January 14, 2010

မအိမ်ကံ ( For Jan အပိုင်း - ၄)

“ကျုပ်တို့က တစ်နေရာတည်း ကြာကြာနေလို့ မကိုက်ဘူး ဗျ။ မြင်းခြံဘက်တော့ မလှည့်တော့ဘူး။ တောင်ရွာဘက် တစ်ည ခိုပြီး ပြန်မှာပါ။ နေဦးဗျာ။ ကျုပ်ကို ခရီးစရိတ်တော့ ပေးပါဦး။ အားတော့ နာပါရဲ့”
မအိမ်ကံက ကျေးဥကို လှမ်းခေါ်ကာ ငွေအစိတ် ပေးလိုက်စေသည်။ မအိမ်ကံ ၀င်းတံခါးကြီး လိုက်ဖွင့်ပေးတော့ စိုက်စိုက်ကိုင်းကိုင်း ပြန်ထွက်သွားလေ၏။

တပေါင်းလထဲမှာ အစ်ကို မောင်မြတ်သာနှင့် မမစိမ်းမြတို့ ဇောင်ချမ်းကုန်းရွာကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့ကြသည်။ အစ်ကို ကျောင်းသားဘ၀ မြို့က ပြန်လာတိုင်း နေနေကျ လူပျို ခန်းထဲမှာပဲ။ နေရာချ ထားပေးလိုက်ပါ သည်။ ရောက်ရောက်ချင်း အစ်ကို ဘာစကားမှ မပြောနိုင်ဘဲ ပုံရိပ်ဟောင်းတွေကို လွမ်းနေပုံရ၏။ အိမ်ကြီးပတ်ပတ်လည် တစ်ဝိုင်းလုံး အနှံ့ လိုက်ကြည့်ရှာသည်။ အစ်ကိုလည်း အသက် ရလာခဲ့ပြီ။ ရင့်ကျက်မှုနှင့် တည်ငြိမ်မှုတွေ အစ်ကို မောင်မြတ်သာထံမှာ တွေ့နေရသည်။

ငယ်ငယ်တုန်းကတော့ အစ်ကို မောင်မြတ်သာလည်း မထူးပါ။ အဖေသူကြီးနှင့် အမြဲတမ်း ကဏ္ဋေကောစ။ အဖေဖြစ် စေချင်ခဲ့တာတွေ မဖြစ်ရကောင်းလား ဆိုပြီး အဖေက တဗျစ် တောက်တောက် ပြောဆိုနေတာတွေ မအိမ်ကံ အမြဲ ကြားခဲ့ရသည်။ သားဖြစ်သူကို မြို့ကျောင်းပို့ကာ မြို့အုပ်မြို့ပိုင် ဖြစ်စေ ချင်ခဲ့သော်လည်း အစ်ကိုက နည်းနည်းကလေးမှ စိတ်မ၀င်စား ဘဲရှိခဲ့သည်။ အင်္ဂလိပ် အုပ်ချုပ်သည့် ခေတ်မှာ ဖအေက သူကြီး၊ သားက ၀ရမ်းပြေး ဖြစ်ခဲ့ရတာတွေလည်း အခုတော့ အတိတ်၏ ပုံပြင်တွေ ဖြစ်ရလေပြီ။ သခင်မြတ်သာ ဘ၀က အိမ်ကိုရောက် လာတိုင်း မအိမ်ကံ ငိုရသည်ချည်းပင်။ ပင်ပန်း ဆင်းရဲခံကာ နိုင်ငံရေးမှာ ပျော်ပိုက်နေသည့် သားကိုကြည့်ပြီး ဖအေဖြစ်သူ ကလည်း စိတ်မချမ်းသာခဲ့။ မြန်မာပြည် လွတ်လပ်ရေး ရရန်ဆိုသည့် စိတ်က လွဲ၍ အခြားဘာမှ မရှိသော လူငယ်တွေက တစ်ဖက်၊ ရာထူးအာဏာ မက်မောခဲ့ကြသည့် လူကြီးတွေက တစ်ဖက်။ အခုတော့လည်း တိုင်းပြည် လွတ်လပ် ရေးရခဲ့ပြီ။ ကိုယ့်နိုင်ငံကိုယ် အုပ်ချုပ်ရေးဖြင့် တိုင်းပြည် ပြန်လည်ထူထောင် နေရချိန် ဆိုသော်လည်း ၀ါဒရေးရာတွေက မပြီးပျောက်နိုင်ဘဲစည် တွေ့တိုင်း လက်သီးဆုပ်နှင့် ထုချင်ကြသူတွေ များခဲ့သည်။

