ့ဇာတ်ကွက် အချိတ်အဆက်မိပါတယ်။ ဇာတ်သိမ်းမှာ မင်းသားနဲ့ မင်သမီးကိုပေးပေါင်းထားတဲ့ အတွက်လည်း ဇာတ်ရှိန်ကို အကောင်းဆုံးနဲ့ အဆုံးသတ်တယ်လို့ ယူဆမိပါတယ်။

အောင်နိုင်သူရဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်သွားတဲ့ နိုင်းနိုင်း အနေနဲ့ ဘာမှ ပြောစရာမရှိပင်မဲ့ သီရိမေနေရာမှာ သရုပ်ဆောင်တဲ့ သက်မွန်မြင့်ကိုတော့ ပြောစရာနည်းနည်းလေးရှိနေပါတယ်။ အကယ်ဒမီရပြီးသားသူ တစ်ယောက်မို့ သရုပ်ဆောင်မှုအပိုင်းမှာ ပြောစရာမရှိပင်မဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်တဲ့အချိန်မှာ ဝတ်ဆာဆင်ယင်မှုအနေနဲ့ မြန်မာဆန်သောလည်း သိပ်မလိုက်ဖက်ဘူးလို့ ကျနော့်အနေနဲ့ မြင်မိပါတယ်။ နောက်တစ်ခုက ထွေးထွေးသိန်းနဲ့ ပတ်သက်လို့ ဟာသတွေ အခန်းတော်တော်များများ ရှိနေပင်မဲ့ ရုပ်ရှင်မှာတော့ တစ်ခန်းစ၊ နှစ်ခန်းစလောက်ပဲ ပါတာကို တွေ့ရပြန်ပါတယ်။

ပန်းကြာဝတ်မှုန် ဇာတ်ကားမှာ ကြည့်ရတာ အတန်းဆုံးကတော့ ရှုခင်းတွေရဲ့ အလှပါပဲ။ ရိုက်ကွင်းရိုက်ကွက်တွေ အခန်းတိုင်းလိုလို လှတယ်လို့ ပြောရင် မှားမယ် မထင်ပါဘူး။ မူရင်းဝတ္ထုကို မဖတ်ထားပဲ ကြည့်မယ်ဆိုရင်တော့ တော်တော်လေး ကောင်းမဲ့ ဇာတ်လမ်းလို့ ပြောလို့ရပါတယ်။ ဝတ္ထုဖတ်ထားတဲ့ သူတစ်ယောက် အနေနဲ့ကတော့ ကောင်းတယ်လို့ ပြောလို့မရပင်မဲ့ နောက်ဆုံးဇာတ်သိမ်းကြောင့် ကျေနပ်မှု  ဖြစ်ခဲ့ရပါတယ်။

ဝတ္ထုကို ဖတ်ပြီးတဲ့ အချိန်မှာ စိတ်မှန်းနဲ့ အကယ်ဒမီ ပေးဖြစ်ခဲ့ပါတယ်။ 
ဇာတ်ကောင် သီရိမေ နေရာ အကယ်ဒမီရနိုင်တယ်လို့....ပြီးတော့
ဒါရိုက်တာ၊ ဇာတ်ညွန်း၊ ဇာတ်လမ်းလို့ စိတ်မှန်းနဲ့ ပေးထားခဲ့ပါတယ်။

ရုပ်ရှင် ကြည့်ပြီးတဲ့ အချိန်မှာတော့ ဓါတ်ပုံ၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ လောက်သာရနိုင်တော့မယ်လို့ စိတ်ထဲ အလိုလို သိလာပါတယ်။ ဘယ်သူတွေ ဘာဆုရကြမလဲဆိုတာတော့ နောက်လ ( ဒီဇင်ဘာလ) ၃၀ရက်နေ့မှာ ကျင်းပမဲ့ အကယ်ဒမီပေးပွဲတွင် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ကျနော့်ကိုယ်ပိုင် အတွေးနဲ့ကတော့ အကယ်ဒမီဆု တစ်ခုလောက်တော့ ရကောင်းပါရဲ့...လို့တွေးရင်းးးးးး။


လေးစားစွာဖြင့်
ရီနိုမာန် 

မှတ်ချက် -
စာဖတ်ပရိသတ် တစ်ယောက်အနေနဲ့ ခံစားရေးဖွဲ့ခြင်း ဖြစ်ပါတယ်။ ဆရာမ၏ ဝတ္ထုအား တစ်စုံတစ်ရာ ဝေဖန်ခြင်း မဟုတ်ပါ။ 
ရုပ်ရှင်ကြည့် ပရိသတ်တစ်ယောက်အနေနဲ့ ခံစားမိသမျှ ရေးဖွဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒါရိုက်တာ၏ ပညာအား တစိုးတစိမျှ စော်ကားလိုခြင်း မရှိပါကြောင်း လေးစားစွာ အသိပေးအပ်လိုက်ရပါတယ်။
 



November 17, 2012

အစားအသောက်များနှင့် ကျနော်

၂၀၀၄ မတိုင်ခင် ရန်ကုန်မှာ အလုပ်လုပ်တုန်းက ရုံးကအဖွဲ့နဲ့၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အမြဲတမ်းလိုလို သွားစားဖြစ်ခဲ့ပါတယ်။ ကိုယ်တိုင်က ကြိုက်နှစ်သက်တာဆိုတော့ မကြာခဏဆိုသလို သွားစားဖြစ်ခဲ့ပါတယ်။ ခုတစ်ခေါက် မြန်မာပြည်ပြန်တုန်းကလည်း မှတ်မှတ်ရရ သူငယ်ချင်းတစ်ယောက်နဲ့ အတူတူ သွားစားဖြစ်ခဲ့ပြန်ပါတယ်။ ပထမတော့ မစားခင် မှတ်မှတ်ရရ ဓါတ်ပုံ အရင်းရိုက်ယူလိုက်မယ်လို့ စိတ်ကူးထားခဲ့ပင်မဲ့ ကိုယ့်ရှေ့မှာ ရောက်လာတဲ့ ခေါက်ဆွဲပုဂံကို မြင်ပြီး ဓါတ်ပုံရိုက်ဖို့ မေ့သွားတဲ့ အထိပါပဲ။ ပထမ တစ်ပုဂံကုန်သွားမှပဲ ဓါတ်ပုံရိုက်ဖို့ သတိရသွားတယ်။ ဒီပုံလေးကတော့ ဒုတိယအခေါက် မစားခင်မှာ ရိုက်ယူထားလိုက်တဲ့ ပုံလေးပါ။ ပုံကို မြင်ရင်တော့ သိကြလိမ့်လို့ ထင်ပါတယ်။ ရွှေတောင်ခေါက်ဆွဲ... ပါ။ ပုဇွန်တောင်မြို့နယ် ရေကျော်ဖက်လို့ ပဲမှတ်မိပါတယ်။ လိပ်စာကတော့ သေသေချာချာ မမှတ်မိတော့ပါဘူး။ 

ရွှေရင်အေး... ပါ။ ကာလာစုံတဲ့ မြန်မာ့မုန့်လို့ ပြောရင်လည်း ရနိုင်မယ် ထင်ပါတယ်။ ဆိပ်ကမ်းသာလမ်း အလယ်ဘလောက်မှာ အဲဆိုင်လေး တည်ရှိပါတယ်။ မြင်ရရင်ကို စိတ်ထဲမှာ အလိုလို နှစ်သက်နေမိခဲ့တာပါ။ ဒါလည်း မြန်မာပြည်ပြန်တုန်း ဝင်စားရင် ရိုက်ခဲ့တဲ့ ပုံပါပဲ။ လမ်းဘေးမှာ ရောင်းတယ်ဆိုပင်မဲ့ အော်ဒါမှာရင်လည်း လက်ခံတယ်လို့ သိရပါတယ်။ ဆိုင်အတွက် ကြော်ငြာဝင်ပေးနေသလိုမျိုးများ ဖြစ်နေပြီလား မသိ။ 

