November 6, 2009

မအိမ်ကံ ( For Nov အပိုင်း - ၃ )

“လက်စွပ်မြင်တိုင်း အမေကြီး ပန်းရုံကို သတိရနော်” လို့ မျက်ရည်လည်ရွဲ ဆိုရှာပါသည်။ မအိမ်မြိုင်ကတော့ ဘာခံစားမှုမှ မပြ။ မျက်နှာကလေး တည်ထားပြီး ခွဲခွာရခြင်း၊ ကွဲကွာရခြင်း လောကဓံကိုပင် ခံနိုင်ရည် ရှိနေသည့် မျက်နှာဖြင့် ဘွားအေကို ငေးနေတာပဲ ရှိသည်။ မလှအုံက သံသေတ္တာ တစ်လုံး ထဲမှာ မအိမ်မြိုင့် အ၀တ်အစားတွေ ထည့်ကာသိုကာ ရှိရှာပါ၏။

“အပြစ်ကို လွဲပစေ၊ အချစ်ကို မြဲပစေ ကြားလား ငါ့မြေး။ မြို့ကျောင်းမှာ သူတကာ ချစ်အောင်နေ။ မျက်နှာကလေး ဖွင့်ထား။ မိန်းကလေးဆိုသာ အပွင့် လှရသယ်၊ ရနံ့ မွှေးရသယ်။ နှုတ်က ချိုပစေ၊ စိတ်က လန်းပစေ ဟဲ့ ကြားရဲ့လား ငါပြောသာ။ မောလိုက်သာအေ”

မအိမ်မြိုင်ကတော့ မလှုပ်ချောက်ချောက်၊ လှုပ်ချောက်ချောက်။ ကျေးဥကတော့ မအိမ်မြိုင် အင်မတန် ကြိုက်သော မုန့်ဆီကြော်တွေ ကြော်ပေးထားသည်။ မအိမ်မြိုင်က ကျေးဥကို ငယ်ငယ်ကတည်းက ခေါ်နေကျ အတိုင်း ကျေးကျေးလို့ ပဲ ခေါ်သည်။
“မုန့်ဆီကြော် ကုန်ရင် ကျေးကျေးကို လှမ်းမှာလိုက်နော် မြိုင်ကလေး။ ကျေးကျေးကြော်ပြီး လာပို့ပေးမယ်သိလား။ ညည်းဦးလေး ဖိုးကူးနဲ့ ထည့်ပေးလိုက်မယ်”



တကယ်တော့ ဖိုးကူးက မအိမ်ကံ့တူ ဆိုတော့ စပ်လျှင် အစ်ကိုတော်သော်လည်း အရွယ် ကွာသဖြင့် ဦးလေးလို့ ခေါ် ခြင်းဖြစ်၏။ ကျေးဥ ပြောတာကိုတော့ မအိမ်မြိုင်က ခေါင်းညိတ်ပြသည်။ မြင်းခြံကို ကျေးဥ လိုက်ခဲ့ဖို့မှာသည်။ သည်စကား ကြားတော့ မလှအုံက မျက်နှာရွဲ့သည်။ ကျေးဥကျမှ မြင်းခြံလိုက်ခဲ့ ပြောဖော်ရလို့ ဖြစ်၏။ အမှန်တော့ မအိမ်မြိုင်က လက်ပွန်းတတီး နေရသော ကျေးဥနှင့် ကျေးဥသား နှစ်ယောက်ကို ခင်တွယ်တာလည်း ပါပါသည်။ ကျေးဥ၏ သားနှစ်ယောက် ဖြစ်သော ထွန်းပနှင့် ထွန်းရ ဆိုတာကလည်း မအိမ်မြိုင့် အနွံအတာ ခံရှာတာ မဟုတ်လား။ မလှအုံ မျက်နှာ ရွဲ့ပြတာကို မြင်တော့ မအိမ်ကံခမျာ ငိုရသည့် ကြားက ရယ်မိ သေး၏။ သည်လိုနှင့်ပင် မနက်ဖြန် နံနက် မအိမ်မြိုင် မြင်းခြံ ကျောင်းကို သွားရတော့သည်။

နယုန်လပြည့်။
လပြည့်ညသည် ၀င်းဝင်းကြီး ၀ါလျက် ရှိလေသည်။ မအိမ်ကံ အိပ်မပျော်နိုင်ပါ။ မနက်လင်းသည်နှင့် သမီးကြီးမြိုင် မြင်းခြံမြို့ သွားနေရတော့မည်။ အခါလည် ကျောင်းပိတ်တော့မှ ပြန်လာမှာ ဆိုတော့ ခွဲရမည့် ရက်တွေ များလှပါ၏။ ဆယ့်နှစ်နှစ် သမီးဆိုတော့ ကလေး မဟုတ်ပေသိ ကြီးကောင်လည်း ၀င်သေးသည် မဟုတ်။ တောနေတောကြီး ဆိုတော့ မြို့နှင့်မှ အဆင်ပြေပါ့မလား။ သည်ကြားထဲသမီးက အေးဆေးလွန်းသည်။ ဆပ်သွားဖူး ဆူးဖျက် ဆိုသလို သည်တစ်ချက်ကိုတော့ မအိမ်ကံ အားမရ။ အငယ်မလို သိုးသိုး သွက်သွက် မရှိ။ ဆိုးဆိုး ဆတ်ဆတ် မရှိ။ ဒေါင်းတည် မောင်းတည် မရှိ။ သို့ပေသိ မြိုင်က ရုပ်ချောသလောက် သဘောကောင်း ရှာပါသည်။ ချိုသည်၊ ခါးသည်၊ ဖန်သည် ဝေေ၀ဆာဆာ မရှိသော်လည်း ဘယ်သူ့ အပေါ်မှာမှ မထိခိုက်အောင် နေသည်။ ကြီးရင်တော့လည်း သူ့ကိုယ်သူ ပြင်သွားမှာ ပါလေလို့သာ တွေးရပါ၏။ အကျော် ကရမက် မှန်လျှင် ပင်ကိုနံ့ သင်းလာလိမ့်မည်။

သည်အမေ၊ သည်အဖေ၊ သည်ဘွားအေတွေနှင့် အိမ်ကြီးမှာ ဆယ့်နှစ်နှစ် နေခဲ့ရသူကလေး။ တကယ်တမ်း ခွဲရမှာ ဆိုတော့လည်း ၀မ်းကျုံ့ရသား။ သည်သမီးကို ကွမ်းတောင်ကိုင် ဖြစ်ဖို့ မွေးကတည်းက ချောပါစေ၊ လှပါစေကြောင်း ဆုတောင်းခဲ့ရသည်။ တစ်နှစ်နွေက ကျောက်ကြီးပေါက်က ရောရယ်လို့ စိတ်ကို လျှော့ချရင်း တစ်ဘ၀တော့ပြီး ပြန်ပါ ပကောလို့ပင် တွေးမိခဲ့သေးသည်။ ရတနာသုံးပါး ဂုဏ်တော်ကြောင့် အဖျားကြီး ၀င်ခြင်းသာ ဖြစ်၍ ဆရာဆောင့် ဆေးတန်ခိုးဖြင့် ပိန်းကြာရွက် ရေမတင် ရောဂါကြီး စင်ခဲ့ရသည်။ သမီးနှင့် မအေ ထွေးထွေးပွေ့ပွေ့ ရှိခဲ့ရသည့် ရက်တွေကိုလည်း မအိမ်ကံ သတိရပါသည်။ မအိမ်ကံက သမီးကြီးမြိုင်ကို အကဲ ပိုသော်လည်း သမီးကြီးက ဖအေကို ပိုသည်းသလိုပင်။ ဖအေက အငယ်မကို ကရုဏာပိုတာကိုလည်း သတိထားမိပါ၏။

လွန်ခဲ့သည့် ခြောက်နှစ်လောက်က မီးကြီးဟုန်းဟုန်း လောင်ခဲ့သော ညတစ်ညကိုလည်း မအိမ်ကံ စိတ်ထဲ ချေဖျက် လို့ မရနိုင်သေးပါ။ သည်အကြောင်း စိတ်ရောက်ပြန်တော့ ကျောင်းဆောက်လှူရန် ခွင့်လာပန်ကြသော သာအောင်တို့ လင်မယားကို သတိရရပြန်သည်။ သာအောင်နှင့် ရွှေမှုံတို့ အိမ်ထဲ ရောက်လာကြတော့ မအိမ်ကံ သွေးပွက်ပွက် ဆူနေခဲ့ပြီ။ အမေနှင့် ကိုပြေသိမ်းတို့ ရှေ့မှာ ဟန်လုပ် ရပ်တည်နေရ သော်လည်း သူတို့ ဘာစကား ပြောဖို့ လာကြသလဲ ဆိုတာ ကြိုသိထားသူ ဆိုတော့ ပိုးစိုးပက်စက် ပြောချင်လှပြီ။ သို့သော် သာအောင်က လေအေးကလေးနှင့် ၀င်သည်။ အမေပန်းရုံနှင့် ကိုပြေသိမ်းကို တိုင်တည်ကာ ကျောင်းကြီးဆောက် အလှူမှာ တစ်တပ်တစ်အား ထည့်ဝင်ပါရစေပြောလာသည်။

“ဆရာလေးရယ် ကျွန်တော့်အဖေလည်း မရှိတော့ပါ ဘူး။ အမေလည်း မရှိတော့ပါဘူး။ ကျွန်တော့်အိမ်ထောင်နဲ့ ကျွန်တော် ဖြစ်လာတော့ ရှာလို့ရသဲ့ စီးပွားကလည်း ကျွန်တော့် ချွေးနှဲစာ ဖြစ်ရပါပြီ။ လှူမယ်ဆိုရင် မိဂုဏ်၊ ဖဂုဏ်ကို ရည်စူးပြီး လှူမယ်ဆိုသဲ့ စိတ်လည်းရှိနေတော့ သည်တစ်ပွဲမှာ တတ်အားသရွေ့ ပါဝင်ခွင့်ပြုဖို့ လာပြောကြသာပါ”

ကိုပြေသိမ်းက မြင်းခြံ ပညာရေးဌာနကို သွားခဲ့ရပုံ၊ ပညာရေး ဌာနက သဘောထားပေးလိုက်ပုံ၊ လောလောဆယ် ကျောင်းကို ဘုန်းကြီးကျောင်းမှာ ဖွင့်ရန် စီစဉ်ထားပုံ၊ သည် တစ်ခါတော့ ၀ါးကပ်မိုး ထရံကာ မဟုတ်ဘဲ ပျဉ်ကာ၊ သွပ်မိုး ဆောက်ချင်ပုံတွေ စီကာပတ်ကုံး ပြောပြနေသည်။ အမေပန်းရုံ ကလည်း တခြား ရွာတွေကလည်း အလှူငွေ ထည့်ချင်ကြကြောင်း၊ ရွာတွေမှာလည်း ဘုန်းကြီးပျံ ကြားခုလိုက်သဖြင့် လူပင်ပန်း၊ ငွေပင်ပန်း ရှိနေကြကြောင်း၊ မောင်ပြေသိမ်း ပြောသလို ပျဉ်ကျောင်းကြီး ဆောက်လျှင် ငွေကုန်ကြေးကျများ ရန်သာရှိ၍ ရွာပေါင်းစုံ သူကြီးများနှင့် ရွာကိုယ်စားလှယ်များ စုခေါ်ကာ တိုင်ပင်ရန်ကောင်းကြောင်းတွေ ပြောပြပါ၏။ ဇောင်ချမ်းကုန်းမှာ သူကြီးဖြစ်လာသူက ဦးစံမြဖြစ်၍ ဦးသာထန် လိုပင် ရွာရပ်အပေါ် သဘောမနော ကောင်းသူ ဖြစ်သည်။ တခြား ရွာတွေမှာလည်း နောက်တက်သူကြီးတွေ ရှိနေကြပြီ ဖြစ်၍ လူကြီးတွေ ၀ိုင်းတိုင်ပင်ကြလျှင် မဖြစ်နိုင်စရာ မရှိကြောင်း၊ သို့သော် သူတို့ တည်ထောင်ခဲ့သော ကျောင်းမို့ တစ်ဦးတည်း လှူပါဆိုလျှင်လည်း လှူချင်ပါကြောင်းတွေ ပြောနေ ခဲ့သည်။ မအိမ်ကံက စောစောက မျိုချ ထားခဲ့သော စကား လုံးတွေကို ပြန်အန်ထုတ်ရတော့မည်ဟု တွေးသည်။ မအေနှင့် လင်သားက အများဆိုင် ကျောင်းဆိုသည့် ဘက်ကို ယိမ်းချင်ချင် ဖြစ်နေကြ ပြီဆိုတော့ မအိမ်ကံ နားဝင်အောင် ပြောရတော့ မည်။ မအိမ်ကံက သာအောင်ဘက်ကို လှည့်လိုက်သည်။

“ကျောင်းကြီး မီးဟုန်းဟုန်း လောင်နေသခိုက်မှာ ပြာကျသဲ့ အထိ ငါရပ်ကြည့်နေခဲ့သယ်။ မီးတောက်တွေ ဟူးဟူး လောင်နေသဲ့ အချိန်မှာ ငါအဓိဋ္ဌာန်ပြုခဲ့သယ်။ မအိမ်ကံ ကျောင်းကို မအိမ်ကံ ပြန်ဆောက်လှူမယ်လို့ ပျဉ်ကျောင်း ဆောက်ချင်ကြရင် ပျဉ်ကျောင်းပေါ့၊ တိုက်ကျောင်း ဆောက် ချင်ကြရင် တိုက်ကျောင်းပေါ့။ ရွှေကျောင်းကြီး ဆောက်ချင် ကြရင် ရွှေကျောင်းပေါ့။ မအိမ်ကံ ဆောက်လှူမယ်။ အဲသာ မအိမ်ကံ အဓိဋ္ဌာန်ပဲ”

မအိမ်ကံ စကားကြောင့် အားလုံး ငြိမ်ကျသွားခဲ့ကြ သည်။ မအိမ်ကံက မျက်နှာကို ချီထားကာ ပိုးပိုးပေါက်ပေါက် ပြောလိုက်သော်လည်း ကိုယ်တိုင်ရင်တွေ ခုန်လှုပ်နေတာလည်း အမှန်ပင်။ ရင်မဆိုင်ဝံ့လို့ မဟုတ်။ တုန်လှုပ် ချောက်ချားနေ ခြင်းမဟုတ်။ ဒေါသဖြင့် လှုပ်ခုန် နေခြင်းသာဖြစ်၏။ အထူး သဖြင့် သာအောင်နှင့် ရွှေမှုံက ထန်းလျက်သည်ကြား တည်သီးသည် ကန့်လန့် လုပ်နေသည် ထင်၍ဖြစ်သည်။ အမေပန်းရုံ ပြောသလို ရွာတွေက ကျောင်းကုသိုလ် ပါဝင်ချင်ကြတာကိုလည်း သိပါ၏။ ကိုပြေသိမ်း ပြောသလို ငွေကုန်ကြေးကျများ မှာကိုလည်း နားလည်ပါ၏။

သို့သော် သာအောင်တို့က ပါဝင် ပါရစီ ဆိုတာကိုတော့ လက်မခံချင်။ ကြီးတော်စံရွှေ၏ ကျောင်းမီးရှို့ရေး လက်စားချေခြင်းကို တကယ်တမ်းသိသူ မှာ မအိမ်ကံတစ်ယောက်တည်းဖြစ်သည်။ ဟုတ်သည် မဟုတ် သည်ထား၊ လက်ပူးလက်ကြပ်မဖမ်းနိုင်တာထား၊ မပြေးသော် လည်း ကန်ရာ ရှိနေခဲ့လေပြီ။ သည်အကုသိုလ်ကြီးကို ကျူးလွန် ခဲ့ကြသူတွေက အများအမြင် ကောင်းအောင် လှူချင်ပါသည် ဆိုတာကို မအိမ်ကံ မခံချင်။ တောမီးလောင်ခဲ့တာက တစ်ခဏ၊ မုဆိုး သားမချောင်း နိုင်တာ တစ်ဘ၀ ဆိုသလို ဖြစ်ခဲ့သည် မဟုတ်လား။ သည်လိုနဲ့ ကျေရောလား။ အသက်နဲ့ ရင်းပြီး ဖြေဖျောက်တာနဲ့ ပြီးရကြေးလား။

“မဟုတ်ပါဘူး ငါ့သမီးရယ်။ အမေလည်း ပြောခဲ့ပါ သယ်။ အမေ ပြန်လှူမယ်လို့။ နို့ပေသိ ရွာရပ်က ကုသိုလ်ပါဝင် ချင်ကြမှတော့ ဘယ်ပြောသာမှာတုံး။ ပညာရေးမှာ ရွာတိုင်းက စိတ်ပါလက်ပါ ရှိလာကြသာကိုပဲ ၀မ်းသာကြရမှာပေါ့ သမီးရယ်။ ငါ့သမီး လှူခဲ့သဲ့ကျောင်း ငါ့သမီး ပြန်ဆောက်ချင်သာ အမေ နားလည်ပါသယ်။ အခုဟာက အလှူမှာ ၀ိုင်းကြ ပါရစီဆိုသာ ကိစ္စကောင်းပဲ သမီးရဲ့”

2 comments:

Angel Shaper said...

အင်းးးး ဖတ်သွားလိုက်တာပဲ။ အဆက်တွေ အပိုင်း အပိုင်းတွေကို စိတ်သိပ်ရှည်တာမဟုတ်ဘူးဗျ။ ဟဲဟဲ
" သူတကာ ချစ်အောင်နေ။ မျက်နှာကလေး ဖွင့်ထား။ မိန်းကလေးဆိုသာ အပွင့် လှရသယ်၊ ရနံ့ မွှေးရသယ်။ နှုတ်က ချိုပစေ၊ စိတ်က လန်းပစေ ဟဲ့" ဂလိုလေးတွေလဲ မှတ်သွားသေးတယ် အကိုရေ... ဟိဟိ

ဝါးဟားးးးးးး said...

စတ်မရှည်မဖတ်နဲ့ကွာ