October 25, 2009

မအိမ်ကံ ( For Oct အပိုင်း - ၅ )

မအိမ်ကံ အံတစ်ချက် တင်းတင်းကြိတ်ရင်း ထင်းပုံပေါ်က ဆင်းလာခဲ့၏။ သည်ကိစ္စမှာ မအိမ်ကံ တရားခံကို ဖော်နိုင်ခဲ့ပြီ။ တစ်ရွာလုံး မစဉ်းစားခဲ့သည့် ကိစ္စ။ တစ်ရွာလုံး မပြောပါနှင့် ကိုပြေသိမ်းပင် တရားခံ မရှာနိုင်ခဲ့သည့် ကိစ္စ။ လက်သည် ပေါ်တာတော့ ဟုတ်ပါပြီ။ ဘာဆက်လုပ်မလဲ။ ဘယ်သူ့ကို ပြောရမလဲ။ ရွာသူရွာသားတွေ အစည်းအဝေး ခေါ်ပြီး သည်ကိစ္စကို အူမ ချေးခါးဖွင့်ချရင်ကော။ မအိမ်ကံ ပြောပြလျှင်ကော ယုတ္တိယုတ္တာ ရှိပါ့မလား။ ညည်းကိုယ်တိုင် ဒိဋ္ဌမျက်မြင် ဟုတ်လို့လား မေးလျှင် ဘယ်လိုဖြေမလဲ။ ဘာနဲ့ သက်သေ ထူမလဲ။

မအိမ်ကံ အချိန် ယူရဦးမည်။ အကွက်တကျ စဉ်းစားရ ပါဦးမည်။ ကြီးတော်စံရွှေကို လက်ဆုပ်လက်ကိုင် ပြနိုင်ဖို့က အရေးကြီးသည်။ ကိုပြေသိမ်းကိုပင် မပြောသေးဘဲ ဥာဏ်မီ သလောက် ဝေဖန် စဉ်းစားချင်ပါသေး၏။ မအိမ်ကံ အဖို့ရာ သွားလည်း သည်စိတ်၊ စားလည်း သည်စိတ်။ ထိုင်တော့လည်း သည်စိတ်၊ ထတော့လည်း သည်စိတ်။ သည်ကိစ္စ သင်္ကာ မရှင်းရမချင်း မအိမ်ကံဘက်က ရှုံးနိမ့်နေသလိုလည်း ခံစားရသည်။ တစ်ရက်ရက်မှာတော့ အစ်ကိုလေး ကိုစံကောင်းကို ဖွင့်ပြောပြပြီး တိုင်ပင်မည်လို့သာ တေးထားခဲ့ပါ၏။ တရားခံ သိလျက် အဖမ်းခက်ရသည့် အဖြစ်ကလည်း မခံချင်စရာတော့ အကောင်းသား။ ဘာပဲဖြစ်ဖြစ် ရင်ထဲငြိနေသော စလုံး စခုတော့ ကျေခဲ့ပြီ။

နောက်ရက်တွေမှာလည်း မအိမ်ကံ တနုံ့နုံ့ဖြစ်နေရသည်။ စာမရီ ငှက်လို အမွေးတစ်တောင် အကျွတ်မခံခဲ့ သူက ဘာမှ မလုပ်နိုင်ဘဲ ငုတ်တုတ် လည်စင်းဖြစ်နေရတာကိုပဲ မကျေနိုင်မချမ်းနိုင် ဖြစ်နေခဲ့ရသည်။ သမုန်းကိုင်းကို လိုက်သွားကာ ရင်ဆိုင် ပစ်လိုက်ချင်စမ်းလှသည်။ ဘယ်သူမှ မပါကြေး ဓားရှည် တစ်လက်စီနှင့် ရင်ဆိုင်ပစ်ချင် စိတ်တွေသာ ရှိခဲ့သည်။ ကြီးတော် စံရွှေကတော့ “တို့သည်လို လုပ်လိုက်တော့ သင်း ဘာတတ်နိုင်သတုံး”လို့ ကွယ်ရာကများ ပြုံးနေ လေမလား။

“နှစ်ပေါင်းများစွာက ရှိခဲ့တဲ့ အငြိုးဟာ အိုကြီးအိုမ အရွယ်အထိ ကျေပဲ မကျေနိုင်ခဲ့ပါလား။ ကြောင်တစ်ကောင်ကြောင့် ကြွက်တစ်မြုံလုံး သေကြရပြီ”

လိပ်ခဲတည်းလည်း ဖြစ်နေခဲ့ရသော ကျောင်းမီးရှို့ ခံရသည့် ကိစ္စကို ဖြေဖြန့်ချဖို့ အကွက် ချောင်းနေခဲ့သော မအိမ်ကံ အဖို့ရာ ပို၍ပင်ေ၀၀ါးသွားခဲ့ရပါ၏။ ကြီးတော်စံရွှေ ဆုံးပြီ ဆိုသည့် သတင်းရောက်လာခြင်းကြောင့်ပင်။ မအိမ်ကံကို နောက်ဆုံး လက်စားချေသွားခဲ့ပါပကော။ သေခြင်းနှင့် အတူ အနိုင်ပိုင်း သွားခဲ့ပြန်ပါပကော။ သင်္ကာ ရှင်းချင်ရင် တမလွန်ကို လိုက်ခဲ့တော့ မအိမ်ကံရေလို့ မှာသွားခဲ့သည်နှင့်ပင် တူလေတော့သည်။ သည်ကိစ္စ ဘယ်သူ့ကိုမှ မပြောတော့ဘူးလို့ပဲ မအိမ်ကံ ဆုံးဖြတ်ခဲ့သည်။ ကျောင်းကို လောင်မြိုက်ခဲ့သော မီးထက် အဆများစွာ ပူပြင်းလှသော မအိမ်ကံ၏ အမုန်းအာဃာတ မီးတောက်မီးလျှံကြီးသည် သာအောင်နှင့် ရွှေမှုံတို့ အပေါ် မိုးကြိုး လောင်မီးကျသလို ကျခဲ့ခြင်းသာ အဖတ်တင် လေတော့သည်။
မအိမ်ကံ ဘာလုပ်ရမလဲ။ သည်လိုနှင့် နေ့ရက်တွေသာ ကုန်ခဲ့လေပြီ။

“ဘုရားငုတ်တို ရောင်ခြည်လွှတ်မှ___ပုံတော်ဝတ်ကြပါ စို့ မယ်ခွေးရယ်___အောက်ပြည်ကလှေတော်ထိုး ပိုးဝယ်ခဲ့ မယ်___အနားမှာတဲ့ စိမ်းနုခြယ် အလယ်ခေါင်သံရောင်ကွက် နှင့် ပုံတော်ဝင်လို့ ရက်တော့___လက်ခတ်သံကျွန်းဖိုသား___ သောင်းတိုင်ကကြား___”

အရီးကြာညွန့် အသံက လွမ်းချင်စဖွယ် ကောင်းလှသည်။ သင်္ကြန် အခါတော်ရက် တစ်ကျော့နီးပြန်ခဲ့ပြီ။ အညာနွေ အပူရှိန်က လျော့ကျမသွားသော်လည်း တစ်ခါတစ်ရံ မိုးရိပ်ကလေး ဆင်သည်မို့ တန်ခူးလေက လေအေးရပါ၏။ သည်ကနေ့က ဥပုသ်နေ့။ ရက်ကန်းသားတွေ နားသည့်ရက်ဖြစ်သည်။ မအိမ်ကံက တစ်ပတ် တစ်ရက် နားခိုင်းထားသည်။ ရက်ထည် အမှာအပြုများတော့လည်း မနားကြပါ။ သည်ရက်တွေထဲမှာတော့ နည်းနည်းလေး အနားရကြပါ၏။ မအိမ်ကံနှင့် အရီး ကြာညွန့်တို့ နှစ်ယောက်ကတော့ ရက်ကန်းစင်တွေ အားသခိုက် အဆင်နှင့် ရက်သားတွေ လိုက်ကြည့်ကြရသည်။ သည်ရက် တွေထဲမှာ မအိမ်ကံ စိတ်ကူးရထားတာ ရှိသည်။ မြို့က အပ်ချုပ်စက်တွေ မှာပြီး ချုပ်ထည်ကလေးတွေပါ ချုပ်နိုင်လျှင် ဈေးပန်းလှမည်ဟု ထင်သည်။ အမရပူရမှာ ရက်ကန်းကျောင်း ဖွင့်နေသည်ကြားတော့ ရက်ကန်း သမတချို့ကို လွှတ်ချင်သည်။

“အပ်ချုပ်စက်တွေက မြင်းခြံတော့ ရောက်မရောက် မပြောတတ်သေးဘူး အရီးရဲ့။ မန်းလေးမှာတော့ တော်တော် တွင်ကျယ်နေသတဲ့။ ကိုပြေသိမ်း ပြန်လာလို့ ပြောသယ်။ မအိမ်ကံတော့ ချည်ထည်ကလေးတွ ခေတ်မီမီချုပ်ပြီး မြင်းခြံ တင်ရောင်းချင်နေမိသယ်”

သည်ခေတ်မှာ လက်တို၊ လက်စက၊ လက်ပြတ် အင်္ကျီတွေ အတော်အ၀တ်များလာကြသည်။ ရင်ဖုံးရင်စေ့ကလေးတွေမှာ ပန်းထိုး၊ ဘော်ကြယ်ပွင့်ထိုးကလေးတွေ ထိုးကြသည်။ စမူဆာ ရင်ဖုံး၊ သုံးထောင့်ချွန်း ရင်ဖုံး၊ ရင်ဖုံး ဇောက်ထိုး၊ ပခုံးဆက်၊ လက်ဖျားကား၊ လည်ခံခွေ အင်္ကျီပုံကလေးတွေကို မအိမ်ကံ သဘောကျသည်။ ရင်ဆက်ကျောဆက် အင်္ကျီတွေ တစ်ခေတ် ကုန်ပြန်တော့ လည်ထောင်ကလေးတွေ အ၀တ်များ လာကြသည်။ အင်္ကျီ လက်ဖျားကားကလေးတွေက ခေတ်မရှိ တော့သော်လည်း လက်ဖျားနှင့် လည်ပင်းမှာ တက်တင်းဇာ ကလေးတွေ ပါးပါးထည့်ကြတာကိုတော့ နှစ်သက်ကြတာ တွေ့ရသည်။ အပ်ချုပ်စက် လေးလုံးလောက် ၀ယ်လျှင် အင်္ကျီ ဆိုက်အမျိုးမျိုး သူ့စက်နှင့်သူ ခွဲပေးလိုက်ရုံပင်။ ပိတ်ညှပ်တာ၊ ချုပ်တာကတော့ မန်းလေးမှာ သွားသင်မှ အဆင်ပြေမည်။ ရွာက မိန်းကလေးတွေ စက်ချုပ် တတ်သွားလျှင် အလုပ်အကိုင် မရှားနိုင်တော့။ မြို့ကြိုက်ထည်တွေ ချုပ်ပြီး မြင်းခြံဈေးမှာ တင်လျှင် လုပ်ငန်း ဖြစ်နိုင်သည်။ မအိမ်ကံကတော့ ကိုယ့် စီးပွားဖြစ်ရေးထက် ရွာမိန်းကလေးတွေ ထမင်းတစ်လုတ် ထင်းခုတ် မစားကြရလျှင်ပင် တော်လှပြီ အောက်မေ့သည်။

“ကောင်းသာပေါ့အေ။ ဟောသည် နားရွာတွေ ရောင်းသာနဲ့သင် ကုန်သယ်။ ဘယ်မှ တင်နေစရာ မလိုပေါင်အေ။ ရွာက မိန်းကလေးတွေက သွားသင်ချင်ပါ့မလား။ တစ်ချက် စဉ်းစားစရာ”

“မန္တလေးက စက်ချုပ် ဆရာမ ငှားရင်ကော အဆင်ပြေမလား မသိဘူးနော်။ စရိတ်တောင် ကျဉ်းလောက်သယ်”

“အဲသာတော့ ဖြစ်လောက်သယ်။ တို့ရွာက ကလေးတွေက ညည်းသိတဲ့ အတိုင်း သွားဝံ့ကြမယ် မထင်ဘူး”

အရီးကြာညွန့်က ခတ်လက်စ ရက်ကန်းကို ဆက်ခတ်သည်။ တစ်ထည်လုံး စင်ပြီးအောင် ခတ်ခြင်း မဟုတ်ပါ။ တစ်တောင်၊ တစ်တောင့် တစ်မိုက် အဆင်ပေါ်ရုံ ခတ်ကြည့်နေခြင်း ဖြစ်၏။ ကိုပြေသိမ်းက မန္တလေးက နောက်ပိုင်း ၀ယ်လာသည့် ချည်ဆိုးဆေးတွေက အရောင်လွင်သည်။ စွဲလည်း စွဲသည်။ အရောင်က လှပြီးသားဆိုတော့ စိတ်ကူးကလေးနှင့် ဖက်လိုက်လျှင် ရှုချင် စဖွယ်ဖြစ်ရပါ၏။ အရီးကြာညွန့် ရက်နေသည့် စင်နံဘေး မအိမ်ကံ ရပ်ပြီး အဆင်ကို ကြည့်သည်။ ပြေပြေကလေးနှင့် အလှသား။ အစိမ်းနု၊ အဖြူနုကလေးချည်း ဆိုတော့ အရောင် ဖျော့ချင်သည်။ သည်အထဲမှာ လိမ္မော် ဖောက်လိုက်တော့ အနုကလည်း လိုက်ရင့်သည်။ အရင့်ကလည်း ပြေသွားသည်။ အရီးနှင့် မအိမ်ကံ စိတ်ကူးသမျှ လူကြိုက် များကြပါ၏။ အထူးသဖြင့် ဥာဏ်ကောင်းလှသော၊ မျက်စိ ရေးတတ်သော မအိမ်ကံ စိတ်ကူးနှင့် အကွက် ဖော်သမျှ အဆင် အသွေးကျ လှသည်မို့ မြင်းခြံနယ် တစ်ကြော မအိမ်ကံထည်တွေ နာမည်ကြီးလှပါ၏။ အခုလည်း စက်ချုပ် ဆရာမ ခေါ်ကာ အထည်ချုပ် လုပ်ငန်းပါ ပူးတွဲ လုပ်ဖို့ စိတ်ကူးလာပြန်ပြီ။

အရီးကြာညွန့်က ရက်ကန်းတန်းက ဆင်းလာခဲ့ကာ ဆေးပေါ့လိပ်ကို မီးညှိသည်။ မီးခိုးငွေ့တွေက အူအူထနေသည်။ ထရံကြားက ၀င်လာသော ကျနေ အလင်းတန်းတွေက မြားတွေလို ၀င်ရောက်နေကြသဖြင့် မီးခိုးငွေ့တွေ တလိပ်လိပ် လူးလွန့်နေတာကို မအိမ်ကံ မြင်နေရသည်။ အရီးကြာညွန့်က သောက်လက်စ ဆေးပေါ့လိပ်ကို စဥ့်ခွက်ထဲ အသာချသည်။

“ရှင်အိမ်ကံ၊ အရီး စကားတစ်ခွန်းကြားခဲ့သာ ရှိသယ်။ ဟုတ်မဟုတ်တော့ မပြောတတ်ပေါင်အေ။ ကြားသာရှိပါသေးသယ်”

“ဘာတဲ့လဲ အရီး။ ဘာကြားလို့လဲ”

“သာအောင်နဲ့ ရွှေမှုံတို့က မီးလောင်သွားသဲ့ ကျောင်းကြီး ပြန်ဆောက်လှူချင်ကြသယ်တဲ့။ သာအောင်က မအေကြီး ဆုံးသာ တစ်လပြည့်ဆွမ်းကျွေးတော့ ပြောနေသာ ကြားသာ။ မအေ့ ကုသိုလ်ပါချင်ဟန် တူပါရဲ့။ မအိမ်ကံတို့ကို လာပြောမယ် ပြောသာပဲ”

“ရှင်”

မအိမ်ကံ ဘယ်လိုမှ ထင်မထားသည့် စကား။ သာအောင် နှင့် ရွှေမှုံတို့က ကျောင်းကြီး ပြန်ဆောက် လှူချင်ကြလို့တဲ့လား။ မီးရှို့တုန်းကလည်း သူတို့၊ ပြန်ဆောက်ချင်တော့လည်း သူတို့လား။ ပြုစားတော့လည်း စုန်းမ၊ ဆေးကုတော့လည်း စုန်းမလား။ ဘယ်ရပါ့မလဲ ရွှေမှုံရယ်။ မအိမ်ကံကျောင်းကို ရွှေမှုံ ကျောင်းလုပ်ချင်လို့ အလကား ရပါ့မလား။ ဘယ်လို စိတ်ကူးများပါလိမ့်။ ကြံကြီး စည်ရာတော်။ မအေ့လက်ချက် ဆိုတာ သာအောင် သိထားလို့သာ ကျောင်းကို အလှူပြပြီး အကုသိုလ်ကို အဖတ်ဆယ်တာ သေချာပြီပေါ့။ မအိမ်ကံ ဘယ်လို ပြောရပါ့။ သည်ကိစ္စက မအိမ်ကံ တစ်ယောက်တည်းသာ သိထားသည့် ကိစ္စ။ သာအောင်နှင့် ရွှေမှုံသည် စကားပြောလာတော့ မအိမ်ကံ ပို၍ပင် နှလုံး နောက်ရသည်။ တခြားရွာတွေက ဖဲ့လှူပါရစေဆိုတာတောင် လက်မခံခဲ့ဘဲနဲ့ သင်းတို့ကျမှ လှူကြရော့ ဖြစ်ကြေးလား။
“အရီး၊ စောစောကဆိုသဲ့ သီချင်းလိုပါပဲ။ ဘုရားငုတ်တို ရောင်ခြည်လွှတ်သာတောင် ပုံတော်မ၀တ်စေရဘူးမှတ်၊ အရီးရယ်။ ကျုပ်ဖြင့် ကြားရသာတောင် နှလုံးနာလိုက်တာ တော်”

အရီးကြာညွန့်က မအိမ်ကံကို တွေတွေကြီး ကြည့်နေသည်။ သာအောင်တို့က ကျောင်းကြီး ဆောက်လှူချင်တာနှင့်ပင် နှလုံးနာလိုက်တာဆိုရအောင် ဘာဖြစ်လို့ပါလိမ့်လို့ တွေးနေပုံလည်း ရပါ၏။ ဆေးလိပ်တိုကို ကောက်ကိုင်ပြန်သည်။ မီးညှိသည်။

“မအိမ်ကံရယ်၊ ညည်းလှူခဲ့သဲ့ ကျောင်း မီးလောင်သာ ညည်းပြန်ဆောက်ချင်မှာပေါ့။ နို့ပေသိ ခမျာများလည်း မအေကို ရည်စူးပြီး လှူချင်ရှာ ထင်ပါရဲ့အေ။ ဒါကလည်း ကြားသာ ရှိသေးတာပါအေ”

မအိမ်ကံက သူ့ခံစားမှုကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။ ဆူတက်လာသော ဒေါသက မီးခိုးတွေလို မျက်နှာပေါ်က ချက်ချင်း လွင့်သွားပုံတော့ မရ။ မအိမ်ကံ ခေါင်းထဲ ထည့်တွက် မထားသော အရာဆိုတော့ အံ့သြရတာလည်း အမှန်ပင်။ ကျောင်းက အမှုအခင်းဖြစ်ထားတာမျိုး မဟုတ်ပေသိ မီးလောင်ခံရတာဆိုတော့ အစိုးရပိုင်းက စစ်လား၊ ဆေးလားတော့ လုပ်ချင်လုပ်လိမ့်မည်။ ကိုပြေသိမ်း မြင်းခြံသွားသည်ပင် တစ်ပတ်ကျော်ခဲ့ပြီ။

“အရီး ပြောသာလည်း မအိမ်ကံ သဘောပေါက်ပါသယ်။ မအိမ်ကံတို့ကိုတော့ ခွင့်တောင်းရဦးမှာပေါ့။ အကျိုး အကြောင်း ပြောကြပါဦးမှပေါ့။ မအိမ်ကံကျောင်း မအိမ်ကံ မဆောက်နိုင်ရင်လည်း တစ်မျိုးပေါ့။ ခုဟာက”

“သူတို့ကလည်း မအိမ်ကံကို တောင်းပန်ကြမယ် ပြောပါသယ်။ ရွှေမှုံက အရုပ်ပါအေ။ အရီးသိသလောက် တော့..”

“တော်ပါတော့ အရီးရယ်။ မအိမ်ကံ စိတ်ရှုပ်လွန်းလို့ပါ”

နောက်တစ်နေ့ ညနေပိုင်းမှာ ကိုပြေသိမ်း ပြန်ရောက်လာခဲ့သည်။ ကျောင်းကိစ္စ ဘယ်လို ပြီးပြတ်ခဲ့သလဲ မေးချင်လှသော်လည်း ချက်ချင်း မမေးဖြစ်။ ညဘက်ရောက်တော့ မိသားစု ထမင်းဝိုင်းမှာ ကိုပြေသိမ်းက လိုသလောက်တော့ ပြောပြသည်။ ကျောင်းကို ယာယီ ဖွင့်ထားနိုင်မည့် အဆောက် အအုံရှိလျှင် ဖွင့်ထားရန်နှင့် ရွာက ဆောက်နိုင်လျှင် အထက်ကို တင်ပြရမှာဖြစ်ကြောင်း ပြောပြသည်။ ကိုပြေသိမ်းက ဆရာတော်ကြီး မရှိသည့်နောက် ခန်းနေဆရာတော် ဦးခေမိန္ဒက ကျောင်းထိုင်ဖြစ်လာရာ ဦးခေမိန္ဒကို လျှောက်ပြီး ဘုန်းကြီး ကျောင်းမှာ ခေတ္တ ဖွင့်ထားချင်ကြောင်း ပြောနေသည်။

“အမေကတော့ ကျောင်းကို ပြန်ဆောက်လှူချင်သယ်။ ရွာကိုလည်း ကတိပေးခဲ့ပါရဲ့။ ရွာက တောင်းပန်ကြသယ်။ အများ ကုသိုလ်ဖြစ်အောင် တစ်ဖဲ့တစ်မ ပါခွင့်ပြုစေချင်သယ်သဲ့။ ငါ့သားများ၊ သမီးများ သဘောပါပဲ။ အမေကတော့ ဘယ်သူကပဲ ပြုပြု ကုသိုလ် အမှုဆိုသာ ကောင်းလှချည့် မဟုတ်လား”

မအိမ်ကံကတော့ စကားတစ်ခွန်းမှ မပြောဘဲ ပြောနေကြသမျှ နားထောင်နေတာပဲရှိ၏။ မနေ့တုန်းက အရီးကြာညွန့် ပြောခဲ့တဲ့ စကားမျိုးကို အမေပန်းရုံ ပြောချင်တာလား။ တကယ်ပဲ ရွာကအများက တစ်မူး တစ်မတ် ခွဲဝေ ပါချင်ကြတာလားတော့ မသေချာ။ မလှအုံက စကားတစ်ခွန်း ၀င်ပြောသည်။ သည်တစ်ခါဆောက်လို့ မီးရှို့ကြပြန်ရင်ကောတဲ့။ ဒါလည်း စဉ်းစားစရာပင်။ မအိမ်ကံက လွဲ၍ လက်သည် အစစ်ကို ရွာက သိကြတာ မဟုတ်။ သူပုန်သူကန်က လုပ်သလိုလို၊ ကိုပြေသိမ်းကို မုန်းလို့ လုပ်ကြသလိုလိုလောက်သာ ထင်ကြေးပေးနိုင်ကြတာပဲ ရှိပါ၏။ ကိုပြေသိမ်းကတော့ ကျောင်းကို ဘယ်သူကပဲ ဆောက်ဆောက်၊ ကျောင်းဖြစ်မြောက် လာဖို့သာ အရေးကြီးသည်ဟု ခံယူထားပုံရသည်။

“ပြောသာ ပြောရတာပါ အမေရယ်။ ရွာထဲ မြင်းနှစ်ကောင် ၀င်တာနဲ့ သည်လူတွေ လုပ်သွားတယ်လို့ အပ်ကျ မပ်ကျ ပြောဖို့ကလည်း ခက်သားပဲ။ ဘယ်သူ့ ဘယ်သူငြိုးလို့ လုပ်ရအောင်ကလည်း ဘယ်သူ့ ဘယ်သူမှာမှ အငြိုးကြီး ငြိုးစရာလည်း မရှိဘဲဟာ။ ကျွန်တော်တော့...”

မအိမ်ကံက တစ်စုံတစ်ရာ ၀င်ပြောရန် ပိုင်းဖြတ်လိုက်ပြီ။ မိသားစုကြားမှာတော့ သည်စကားပြောမှ ဖြစ်တော့မည်။ သူတစ်ယောက်တည်း သိနေတာကလည်း အဓိပ္ပာယ် မရှိ။ ဒါပေသိ ပြောလို့လည်း ယုံကြပါ့မလား။ ကိုပြေသိမ်းကပင် ခပ်လျော့လျော့ ပြောနေပြီ မဟုတ်လား။ ဘယ်သူက ဘယ်သူ့ကို ဘယ်လောက် ငြိုးစရာရှိလို့လဲတဲ့။ ရှိပါ့တော်။ ရှိလိုက်တာမှ။ မအိမ်ကံ ပါးစပ်ဟခါနီးဆဲဆဲမှာပင် ခြံဝဆီက လူသံတွေ ကြားလိုက်ရသည်။

“ဆရာလေး၊ မအိမ်ကံ ကျုပ်တို့ပါ။ သာအောင်နဲ့ ရွှေမှုံ တို့ပါ။ ဆရာလေး ပြန်ရောက်ပြီဆိုလို့ ၀င်ခဲ့စမ်းပါရစီ”

မအိမ်ကံ၏ နှုတ်က ထွက်ကျခါနီး ဆဲဆဲ စကားလုံးတွေကို ချက်ချင်း မျိုချလိုက်ရပါ၏။ ရှားနှစ်မီးကျီးခဲတွေ လည်ချောင်းထဲ အခဲလိုက် စီးဆင်းသွားကြသလို ရှိခဲ့သည်။ သာအောင်နှင့် ရွှေမှုံ ဘာကိစ္စ လာကြတာလဲ။ အရီးကြာညွန့် ပြောခဲ့သည့် စကား မှန်ပါပကော။ မအိမ်ကံ ရင်ကလေးချီကာ မျက်နှာကို တင်းထားလိုက်သည်။ လာကြစမ်း ပလေ့စေ။ တစ်ချီတစ်မောင်း မအိမ်ကံအကြောင်း ကောင်းကောင်း သိ သွားစေရမည်။ မအိမ်ကံ တစ်ကိုယ်လုံးအပူဓာတ်ဖြင့် ရှိန် ရှိန်တောက်နေလေပြီ။

(ဆက်လက်ဖော်ပြပါမည်)
ခင်ခင်ထူး


လေးစားစွာဖြင့်
ရီနိုမာန်

3 comments:

စိမ်း... said...

အေးလေ သူတို့ပဲရှို့ပြီး သူတို့ပဲ ပြန်လှူမလို့တဲ့..

နှင်းနဲ့မာယာ said...

ဆရာမ ခင်ခင်ထူးရဲ့ စာတွေကို ကြိုက်တယ်..
ဒီဘလော့လေးမှာအခုလို ဖတ်ရတာ
ကိုရီနိုကို ကျေးဇူးတင်ပါတယ်...

နှင်း

ညီညီ said...

နောက်တစ်ပိုင်းစောင့်နေပါသည်.။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)