အစ်ကိုမောင်မြတ်သာ ရောက်နေသည်ကြားတော့ သာအောင်နှင့် လူကြီးတချို့ လာနှုတ်ဆက်ကြသည်။ အစ်ကို မောင်မြတ်သာက လေအေးကလေးနှင့် စကားပြောတတ် ရုံမက အမူအရာပါ တည်ငြိမ် သွားတာက မအိမ်ကံ သတိထား မိပါ၏။ အစ်ကိုက ဗိုလ်မှူး အဆင့်ထိ ရာထူး တိုးမြင့်လာခဲ့ပြီ။
“အေးကွာ၊ ကိုယ့်ရပ် ကိုယ့်ရွာကို ကိုယ်တိုင် အုပ်ချုပ်ရပြီ ဆိုတော့ ကိုယ်ကညှာမှ ရပ်ရွာ အေးချမ်း သာယာသယ်။ တိုင်းပြည်လူထုဟာ ဘယ်သူဘယ်အစိုးရ တက်တက် လုပ်မှစား ကြရသူတွေပဲ။ ရုန်းနိုင်ကန်နိုင်မှ တစ်ဝမ်း တစ်ခါးဝကြ၊ လှကြရသယ်။ အုပ်ချုပ်သဲ့ သူက မကောင်းရင် ရွာနာသယ်။ တောသူ တောင်သားများခမျာ အသိပညာ နုန့်နဲ့ကြလေတော့ မိုးကောင်းလည်း တစ်စလောင်းပဲ၊ မိုးမကောင်းလည်း တစ်စလောင်းပဲ။ ဒါကို အမြဲ ဂရုစိုက်ကြကွာ”

“အစ်ကိုမြတ်သာကို ရွာကလည်း မျှော်နေကြသာပါ။ ရွာက တစ်ခုတော့ ကံကောင်းပါသယ်။ မအိမ်ကံ အိမ်သား ဆရာလေး ကိုပြေသိမ်းရှိတော့ အနားရွာတွေထဲမှာ ကျွန်တော်တို့ရွာ က အောက်မကျခဲ့ရဘူး။ ဆရာလေးရဲ့ ပညာဂုဏ်၊ သိက္ခာ ဂုဏ်၊ နိုင်ငံရေး သြဇာဂုဏ်ကို လေးစားကြသယ်”

သာအောင်က ကိုပြေသိမ်း အကြောင်း ပြောနေလို့ မအိမ်ကံပင် မျက်နှာ မထားတတ်အောင် ဖြစ်ရပါ၏။ ကိုပြေသိမ်းကို ရွာက ချစ်ကြ၊ ရိုသေ လေးစားကြတာလည်း အမှန်ပင်။ ကိုပြေသိမ်း ဖြေရှင်းပေးလို့ ငြိမ်းရသည့် အမှုတွေ များခဲ့သည်။ ကိုပြေသိမ်း ရပ်တည်ပေးလို့ မတရားမှုတွေ ရှဲကုန်ကြတာ များခဲ့သည်။ ရွာကို ဓားပြတိုက်ချင်တာတောင် ဆရာလေး ကိုပြေသိမ်းရွာ ရယ်လို့ ဓားပြတွေကပင် လက်ရှောင်ခဲ့ကြတာတွေ ရှိပါ၏။ အခုတော့ ဇောင်ချမ်းကုန်းမှာ ကိုပြေသိမ်း မရှိတော့ပြီ။ ကိုပြေသိမ်း တစ်ယောက် တောခိုသွားပြီဆိုသည့် သတင်းက အူခနဲ ထတောက်လိုက်သော မီးကဲ့သို့ သည်ဘက်ရွာ တစ်ကြောမှာ ညီးညီး လောင်ခဲ့ပါ၏။ ဘယ်သူက ဘာမှမ ပြောသော်လည်း အစိုးရဘက်က မအိမ်ကံတို့ အိမ်ကို အကဲခတ်ကြတာတွေ ရှိလာသည်။

တစ်ဖက်ကလည်း ဗိုလ်မှူးကြီးအဆင့်ရာထူးရနေပြီ ဖြစ်သော အစ်ကိုမောင်မြတ်သာ၏အရိပ်ကြောင့် ဘာမှတော့ အမေးအမြန်း မရှိခဲ့။
အစ်ကိုမောင်မြတ်သာက ခရီးရောက်စမို့လား မသိပါ။ ကိုပြေသိမ်းနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမှစကားမဟတာ ကို မအိမ်ကံ သတိထားမိသည်။ အစ်ကိုမောင်မြတ်သာတို့ လင်မယား ရောက်လာကတည်းက မအိမ်ကံကိုယ်တိုင် ဟင်း ကောင်း ကျွေးကောင်းရှာပြီး တည်တည်ပပကျွေးမွေးဧည့်ခံ သည်။ သူတို့မောင်နှမကြား မပြောရသေးသည့်စကားရှိသေး သည်။ အမွေကိစ္စဖြစ်၏။ ဖအေတူ မအေခြားကြသူတွေဆို သော်လည်း မောင်ရင်းနှမရင်းတွေဆိုတော့ သည်အိမ်ကြီးက အစ မိဘလက်ငုတ်လက်ရင်းမှန်သမျှ မောင်မြတ်သာနှင့်လည်း ဆိုင်သည်။ တစ်နေ့မှာတော့ သည်ကိစ္စ တရားဝင် ပြောကြဆိုကြ ရဖို့ရှိပါ၏။ မောင်မြတ်သာက နှမကိုညှာလို့ မပြောတာလည်း ဖြစ်ချင်ဖြစ်မည်။ ယောက်မ ဖြစ်သူကလည်း အစ်ကိုနှင့် ပတ်သက် နေပေသိ သူစိမ်းဖြစ်သည်။ အစ်ကို ဖြစ်သူနေနိုင်ဦးတော့ မမစိမ်းမြဘက်က ပြောချင် ဆိုချင်တာ ရှိကောင်း ရှိနိုင်သည်။ သို့သော် အစ်ကိုက မပြောသလို မမစိမ်းမြကလည်းသည်ကိစ္စ ခေါင်းထဲပင် ရှိကြပုံမပေါ်။ ဘာပဲဖြစ်ဖြစ် အစ်ကိုက ပညာတတ်လည်းဖြစ်၊ အကြီးလည်း ဖြစ်တော့ တရားသဖြင့်အောင် ဆောင်ရွက်ပေးမည်သာဖြစ်၏။ ဒါကိုတော့ မအိမ်ကံ ယုံသည်။

“အစ်ကိုလည်း ရွာပြန် အခြေချ ချင်လှပြီ ကံကလေးရေ။ အလုပ် ရာထူးက ထွက်ပြီး အေးအေးချမ်းချမ်း နေချင်ပြီ။ ထောင် နှုတ်ခမ်း လျှောက်ခဲ့ရတဲ့ ဘ၀တွေတုန်းကလည်း ပင်ပန်း ဆင်းရဲ ခဲ့ပါရဲ့။ တိုင်းပြည် လွတ်လပ်ပြန်တော့လည်း အစ်ကိုတို့မှာ ပင်ပန်းဆင်းရဲက မလွတ်ချင်ဘူး။ တော်လောက်ပြီလို့လည်း အောက်မေ့မိသယ်။ နောက်တစ်နှစ်၊ နှစ်နှစ်လောက်ဆိုရင်တော့ ထွက်ခွင့်ရကောင်းပါရဲ့”

တစ်ရက်။ မောင်နှမ နှစ်ယောက် စကားတွေ ပြောဖြစ်ကြရင်း ပါလာသည့် စကားဖြစ်သည်။ သည်အခါမှာတော့ မအိမ်ကံ ခေါင်းထဲ ရှိနေသည့် စကားကို ပြောရန် အခွင့်သာပြီ။ မမစိမ်းမြ မရှိခိုက်ဆိုတော့ ပြောလို့လည်း ကောင်းသည့် အချိန်ဖြစ်၏။
“အစ်ကို့ကို မအိမ်ကံ စောင့်နေသာ အစ်ကိုကလည်း လာရင် သုံးရက်လောက်နဲ့ ပြန်သာများတော့ မပြောဖြစ်ဘူး။ ဘာမှ မဟုတ်ပါဘူး အစ်ကို၊ ပြောလည်း မပြောချင်ပါဘူး။ မပြောလို့လည်း မဖြစ်တော့ ပြောရမှာပဲ။ အမွေကိစ္စ အစ်ကို စီစဉ်စေချင်သယ်။ ရက်ကန်းရုံကတော့ မအိမ်ကံ စီးပွားပါ။ အဖေတို့အမေ တို့ထားခဲ့တဲ့ ပစ္စည်းတွေကတော့ သည်လို ရှိနေသာပါပဲ။ ရွှေငွေ ဆိုသာကလည်း ဓားပြတိုက် ခံရတာတို့ လှူသာ တန်းသာတို့နဲ့ ကုန်သင့်သလောက်ကုန်ခဲ့ပေသိ ကျန်ကောင်း ကျန်ရာတွေကို အစ်ကိုလည်း ဆိုင်သမှုတ်လား။ မြေတို့ ထန်းတို့လည်း ရှိသေးသယ်။ မိဘပစ္စည်းတွေ မအိမ်ကံကြောင့် မပွန်းခဲ့ပါဘူး အစ်ကို”

မောင်မြတ်သာက နှမခေါင်းကို လှမ်းပွတ်သည်။ ပြုံး သည်။ လေးနက် တည်ကြည်သော အပြုံးမျိုးဖြစ်ပါ၏။
“ငါ့နှမရယ်၊ အဖေတို့ အမေတို့ကို အစ်ကို လုပ်မကျွေးခဲ့ ရသာ ထားတော့။ စိတ်ချမ်းသာအောင် လူလုံး လာမပြနိုင်သာ ကြည့်တော့။ ငါနှမရှိလို့လည်း နိုင်ငံရေးကို စိတ်ဖြောင့်လက်ဖြောင့် လုပ်ခဲ့သာပါ။ စည်းစိမ်တွေ ကုန်ပြီ ဆိုတော့လည်း အစ်ကို ဘယ့်နှယ်မှ မနေဘူး။ ဒါကို မဥပါဒ်နဲ့။ အစ်ကို အဲသာတွေ မသိဘူး။ အိမ်မှာ ရှိမှန်းလည်း မသိဘူး။ ရကောင်းစေ ရအပ်စေ ဆိုတာလည်း မရှိဘူး။ အစ်ကိုပြောသာ ယုံတော့”

အစ်ကို စကားကြောင့် မအိမ်ကံ မျက်ရည်ဝဲရသည်။ အစ်ကို ပေသိ ဖခင်လို စိတ်ထားမျိုးပါလားလို့ တွေးမိ၍ဖြစ်သည်။
“ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ဒါပေသိ အစ်ကိုရယ်၊ အစ်ကို ရသင့်ရထိုက်သာ စောစောစီးစီးရတော့ အစ်ကိုတို့ လုပ်သင့် လုပ်ထိုက်သာ လုပ်ရသာပေါ့။ အစ်ကိုချည်းပဲ မဟုတ်သေး ဘူးလေ။ မမမြစိမ်းကလည်း ရှိသေးသာ ဥစ္စာ”

“အေးပါ ငါ့နှမရာ။ သည်တစ်ခေါက်တို့လာသာ တစ်ကြောင်းပါ။ ငါ့နှမ စိတ်ဆင်းရဲ နေရှာမယ် ထင်လို့ရယ်၊ တောင်းစရာ ရှိလို့ရယ် လာခဲ့ကြသာပဲ။ ရက်ကြာကြာလည်း မနေနိုင်ဘူး။ အမွေကိစ္စက အစ်ကိုအနားယူတဲ့နှစ် ရွာပြောင်း လာတော့မှ ပြောကြရအောင်”

“ဘာများ တောင်းစရာ ရှိလို့လဲ အစ်ကိုရယ်။ အစ်ကိုလို ချင်သာရှိရင် ယူသွားပါ။ တောင်းမနေရပါဘူးတော်”

မောင်မြတ်သာက ပြုံးရုံသာ ပြုံးနေခဲ့သော်လည်း ဘာရယ် လို့တော့ မပြောပါ။ မမစိမ်းမြ ညနေဘက် ရောက်လာတော့မှ ပြောတော့မည်ဟု ဆို၏။ ဧည့်သည်တွေ ရောက်လာကြပြန်လို့ မအိမ်ကံတို့ အိမ်မှာ လူစည် ရပြန်ပါသည်။ အစ်ကိုဝမ်းကွဲ ကိုစံကောင်းတို့လည်း ပါသည်။ သူစိမ်းတွေလည်း ပါသည်။ ရပ်ရွာ လူကြီးတွေလည်း ပါလာကြသည်။ အစ်ကို့ အတွေ့အကြုံတွေ မေးကြသည်။ ဗိုလ်မှူးကြီး အဆင့်ဆိုသော်လည်း ငယ်ပေါင်းတွေက မြတ်သာကြီးလို့သာ ခေါ်ကြသည်။ ငယ်ငယ်က ခေါ်သလို မည်းလုံးလို့ ခေါ်ကြသူတွေလည်း ရှိသည်။

“မောင်မြတ်သာကို ငယ်ငယ်က မည်းလုံး ခေါ်ကြသာ။ မည်းမည်းလုံးလုံး ကလေးကိုးကွ။ မင်းအဖေသူကြီးနဲ့ သွားတူသာ။ နို့အခု မင်းက နှမကို ရန်ကုန် ဘုရားဖူး လာခေါ်သာလား”

“လိုက်ရင် ခေါ်ပါ့ဗျား။ မေးကြည့်ပါဦး။ လိုက်မလားလို့”

“မလိုက်နိုင်သေးပေါင် အစ်ကိုရယ်။ သမီး တစ်ယောက်က မြင်းခြံမှာ သမီး ကျောင်းပိတ်ရင်တော့ လိုက်ချင်ပါ့။ ရန်ကုန် တက္ကသိုလ်ဆိုသာကို ပို့ရဦးမှာ”

အစ်ကို မောင်မြတ်သာက ရွာရေး ကိစ္စတွေ မေးသည်။ ရွာ့စီးပွားရေး မေးသည်။ စိုက်ရေးပျိုးရေးတွေ မေးသည်။ လှူရေး တန်းရေးတွေ မေးသည်။ နှစ်ပေါင်း လေးငါးဆယ် အတွင်း ရွာက လောက်လောက်လားလား ဖွံ့ဖြိုးလာသည်ဟု ပြောရန် ခက်သော်လည်း အတန်အသင့်တော့ ချောင်လည် နေကြပြီ။ အစ်ကို မောင်မြတ်သာက စက်ရေတွင်းတွေ စိုက်ခင်းတွေထဲမှာ တူးရန်လိုကြောင်း၊ အစိုးရ ရေတွင်းတူး ဌာနနှင့် မေးကြည့်မှာ ဖြစ်ကြောင်း၊ ရေသာရှိလျှင် ငွေပေါ်သီးနှံတွေ စိုက်နိုင်ကြောင်း၊ မြေသြဇာနှင့် ပိုးနှိမ်ဆေးတွေကို နားလည်ရန်လိုကြောင်း၊ သမား ရိုးကျ မစဉ်းစားဘဲ သိသင့်သိထိုက်တာတွေကို မေးမြန်း ဆည်းပူးရန် လိုကြောင်းတွေ ပြောပြနေသည်။ ရွာမှာ အခြေတကျ ပြန်နေပြီ ဆိုလျှင် သူလုပ်ချင်တာတွေ ခပ်များများ ရှိသည်ဟု ဆို၏။

ဧည့်သည်တွေ ပြန်သွားတော့မှ အစ်ကို ခဏနားသည်။ အိမ်ဝိုင်းကို လျှောက်ကြည့်သည်။ ကိုစံကောင်း ကျန်ခဲ့သဖြင့် ခြံစည်းရိုးတွေ လုံလုံလဲလဲ ပြန်ကာရန်နှင့် ၀င်းတံခါးက အစ အသစ်လဲရန်၊ အိမ်ကြီးကိုပါ ထပ်တန်တာထပ်၊ ပိုးတန်တာ ပိုးရန် တာဝန်ပေးသည်။ လိုအပ်သမျှ ငွေထုတ်ရန်နှင့် ရေနံပါ သုတ်ရန် အစ်ကိုက စီမံ ပေးနေသဖြင့် မအိမ်ကံ ၀မ်းသာရပါ၏။ ကိုစံကောင်းက ရွာလက်သမား ဆရာကြီး ဘိုးရံနှင့် တိုင်ပင်ပြီး တစ်ပတ်အတွင်း ဆောင်ရွက်ပေးမည်။ အားလုံး တွက်ချက်ပြီးမှ မအိမ်ကံဆီက ငွေထုတ်မည် ဆို၏။

“ကိုင်း ကံကလေး၊ အစ်ကို ရွာထဲ ခဏ လျှောက်လိုက်ဦးမယ်။ ကိုဖိုးငွေကြီး ကျွန်တော်နဲ့ လိုက်ခဲ့ဗျာ”

အစ်ကို မောင်မြတ်သာတို့ ထွက်သွားကြတော့ မအိမ်ကံ ရင်လှိုက်ရင်မော ခံစား နေရပါ၏။ အစ်ကို ရှိသေးတာပဲလေ ဆိုသည့် စိတ်ကြောင့် လုံခြုံသွား သလိုလည်း ခံစားရပါ၏။ သမီးငယ်ခိုင်က စောစောက ရန်ကုန်ဆိုသည့် စကား ကြားလို့လား မသိ။ မအေ့ဆီ ရောက်လာကာ ရန်ကုန် လိုက်ချင်သည် ပူဆာတော့၏။

“သွားမှာပေါ့ သမီးရဲ့ အမေလည်း မရောက်ဖူးဘူး။ သမီး မမလည်း ကျောင်းပိတ်ပြီလေ။ မြင်းခြံက ပြန်လာတော့မှာ။ သားအမိတွေ စုံရင် သွားကြသာပေါ့။ ကျေးကျေးပါခေါ်ခဲ့ချေ”

“ခေါ်မှာပေါ့ အမေရဲ့။ သမီး ရန်ကုန်မှာ နေချင်သယ်။ရန်ကုန်က မြို့ကြီးဆို”
မအိမ်ကံက ပြုံးရင်းကခေါင်းညိတ်ပြသည်။ မအိမ်ခိုင်က မအေကို သိုင်းဖက်ရင်း နမ်းလေသည်။

“အဲသာပဲ ငါ့နှမ၊ အစ်ကိုနဲ့ မစိမ်းမြတို့ တိုင်ပင်ပြီးပြီ။ ခိုင်ကလေးကို အစ်ကိုတို့ ရန်ကုန် ခေါ်ချင်သယ်။ ကျောင်းထား ပေးချင်သယ်။ ပြောရရင် အစ်ကိုတို့မှာ ရင်သွေးရယ်လို့ မပေါ် ပေါက်တော့ ခိုင့်ကို သမီးလို စောင့်ရှောက်ချင်သယ်။သည်နှစ် ကျောင်းပြန်ဖွင့် အမီ အစ်ကို လာခေါ်မယ်။ ငါ့နှမလည်း စဉ်းစား ပေါ့လေ”

သည်ကနေ့ည အိမ်ကြီးထဲမှာ လူရှင်းနေသည်။ ဧည့်သည်တွေလည်း မလာကြ။ ကိုဖိုးငွေနှင့် ဖိုးတုတ်၊ ဖိုးကူးသား အဖတစ်တွေကို ဘုန်းကြီးက အခေါ် လွှတ်သဖြင့် ဆရာတော့် ကျောင်း ထသွားကြသည်။ ကျေးဥနှင့် ခိုင်၊ ထွန်းပ၊ ထွန်းရ တို့လည်း ပန်းပို့ရင်း လိုက်သွားကြလေ၏။
အစ်ကိုက သည်ကိစ္စချက်ချင်း မပြောသေးဘဲ စကားတွေ ခံနေခဲ့သည်။ နှမဖြစ်သူ စိတ်နှလုံးညှိုးခိုက် တစ်မျိုးထင်မှာ စိုးရှာတာလည်း ပါပါ၏။ လင်က တောထဲမှာ၊ သမီးကြီး မြိုင်က မြင်းခြံမှာ၊ သည်ကြားထဲက သမီးငယ် ခိုင်ကို ရန်ကုန် ခေါ်ချင်သည့် စကား ပြောဖို့ ခက်နေပုံလည်း ရပါသည်။ မအိမ်ကံပင် ကြားစက နင့်ခနဲ ခံစားလိုက်ရသည်။ မအိမ်ကံက ဘာမှ မပြောဖြစ်သေးဘဲ အစ်ကို့ စကားတွေကိုသာ နားထောင် နေခဲ့သည်။ မမစိမ်းမြကလည်း မအိမ်ကံကို ငေးနေရုံ။ ခိုင့်ကို ရန်ကုန် ခေါ်ကြမလို့တဲ့လား။ ရန်ကုန်မှာ ကျောင်းထားမယ်။ သမီးအဖြစ် မွေးချင်တယ်။ ကျောင်းဖွင့်ရက်မှာ လာခေါ်မယ်။

“ကံကလေးရယ်၊ ငါ့နှမဆီ ရောက်တော့ ညည်းသမီး၊ အစ်ကို့ဆီ နေတော့ အစ်ကို့သမီး။ ဒါပါပဲကွယ်။ စာချုပ်စာတမ်း တွေ၊ ဘာတွေ မရှိရပါဘူးအေ။ နောက်နှစ်တွေဆို မြိုင်လည်း ရန်ကုန် ကျောင်းတက်ရတော့မယ်။ ဟိုမှာ ညီအစ်မနှစ်ယောက် စလုံး အစ်ကို ထိန်းရုံပဲ။ မဟုတ်ရင် ကံကလေးမှာ မြင်းခြံ ပြေးရ၊ ရွာပြန်ပြေးရ။ မြိုင့်ကို လှမ်းပူရ ဖြစ်မယ်လေ။ အစ်ကို့မှာ မိုးလင်းသာနဲ့ စစ်ရုံး သွားရတော့ အိမ်မှာ ညည်းအစ်မ တစ်ယောက်တည်းရယ်။ အစ်ကို့ တူမကလေး နှစ်ယောက်က အစ်ကို့ သမီးတွေပါပဲ။ ငါ့နှမ နားလည်မှာပါ”

သည်လို စကားကြားရတော့ အမြော်အမြင် ရှိလေခြင်းရယ် လို့ အစ်ကို့ကို ပိုပြီး ကြည်ညိုရပါသည်။ သမီးနှစ်ယောက် ကျောင်းပညာရေး ကိစ္စမှာ မအိမ်ကံ ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင် တာရော၊ ဒုက္ခများမှာကိုရော အစ်ကို ကြိုမြင်တတ်ပါလား။ ကိုပြေသိမ်းနှင့် ကွာလေခြင်း။ အစ်ကိုတို့မှာ သားသမီးမပွား စီးကြလေတော့ ခမျာများ ခြောက်ခန်းကြရော့မည်။ ညည်းဆီ ရောက်တော့ ညည်းသမီး၊ အစ်ကို့ဆီ နေတော့ အစ်ကို့သမီး။ ဟုတ်ပေသားပဲ။ သမီးငယ်ခိုင် အတွက်လည်း ပညာရေး ကိစ္စ ပြီးရတာပေါ့။ သည့်ထက် စိတ်ချရသည့် နေရာမရှိ။ သည့်ထက် လုံခြုံသည့် မေတ္တာ မရှိ။ မအိမ်ကံ ရင်ထဲ လင်းသွားခဲ့ပြီ။ တိုက် တိုက်ဆိုင်ဆိုင် သမီးခိုင်က ရန်ကုန်မှာ နေချင်သည်လို့ ညနေကပဲ ဆိုခဲ့တာ မဟုတ်လား။ ထူးဆန်းလိုက်တာ။ သမီးအတွက် ဘ၀ အကြောင်းပါခဲ့လို့ နိမိတ် စကားဆိုခဲ့တာပဲ ဖြစ်လိမ့်မည်။


လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်၊ ၊ ရွှေအမြုတေမှ ဖေါ်ပြပါသည်။


No comments: