August 29, 2012

ရာသီခွင်

လကလေးရယ်၊ ကြယ်ကလေးရယ်၊ လူတစ်ယောက်ရယ်......။

မှောင်မိုက်တဲ့ ညတစ်ညမှာ ကြယ်လေးတမျှ လင်းလက်နေတဲ့
မီးရောင်စုံတွေရဲ့ကြားမှာ ရာသီခွင်ကို စောင့်ကြည့်နေတဲ့ လူတစ်ယောက်။

ကြယ်တွေစုံပြီလား။

လူတွေကောစုံရဲ့လား။

ချိုမြိန်နေတဲ့ ဂီတသံနဲ့အတူ လှပတဲ့ကစားကွင်းကြီးအလယ်မှာ
ဆန်းသော်တာ လရဲ့အရိပ်ကတော့ မခို့တရို့။

ညတစ်ဝက် ကျိုးေ၇ာပေါ့။

အချိန်မှ မှန်ရဲ့လား။

တည်းခင်းထားတဲ့ ဧည့်ခံပွဲကြီးလည်း တိတ်ဆိတ်ငြိမ်သက်လို့နေရဲ့။
အနီရောင် ပန်သီးရဲ့ အလယ်တည့်တည့်မှာ ထိုးစိုက်ထားတဲ့ ဓါးတစ်လက်။
အနီရောင်ကောဇောကြီးလဲ သွေးသံရဲရဲ။

ပြီးဆုံးသွားခဲ့ပြီလား။

ပြည့်ရော ပြည့်စုံပါရဲ့လား။

မှောင်မိုက်နေပင်မဲ့ ဆန်းသော်တာ လရိပ်က အတိုင်းသာ။
ကြယ်လေးတွေလည်း သူ့နေရာနဲ့သူ ဘိုနေမြဲကျားနေမြဲ။
ကောင်းကင်မှာ နက္ခတ်ဖတ်ဖို့ စောင့်နေတဲ့ လူတစ်ယောက်တော့ ရှိနေလေရဲ့။


လေးစားစွာဖြင့်
ရီနိုမာန်

August 22, 2012

သံသရာ စက်ဝန်း

ကျနော်က မေမေ့ကို ချစ်တယ်။

မေမေက ဖေဖေ့ကို ချစ်တယ်။

ဖေဖေက ညီမလေးကို  ချစ်တယ်။

ညီမလေးက ကိုကို့ကို ချစ်တယ်။

ကိုကိုက မမ့ကို ချစ်တယ်။

မမက ကျနော့် ကိုချစ်တယ်။

လေးစားစွာဖြင့်
ရီနိုမာန်

August 16, 2012

ပိုက်ဆံရှိမှ လှူနိုင်တာ မဟုတ်ပါ

အလှူဆိုတာကလည်း ပိုက်ဆံရှိလို့ လှူနိုင်ကြသလို၊ ပိုက်ဆံမရှိလည်း လှူလို့ရတဲ့ ပုံစံ အမျိုးမျိုးရှိပါတယ်။ ကျနော်ကတော့ အလှူဆိုရင် စိတ်ကိုပဲ အဓိကထားပြီး လှူဖို့ စဉ်းစားပါတယ်။ ငါးကျပ်ပဲ တက်နိုင်( တက်နိုင်) ၁၀၀ပဲ နိုင်နိုင် လှူချင်တဲ့ စိတ်လေးကို အလှဆုံးထားဖြစ်ပါတယ်။ မျက်စိရှေ့မှာ ဘယ်လောက်ပဲ လှူဒါန်းနေကြပါစေ။ ကျနော်စိတ်ထဲမှာ လုံးဝနှလုံးသွင်းလို့မရဘူး ဆိုရင်တော့ ဘာကြီးပဲ ဖြစ်နေပါစေ လှူဖို့ အတွက် ငြင်းဆန်မိမြဲပါ။ 

အလှူအတန်လုပ်တဲ့ အခါမှာလဲ ကိန်းကြီးခန်းကြီးလုပ်ပြီး လှူဒါန်းတာကို ကျနော် သဘောမတွေ့တက်ပါဘူး။ ဥပမာ ဘုန်းကြီးငါးပါး ဆွမ်းကပ်ချင်တယ်ဆိုပါတော့။ ဘုန်းကြီးငါးပါးကို ဆွမ်းကပ်လို့ ကုန်မဲ့ပိုက်ဆံက ၁၀၀ရှိတယ်။ လူပရိတ်သတ်ကို ပြန်ဧည့်ခံရတဲ့ ကုန်ကျစရိတ်က ၁၀၀လောက် ဖြစ်နေပြန်ရော။ အဲလိုဆိုရင် ကျနော့်အနေနဲ့ ၂၀၀လုံး ဘုန်းကြီးငါးပါအတွက် သုံးလိုက်ဖို့ပဲ စိတ်ဝင်စားပါတယ်။ ကျနော့်ရဲ့ အမြင် မှားကောင်းမှားနိုင်ပါလိမ့်မယ်။ သို့ပင်မဲ့ ကျနော် ကျေနပ်လက်ခံထားတာ ဒီအတိုင်းပါပဲ။

အဓိက စိတ်ကို နေရာမှန်အောင် အရင်လုပ်ပါတယ်။ စိတ်က လက်ခံနိုင်ပြီးဆိုရင် ဘာဖြစ်ဖြစ် ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လွယ်လွယ်ကူကူနဲ့ လုပ်နိုင်ကြစမြဲပါ။ ငယ်ငယ်တုန်းက ဆရာသမားတွေပြောတဲ့ စကားက သိပ်ကိုမှန်ပါတယ်။ လူတစ်ယောက်မှာ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်တဲ့။ ရည်ရွယ်ချက်မရှိတဲ့ လူဟာ ကိုယ်လျှောက်နေတဲ့ လမ်း ပျောက်နေသလို ခံစားရပါတယ်... တဲ့။ အဲလိုပဲ အလှူဆိုတဲ့ လှူချင်တဲ့ စိတ်ကလေးသာ ရှိလိုက်။ ငါးကျပ်လှူလည်း အလှူမြောက်ပါတယ်။ တစ်သိန်းလှူလဲ အလှူမြှောက်ပါတယ်။ အလှူဆိုတဲ့ စိတ်ကလေးကို နေရာထားတက်ဖို့ပဲ လိုမယ်လို့ထင်ပါတယ်။ 

ငယ်ငယ်တုန်းကဆိုရင် ကြားဖူးနားဝရှိခဲ့တဲ့ မျက်ကြည်လွှာ လှူတာတို့၊ အသည်းတစ်ခြမ်းလှူတာတို့ဆိုတဲ့ သတင်းတွေဖတ်လိုက်ရရင် ကိုယ်လည်း တစ်နေ့တော့ အဲလိုလှူမယ်လို့ စိတ်ကူးထားခဲ့ဖူးပါတယ်။ တကယ့်တကယ် အရွယ်ရောက်လို့ မိတ်ဆွေအပေါင်းအသင်း မိသားစုနဲ့ ဖြစ်သွားတဲ့ အချိန်မှာတော့ အသည်းတစ်ခြမ်းလှူဖို့ မပြောနဲ့ သေလို့ မျက်ကြည်လွှာလှူမယ်ဆိုတဲ့ စိတ်ကူးလေးတောင် ပျောက်ပျောက်သွားတယ်။ လူ့လောကရဲ့ စားဝတ်နေရေးကို လုံပန်နေရတာနဲ့ အချိန်တွေ ကုန်လို့ကုန်မှန်း မသိရအောင်ပါပဲ။ ဒါပင်မဲ့ စိတ်လေးတစ်ခုကို သတိထားလိုက်နိုင်တဲ့ အတွက် ယနေ့အချိန်ထိ မှတ်မှတ်ရရ လှူဒါန်းဖြစ်တဲ့ ကိစ္စလေး တစ်ခု ရှိနေခဲ့ပါတယ်။ 

ကျနော်က ကိုယ့်အသားနားမှာ သိပ်ကြောက်တဲ့ ကောင်ပါ။ ကိုယ့်အသားနားမှာ ကြောက်တဲ့ အတွက် သူတစ်ပါးရဲ့ အသားကိုလည်း နားအောင် မလုပ်တက်ပါဘူး။ နေမကောင်းဖြစ်လို့ ဆေးထိုးရမှာ အသေကြောက်ပါတယ်။ အသားထဲကို အပ်ထိုးလိုက်တဲ့ အချိန်နဲ့ ဆေးဝင်တဲ့ အချိန်တွေကို ကျနော် အရမ်းကို ကြောက်ပါတယ်။ ငယ်ငယ်က နေမကောင်းဖြစ်တော့ ဆေးထိုးမှ ပျောက်ဖို့ အခြေအနေကို ဆေးမထိုးပဲ ပေပြီး ဆေးသောက်ခဲ့တာ နောက်ဆုံးသောက်ရတဲ့ ဆေးတွေ များပြီး ပြန်အမ်းထွက်မှ ဆေးထိုးဖို့ အခွင့်ကို ကျနော်ပေးခဲ့တာပါ။ ဒါတောင် အကြောဆေးထိုးတဲ့ အသေးဆုံးအပ်နဲ့မှ ဆေးထိုးခံခဲ့တာပါ။

စင်ကာပူကို ရောက်လာတဲ့ အချိန်မှာတော့ ကျနော်အရမ်းကြောက်ပါတယ်ဆိုတဲ့ စိတ်ကလေးတစ်ခုကို ဖြေပျောက်ပေးနိုင်တဲ့ အခွင့်အရေး ကို ကျနော်တွေ့ရှိခဲ့ပါတယ်။ တစ်ခြားတော့ မဟုတ်ပါဘူး။ သွေးလှူခြင်း ပါပဲ။ မြန်မာပြည်မှာ သွေးလှူရင် သွေးထုတ်တဲ့ အပ်က အကြီးကြီးပဲ ဆိုတဲ့ အသံကြားတာနဲ့တင် ကျနော် ဝေးဝေးရှောင်ခဲ့ပါတယ်။  ဒီမှာတော့ ထုံဆေးသုံးတဲ့ အတွက် ကျနော့်အတွက် အတော်လေးကို အဆင်ပြေပါတယ်။ သုံးလတစ်ကြိမ်နဲ့ ပုံမှန်လှူခဲ့တာ အခုဆို ၁၀ကြိမ်ပြည့်သွားခဲ့ပါပြီ။ ကျနော့်ကို ပီတိဖြစ်စေခဲ့တဲ့ အလှူတွေထဲ အလှူတစ်ခုပါ။

ကျနော့်မှာ ငွေရှိနေစရာမလိုဘူး။ အချိန်အများကြီးပေးနေစရာ မလိုဘူး။ မလှူနိုင်လို့ စိတ်ဒုက္ခရောက်နေစရာလည်း မရှိဘူး။ လှူလို့ရတဲ့ အခွင့်အရေးရှိလို့ လှူနိုင်ခဲ့တယ်။ ဒီအတွက် အလှူဖြစ်မြောက်ဖို့ ကျနော်ကို ပထမဆုံးအကြိမ်မှာ အကူအညီပေးခဲ့ဖူးတဲ့ ကိုဂျူလိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒုတိယအကြိမ်မှာ ကျနော့်ကို အဖော်လိုက်ကူညီပေးခဲ့တဲ့ တစ်ချိန်က သိခဲ့၊ခင်ခဲ့ဖူးတဲ့ ကိုမိုးကုတ်သားကိုလည်း ကျေးဇူးတင်ပါတယ်။

ကျနော်ကိုယ်တိုင် လှူဒါန်းနိုင်ခဲ့သလို ကျနော့် ပတ်ဝန်းကျင်မှာ ရှိတဲ့ သူငယ်ချင်းတွေကိုလည်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီပိုစ့်လေးကို ဖတ်ပြီး ပထမဆုံး အကြိမ်ဖြစ် သော၎င်း၊ နောက်တစ်ကြိမ် သွားလှူဒါန်းချင်တဲ့ စိတ်ကလေး ဖြစ်မိသွားမယ်ဆိုရင်တော့ ကျနော်အနေနဲ့ အရမ်းကို ဝမ်းသာကျေနပ်နေရမှာ ဖြစ်ပါတယ်။
      
ငါးကြိမ်အတွက် တစ်ခု၊ ၁၀ကြိမ်အတွက် တစ်ခုပါ

အပေါ်က တစ်ခုက သွေးထုတ်တုန်း ပေးထားတာ။ အောက်ကအဝါရောင်ကတော့ လက်ဆောင်
Woodland သွေးလှူဘဏ်က ပုံပါ။







လေးစားစွာဖြင့်
ရီနိုမာန်

August 15, 2012

ချောင်းသာမှာ ခရီးဆုံးပြီ

မန္တလေးမှာ လည်လို့ပတ်လို့ပြီးတော့ ညနေပိုင်း ၅နာရီလောက်မှာ ဟိုတယ်ကို ချက်အောက်လုပ်လိုက်ပြီး ကားဂိတ်ကို ၇နာရီလောက်မှာ ကျွန်တော်တို့ မနက်က လျှောက်လည်ခဲ့တဲ့ ကားကိုပဲ ထပ်ငှားထားလိုက်ကြတယ်။ မန္တလေးရောက်တော့ ဘာလက်ဆောင်မှမဝယ်ပြန်ရင်လဲ မကောင်းဘူး။ အိမ်လည်း ပြန်ရတော့မှာမို့ မန္တလေးထိုးမုန့်ကို တစ်ယောက် ငါးဗူးစီ ဝယ်လိုက်ကြတယ်။ နှစ်ယောက်ပေါင်း ဘယ်သွားသွား ဘာစားစား ဘာဝယ်ဝယ် စုထားတဲ့ ပိုက်ဆံထဲက ပဲ သုံးကြတယ်။ ခုမုန့်ဝယ်တော့လဲ အဲအထဲကပဲ သုံးကြတယ်။ ကားဂိတ်မဆင်းခင် ရန်ကုန်- ချောင်းသာ ကားဂိတ်ကို ဘိုကင်အရင် ဖုန်းနဲ့ လုပ်လိုက်တယ်။ ညစာစားဖို့ လမ်းမှာ ရပ်ပေးတယ်။ ကားတွေရပ်တဲ့ နေရာက တော်တော်လေးကို ပြောင်းလဲသွားတာပဲ။ အရင်တုန်းကလို မဟုတ်တော့ဘူး။ သပ်သပ်ရပ်ရပ်လေ။ ဘယ်နားလဲလို့တော့ မေးကြည့်လိုက်သေးတယ်။ ဒါပင်မဲ့ ကျနော် မမှတ်မိတော့ဘူး။ 

ဒီလိုနဲ့ ကျနော်တို့ ရန်ကုန်ကို မနက်လေးနာရီလောက်ကြီး ရောက်လာကြတယ်။ ချောင်းသာကား မနက်၆ နာရီထွက်မှာ ဆိုတော့ အချိန်က တော်တော်လေး မှီသေးတယ်။ ဒါနဲ့ ကားငှားပြီး ချောင်းသာကားဂိတ်ကို ထွက်လာခဲ့ကြတယ်။ အဲကွန်ကားတွေက ညပိုင်းမှ ထွက်ကြတာများတယ်။ ကျနော်တို့ကလည်း အချိန်မကုန်ရအောင်လို့ ရတဲ့ ကားနဲ့ လိုက်လာခဲ့ကြတာပေါ့။ ရိုးရိုးဟီနိုးကားကြီး။ ကားပေါ်မှာ လူသိပ်မပါဘူး။ နိုင်ငံခြားသားတွေတော့ လေးယောက်လောက် ပါတယ်။ လမ်းမှာ ကုန်တွေပဲ ရသလောက်တင်ပြီး ထွက်လာခဲ့လိုက်ကြတာ ချောင်းသာ မရောက်ခင် ဥတိုတံတားကို ရောက်တော့ အရင်တုန်းက ရုံးအဖွဲ့နဲ့ ပထမဆုံးအကြိမ်လာတုန်းက ဒီတံတားပေါ်ရောက်တော့ မန်နေဂျာအမကြီးက လှမ်းအော်တာကို သွားသတိရတယ်။ ချောင်းသာနဲ့ တော်တော်လေးနီးပြီ။ သေသေချာချာနားထောင်ကြ လှိုင်းသံတွေ ကြားရလိမ့်မယ်တဲ့။ အဲဒီအချိန်တုန်းက အသည်းအသန် နားထောင်ကြည့်နေတာကိုလည်း သတိရမိပါတယ်။
ချောင်းသာကိုရောက်တော့ ကျနော်တို့ အန်ဘို ဟိုတယ်ရှေ့မှာ ဆင်းလိုက်ကြတယ်။ ဘိုကင်တော့ တင်မထားဘူး။ အခန်းကြည့်မယ်ဆိုပြီး အခန်းတွေ လိုက်ကြည့်ကြတယ်။ ပင်လယ် မျက်နှာစာ မဟုတ်တဲ့ နေရာက ၂သောင်းခွဲ၊ မျက်နှာစာက သုံးသောင်းခွဲ ၊ နောက်တစ်နေရာက ပင်လယ်နဲ့ ပိုနီးတယ်။ သူက လေးသောင်းခွဲ။ ကျနော်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ သုံးသောင်းခွဲအခန်းကို အဲကွန် မသုံးဘူးဆိုတာကြောင့် သုံးသောင်းနဲ့ ပေးတယ်။ 
ဒီပုံလေးကတော့ ကျနော်တို့နေခဲ့တဲ့ အခန်းပါ။ နှစ်ညအိပ်ကို စိတ်ရှိလက်ရှိနေခဲ့ကြတယ်။ မနက် တစ်ခါ ညနေတစ်ခါ ရေဆင်းဆော့ကြတယ်။ ကမ်းခြေမှာ လိုက်ရောင်းတဲ့ ပုဇွန်ကင်၊ ငါးကင်တွေဝယ် စားကြတယ်။ ညနေပိုင်း ရေမချိုးခင် အုန်းရည် ဝယ်သောက်ကြတယ်။ 



မနက်စောစောထပြီး ဘုရားရှိတဲ့ ဖက်ကို လမ်းလျှောက်ထွက်ခဲ့ကြပြန်ပါတယ်။

ညနေပိုင်း ရေကူးပြီတော့ ပင်ပန်းလို့ အခန်းထဲမှာ နားနေတုန်း လေတွေ တအားတိုက်လာလို့ အပြင်ထွက်ကြည့်တော့ တော်တော်လေး လှတဲ့ မြင်ကွင်းကို မြင်ခဲ့ရပြန်ပါတယ်။ တော်တော်လေးကြာအောင် ကျနော် ရပ်ကြည့်နေမိပါတယ်။


၂ညအိပ်ပြီး နောက်နေ့ မနက်မှာတော့ ရောက်တဲ့ နေ့ကတည်းက ဝယ်ထားတဲ့ အဲကွန်ကားနဲ့ ရန်ကုန်ကို ပြန်လာခဲ့ကြပါတယ်။ ကျနော်တို့ ခရီးစဉ်လေးကတော့ ဒီမှာပဲ အဆုံးသတ်သွားပါပြီ။ ကျနော်နဲ့ လိုက်တဲ့ သူငယ်ချင်းက သူ့အတွက် ပထမဆုံး ရောက်ဖူးတာ ဖြစ်ပင်မဲ့ ကျနော်အတွက်တော့ ရောက်ဖူးနေကျ နေရာလေးတွေပါပဲ။ ဘယ်အချိန် သွားသွား သွားလို့ မဝတဲ့ နေရာလေးတွေပါပဲ။ ဒီခရီးစဉ်ပြီးတော့ နောက်တစ်ခေါက် ဒီလိုမျိုး ပြန်ဖြစ်ခဲ့ရင် ရှမ်းပြည်အရှေ့ပိုင်း လာရှိုးဖက်ကို သွားကြမယ်လို့ စိတ်ကူးထားပါတယ်။ အဲနေရာကတော့ ကျနော် တစ်ခေါက်မှ မရောက်ဖူးသေးတဲ့ နေရာပါ။

နောက်ဆုံးကျနော်တို့ သူငယ်ချင်းနှစ်ယောက် စုစုပေါင်း ကုန်ကျစရိတ်ကို တွက်လိုက်တော့ ခရီးစဉ် စ လယ် ဆုံး စုစုပေါင်း ၈ သိန်းကုန်ပါတယ်။ တစ်ယောက်ကို လေးသိန်းစီပေါ့။ တကယ်ကို ကျေနပ်ဖို့ ကောင်းတဲ့ ခရီးဖြစ်ခဲ့ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

August 13, 2012

ဝါဆို ဝါခေါင် ရေတွေကြီးတော့...

ဒီတစ်ခေါက် ကျွန်တော် အိမ်ပြန်သွားတာ အမှတ်တရ ဖြစ်စေတဲ့ အကြောင်းအရာတွေ အများကြီး ရခဲ့တယ်။ အမှတ်တရတွေ အများကြီးထဲမှာမှ မှတ်မှတ်ရရဖြစ်နေတဲ့ အကြောင်းလေးကို သူငယ်ချင်းတွေနဲ့ တွေ့တိုင်း ပြောပြောပြနေမိတယ်။ ကျွန်တော်နေတဲ့ အိမ်လေး အကြောင်းကို အရင်းပြောပြမှ ရလိမ့်မယ်။ လွယ်လွယ်မြင်အောင် ပြောရမယ်ဆိုရင် ကျွန်တော်နေတဲ့ အိမ်လေးက ကရင်ပြည်နယ် ဘားအံမြို့ မှာရှိတယ်။ ဘားအံမြို့ပေါ်မှာလား ဆိုတော့ မဟုတ်ဘူး။ ဘားအံကိုရောက်ဖို့ သံလွင်မြစ်ကို ဖြတ်ရတယ်။ သံလွင်မြစ်ကို မရောက်ခင် မြိုင်ကလေး ဘိလပ်မြေစက်ရုံရှိတယ်။ သံလွင်တံတား မဆောက်ခင်ကတော့ ဘားအံကိုရောက်ဖို့ ကုန်တင်သင်္ဘောနဲ့ သံလွင်မြစ်ကို ဖြတ်ပြီး မှ ဘားအံကိုရောက်တယ်။ အဲဒီအချိန်တုန်းကတော့ မြိုင်ကလေးက စည်းကားတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြိုင်ကလေးကနေကူးမှ ဘားအံကိုရောက်မှာဆိုတော့ လူတွေရော၊ ကားတွေရော အကုန်လုံး ဇတ်ဆိပ်မှာ စည်းကားနေတာပေါ့။

အဲအချိန်တုန်းက သာမည ဆရာတော်ဘုရားကြီးက နာမည်ကြီးနေတဲ့ အချိန်ဆိုတော့ကာ မြိုင်ကလေးဇတ်ဆိပ်ဟာ ပွဲတော်အလာ ဖြစ်နေတော့တာပေါ့။ ခုနောက်ပိုင်း သံလွင်တံတားကြီးဆောက်ပြီးသွားတဲ့ အချိန်မှာတော့ ခုနက စည်းကားနေပါတယ် ဆိုတဲ့ သင်္ဘောဆိပ်ဟာ သုသာန်တစ်ခုမှာ ရှိတဲ့ ဇရပ်တစ်ဆောင်လိုပါပဲ။ ခြောက်ကပ်သွားလိုက်တာ ဘာဆိုဘာမှ မရှိတော့အောင်ပါပဲ။ ကျွန်တော်ကတော့ သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြိုင်ကလေးဖက်က လှမ်းကြည့်လိုက်ရင် မြင်နေရတဲ့ ရွှေရင်မျှော်ဘုရားကို သည်ဖက်ကမ်းကနေ ငေးမောကြည့်နေရတဲ့ အရသာကို ကျွန်တော် အရမ်းနှစ်သက်လို့ပါ။ ကျွန်တော်အိမ်ပြန်တိုင်း မသွားမဖြစ်တဲ့ နေရာတွေထဲက ဒီနေရာဟာလည်း တစ်ခု အပါအဝင်ပေါ့။ ကျွန်တော်နဲ့အတူ လိုက်လည်တဲ့ သူငယ်ချင်းတွေကိုလည်း အမြဲပို့ပေးဖြစ်တယ်။ 


အမှန်တိုင်းပြောရရင် ကရင်ပြည်နယ်က ကျွန်တော့်ဇာတိလည်း မဟုတ်ဘူး။ ဒါပင်မဲ့ အမေဖက်က ဆွေမျိုးတွေက ဘားအံမှာ အခြေချတာများတယ်။ အမေ့ကလည်း ဆွေမျိုးတွေနဲ့ နီးတဲ့ နေရာမှာ နေချင်တာကြောင့် ကရင်ရွာထဲမှာ ခြံဝယ် အိမ်ဆောက်ထားလိုက်ကြတယ်။ ပထမတော့ အဲအိမ်မှာ မနေသေးပဲ အဖေတာဝန်ကျတဲ့ နယ်မှာပဲ အဖေနဲ့ အတူလိုက်နေကြတယ်။ အဖေဆုံးသွားမှ ကျွန်တော်တို့ ကိုယ့်အိမ်လေးမှာ ကိုယ်ပြန်နေဖြစ်ကြတယ်။ အရင်တုန်းကတော့ အဲအိမ်မှာ မနေချင်တာ အမှန်ပဲ။ ကျွန်တော်က ရန်ကုန်မှာမွေးတဲ့ ကောင်ဆိုတော့ ရန်ကုန်မှာ နေချင်တဲ့ စိတ်ကတော့ အမြဲပဲ။ ဒါပင်မဲ့ နေလာတာကြာတော့လည်း ကိုယ့်အိမ်လေးကို သံယောဇဉ်ဖြစ်မိသွားတယ်။ အခုချိန် အမေက ရောင်းမယ်ပြောရင်တောင် ကျွန်တော်က မရောင်းနိုင်တော့ဘူး။ ဟိုးအရင်တုန်းကတော့ ကျွန်တော်က ရောင်းချင်တယ်။ အမေက မရောင်းချင်ဘူး။ ခုတော့ အမေက ရောင်းချင်တယ် ကျနော်က မရောင်းချင်တော့ဘူး။ အေးအေးဆေးဆေး နေရတဲ့ ကိုယ့်အိမ်ကိုယ့်ယာကို မက်မောလာတက်ကြတာ အသက်ကပဲ စကားပြောလို့လား မပြောတက်ပါဘူး။

အခုဆို မြိုင်ကလေးမှာ ဘိလပ်မြေစက်ရုံက နှစ်ရုံတောင် ဖြစ်နေပြီ။ စက်ရုံသစ်နဲ့ စက်ရုံဟောင်းပေါ့။ ၇န်ကုန်ဖက်က လာရင် စက်ရုံသစ်ကို အရင်ဖြတ်ရတယ်။ စက်ရုံသစ်ကို ဖြတ်ပြီးမှ စက်ရုံဟောင်းကို ရောက်တယ်။ စက်ရုံဟောင်းကို ဖြတ်ပြီးရင်တော့ စက်ရုံဈေးဆိုတာ ရှိတယ်။ စက်ရုံဈေးကျော်လာရင်တော့ မြိုင်ကလေးလမ်းဆုံကို ရောက်ပြီ။ ဘာကြောင့် လမ်းဆုံဖြစ်နေရတာလည်းဆိုတော့ ရှေ့တည့်တည့်ကို သွားရင် ကျွန်တော်ခုနကပြောတဲ့ ဇတ်ဆိပ်ကိုေ၇ာက်မယ်။ ညာဖက်ကို ချိုးလိုက်ရင်တော့ သံလွင်တံတားကို သွားတဲ့ ဖက်။ ခုနောက်ပိုင်းကားတွေ တော်တော်များများက ညာဖက်ပဲ ချိုးသွားကြတယ်။ လမ်းဆုံကိုရောက်ပြီးဆိုရင်တော့ ကျွန်တော်တို့ အိမ်ကိုရောက်ဖို့ သိပ်မလိုတော့ဘူး။ အရင်တုန်းက ဆိုရင်တော့ အိမ်ကိုဝင်တဲ့ လမ်းထိပ်ရောက်မှ ကားကို ရပ်ခိုင်းလိုက်တယ်။ ခုနောက်ပိုင်း အိမ်ပြန်ရင် လမ်းဆုံမှာပဲ ဆင်းလိုက်တယ်။ လမ်းဆုံကနေ အိမ်အထိ လျှောက်လမ်းမှ ဂျပန်ပိတောက်ပင်တွေရဲ့ ရနံ့ကို ကျွန်တော် နှစ်သက်မိနေပြန်ပါတယ်။

ကျွန်တော်တို့အိမ်က ကရင်ရွာထဲမှာရှိတယ်။ ဘေးပတ်ဝန်းကျင်မှာလည်း ကရင်အိမ်တွေကြီးပဲ။ ကျွန်တော်တို့အိမ်က အဲရွာရဲ့ ပထမမြန်မာအိမ်လို့ ပြောလို့ရတယ်။ ကရင်ရွာထဲကို မြန်မာအိမ်ရောက်လာတဲ့ အတွက် သူတို့ မနှစ်သက်ကြဘူးဆိုပင်မဲ့ ဘာမှ တော့မပြောကြပါဘူး။ ဗုဒ္ဓဘာသာ ကရင်ရွာဆိုတော့ ဘုရားတရားလည်း အရမ်းရိုသေ ကိုင်းရှိုင်းကြတယ်။ တရွာလုံးလူကြီးတွေများတယ်။ လူငယ်တွေမရှိဘူးဆိုတာတော့ မဟုတ်ဘူး။ ရှိတယ်။ ၁၀တန်းအောက် ကလေးတွေတော့ရှိတယ်။ ၁၀တန်းရောက်ပြီးဆိုရင်တော့ ကောင်လေးကော၊ ကောင်မလေးကော တောင်ပေါ်တက်ကြတာ များတယ်။ ကျွန်တော်တို့အခေါ် တောင်ပေါ်ဆိုတာ ရှမ်းပြည်ကိုပြောတာ။ ရှမ်းပြည်ဆိုတာကလည်း မြန်မာပြည်မြေပုံထဲက ရှမ်းပြည်နယ် မဟုတ်ပြန်ပါဘူး။ ဘန်ကောက်ကို ကျွန်တော်ဖက်က တောင်ပေါ်လို့ခေါ်ကြတယ်။ တောင်ပေါ်ဆိုရင် လူတိုင်းသိပြီ။ ဘန်ကောက်သွားပြီး အလုပ်သွားလုပ်ကြတာမျိုးကို ပြောတာပါ။

ရွာထဲမှာ ဗုဒ္ဓဘာသာအိမ်တွေများတယ်ဆိုပင်မဲ့ ခရစ်ယာန်အိမ်တွေလဲ ရှိပါတယ်။ အများကြီးလာဆိုတော့ အများကြီးမဟုတ်ပါဘူး။ သေသေချာချာ လက်ချိုးရည်တွက်မယ်ဆိုရင် ၁၀အိမ်တောင် မပြည့်ပါဘူး။ ကျွန်တော်တို့ရွာထဲ စနေစတုန်းက ဘုရားရှိခိုးကျောင်းမရှိဘူး။ ဒါပင်မဲ့ ဆန်ဒေးတိုင်း ဘုရားရှိခိုးကြတယ်။ သုံးလေးနှစ်လောက်ရောက်တော့ ဘုရားကျောင်းမြေနေရာကိုသတ်မှတ်လိုက်ကြတယ်။ သိပ်အကြီးကြီးတော့ မဟုတ်ဘူး။ ၁၀နှစ်လောက်ကြာတော့ ဘုရားကျောင်းမှာ ခေါင်းလောင်းလေးတောင် တပ်ထားကြပြီးပြီ။ ဒါပင်မဲ့ ခရစ်ယာန်အိမ်ခြေကို ရေကြည့်လိုက်မယ်ဆိုရင် လက် ၁၀ချောင်း ခုထိမပြည့်သေးပါဘူး။ ဒါလည်း ကျွန်တော်တို့ ရွာလေးရဲ့ ထူးခြားချက်ပါပဲ။

ကရင်ရိုးရာအိမ်တွေက များသောအားဖြင့် ခြေတန်ရှည် အိမ်တွေများတယ်။ အုတ်ဖိနပ်ခံပြီး အိမ်တစ်အိမ်လုံးကို သစ်တွေနဲ့ပဲ ဆောက်လေ့ရှိကြတယ်။ ကျွန်တော်တို့ ရွာထဲမှာလည်း အဲလိုအိမ်တွေကြီးပဲ။ ပိုက်ဆံဘယ်လောက် ရှိရှိ အိမ်ကြီးကြီးတော့ ဆောက်ကြပါတယ်။ ခြေတန်ရှည်အိမ်တွေပဲ ဆောက်ကြတာ များတယ်။ အဲဒီကြားထဲမှ ကျွန်တော်တို့ အိမ်ကို အမေက အုတ်နဲ့ဆောက်လိုက်တယ်။ ရွာထဲက ဘယ်မှာနေလဲလို့ မေးရင် တိုက်အိမ်မှာ နေတယ်လို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့ အိမ်ဆိုတာ သိပြီးသာပါ။ အခုနောက်ပိုင်းတော့ အိမ်တိုင်းလိုလို အုတ်နဲ့ ဆောက်လာကြပါပြီ။  တိုက်အိမ်ကလို့ ပြောရင် ဘယ်တိုက်အိမ်ကလည်းလို့ ပြန်မေးခံရမဲ့ အဖြစ်ပါ။

အိမ်တိုင်းက ခြေတန်ရှည် ဘာကြောင့် ဆောက်ကြတာလဲ ဆိုတာ ကျွန်တော် သေသေချာချာမသိခဲ့ပါဘူး။ အိမ်တိုင်းလိုလိုက ခြေတန်ရှည်ဖြစ်နေတာကြောင့် ရိုးရာတစ်မျိုး ဖြစ်နိုင်သလို၊ အကြောင်းတစ်ခုခုရှိလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။ ကျွန်တော်တို့ ရွာက သံလွင်မြစ်နဲ့ ကပ်လျက်။ ကျွန်တော်တို့ အိမ်ကတော့ သံလွင်တံတား မဆောက်ခင်ကတော့ ရွာစွန်းမှာပေါ့။ သံလွင်မြစ်နဲ့ တော်တော်လေး လှမ်းတယ်လို့ ပြောလို့ရတယ်။ သံလွင်တံတားဆောက်လိုက်တော့ တံတားသွားတဲ့လမ်းကို  ရွာနောက်ဖက်အခြမ်း ကျွန်တော်တို့ အိမ်ဖက်မှာ လမ်းလာဖောက်လိုက်တော့ ရွာစွန်းဖြစ်နေတဲ့ ကျွန်တော်တို့အိမ်ဖက်ခြမ်းက ခုနောက်ပိုင်းတော့ ရွာမျက်နှာစာ ပြန်ဖြစ်သွားခဲ့ရတယ်။ ကျွန်တော်တို့ စပြောင်းလာပြီး ဒုတိယနှစ်မှာ ခြေတန်ရှည်အိမ်တွေ ဘာကြောင့်ဆောက်ရသလဲ ဆိုတဲ့ အဖြေကို ကျွန်တော် ကောင်းကောင်းသိလိုက်ရပြီ။

ခုချိန် ခုလိုရာသီပေါ့....။ မြန်မာပြည်မှာ ရေတွေကြီးတဲ့ အချိန်လေ။ ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင်ဆိုတာ သည်အချိန်ကို ပြောတာနေမှာ။ မိုးကကောင်း၊ သံလွင်မြစ်ရေက တက်ဆိုတော့ အိမ်ပေါ်ကနေ ကြည့်နေရင်း ကြည့်နေရင်းနဲ့ တစ်ရိပ်ရိပ်တက်လာတဲ့ ရေတွေ။ တော်သေးတယ်။ အမေက အုတ်ဖိနပ်ကို တော်တော်လေး မြင့်ထားလို့။ မဟုတ်ရင်... ရေတွေ အိမ်ထဲထိ ရောက်သွားနိုင်တယ်။ ရေတွေ တက်လာလိုက်ကြတာများဗျာ.... ဘယ်နှနာရီမှ မကြာဘူး။ လှေခါးထစ် ၂ထစ် မြုတ်သွားခဲ့ပြီ။ သည်အတိုင်းသာ ဆက်တက်နေမယ်ဆိုရင် အိမ်ပေါ်မှာ ရှိတဲ့ ပစ္စည်းတွေ အကုန် အမြင့်ပေါ် တင်ထားမှ ရတော့မယ်။ အမေနဲ့ ကျနော် ပစ္စည်းတွေ တင်ဖို့ လုပ်နေတုန်း မိုးနည်းနည်းစဲသွားခဲ့တယ်။  ကျွန်တော်တို့ သားအမိ နှစ်ယောက် ခုနက မီးသွေးခဲနဲ့ မှတ်ထားတဲ့ ရေမှတ်ကို သွားကြည့်လိုက်တော့ ရေတန့်နေတာကို သတိထားလိုက်မိတယ်။

