November 19, 2009

မအိမ်ကံ ( For Nov အပိုင်း - ၅ )

“ထားပါတော့လေ။ အစ်ကို ပြောချင်တာက သည်ကိစ္စ အမေ ပန်းရုံပဲ ဆုံးဖြတ်ပါစေ။ အိမ်ကလေးကလည်း နားထောင် လိုက်ပါ။ အမေပန်းရုံ ဆုံးဖြတ်တာကို အားလုံး နာခံသင့်တယ်။ ကိုသာအောင်တို့ကလည်း နာခံပါ ဟုတ်ပြီလား”

“ကျွန်တော်တို့က နာခံဖို့ လာကြသာပါ ဆရာလေးရာ။ အရီး ပန်းရုံတို့ ကျေနပ်အောင် လာခွင့်တောင်း နေကြသာပါဗျာ။ မအိမ်ကံကိုလည်း ဘယ့်နှယ်မှ မအောက်မေ့ပါဘူး”

မအိမ်ကံလည်း ငြိမ်လိုက်ရပြီ။ အားလုံးက တစ်ဖက် မအိမ်ကံက တစ်ဖက် ဖြစ်နေတာကိုလည်း ရိပ်စားမိခဲ့ပြီ။ အဖေ ဦးသာထန် သုံးနေကျ စကားကို မအိမ်ကံ သတိရ လိုက်ပါ၏။ အကြောင်းများ မကောင်းရင် မင်းကုသကြီးတောင် အိုးတော် လုပ်မီး ဖုတ်ရသဗျား ဆိုသည့် စကားဖြစ်၏။ အခုလည်း အကြောင်း မကောင်းသခိုက် ငြိမ်နေလိုက်ခြင်းသာ အကောင်း ဆုံးဟု တွေးမိတာလည်း ပါပါ၏။ ဖွဲကို ထောင်းလို့လည်း ဆန်ကောင်း ရစရာ မရှိ။ မအိမ်ကံ ငြိမ်နေလိုက်ရပြီ။ အမေပန်း ရုံကတော့ သည်အမှု သူ့အပေါ် သတ္တု ကျလာပြီ ဆိုကတည်းက သမီး မျက်နှာတစ်ချက် လှမ်းကြည့်ရှာသည်။

“သည်လိုတော့ လုပ်ကြသာပေါ့ကွယ်။ ရွာသူကြီးများ ပါပင့်ဖိတ်ပြီးတော့ ဟိုရွာ၊ သည်ရွာက ထည့်ချင်လှူချင်ကြ သာတွေလည်း ရှိသယ်ဆိုတော့ ငွေခံ အစည်းအဝေးကလေး လုပ်ကြသာပေါ့။ ရသမျှ မောင်ပြေသိမ်းနဲ့ ရပ်ရွာက ရပ်မိရပ်ဖ များက စာရင်းနဲ့ လက်ခံကြပါ။ ပြီးတော့ မောင်သာအောင် တို့၊ ရွှေမှုံတို့လည်း စိတ်ရှိသလောက် ထည့်ဝင်ပါ။ သည်ကြား ထဲက ငွေလိုမှာလည်း အမှန်ပဲ။ ကျန်သာကို ဘယ်လောက်ဖြစ်ဖြစ် အရီးတို့ မိသားစုက ကျသမျှဖြည့်ပါ့မယ်။ မကောင်းဘူး လား”


သာအောင်နှင့် ရွှေမှုံတို့ မျက်နှာ ပြုံးရွှင်လာခဲ့သည်။ ရွှေမှုံက မအိမ်ကံ လက်ကို လှမ်းဆုပ်ကာ ၀မ်းသာကြောင်းပြရှာပါ၏။ မအိမ်ကံ တစ်ကိုယ်လုံး သွေးဆူဆူတွေ လှည့်နေသည်။ ရွှေမှုံ့လက်ကို မရုန်းသော်လည်း ငါနိုင်တယ် မအိမ်ကံရေလို့ ပြောနေသလိုလည်း ခံစားနေရပါ၏။ မအိမ်ကံ ရွှေမှုံကို တစ်ချက် ပြုံးပြလိုက်ပါ၏။ အေးစက် နာကြည်းလွန်း လှသော အပြုံး။ သာအောင်နှင့် ရွှေမှုံက အမေပန်းရုံကို ထိုင်ကန်တော့ ကြသည်။ ရွာကျောင်း ဆရာဖြစ်သော ကိုပြေသိမ်းကို ကန်တော့ ကြသည်။ တော်တော်ကြာအောင် စကားစမြည် ပြောပြီးမှ နှုတ်ဆက်ပြန်ကြသည်။
သာအောင်တို့ ပြန်သွားတော့ ကိုပြေသိမ်းလည်း အိမ်အပေါ်ထပ်ကို တက်သွားတော့သည်။ ကိုပြေသိမ်း မရှိတော့မှ မအိမ်ကံက သိထားသမျှ ခရေစေ့တွင်းကျ ပြောပြခဲ့သည်။ သည်စကားကြားရတော့ အမေပန်းရုံရော၊ မလှအုံရော ထူးဆန်းသော စကားကို ကြားလိုက်ရသလို မှင်တက်မိ ကုန်ကြသည်။

“ငါ့သမီးရယ် ရှိသာတွေ ရှိကြပါစေတော့။ ကိုယ်က တပ်အပ် မမြင်မသိသာကို နောက်ထပ် အကုသိုလ် မဖြစ်စေချင် တော့ဘူး။ သမီး ပြောနေသာတွေ အကျိုးအကြောင်း ရှိပါသယ်။ မှန်သယ် ဆိုရင်လည်း သူ့အကုသိုလ်ထုပ် သူရွက်ပါလိမ့်မယ်။ မမှန်ရင် ကိုယ်ရွက် နေရလိမ့်မယ် သမီး”

ထိုညက မအိမ်ကံ ရင်ထဲမှာ ဆူးတစ်ချောင်း ထပ်စူးခဲ့ ပြီ။ “ရွှေမှုံဆိုသာ ရွာ့ကွမ်းတောင်ကိုင်ပါဟဲ့။ ထဆစ်လည်ကျိုး လှေပိုးထိုး မဟုတ်ပါဘူး။ ညည်းက ရှဥ့်တစ်ကောင် မြားတစ်စင်း ပစ်နေလို့ ပြောတာပါ” ဆိုသည့် ရွှေမှုံစကားတွေ က အဆိပ်ဆူးဖြူ တစ်ချောင်းလို တွေးမိတိုင်း နစ်ဝင် ခဲ့လေပြီ။ သမီးကြီး မအိမ်မြိုင် ခြောက်နှစ်သမီး အရွယ်က ဆယ့်နှစ်နှစ် သမီး အရွယ်ရောက် လာသည့်ကြား ကာလအတွင်း ဇောင် ချမ်းကုန်း ရွာသည်လည်း ပြောင်းလဲခဲ့သည်။ ဟိုတုန်း ဟိုခါ ကလို စရိုက်ဘာသာ အေးအေးလူလူ နေခဲ့ကြသူတွေချည်း မဟုတ်တော့။ အချိန်တန်တော့ မိုးရိပ် လေဆင်ကြည့်၍ ယာ ကလေးထွန်၊ ကိုင်းကလေးထွန်၊ ပြောင်းကလေးချ၊ နှမ်းက လေးချ ဆိုသည့် ဓားမဦးချတွေ ချည်းပါလို့ ပြောဖို့ပင် ခက် သွားလေပြီ။ လွတ်လပ်ရေး မရမီက အစစအရာရာ အသိအမြင် အောက်ကျခဲ့သည်ပဲဆိုဆို နိုင်ငံရေးသည် ကိုယ်နှင့် မဆိုင်သလို နေခဲ့ကြသည်။

တစ်ခါတစ်ရံ ဘယ်သူတွေ အုပ်ချုပ်နေမှန်းပင် မသိ။ လွှတ်တော်တွင်းမှာ နိုင်ငံရေး သမားတွေ အပြောင်းအလဲ ရှိတိုင်း ဇောင်ချမ်းကုန်းကို ရောက်လာတာ မဟုတ်တော့။ ငရုတ် တစ်ကိုက်၊ ထန်းတစ်ကိုက် စပ်တော့လည်း စပ်လို့ ချိုတော့လည်း ချိုလို့ ဆိုတာလောက်သာ အာရုံ ရှိခဲ့ကြပါ၏။ လွတ်လပ် ရေးရပြီးသည့် နောက်ပိုင်းမှာ တော့ ဇောင်ချမ်းကုန်းလည်း သက်တံကွေး ထွက်သလို စို့ထွက်လာကာ အရောင်စုံ ဖြစ်လာခဲ့သည်။ လွတ်လပ်ရေး ကာလနောက်ပိုင်း သူကြီး လုပ်ပိုင်ခွင့်တွေ များလာသည်။ ရွာသူကြီးကို ကျေးရွာကပဲ ရွေးကောက်ရသည်။ သူကြီး သက် ငါးနှစ်ကုန်လို့ နောက်ငါးနှစ် လုပ်ပိုင်ခွင့် ရှိသော်လည်း ကျေးရွာ အုပ်ချုပ်ရေး ကော်မတီ ရှိလာသဖြင့် ထိုနေရာတွေကို မက်မော လာကြရာက အုပ်စုကွဲ၊ ဆွေမျိုးကွဲတွေ ဖြစ်လာကြ သည်။ ကျေးရွာသူကြီးနှင့် ကျေးရွာ ကော်မတီတို့ တရားစီရင် ရေးတွင် အခွင့်အာဏာ အတန်အသင့် ရကြသည့် အလျောက် ထိုအခွင့်အာဏာ အပေါ် ယိုယွင်းမှုများ၊ မတရားမှုများ၊ ဘက်လိုက်မှုများ ရှိလာခဲ့သည်။

သည်မှစကာ ရှေးအခါက မည်သူမျှ စိတ်မ၀င်စားခဲ့သော နိုင်ငံရေးသည် ဇောင်ချမ်းကုန်းတွင် ခေတ်စား လာခဲ့ပါ၏။ အချင်းချင်း စိတ်ဝမ်းကွဲကြရာမှ မညီမညွတ် ဖြစ်လာကြကာ ရပ်ရေးရွာရေးထက် ကိုယ်ကျိုးကိစ္စ ခေါင်းပေါ် ရွက်လာကြသည်။ ကျေးရွာ အုပ်ချုပ်ရေးတွင် သူကြီးနှင့် အပြိုင်ဖြစ်သည့် ကျေးရွာ ကော်မတီတွင် သာအောင့်ကို ၀ိုင်းဝန်း မြှောက်တင်ကြ ရာမှ ဇောင်ချမ်းကုန်းတွင် သူကြီးထက်ကျော်ကာ သာအောင် က ထင်ပေါ်လာခဲ့ပါ၏။

“ငါ့ထက် ရိုးသာ သူခိုး ကျန်တော့သယ် ဆိုသလိုပါပဲအေ။ သူကြီးက မလှုပ်ဘူး။ သာအောင်ကချည်း လှုပ်နေလို့ ရွာက ငပိသည်က ခွေးမမောင်းရဘူး၊ ဆားသည်က ခွေး မောင်း နေပြီ ပြောနေကြသယ်။ သာအောင် တစ်ခေတ်ဆန်းပါ ပကောအေ”

မလှအုံက ဘယ်က ဘာကြားလာလို့မသိ။ တစ်ရက်မှာ ညည်းရှာသည်။ သာအောင်တို့ ကံဟုန်းဟုန်း ထတော့ ရွှေမှုံ ကလည်း သုံးဆယ့် ခုနစ်မင်း ပန်းမကိုင်ဘဲ ပူးနိုင်သူ ဖြစ်လာခဲ့ သည်။ ရွာရပ်က ကိုပြေသိမ်းကို အုပ်ချုပ်ရေး တစ်နေရာ ယူပါရန် တောင်းပန်သော်လည်း ကိုပြေသိမ်းက ငြင်းသည်။ ကျောင်းအလုပ်ကို အကြောင်းပြကာ ငြင်းလိုက်ခြင်းဖြစ်၏။

“ကျွန်တော် မလုပ်ပါရစေနဲ့။ ရွာရပ်မှာ သူကြီးလည်း ရှိပြီ၊ ကျေးရွာ ကော်မတီလည်း ရှိပြီ၊ ဆယ်အိမ်ခေါင်းလည်း ရှိကြပါပြီ။ ကောင်းဖို့ပဲ ရှိပါတော့တယ်”

ကိုပြေသိမ်းက အတန်တန် ငြင်းတော့လည်း ငြိမ်လိုက်ကြ ရသည်။ သာအောင်က အရင်တုန်းက သာအောင် မဟုတ်တော့။ ရပ်မှု ရပ်ခင်းတွေမှာ သူ့ခြေသူ့လက် လုပ်လာခဲ့သည်။ တတ်နိုင်သူ ဆိုတော့ မြင်းခြံ အရောက်အပေါက် များရာက လူရေးလူရာ ၀င်ဆံ့လာသည်။ နှစ်သက် ကလေးရလာတော့ ရွာမှာသူကြီး ထက်ပင် ပါဝါ များလာတော့သည်။ တစ်ခါမှာတော့ မအိမ်ကံနှင့် ထိပ်တိုက် တိုးခဲ့တာကိုလည်း မအိမ်ကံ မှတ်မိနေခဲ့ပါ၏။ အဝေးရွာများမှ ကုန်လှည်းများ ရွာလယ်တာ လမ်းပေါ်မှ မောင်းနှင်သည့် အတွက် လှည်းရော၊ နွားပါ ဖမ်းခိုင်းကာ ဒဏ်ငွေရိုက်သည့် ကိစ္စဖြစ်သည်။ တစ်သက်လုံး ရွာလမ်းမပေါ်က မောင်းခဲ့ကြသော လှည်းဆရာတို့ ခမျာ မရှိရသည့်ကြားက ကြိုးတုပ်ခံ၊ မောင်းမဲခံ ဘ၀ ရောက်ကြရသည်။ သည်သတင်း ကြားသည်နှင့် မအိမ်ကံ အသားများပင်ဆတ်ဆတ် တုန်ခဲ့သည်။ ဖိုးကူးကို အခြေအနေ စုံစမ်းခိုင်းသည်။

ဘယ်ရွာက လှည်းတွေလဲ၊ ဘယ်လှည်းသမားတွေလဲ၊ ဒဏ်ငွေ ဘယ်လောက် ရိုက်သ တဲ့လဲ၊ အခုကော လူတွေ၊ နွားတွေကို ဘယ်လိုထားသလဲ စုံစမ်းခိုင်းခြင်း ဖြစ်၏။ သူကြီးကလည်း လူရိုးလို့ပဲလား၊ သာအောင့်ကို မလွန် ဆန်နိုင်လို့ပဲလားတော့ မသိ၊ ဘာမှ ပြောသံမကြား။ ဖြစ်ချင်တော့ ထိုရက်က ကိုပြေသိမ်း မြင်းခြံ ရောက်နေသည့်ရက် ဖြစ်သည်။ ဖိုးကူးက အသေးစိတ်ပြောပြ တော့ မအိမ်ကံ ထဘီတိုတို ပါအောင်ဝတ်ပြီး ကျေးရွာရုံးကို လိုက်သွားခဲ့သည်။ ခေါင်းကဆံပင်ကိုပင် လမ်းမှာ တစ်ပတ် လျှိုသွားခဲ့ခြင်းဖြစ်၏။ မအိမ်ကံ ပျာယီးပျာယာ ထွက်လာတာကို ရွာကထွက်ကြည့်ကြသည်။

“ဟဲ့ သမီး မအိမ်ကံ၊ ကိုယ့်အလုပ်လည်း မဟုတ်ဘဲနဲ့ သမီးရယ်။ ခေတ်ကာလက ဖြစ်လာသာပါအေ။ ဒဏ်ရိုက်သယ် ဆိုတော့လည်း နောက်ဆင်ခြင်ကြတော့မပေါ့။ သူတို့ ဥပဒေ ရှိလို့ လုပ်သာနေမှာပေါ့”

အမေပန်းရုံက တားသော်လည်း မအိမ်ကံ ဇွတ်ထွက်လာခဲ့သည်။ ကျေးရွာရုံး ရောက်တော့ သာအောင်မရှိ။ နွားတွေ ရော၊ လူတွေရော မလွှတ်သေးဘဲ ဖမ်းထားဆဲ ဖြစ်၏။ နွားတွေကို မမြင်ရသော်လည်း လူတွေက ရုံးရှေ့မှာ ငုတ်တုတ်ထိုင်နေ ကြသည်။ ထမင်းပင် စားကြရသေးပုံ မပေါ်။ အိုဖြစ်ရလေ။ ကိုယ့်ရွာက မဟုတ်တာနဲ့ပဲ ရက်ရက်စက်စက် လုပ်ရသလား ဆိုသည့် စိတ်က ဆူဆူဝေလျက် ရှိ၏။ ရုံးထဲမှာရှိသည့် လူနှစ် ယောက်၊ သုံးယောက်ပင် မအိမ်ကံကို အံ့သြနေကြသည်။

“သာအောင် ဘယ်သွားသလဲ”


“ဦးသာအောင် အိမ်ခဏပြန်သယ်။ ထမင်းစားပြန်သာ”
“အခုက လှည်းတွေ၊ နွားတွေကို ဘယ်လို လုပ်ထားသလဲ။ လှည်းသမားတွေ ထမင်းစားပြီးကြပြီလား။ နွားတွေ ကိုရော နွားစာ ကျွေးရဲ့လား၊ ရေတိုက်ရဲ့လား။ ဖမ်းသာကကော ဘာအမှုပါလိမ့်”

မြေကြီးပေါ် ငုတ်တုတ်ထိုင်နေကြသည့် လှည်းသမားတွေ က မအိမ်ကံကို မော့ကြည့်ကြသည်။ ၀မ်းလည်းဝမ်းသာ သွားကြပုံပေါ်ပါ၏။ မအိမ်ကံက ရုံးထဲမ၀င်။ ရုံးရှေ့ ခါးထောက်ရပ်ရင်း အော်မေးနေခြင်းဖြစ်သည်။ သိပ်မကြာပါ။ ကိုစံကောင်း ရောက်လာသည်။ သစ်ပင်ရိပ်မှာ ရပ်ရင်း နှမဖြစ် သူကို အကဲခတ် နေခြင်းဖြစ်၏။ မလှအုံတို့ လွှတ်လိုက်တာ ဖြစ်မည်။ ခပ်လည်လည် ရွာသား တစ်ယောက်က ရှေ့ထွက်လာကာ မအိမ်ကံနှင့် မျက်နှာချင်း ဆိုင်သည်။ သူ့ကိုတော့ မအိမ်ကံ မသိ။ နောက်ပေါက်ထဲက ဖြစ်မည်။

“မကျွေးရသေးဘူး။ ခင်ဗျားက ဘယ်သူတုံး”

“မင်း ငါ့ကို မသိဘူးလား။ တစ်ရွာက ထင်သယ်။ ငါ မအိမ်ကံပဲ။ မင်းတို့က ဖမ်းထားသဲ့ လူတွေ၊ နွားတွေတော့ အစာရေစာ မကျွေးနိုင်ဘူး။ သာအောင်က အပင်းသွားဆို့ သလား။ ငါမကျေနပ်လို့ လိုက်လာသာဟေ့”

မအိမ်ကံနှင့် မျက်နှာချင်းဆိုင် ရပ်နေသူက ဘာမှမပြောနိုင်။ မအိမ်ကံကိုသာ ဘယ်လို မိန်းမပါလိမ့်ဆိုသည့် မျက်နှာနှင့် ကြည့်နေသည်။ မအိမ်ကံက သာအောင့် အိမ်ကို လိုက်သွားဖို့ စိတ်ကူးလိုက်သော်လည်း ရုံးကပဲ စောင့်ရန် ပိုင်းဖြတ်လိုက်ပြီး မနီးမဝေးက မြေပေါ်မှာ ချထားသော ထိပ်တုံးပေါ်သွား ထိုင်လိုက်သည်။ စောင့်မည်။ သာအောင်လာချိန် အထိစောင့်မည်။ မအိမ်ကံ ထဘီတိုတို ပါအောင်ဝတ်ပြီး ရွာရုံး လိုက်သွား သတဲ့ဆိုသည့် သတင်းကြောင့် ရွာက လူတွေ တဖွဲဖွဲ ရောက်လာ ကြပါ၏။ ဘယ်သူက သွားခေါ်သည် မသိ။ သာအောင် ရောက်လာသည်။ သာအောင့်နောက်မှာ လူနှစ်ယောက် ပါလာသည်။ ရွာက နွားသတ်သမား အောင်လှနှင့် သာအောင့်အမျိုး ထဲက တစ်ယောက်ဖြစ်၏။ သာအောင်က သတင်းကြားထား ပြီးပုံရသည်။ ရုံးထဲ မ၀င်ဘဲ မအိမ်ကံကို လှမ်းကြည့်လိုက်သည်။ မအိမ်ကံက ထိပ်တုံးနှုတ်ခမ်းပေါ် ထိုင်ရာက မတ်တတ် ရပ်လိုက်ပြီး သာအောင်နှင့် မျက်နှာချင်း ဆိုင်လိုက်၏။ သာအောင်က မခိုးမခန့်။

“သာအောင်... နင်တို့ အဝေး ရွာတွေက နွားလှည်းတွေ ရာ၊ လူတွေပါ ဖမ်းထားသယ်ဆိုလို့ ငါလိုက်လာသာ။ နင် ဘယ့်နှယ် လုပ်သာလဲ။ အမှုက တာလမ်းပေါ် နွားလှည်း မောင်းလို့ဆို။ ဆယ့်နှစ်မှု မင်းတိုင်းမကျေသဲ့ အမှုကြီးလိုပါ လားဟဲ့”

“ဟုတ်သယ်။ မအိမ်ကံနဲ့ မဆိုင်ပါဘူး။ ဒါက ရပ်ရွာ အုပ်ချုပ်ရေး ကိစ္စပါ။ အခုက မြင်းခြံရုံးကခိုင်းလို့ လုပ်သာ။ တာလမ်းပေါ် နွားလှည်းမောင်းရင် လမ်းဌာနက ဒဏ်ရိုက် ခိုင်းထားသယ်။ ကနေ့ စဖမ်းသာပဲ။ အဲသာ ဘယ့်နှယ်ဖြစ်လို့ တုံး”

“အလိုတော် မြို့ဝန်မင်း စောင်မမှ ထောင်ကျရသဲ့ ကိန်းပါ လား။ ဘယ်မှာလဲ ရုံးအမိန့်၊ ဘယ်မှာလဲ ရပ်ရွာ အသိပေးသာ။ဘယ်လမ်းဘေး စာကပ် ထားသလဲ။ သည်ကနေ့ စဖမ်းရအောင် အဝေးရွာက လှည်းတွေက သိသိနဲ့ ချိုးဖောက်ကြလို့ လား။ တာလမ်းပေါ်က မသွားရင် ဘယ်က သွားရမှာတုံး။ ဘယ်မှာတုံး လှည်းလမ်း။ ဒါမျိုးဆိုသာ ရွာစဉ်ပေါက် ကြေညာချက် ထုတ်ပြီးမှ လုပ်ရသဲ့ ကိစ္စ။ ငါသူကြီး သမီးပါ ဟဲ့။ ထစ်ခနဲရှိ ဒဏ်ငွေ၊ နင်တို့မို့ မရှက်သယ်”

သာအောင်က လူအများရှေ့ အပြော ခံရသဖြင့် မျက်နှာကြီး ရဲလာရာက ရှေ့ကို တိုးလာခဲ့သည်။ တပည့်နှစ်ယောက် ကလည်း ကပ်လျက်ချပ်လျက်။
“မအိမ်ကံ ပြန်ပါ။ သည်လောက်ပဲ ပြောပါရစေ။ နင် အငြိုးနဲ့ လာပြောလို့ မဖြစ်ဘူး။ ဒါအထက်က ခိုင်းလို့ လုပ်ရသာ”

အငြိုးနဲ့ လာမပြောနဲ့ ဆိုသည့် စကားကြောင့် မအိမ်ကံ ရှေ့ကို တစ်လှမ်းတိုးလိုက်သည်။

2 comments:

ဂျပန်ကောင်လေး said...

အစ်ကိုရေ..အဲဒီ မအိမ်ကံ ပြီးသွားရင် အစ်ကိုကူးထားတဲ့စာတွေနဲ့ PDF ဖိုင်လုပ်ပေးပါနော်.. ဟီး.... အဲတော့မှ ဖတ်တော့မယ်.. ဒီလို ဆန့်ငင်ဆန့်ငင်ဖတ်ရတာ အရင်ကဟာတွေမေ့မေ့သွားလို့...

ahphyulay said...

ထိပ်တုံး ခတ်တဲ့ စနစ်က အခုအချိန်ထိ ရှိမရှိ စဉ်းစားမိလာ
တယ်။ ဝေးလံ ခေါင်ဖျားတဲ့ ဒေသတွေမှာတော့ ရှိနေအုံးမယ်လို့  တွေးမိပါတယ်။ ဒါနဲ့ ..စကားမစပ်
တကယ့် အဖြစ်တွေလားလို့ .....။