တရုတ်တန်းကို ရောက်တော့ ဝက်သားတုတ်ထိုး သွားစားကြမယ်လို့ သူငယ်ချင်းနဲ့ အတူတူ စဉ်းစားထားကြတာပါ။ ဝက်သားတုတ်ထိုးဆိုင် မရောက်ခင်မှာပဲ ဝက်ခေါင်းသုပ်ဆိုင်နဲ့ မြေးအိုးမြီးရှည်ဆိုင်ကို တွေ့တော့ စားကြမယ်ဆိုတာနဲ့ ဝင်စားလိုက်တာ ဝက်သားတုတ်ထိုး စားမဲ့ အစီအစဉ်လည်း ပျက်သွားရပါတော့တယ်။ ဗိုက်ပြည့်သွားတာ ဘယ်လိုမှ ဘာမှ ဆက်မစားနိုင်တော့တဲ့ အထိပါပဲ။ မှာစားကြတာကတော့ သုံးလေးပွဲလောက် ရှိပါတယ်။ ဓါတ်ပုံ ရိုက်ဖြစ်တော့ ဒီအပေါ်က ဝက်ခေါင်းသုပ် ပုံတစ်ပုံပဲ ပါလာတော့တယ်။
မိသားစု ဆိုတဲ့ ဝေါဟာရကို အဓိပ္ပါယ် ဖွဲ့ဆိုတဲ့ အခါ မပါမဖြစ် ထမင်းဝိုင်းဟာလည်း အဓိက နေရာကနေပါဝင်နေခဲ့ပါတယ်။ ကျနော်တို့ အိမ်မှာတော့ များသောအားဖြင့် အဖေရှိစဉ်ကရော၊ အဖေ မရှိတော့တဲ့နောက်ပိုင်းရော မိသားစု စုံစုံညီညီနဲ့ အမြဲလိုလို ထမင်းစားဖြစ်ခဲ့ကြပါတယ်။ တစ်ခါတစ်လေ အိမ်နီးနားချင်း မိတ်ဆွေတစ်ချို့လည်း သူတို့အိမ်က ချက်တဲ့ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဘာဟင်းချက်ချက် အိမ်မှာ စုပြီး စားတက်ကြပြန်ပါတယ်။ နေ့လည်ပိုင်းတွေဆိုရင်တော့ အိမ်မှာ ရှိတဲ့ မိသားစုနဲ့ အတူတူစားဖြစ်ကြပင်မဲ့ ညနေပိုင်းဆိုရင်တော့ ကျနော်တို့အိမ်မှာ လူစုံတက်စုံပါပဲ။ ဟင်းလည်းစုံတယ်လို့ ပြောလို့ရပါတယ်။ ပုံထဲက ထမင်းဝိုင်းကတော့ ကျနော်တို့ နေ့လည်စာစားဖို့ ပြင်ဆင်ထားခြင်းပဲ ဖြစ်ပါတယ်။ ဘာရယ်မဟုတ် စိတ်ထဲမှာ ဓါတ်ပုံရိုက်ချင်လာတာကြောင့် ရိုက်လိုက်မိတာပါ။ ၂၀၁၂ ဇန်နဝါရီလ မြန်မာပြည်ပြန်တုန်းက ရိုက်ဖြစ်ခဲ့တဲ့ ဓါတ်ပုံလေးတွေပါ။ ခရီးထွက်တာ တစ်နှစ်ပြည့်ပါတော့မယ်။ ခရီးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကတော့ မပြီးနိုင်မစီးနိုင်ပါပဲ။ 

လေးစားလျှက်
ရီနိုမာန်

November 10, 2012

ပန်းကြာဝတ်မှုန်

ဝတ္ထုကို ဖတ်ပြီးကတည်းက နောက်တစ်ခေါက်ပြန်ဖတ်ချင်ရလောက်အောင် ကျနော် စွဲလမ်းမိခဲ့ပါတယ်။ ပထမတစ်ခါ ဖတ်တုန်းက အွန်လိုင်းကနေ ဒေါင်းပြီး ဖတ်ရတာကို အားမရနိုင်ဖြစ်ခဲ့ရတာမို့ စာအုပ်ဝယ်ပြီး အိမ်မှာ နောက်တစ်ခေါက် ပြန်ဖတ်ခဲ့ရ ပြန်ပါတယ်။ စာအုပ်ကို ဖတ်ပြီး စိတ်ထဲမှာ မချင့်မရဲဖြစ်နေတဲ့ အချိန်မှာပဲ ဒါရိုက်တာ ဇင်ယော်မောင်မောင်က ဒီစာအုပ်ကို ရုပ်ရှင်ရိုက်နေပြီဆိုတဲ့ သတင်းကြောင့် အရမ်းကို ကြည့်ချင်တဲ့ စိတ်ဖြစ်နေခဲ့တာ ကြာခဲ့ပါပြီ။ စိတ်ထဲထင်ထားတာက မြန်မာပြည်မှာ ရုံတင်တဲ့ ကြည့်နိုင်သလို၊ ဗွီဒီယိုအခွေ ထွက်လာတဲ့ အခါမှာမှပဲ ကြည့်ရတော့မယ်လို့ ထင်ထားခဲ့တာပါ။ အခုတော့ ကံကောင်းတယ်( ကျနော် တစ်ဦးတစ်ယောက်ထဲ) လို့ပဲ ပြောရမယ်ထင်ပါတယ်။ စင်ကာပူမှာ ကြည့်ဖို့ အတွက် အခွင့်အရေး ရခဲ့ပါပြီ။

လာမဲ့ အပတ် ( နိုဝင်ဘာလ ၁၇ ၊ ၁၈ ) စနေနဲ့ တနင်္ဂနွေမှာ Cathay ရုပ်ရှင်ရုံမှာ ပြမယ်ဆိုတာကို ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ သေသေချာချာ သိခဲ့ရပါတယ်။ ဒါကြောင့် ကျနော့်လိုပဲ ဒီဝတ္ထုလေးရဲ့ ဇာတ်သိမ်းကို ဘယ်လိုများ ဇာတ်သိမ်းသွားမလဲဆိုတာ သိချင်တဲ့ သူများ ရှိခဲ့မယ်ဆိုရင် အောက်ဖေါ်ပြပါ အချိန်အတိုင်း သွားရောက် ကြည့်ရှုအားပေးနိုင်ပါပြီ။ ကြိုတင်လက်မှတ်တွေကိုတော့ စီးတီဟောမှာ ရောင်းတယ်လို့တော့ ကြားမိပါတယ်။ ရုပ်ရှင်ရုံမှာ ပြတာ ဖြစ်တဲ့ အတွက်ကြောင့် ရုပ်ရှင်ရုံမှာတော့ လက်မှတ်ဝယ်ယူနိုင်မယ်လို့ ထင်မိပါတယ်။ 

ပြမဲ့ အချိန်တွေကတော့ .....

စနေနေ့မှာ  ညနေ ၅နာရီ ၁၀ မိနစ် တစ်ပွဲ
တနင်္ဂနွေနေ့မှာတော့ မနက် ၁၀ နာရီ တစ်ပွဲနဲ့ နေ့လည် ၂ နာရီခွဲ တစ်ပွဲရှိပါတယ်။
အော်ချက်က Cathay ရုံမှာ ပြမှာ ဖြစ်ပါတယ်။

ကျနော့်လိုပဲ ရူးသွပ်သူ တစ်ဦးတစ်ယောက်လောက်များ ရှိခဲ့မယ်ဆိုရင်တော့ .....
ဒီဇာတ်လမ်းအပေါ်မှာ ရူးသွပ်သူ ကျနော် တစ်ဦးထဲသာ ရှိခဲ့မယ် ဆိုရင်လဲ..... ကျေနပ်နေပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်