ဒီလိုနဲ့ သားအမိနှစ်ယောက် အိမ်ပေါ်မှာပဲနေနေရတော့တယ်။ အပြင်ထွက်မယ်ဆို လှေကို လှမ်းခေါ်ပြီး လှေနဲ့ ဈေးသွားဝယ်ရတယ်။ လှေနဲ့ ကျောင်းသွားတက်ရတယ်။ မနေ့ညက အမေဆီကို ဖုန်းဆက်တော့ အမေက ကျွန်တော်ကို ပြောတယ်။

...... အမေ သားကို သတိရလိုက်တာ သားရယ်...တဲ့။ ဒီမှာ မိုးတွေအရမ်းရွာနေတယ်... တဲ့။ ရေတွေလည်း ကြီးနေပြီ....တဲ့။ ငါ့သားသာ ရှိရင် အိမ်ရှေ့က ရေထဲကို ဆင်းဆော့နေမှာ သေချာတယ်... တဲ့။

ဟုတ်မှာ...။ ကျွန်တော်ရေကြိုက်တာ အမေသိတယ်။ အမေနဲ့ ဖုန်းပြောနေရင်းနဲ့ ကျွန်တော် ကျွန်တော့်အိမ်လေးကို သတိရလိုက်တာဗျာ.....။

လေးစားစွာဖြင့်
ရီနိုမာန် 

August 12, 2012

မြနန်းစံကျော် ရွှေနန်းတော်ကြီး

တောင်ကြီး၊ ကလော၊ ပြင်ဦးလွင် နှင့် မန္တလေး ခရီးစဉ်အတွင်း သည်မြနန်းစံကျော် ရွှေနန်းတော်ကြီးကတော့ မြန်မာပြည်အလယ်ပိုင်း အတွက် နောက်ဆုံးနေရာပဲ ဖြစ်ပါတယ်။ သည်နေရာကို ငယ်ငယ်တုန်းက အမေတို့နဲ့ တစ်ခါ၊ ဆယ်တန်းအောင်ပြီး အလုပ်လုပ်တဲ့ အချိန်တုန်းက ရုံးကအဖွဲ့တွေနဲ့ တစ်ခါ၊ ခုသူငယ်ချင်းနဲ့ တစ်ခါထပ်ရောက်လာခဲ့ပြန်ပါတယ်။ နောက်ထပ် အကြိမ်ပေါင်း များစွာ ထပ်ရောက်အုံးမလဲ ကျွန်တော်မပြောတက်သေးပါဘူး။











လေးစားစွာဖြင့်
ရီနိုမာန်

August 3, 2012

သို့........

တိမ်တွေကို ကျွန်တော် စီးသွားခဲ့တယ်။
အရှေ့မှာ မြင်နေရတဲ့ အပြာရောင် ကောင်ကင်းကြီးဆီကို။
ရုတ်တရက် ကျွန်တော့်ရှေ့မှာ ပေါ်လာတာက တံခါးကြီး နှစ်ချပ်။
လူပုံသ ဏ္ဌာန် အရိပ်နှစ်ခုက ကျွန်တော့်ကို ဆီကြိုနေကြပြန်တယ်။
တိမ်တွေကို ခဏရပ်ပြီး တစ်အောင့်လောက် ငေးကြည့်မိသည်။

စိတ်.... စိတ်တွေများ ပျံဝဲနေလိုက်ကြတာ.........။
မီးရောင်လည်း မဟုတ်၊ လရောင်လည်း မဟုတ်၊ ကြယ်တွေရဲ့ အရောင်လည်း မဖြစ်နိုင်၊
အဖြူရောင်လို့ ထင်ရပင်မဲ့ တစ်ကယ်တန်းကျတော့ မသေချာဘူး။
အရှေ့နဲ့ အနောက်၊ တောင်နဲ့မြောက် ရွှေ့လျားနေတဲ့ သည်စိတ်။

အမှောင်ထဲမှာ ခဏလောက် ရပ်နေလိုက်မိတယ်။
ရှေ့ဆက်သွားဖို့ လမ်းကို ရှာကြည့်လိုက်တော့....။
လမ်းဆုံးရဲ့ ညဖက်ထောင့်နားလေးမှာ မြှားတစ်ခုနဲ့ စာလေးတစ်ကြောင်း။

သေမင်းနိဗ္ဗာန်ဆီသို့...........။


လေးစားစွာဖြင့်
ရီနိုမာန်