November 1, 2009

မအိမ်ကံ ( For Nov အပိုင်း - ၁ )

ယခင်လမှအဆက်.....

၁၃၁၇ ခုနှစ်၊ နယုန်လ။
ညောင်ရေသဘင်၊ပွဲစဲလျှင်ကား၊
ထက်ခွင်မိုးလ၊
ကြယ်ဇေဠနှင့်
ပြည့်ဝစင်ကြယ်၊
စံပယ်မြတ်လေး၊
ပင်တိုင်း မွှေး၍၊
တွေးတွေးမောင်းနီ၊
ညွန့်ချင်းစီသို့၊
ရာသီမေထုန်။
လ နယုန်မူ၊
မြူးခုန်သာရွှင်၊
မိုးလုလင်လည်း၊
ရွာကျင်ခြိမ့်မျှ၊
ရေးငန်းပြလျှက်...”

ကဆုန်လ ညောင်ရေသွန်းပွဲ ပြီးလေပြီ။ ဇောင်ချမ်းကုန်းရွာ ကျောင်းရှိ ဗောဓိ ညောင်ပင်ကြီးမှာ ရေသွန်းလောင်းကြသည်။ ညောင်ရေပွဲကတော့ တိုင်းပြည်အခါ မကောင်းသည့်ကြားက စည်စည်ကားကား ရှိခဲ့ပါ၏။ မအိမ်ကံတို့ အိမ်ဝိုင်းတိုက်ထဲက စံပယ်ရုံ၊ မြတ်လေးရုံတို့ ပန်းရေးပြကြသည်ပင် ခူးလို့၊ ကုံးလို့ မကုန်နိုင်ခဲ့။ အိမ်တိုင်းဆီက စံပယ်ပန်းနံ့၊ မြတ်လေးပန်းနံ့တွေ ထုံသင်းလှပါ၏။ မိုးကတော့ ဟန်ရေး တပြပြပင်။ ယာတောင်သူတို့ မိုးကို မျှော်ကြသော်လည်း ကဆုန် လပြည့်ကျော်လို့ နယုန်လပြည့် ရောက်သည့်တိုင် မိုးတစ်ပေါက် မရွာဘဲ ရှိခဲ့သည်။

သို့သော် လောက သဘာဝတရား အရ ပွင့်ကြ၊ ဖူးကြ၊ မွှေးကြ၊ ကြိုင်ကြ သည်က တခြား၊ နိုင်ငံရေး ဆူကြပူကြ၊ ပြေးကြ လွှားကြရတာ ကတခြား ဆိုတော့ နေ့တပူပူ ညတဆူဆူ ရှိလေ၏။ လွတ်လပ် ရေးရပြီး ဆယ်နှစ်ပင် ပြည့်လေပြီ။ အင်္ဂလိပ်နှစ်နှင့် ဆိုလျှင် ၁၉၅၈ ခုနှစ်ကိုပင် ရောက်လာခဲ့သော်လည်း လွတ်လပ်ရေး ဆိုတာကိုပင် တောနယ် တစ်ဝိုက်က မေ့နေကြပြီ။ ကိုပြေသိမ်း ပြောနေကျ စကားနှင့် ဆိုလျှင် ရွာနာလွန်းလှပြီ။ အလုပ်ကောင်း ကောင်းမလုပ်ရ၊ စိုက်ပျိုးရေး ကောင်းကောင်းမလုပ်ရ၊ တစ်ဝမ်းတစ်ခါးလက်လှုပ်မှ ပါးစပ်လှုပ်ရသူတွေဆိုတော့ ဆင်းရဲကျပ်တည်းကြတာကလည်း ပြောစရာစကားတောင် မရှိသလောက်ပင်။ မအိမ်ကံတို့ ရက်ကန်းရုံက ရက်ကန်း ခြူကုံးသံ လွင်သေးသော်လည်း သွားရေး၊ လာရေးက လမ်းပူ လှပါသည်။ ဘယ်နေရာမှာမှ စိတ်ချရသည် မရှိ။ လုံခြုံရသည် မရှိ။ မြို့တွေမှာ အနီအ၀ါ ကွဲကြသလို နယ်တွေ၊ တောတွေမှာလည်း သည်ရောဂါကြီး ကူးစက်နေပြီ။


လွတ်လပ်ရေး မရခင်ကပင် အက်ကြောင်း လိုက်နေခဲ့သော နိုင်ငံရေးသည် ပိုမို ဆိုးလာသည်။ ဖဆပလ အတွင်း ပုဂ္ဂိုလ်ရေး အရ၊ အယူအဆ အရ အကွဲအပြဲတွေ များလေ၊ ဆူပူမှုတွေက အတော မသတ်လေ။ မအိမ်ကံ အဖို့ရာ ဒါတွေပဲကြား နေရတော့ သူတကာ သိတာထက် ပိုသိသည်။ သူတကာ စိုးရိမ်တာထက် ပိုစိုးရိမ်သည်။ သည်ကြားထဲက သမီးကြီး မအိမ်မြိုင် အရေးက ရှေ့တန်းကို ရောက်လာခဲ့ပါ၏။ မအိမ်မြိုင်က ဆယ့်နှစ်နှစ်သမီး အရွယ် ရောက်ခဲ့ပြီ။ ရွာကျောင်းက အတန်း ကုန်ခဲ့ပြီ။ သည်တော့ ကလေး ရှေ့ရေး၊ ပညာရေးကို စဉ်းစားကြရသည်။ ကိုပြေသိမ်းကတော့ ကျောင်းဆရာ ပညာတတ် ပီပီ သမီးကို ရှေ့ဆက်ပညာ သင်ယူစေချင်သည်။ မြင်းခြံကို ပို့ချင်သည်။ သည့်အတွက် ဘယ်သူ့ သဘောထားမှ တောင်းခံနေတာမျိုး မရှိတော့ မအိမ်ကံတို့ အိမ်ကြီးမှာ တစ်ချက်လွှတ် အာဏာသဖွယ် ဖြစ်နေခဲ့သည်။

အထူးသဖြင့် အမေပန်းရုံ။ အသည်း ပေါက်မတတ် ချစ်ရသော မြေးဦးဆိုတော့ မခွဲချင်တာ ပါသလို မခွဲနိုင်တာလည်း ပါသည်။ တစ်ချက်က မြေးမိန်းကလေးမို့ ဆင်သွားရာ ကျားပါမှာကို စိုးရှာတာလည်း ပါပါ၏။ မအိမ်မြိုင်က ဆယ့်နှစ် နှစ်သမီး ဆိုပေသိ မိန်းကလေး သဘာဝ တစ်နှစ် နှစ်နှစ် အတွင်း ကျေးမြီး လက်မျှော် ဘ၀ကနေ ဆင်ခြေပေါ် သမီးလှ အရွယ် ရောက်ဖို့သာ ရှိတော့သည်။ သူတကာထက် ချောမော လှပသူ ကလေးကလည်း ဖြစ်ပြန် ဆိုတော့ ဘွားအေကြီးတို့ ထုံးစံ အကဲ ပိုတာလည်း ပါသည်။ ပညာရဲရင့်မှ ပွဲလယ် တင့်မှာကိုလည်း နားလည်ပါ၏။

မိန်းကလေးများ ချောလျှင်၊ လှလျှင် ပုဆိုးအပ်တင် ဖျင်အစာချ ဆိုသည့် စကား ရှိသည်။ ပုဆိုးကောင်း ဆိုပေသိ အပ်တင်ချင် သူတွေ၊ ဖျင်ဘ၀ ရောက်မှ ချည်စာ ချချင်တာတွေ ဖြစ်သည်။ ၀ါးလုံးနင်း ၀ါးခြမ်းနင်း ဖြစ်ရှာလေ မလား ဆိုတာကို ပူပင်မှန်း မအိမ်ကံ သိပါ၏။ အမေပန်းရုံက ကြိတ်ခံစား နေသော်လည်း မလှအုံကတော့ သူ့ခံစားချက်ကို မောင်းကွဲကြီး ထုသလို ထုတော့၏။ သူ့လက် သူ့ခြေကြီး ရတာဆိုတော့ မြေးရင်းနှင့် မခြား အချစ်ကြီး ရှာသည်။ တချို့ညတွေမှာ သမီး နှစ်ယောက်စလုံး မလှအုံနှင့် အိပ်ကြတာ ဆိုတော့ ရှေးစကား၊ ရှေးပုံပြင်တွေကို စွဲနေကြပြီ။

“ညည်း ယောက်ျားက မြိုင်ကလေးကို မြင်းခြံ ပို့မလို့ပေါ့ ဟုတ်ကဲ့လား။ ဘယ့်နှယ့်အေ ငါတို့မှ ချစ်လို့ မ၀သေးဘူး။ ညည်းတို့ ဥစ္စာက မဖုတ်အိုးကျိုးလွယ်။ ကလေးမှ နို့အတ်နံ့ မစင်သေးဘူး။ တစ်မြို့တစ်ရွာကြီး သွားထားရမယ်လို့ လွန်လွန်းသယ်။ ညည်းကြည့်ပြောဦး”

“မလှအုံရယ်၊ မအိမ်ကံလည်း မှန်သာ ပြောရရင် မပို့ချင်ပါဘူး။ ပညာလည်း တတ်စေချင်ပါရဲ့။ မျက်စိအောက်က ပျောက်ရမယ့် အရေး တွေးမိတိုင်း စိတ်ဆင်းရဲ နေရသယ်။ မပို့လို့ကလည်း မဖြစ်ဘူး မလှအုံ။ လေးတန်းနဲ့ ပညာ တစ်စခန်းရပ်လို့ ကတော့ မအိမ်ကံတို့လိုပဲ တောထဲ၊ အခင်းထဲ ရက်ကန်း ရုံထဲ ဘ၀ ပြီးရမှာ။ ဖအေက ပို့မယ်၊ ပို့မယ် လုပ်နေသာ လေးတန်း စာမေးပွဲ ပြီးကတည်းက တကဲကဲ။ မအိမ်ကံ ဆွဲထားလို့ရယ်”

နယုန်လ စံပယ်တွေ၊ မြတ်လေးတွေ ကြိုင်လှသည် ဆိုသော်လည်း အိမ်ကြီးပေါ်မှာတော့ အပူ ရေစာကြီး နေကြသလို ဖြစ်နေသည်။ ကျေးဥ။ ကျေးဥကတော့ မအိမ်မြိုင်ကို မြင်းခြံ ပို့တော့မည် ဆိုကတည်းက မျက်နှာကြီး အမ်းနေအောင် ငိုရှာသည်။ ကျေးဥက ပလူမွေး၊ ပလူတောင်ကတည်းက ပွေ့ပွေ့ပိုက်ပိုက် ရှိခဲ့ရှာသည်။ သမီးနှစ်ယောက် ဖျားသည်၊ နာသည်ဆိုလျှင်ပင် မအိမ်ကံကမှ တစ်ရေး တစ်မှေး မှေးချင် မှေးသည်။ ကျေးဥက မအိပ်ပါ။ နေ့တနိုးနိုး၊ ညတနိုးနိုး။ မအေနှင့် မခြား စောင့်ရှောက်သူတွေ ထဲမှာ ကျေးဥကိုလည်း ထည့်တွက် ရပါ၏။ ကျေးဥကတော့ တောသူ၊ တောင်သား ပညာမဲ့ရှာသူ ဆိုတော့ ရင်ထဲ စကားကို မျိုမထားဘဲ ပွင့်ပွင့်လင်းလင်း ပြောရှာလို့ မအိမ်ကံပင် မျက်ရည်ဝဲ ရသည်။

“မအိမ်ကံရယ်၊ မြိုင်ကလေးကို မြင်းခြံပို့ရင် ငါတော့ ဖျပ်ဖျပ် လူးရတော့မယ် ထင်ပါရဲ့အေ။ ရင်ကျိုး ချင်နေပြီ။ လေးတန်းနဲ့ ကျောင်းနုတ် လိုက်ပါအေ။ သူတကာ သည်လို လေးတန်းနဲ့ တင်ပြီးကြသာပါ။ မိန်းကလေးပဲဟာအေ”

“သည်လိုလည်း ဘယ်ဟုတ်ပါ့မလဲ ကျေးဥရယ်။ ညည်း မေတ္တာ၊ ညည်းစေတနာ ငါသိပါသယ်။ ငါက မအေပါအေ။ ညည်းထက် ဆယ်ပြန် ရှိတော့မပေါ့။ ဒါပေသိ ခေတ်တွေက ညည်းတို့၊ ငါတို့ ငယ်ငယ်တုန်း ကလို မဟုတ်တော့ဘူး။ ရွာမှာပဲ ရက်ကန်းခတ် သလိုလို၊ ပဲနုတ်သလိုလို ကြီးရမယ့် အဖြစ်ကို သူ့ဖအေ ပညာတတ်က ဘယ်အဖြစ်ခံပါ့မလဲအေ။ ညည်းနဲ့ ငါ တစ်လ တစ်ခေါက် သွားတွေ့ကြသာပေါ့”


လေးစားစွာဖြင့်
ရီနိုမာန်


No comments: