January 13, 2010

မအိမ်ကံ (For Jan အပိုင်း - ၃ )

“အေးလေ၊ မလှအုံကို ရည်စူးပြီး ဆွမ်းချက်ပါအေ။ ဆရာ တော့်ကိုလျှောက်ပြီး အမျှပေး ဝေရအောင်ပါ။ ထူးဆန်းသယ်အေ့။ မလှအုံက သိပ်အကင်းပါးသာရယ်။ သူတွေးရင်၊ သူ ပြောရင် လွဲခဲသယ်။ အခုလည်း မအိမ်ကံကို တစ်ခုခု ပြောချင် လို့များလား ကျေးဥရယ်”

သည်လိုနှင့် ရက်တွေကြာလာခဲ့သည်။ ကိုပြေသိမ်းမြင်း ခြံသွားတာ သည်တစ်ခေါက် ကြာလွန်းသည်။ ခါတိုင်းဆိုလျှင် အာဏာကုန် ငါးရက်။ အခုက တစ်ပတ်ပင် ကျော်ပြီ။ ထနောင်း တိုင်မှာလား၊ မြင်းခြံမှာလား။ သူပြောခဲ့ဖူးတဲ့ ရွာတွေမှာပဲလား။ မအိမ်ကံ မသိ။ ဆယ်ရက်က ဆယ့်တစ်ရက် ကူးတော့ မအိမ်ကံ ဖိုးကူးကိုလွှတ်ဖို့ ပြင်ရပြီ။ ထနောင်းတိုင်မှာ နေမကောင်းလို့ နားနေရော့လား။ သည်ဘက်နှစ်တွေမှာ ကိုပြေသိမ်း ပန်းနာရင်ကျပ် ဖြစ်ချင်တာ မအိမ်ကံ သတိထားမိသည်။ ရေချိုးမှားလို့ ဒါမှမဟုတ် ရေချိုးများလို့ကတော့ အအေးပတ်ပြီး ဖျားတော့သည်။ ဒါမျိုး မကြာခဏ ဖြစ်လေ့ရှိ၏။ ကိုပြေသိမ်းကတော့ ခပ်ပေပေ။



ခက်တာက ဖျားလို့ ဆိုပြန်တော့လည်း ထနောင်းတိုင်ကလူ လွှတ်ဖို့သာ ရှိသည်။ မအိမ်ကံတို့ သိရမည်။ အိမ်က လှည်းကလည်း လုံးဝမအား။ ဖိုးကူးက မြင်းနှင့် သွားမည်ဆိုတော့ မြင်း ငှား မရသဖြင့် နှစ်ရက် ထပ်ကြာ သွားရပြန်၏။ ဆယ့်လေးရက် တင်းတင်းပြည့်သည့် နေ့ကျတော့မှ ဖိုးကူးက အဖော်တစ်ယောက် ခေါ်ကာ လိုက်သွားဖို့ ပြင်တော့သည်။
“မြင်းခြံက မောင်သက်မင်းတို့အိမ် အရင်ဝင်၊ မင်းနှမကို အကျိုးအကြောင်း မေးခဲ့ဦး။ မတွေ့ရင် ထနောင်းတိုင်ကို ဆက်လိုက်။ မြန်မြန်ပြန်ခဲ့။ ကျောင်းမှာလည်း ပညာဝန် တစ်ရက် လာလို့ မေးနေသယ်လို့ ပြောပြ။ ချက်ချင်းခေါ်ခဲ့”
မအိမ်ကံ မှာတာတွေကို ဖိုးကူးက အသေးစိတ် မှတ်နေရသည်။ ဖိုးကူးတို့ကို ထမင်းခူး ကျွေးတော့ မနက် ကိုးနာရီထိုးပြီ။ အ၀တ်အစား နှစ်စုံလောက် လွယ်အိတ်ဟောင်းထဲ ထည့်ပြီး မြင်းပြင်တုန်း ၀င်းဝကို လှည်းတစ်စီး ရောက်လာခဲ့ပါ၏။ လှည်းပေါ်မှာ လှည်းသမားက လွဲ၍ မိန်းမသားကချည်း သုံးယောက်။ ၀င်းတံခါးကို ဖွင့်ရန် တစ်ယောက်က လှမ်းအော်သည်။
“မအိမ်ကံရေ၊ တံခါးဖွင့်ကြဦးဟဲ့။ ကြီးတော်တို့ပါ ထနောင်းတိုင်က”
ထနောင်းတိုင်က။ မအိမ်ကံ ၀မ်းသာသွားပါ၏။ ဖိုးကူး သွားနေတာက ဘာပဲပြောပြော နှစ်ရက်သုံးရက် ကြာနိုင်သေးတာ မဟုတ်လား။ ခုတော့ ထနောင်းတိုင်က လိုက်လာကြပြီ ဆိုတော့ မအိမ်ကံ တွေးသလို ကိုပြေသိမ်းထနောင်းတိုင်မှာ လဲနေ ရှာပြီ ထင်၏။ ဘယ်လိုများ နေရှာပါလိမ့်။ တော်တော်သည်းလို့ သာလိုက်လာကြတာ များလား။ ကျေးဥက ၀ိုင်းတံခါးဖွင့်နေတာကိုပင် မစောင့်နိုင်ဘဲ မအိမ်ကံ ၀ိုင်းဝကို ပြေးထွက်လာခဲ့ သည်။ ဘယ်သူကမှ စကား နှုတ်ဆက်အော်လားဟစ်လား မရှိကြ။ မျက်နှာတွေ မှုန်နေကြသည်။ အမျိုးသမီးသုံးယောက်မှာ ကိုပြေသိမ်း၏ကြီးတော် ဒေါ်ကြီးပုံ့နှင့် ကိုပြေသိမ်း နှမ၀မ်းကွဲ ခင်သီတို့ဖြစ်၏။ ကျန်တစ်ယောက်ကို မအိမ်ကံ မသိ။ ဒေါ်ကြီး ပုံ့က မအိမ်ခိုင်ကို အပေါ်ထပ် ခေါ်သွားရန် ကျေးဥကို ပြောနေတော့ မအိမ်ကံ ရင်တွေ ခုန်ရပြီ။ ဘုရား ဘုရား။ ကိုပြေသိမ်း ရောဂါကြီး ရှာရော့လား။ မဟုတ်ခဲ့လျှင် လူသုံးလေးယောက် လိုက်လာစရာ မရှိ။
“မအိမ်ကံ၊ ငါ့သမီး သူက မစန်းရီတဲ့။ တို့မြင်းခြံမှာတော့ ဆွေကြီးမျိုးကြီးထဲကပဲ။ ညည်းတို့အိမ် အ၀င်အထွက် ရှိတဲ့ မောင်ကံကြီးမောင်ရဲ့ မိန်းမ။ ညည်းတို့ ဘာမှမကြားလောက် ဘူးထင်လို့ လိုက်လာကြတာပဲ။ တို့လည်း သိတာ နှစ်ရက်ရှိ သေးတယ်။ အခြေအနေ စောင့်နားထောင်နေတာနဲ့ တစ်ရက် နောက်ကျသွားတယ်။ မစန်းရီပဲ ပြောပါတော့အေ”
ဒေါ်ကြီးပုံ့က စကား ပရိကံလောက်သာ ပြောပြီး မစန်းရီ ဆိုသူကို စကားအပ်သည်။ မစန်းရီက မအိမ်ကံကို တစ်ချိန်လုံး ကြည့်နေရာက ဒေါ်ကြီးပုံ့ စကားကြောင့် ဆတ်ခနဲလှုပ်သွား သည်။ မအိမ်ကံကို အားနာ နေသလိုလို၊ တွန့်ဆုတ်နေသလိုလို ဖြစ်နေ၏။
“မအိမ်ကံရယ်လို့တော့ ကိုကံကြီးမောင် ပြောပြောနေတာ ကြားဖူးပါတယ်ရှင်။ ကိုကံကြီးမောင်နဲ့ ကိုပြေသိမ်းတို့ကလည်း အင်မတန် ခင်ကြတာ မအိမ်ကံလည်း သိမှာပါ။ လိုရင်းကိုပြော ရရင်တော့ရှင် ကျွန်မလည်း စိတ်မကောင်းပါဘူး။ ကိုကံကြီး မောင်တို့ တစ်သိုက်လုံး တောခို ကြပြီရှင်။ ကျွန်မကိုတောင် မပြောပါဘူး။ နောက်နှစ်ရက် သုံးရက်ရှိမှ ဘုရားပန်းအိုး အောက်မှာ ထားခဲ့တဲ့ စာကို ဘုရားပန်း လဲမှ ဖတ်ရလို့ သိရ တာပါ”
“အိုရှင် ကိုပြေသိမ်းက တော့ကော”

သည်တစ်ခါတော့ ဒေါ်ကြီးပုံက ၀င်ဖြေသည်။
“ညည်းယောက်ျားလည်း ပါသွားတာပေါ့ မအိမ်ကံရယ်။ တို့လည်း စိတ်မချမ်းသာကြဘူး။ သက်နှင်းက လူတစ်မျိုးအေ့။ ထားပါတော့အေ အခုတို့ အဲဒါ လာပြောတာပဲ။ တို့လည်း သည်မှာ တစ်ညအိပ်ပြီး မနက်စောစော ပြန်မယ်။ မလွတ်မကင်း တာများ ရှိရင် ဖယ်ရှားထားဦး။ မတော်”
မအိမ်ကံ နားလည်လိုက်ပြီ။ ကိုပြေသိမ်း ဒုတိယအကြိမ် ထွက်သွားခဲ့ပြန်ပြီကော။ သည်တစ်ခါလည်း ဘယ်သူ့ကိုမှ မပြောခဲ့ဘဲ ထွက်သွားခြင်းပါလားလို့ တွေးနေမိသည်။ မစန်းရီ ဆိုသူလည်း မအိမ်ကံလိုပဲ ရှိရှာပါလိမ့်မည်။ မအိမ်ကံ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့။ ကိုကံကြီးမောင် ခြေရှုပ်နေတာကိုလည်း ပြောမနေချင်။ မအိမ်ကံ တစ်ကိုယ်လုံး မြေကြီးထဲကျွံ ၀င်သွားလေသလား ထင်မှတ် နေမိခဲ့သည်။ ကိုပြေသိမ်းရက် စက်လေခြင်း ဆိုသည့် အသံတွေသာ ခေါင်းထဲမှာ ပြေးလွှားနေပါ၏။ မအိမ်ကံ ဘာလုပ်ရမလဲ။ လောလောဆယ် ဘာကိုမှ မစဉ်းစားတတ်နိုင်အောင် ဖြစ်ရပါ၏။
ကိုပြေသိမ်း ခြေလှမ်းပျက်နေတာ ကြာပြီ။ သည်လိုလုပ် လိမ့်မည်လို့တော့ မအိမ်ကံ မထင်။ ဂျပန်တော်လှန်ရေးတုန်းက တိုင်းပြည်၏ အရေးကိစ္စ ဆိုတော့ မအိမ်ကံ နားလည် လက်ခံခဲ့သည်။ ခွင့်လွှတ်ခဲ့သည်။ အခုကော ဘာအရေးကိစ္စများ ကြောင့်ပါလိမ့်။ တောသူမ မအိမ်ကံ နိုင်ငံရေး ဆိုတာတွေကို တော့နားလည်းမလည်။ သည်တစ်ခါတော့ ခွင့်မလွှတ်ချင် တော့ပြီ။
“ဘာပဲဖြစ်ဖြစ် ကျွန်မ ခေါင်းအေးအေးထားပြီး ဘာလုပ်ရမယ် ဆိုသာ စဉ်းစားချင်ပါသေးသယ်။ မစန်းရီကိုလည်း ကျေးဇူးတင်ပါသယ်။ ကျွန်မမှာတော့ လှည်းသံကြားတိုင်း မျှော်၊ စက်ဘီးသံကြားတိုင်း မျှော်နဲ့။ သြော် ကိုပြေသိမ်းရယ်”

မအိမ်ကံ အိမ်ပေါ် တက်လာခဲ့သည်။ သည့်နောက်တော့ မအိမ်ကံ ကိုပြေသိမ်းနှင့် ပတ်သက်သမျှ အရာအားလုံးကို တစ်စ မကျန်အောင် မီးတိုက် ပစ်ခဲ့သည်။ မီးဖိုထဲ ရောက်နေသည့် လက်နှီးစုတ် ပုဆိုးဟောင်းကိုပင် မမြင်ချင်လို့ ချက်ချင်း မီးရှို့ ခိုင်းခဲ့သည် အထိပင်။ ကိုပြေသိမ်း ထွက်သွားပြီး နှစ်လလောက်မှာ လူကြုံ နှင့် စာတစ်စောင် ရောက်လာခဲ့သည်။ အခုက ဒုတိယအကြိမ်။ တော်လောက်ပါပြီ ကိုပြေသိမ်းရယ်။ သည်လောက်ပဲ ရှိပါစေတော့။
ပဲမှော်တိုက် ဘေးမှာ ထန်းကုလားထိုင် နှစ်လုံးရှိသည်။ အဖေ ဦးသာထန် လက်ထက်ကတည်းက ထန်းကုလားထိုင်များ ဖြစ်၍ ဟောင်းလှပြီ။ မအိမ်ကံက အဖေ့ကို လွမ်းသဖြင့်အသစ်နှင့် အစား မထိုးဘဲ ရေနံချေး နာနာသုတ်၊ အပြုတ်အပြုတွေကို ကြိမ်ဖြင့် ခိုင်ခိုင်တုတ် ခိုင်းထားခဲ့သည်။ အဖေမရှိသည့် နောက်ပိုင်း မှာသည် ကုလားထိုင် နှစ်လုံးကို ကိုပြေသိမ်းက အမွေ ဆက်ခံခဲ့၏။ တစ်လုံးပေါ်ထိုင် စာဖတ်၊ ကျန်တစ်လုံးပေါ်မှာက စာအုပ်ထပ်ကြီး။ သည်နေရာက အိမ်မနှင့်ရော ရက်ကန်းစင်နှင့်ပါ ရုတ်တရက် အမြင် ကွယ်သဖြင့် အတန်ငယ် လုံခြုံသည်။ တောပုန်းရည်သည်နှင့် မအိမ်ကံ မျက်နှာချင်းဆိုင် ထိုင်မိကြတော့မှ မအိမ်ကံက အကျိုးအကြောင်း မေးသည်။
“ကဲ ပြော ကိုတောပုန်းရည်ရေ။ ရှင်က ဘာလဲ ကွန်မြူ နစ်လား”
တောပုန်းရည်သည်က လွယ်ထားသည့် လွယ်အိတ်လို ဖျင်ကြမ်း အိတ်ထူကြီးကို ပေါင်ပေါ်တင်သည်။ လွယ်အိတ်ကြီ က ကြေးညော်များ ကိုက်ကာ မာတောင့် ညစ်ထေးလွန်းလှကာ အစေးများပင် ပေါက်နေလေသည်။ လွယ်အိတ်ကိုင်း တစ်နေရာကို ခဲရာခဲဆစ်နှိုက်ကာ စာတစ်စောင် ထုတ်ပေးသည်။ စာက ရှည်ရှည်လျားလျား မဟုတ်။ လက်တစ်ဝါးစာလောက်သာ ရှိသည်။ မအိမ်ကံက ကုလားထိုင်က ကျောခွာရင်း တစ်ကြောင်း ချင်းဖတ်သည်။
“အိမ်ကလေး၊
တောပုန်းရည်သည် လူကြုံရှိလို့ စာရေးလိုက်တယ်။ အစ်ကိုတို့တော့ အခုထိ အခြေ မကျသေးပါဘူး။ ရောက်ရမယ့် နေရာ မရောက်သေးတာလည်း ပါပါတယ်။ နေလည်း ကောင်းပါတယ်။ ပြုခဲ့သမျှ ကိစ္စအ၀၀ အတွက် ခွင့်လွှတ် စေချင်ပါတယ်။ ခွင့်လွှတ်ချင်မှလည်း လွှတ်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကို နားလည်မှု ပေးနိုင်ပါတယ်။ အိမ်ကလေးနဲ့ သမီး နှစ်ယောက်ကို မညှာတာတာတော့ မဟုတ်ပါဘူး။ အစ်ကိုတို့မှာ အယူအဆ ရေးရာ ကိစ္စတွေများတဲ့ အတွက်ပဲလို့သာ အောက်မေ့ ပါလေ။ ဘာပဲဖြစ်ဖြစ် အိမ်ကလေး လက်ထဲမှာ သမီး နှစ်ယောက် ထားခဲ့ရတာ စိတ်ချတာလည်း ပါပါတယ်။ ရုံနဲ့ အုံမရှိကြတော့တဲ့ နောက်ပိုင်း လတွေကြား အခုလိုဖြစ်ရတာ စိတ်တော့ မကောင်းဘူး။ နောက်တစ်ကြိမ် ဆက်သွယ်ဖို့ ဆိုတာတော့ ခက်လိမ့်မယ်။ အခု လူကြုံကို စာပေးရင်တော့ ရသေး တယ်။ စိတ်ချရတဲ့ မြေပေါ်ရဲဘော် တစ်ယောက်ပဲ။
ချစ်လျက် ချမ်းသာ”

စာမှာ ရက်စွဲမပါပါ။ စာက ကိုပြေသိမ်း လက်ရေး မှန်သော်လည်း ကတိုက်ကရိုက် ရေးလိုက်ပုံရပါ၏။ မအိမ်ကံ ရင်တွေတ ပွက်ပွက် ဆူလာသည်။ သမီးနှစ်ယောက်ကို စိတ်ချသတဲ့လား။ ပြီးတော့ ချမ်းသာ ဖြစ်သွားရပြန်ပတဲ့လား။ နာမည်ရင်းက သက်နှင်း။ နိုင်ငံရေး လုပ်တော့ ပြေသိမ်း။ အခု ကွန်မြူနစ်ဖြစ် ပြန်တော့ ချမ်းသာတဲ့လား။ မအိမ်ကံ နာကြည်းစွာပင် တစ်ချက် မဲ့လိုက်သည်။ ရသေ့လွယ်အိတ် ညစ်ထပ်ထပ်နှင့် လူကသည် ခံစားမှုတွေကို ဂရုမစိုက် အားသလို ကုလားထိုင်မှာ ကျောမှီရင်း မျက်လုံးတွေ မှိတ်ထားသည်။ ပထမ စာတုန်းကတော့ ချမ်းသာ မဟုတ်သေး။ ပြေသိမ်းဆိုသည့် အမည်နှင့်ပင် စာတို ကလေး ပို့လိုက်ဖူးသည်။ ဒါက ကိုပြေသိမ်း ထွက်သွားပြီး ရှစ်လအတွင်း ဒုတိယမြောက် ရောက်လာသည့် စာဖြစ်သည်။ သည်ကိစ္စ အတွက် မအိမ်ကံ ပြတ်ပြတ်သားသား ဆုံးဖြတ်ထား ပြီးပြီ။ နောက်ထပ် လူလည်း မလာစေချင်တော့။ စာလည်း မရောက်စေချင်တော့။ သည်ဘ၀သည်မျှနှင့် ပြီးချင်တော့ပြီ။ သူလည်းကိုယ့်ကို နောက်ဆံ မငင်စေချင်တော့။
">ကံပါသလောက်ပေါ့။ ကံကိုလည်း မဖာချင်တော့ပြီ။ မပြုပြင်ချင်တော့ပြီ။ ချစ်တုန်းက ချစ်ခဲ့ကြသည်။ ဂုဏ်ကြီး ဒြပ်ကြီး စာရင်းဝင်ခဲ့သည် မဆိုသာသော်လည်း နယ်တစ်ကြောမှာတော့ ပညာတတ် ကျောင်းအုပ်ကတော် ဖြစ်ခဲ့ရဖူးပြီ။ ဆရာကြီးကတော် ဆိုသည့် ဂုဏ်ဖြင့် ပွဲတက်တင့်ခဲ့ဖူးပြီ။ ရုပ်ချော မနောကောင်း သူကြီး သမီးနှင့် ရုပ်သန့်ပညာတတ်တို့ ဖူးစာဖက် ခဲ့တာကို နတ်ဖက်သည့် အိမ်ထောင်လို့ လူတကာက ပြောခဲ့ကြ ဖူးပါ၏။ အခုတော့ ဘယ်သူဖျက်လို့ ပျက်ခဲ့ရသလဲ။ မအိမ်ကံ မသိ။ သိလည်း မသိချင်။ မလှအုံသာ ရှိလျှင်တော့“ ညည်း လင်က တောမျောက် တောသစ်ပင်ကို မထီသလိုပေါ့အေ” လို့ ပြောလိမ့်မည် ထင်သည်။
“မအိမ်ကံ စာတစ်စောင်လောက် ရေးပေးလိုက်ချင်သယ်။ စောင့်မလား။ ဒါထက်ရှင် ထမင်းမစားရသေးဘူး ထင်သယ်။ ကျေးဥရေ ဧည့်သည်ကို ထမင်းကျွေးလိုက်ပါအေ”

ကျေးဥကို လှမ်းအော်ခဲ့ကာ အိမ်ပေါ် တက်လာခဲ့သည်။ မအိမ်ကံက သမီး ကျောင်းစာအုပ်ထဲက အူတစ်ရွက် နုတ်ပြီး စာရေးဖို့ ပြင်သည်။ စာတွေဘာတွေ ဟုတ်တိပတ်တိ ရေးဖူး ရေးလက်စ မရှိတာထား။ ဘာကစရမှန်း မသိဘဲ ဖြစ်နေလို့ ကိုယ့် ကိုယ်ကို ဒေါသ ဖြစ်ရပါ၏။ စိတ်ကို ငြိမ်အောင်ထားပြီးမှ တစ် လုံးချင်း ရေးသည်။ နေဦး ကိုပြေသိမ်းလို့ ရေးရမှာလား၊ ကိုချမ်းသာလို့ရေးရမှာလား။ သူက ချမ်းသာဆိုမှတော့ ချမ်းသာ ရတော့မှာပေါ့။
“ကိုချမ်းသာရှင့်၊
တောသူ ပညာမဲ့ဆိုတော့ စာကို လှအောင်ပအောင်တော့ မရေးတတ်ဘူး။ စာရတယ်။ နောက် ဘာစာမှ မရေးပါ နဲ့တော့။ ပို့ရင်လည်း ကျွန်မဖတ်မှာ မဟုတ်ဘူး။ ရှင်နဲ့ ကျွန်မ သည်ဘ၀ သည်မျှနှင့် ပြီးကြပါပြီ။ သမီးတွေ အတွက်တော့ စိတ်ချပါရှင်။ ကျွန်မက ၀မ်းနဲ့ လွယ်မွေးရသူပါ။ သည်ရက်ထဲ မှာ အလှူအတန်းလည်း လုပ်ဖြစ်ပါတယ်။ ကျွန်မ အသက်လည်း လေးဆယ်ပြည့်ပြီဆိုတော့ ချိုတာရော၊ ခါးတာရော ကြုံခဲ့ပါပြီ။ တစ်ခုတော့ စိတ်ချမ်းသာတယ်။ အမေနဲ့ မလှအုံ ဆုံးမှ ရှင်ထွက်သွားတာကိုပါ။ နို့မို့ရင် ရင်ကျိုးကြ ရှာမှာပဲလို့ တွေးမိတယ်။

မလှအုံ ပြောခဲ့ဖူးတဲ့ စကားရှိတယ်။ ငရုတ်တစ်လှမ်း ခရမ်း တစ်ခုန်တဲ့။ ငရုတ်ပင်များ စိုက်ရင် လူ့ခြေတစ်လှမ်းစာ ဝေးဝေးစိုက်ရုံပဲ။ ခရမ်း စိုက်ပြန်တော့ လူ့တစ်ခုန်လောက် ဝေးဝေးစိုက်ရတယ်။ ရှင်နဲ့ ကျွန်မကတော့ တစ်လှမ်းတစ်ခုန် မဟုတ်တော့ပါဘူး။ တစ်ဘ၀စာ ဝေးကြပြီ အောက်မေ့ပါတော့။
ကျွန်မနဲ့ ပတ်သက်ပြီး သုံးချက်ပဲ ရှင်တွေးဖို့ပါ။ ကျွန်မ ဘယ်တုန်းကမှ အမှား မရှိခဲ့ဖူးဘူး။ ဘယ်တုန်းကမှ သစ္စာ မပျက်ခဲ့ဖူးဘူး။ ဘယ်တုန်းကမှ ရုန်းမထွက်ခဲ့ဖူးဘူး။
ကျွန်မ အတွက်တော့ မပူပါနဲ့။ စာဝတီးတောင် နှုတ်သီးနဲ့ စာဗူးတောင်း ဆောက်နိုင်ကြရင် ကျွန်မ အဖို့ရာ မရုန်းနိုင်စရာ ဘာမှမရှိဘူး။ ထနောင်းတိုင်ကလည်း ကျွန်မနဲ့ ဆိုင်ခဲ့ဖူးတော့ စိတ်သာချပါတော့ရှင်။ ကျွန်မ အသွားအလာ မပျက်ပါဘူး။ဒါပါပဲ။ ကျွန်မဘက်ကတော့ စကား ကုန်ပါပြီ။
ဒါနောက်ဆုံးစာပါ။
မအိမ်ကံ ဇောင်ချမ်းကုန်းရွာ”

မအိမ်ကံစာကို တစ်ခေါက် ပြန်ဖတ်သည်။ ကိုပြေသိမ်း သံယောဇဉ်မှ ပြတ်စေတော့ တမင်ခါးခါးသီးသီး ရေးလိုက်ခြင်း ဖြစ်သည်။ မအိမ်ကံ အိမ်ပေါ်က ဆင်းလာတော့ တောပုန်းရည်သည်က ထမင်းစားပြီးလို့ ဆေးလိပ်ထိုင် ဖွာနေပြီ။ ကုလားထိုင်မှာ အကျထိုင်လို့။ မအိမ်ကံက စာခေါက်ကိုပေးတော့ သူ့လွယ်အိတ်ကိုင်းထဲ ထိုးထည့်သည်။ ဧည့်သည်ဆိုတော့လည်း မအိမ်ကံက ခရီးစဉ် မေးသည်။ ညအိပ်ညနေ ကိစ္စ မေးသည်။ သူ့ခမျာ ကြားထဲက ဆောင်ရွက်ပေးရသူ ဆိုတော့ မအိမ်ကံမှာ ၀တ္တရားရှိသည်ဟု တွေးမိလို့မေးခြင်း ဖြစ်၏။


လေးစားစွာဖြင့်
ရီနိုမာန်

ရွှေအမြုတေမှ ဖေါ်ပြခြင်း ဖြစ်ပါသည်။

No comments: