ညောင်ရွှေမြို့ကနေ အင်းလေး စက်လှေဂိတ်ကိုရောက်တော့ နေ့လည်၁၂ခွဲလောက် ရှိနေပါပြီ။ နေ့လည်စာကို အပြန်ကြမှ စားကြမယ်ဆိုပြီး သူငယ်ချင်းနှစ်ယောက် စက်လှေအသွား၊ အပြန် ၂သောင်းခွဲနဲ့ ငှားလိုက်ကြတယ်။ စက်လှေမောင်းတဲ့ ညီလေးနှစ်ယောက်ကလည်း မြန်မာလို ကောင်းကောင်း မပြောတက်ကြဘူး။ ကျနော်နဲ့ ပါလာတဲ့ သူငယ်ချင်းကလည်း မြိတ်သားဆိုတော့ စကားက မပီဘူး။ စက်လှေပေါ်မှာ သူပြောတာ ငါနားမလည်၊ ငါမေးတာ သူနားမလည် နဲ့ပေါ့။ စက်လှေစီးရတာတော့ တော်တော်လေးကြာအောင် စီးရပါတယ်။ တစ်နေရာ နဲ့ တစ်နေရာကို ရောက်ဖို့ တော်တော်လေး ကြာမြင့်တယ်လို့ ယူဆရပင်မဲ့ ရောက်တဲ့နေရာမှာတော့ အေးအေးဆေးဆေး လည်ပတ်လို့ ရခဲ့ပါတယ်။ ကျွန်တော်တို့ ပထမဆုံး ဖောင်းတော်ဦး တည်ရှိတဲ့ ရေလယ်ဘုရားကို အရင်ဆုံး သွားခဲ့ကြတယ်။
စက်လှေပေါ်က တက်လိုက်တယ်ဆိုရင်ပဲ ဈေးရောင်းတဲ့ကလေးတွေ ဝိုင်းလို့လာပါတယ်။ ဘုရားပန်းရောင်းတဲ့ ကလေးလေးတွေပါ။ ဘုရားပန်း မဝယ်လိုက်ပင်မဲ့ ကျနော့်နားမှာ ပေကပ်ပြီး ရောင်းနေတဲ့ ကလေးကိုတော့ မုန့်ဖိုးပေးလိုက်ပြီး နှုတ်က မှာလည်း မှာလိုက်ရပါသေးတယ်။ ဘယ်သူမှ မပြောနဲ့နော်လို့လေ။ ကလေးကတော့ မပြောဘူးနဲ့တူပါတယ်။ ကျနော်နားမှာ ဘယ်သူမှ ထပ်မလာတော့ဘူး။ ကျနော့်သူငယ်ချင်းကတော့ အပြန်ကြရင် ဝယ်မယ်လို့ ပြောလိုက်တော့ ကလေးတွေ ရှဲသွားကြပါတယ်။ ဒီလိုနဲ့ ကျနော်တို့ ဘုရားပေါ်တက် ဘုရားဖူး ၊ ရွှေသင်္ဃန်းကပ် အလှူငွေလှူပြီးတော့ ပြန်ဆင်းခဲ့ကြပါတယ်။
ဘုရားပေါ်က ဆင်းတော့ ကျနော်တို့ တော်တော် လေး ဗိုက်ဆာလို့နေပါပြီ။ ကားဆရာဦးလေးကလည်း ကမ်းပေါ်ရောက်မှ စားကြမယ်လို့ ပြောထားပင်မဲ့ ကျနော်တို့ နှစ်ယောက် ဘယ်လိုမှ မခံစားနိုင်တော့ပါဘူး။ ဒါကြောင့်ပဲ စက်လှေမောင်းတဲ့ ညီလေးကို ဘယ်မှာ ရှမ်းစာ စားလို့ကောင်းတဲ့ ဆိုင်ကို ပို့ခိုင်းလိုက်ရပါတော့တယ်။
ငါးထမင်းနယ်
ရှမ်းထမင်းသုပ် လို့ ထင်တာပဲ။ ( မမှတ်မိတော့ဘူး ဟိဟိ)
ငါးဒုက္ခ နဲ့ စွန်တန်ဟင်းချို
စားလို့ကောင်းမယ်လို့ ထင်ထားတာ ထင်သလောက် မကောင်းပါဘူး။ ဗိုက်ပြည့်ရုံသာ စားလိုက်ပြီး နောက်တစ်နေရာကို ထွက်လာခဲ့ပါတယ်။ ယက်ကန်းရုံတွေ သွားကြည့်အုံးမလားလို့ မေးပင်မဲ့ အချိန်နောက်ကျမှာ ဆိုတာကြောင့် ယက်ကန်းရုံတွေကို သွားမကြည့်ဖြစ်လိုက်တော့ပါဘူး။
စက်လှေနဲ့
သွားရင်းလာရင်း ရိုက်မိတဲ့ ဓါတ်ပုံလေးတွေပါ။ ခြေထောက်နဲ့ လှေလှော်တဲ့
အင်းသားတွေရဲ့ ပုံကိုတော့ ကောင်းကောင်းရိုက်မရလို့ ရတဲ့အနောက်ကလှမ်းပြီ
ရိုက်လိုက်တာပါ။
ဒီပုံကတော့ အမှတ်တရ မှတ်တိုင်လေးလို့ သိရပါတယ်။ ဖောင်းတော်ဦးဘုရားငါးဆူ အပူဇော်ခံထွက်တုန်း ဘုရားငါးဆူ ရေထဲကျသွားတယ်ဆိုတာ ကြားဖူးကြမယ်ထင်ပါတယ်။ အဲဒီနေရာ ကို ယခုလို အမှတ်အသားလေး လုပ်ထားပါတယ်။
ရေပေါ်မူလတန်းကျောင်းလေးပါ
အဝေးက ရိုက်မိတဲ့ ဇင်ယော်များရဲ့ ပုံ
အဲဒီကနေမှ တဆင့် အလိုတော်ပေါက်ဘုရားကို ဆက်သွားခဲ့ပြန်ပါတယ်။ အလိုတော်ပေါက်ဘုရားကိုရောက်တဲ့ အချိန်မှာတော့ ခုနကလိုပါပဲ။ ကလေးတွေ ဝိုင်းအုံလို့ လာပြန်ပါတယ်။ ဒီတစ်ခေါက် ကျနော် ဖြေရှင်းနည်းက အရင်တိုင်းပဲ ဆိုပင်မဲ့ မအောင်မြင်ခဲ့ပါဘူး။ ကျနော်ပေးလိုက်တဲ့ ကလေးက ဆွေမျိုးသိတယ်လို့ ပြောရမလိုပါပဲ။ သိပ်မကြာခင်မှာပဲ ကျနော်အနားကို ကလေးတွေ အများကြီးရောက်လာပါတော့တယ်။ ဒီတစ်ခေါက်တော့ ဈေးရောင်းကြတာ မဟုတ်တော့ပါဘူး။ သမီးတို့ကိုလည်း မုန့်ဖိုးလေး၊ သားတို့ကိုလည်း မုန့်ဖိုးလေး ပေးပါ လို့ဖြစ်ကုန်ပါတယ်။ ကျနော်လည်း ၁၀ယောက်ကျော်လောက် ရှိတဲ့ ကလေးတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိယုံကလွဲလို့ ဘာမှ မတက်နိုင်ခဲ့ပါဘူး။
အဝေးက မြင်ရတဲ့ အလိုတော်ပေါက်ဘုရား
ဘုရားအတွင်းမှာ ရှိနေတဲ့ ပုံတော်များ
အတွင်းပိုင်းမှာ ရှိတဲ့ ဘုရားပုံ
အလိုတော်ပေါက်ဘုရားမှ တဆင့် ကျနော်တို့ ကျောင်းကုန်းကျောင်းနဲ့ ရေလယ်တည်ခိုခန်းကို ဆက်သွားခဲ့ပါတယ်။ပုံလေးတွေ တော်တော်များသွားပြီး ဖြစ်တာကြောင့် ကျောင်းခုန်ကျောင်းနှင့် ရေလယ် တည်ခိုခန်းမှာ ရိုက်ခဲ့တဲ့ ပုံတွေကို နောက်မှ ဖော်ပြပေးပါတော့မယ်။
လေးစားစွာဖြင့်
ရီနိုမာန်
မှတ်ချက် ။ ။ ခရီးသွားမှတ်တမ်း နာမည်ဖြင့်တင်သော ပိုစ့်များတွင်ပါသော ပုံများသည် ကျနော်ကိုယ်တိုင် ရိုက်ကူးထားခြင်း ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
2 comments:
အင်းလေးကို အလွမ်းပြေလေး တစ်ကြိမ်လောက်
ပြန်ရောက်ခွင့်ရလို့ ကျေးဇူးပါ ရီနိုမာန်ရေ။
ရှုခင်းတွေကြည့်ပြီး ဘုရားတွေတစ်ဝကြီး
ဖူးသွားတယ်။ တစ်ဆက်တည်းလည်း
တောင်ကြီးမြို့အကြောင်းဖတ်သွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အလိုတော်ပေါက်ကိုတောင် မရောက်ခဲ့ရဘူး
ခု တင်ထားတဲ့ပိုစ့်ကိုဖတ်မှ သိတော့တယ်
စက်လှေဆရာက အဲဒီကိုလည်း မပို့ပေးဘူးဘဲ
မကျေနပ်ဘူး နောက်တစ်ခေါက် ထပ်သွားဦးမယ်။။။
Post a Comment