February 27, 2012

အမေ့အိမ်လေး နှင့် ကျွန်တော်

လေးနှစ်ဆိုတဲ့ အချိန်ဟာ ကုန်မြန်လွယ်လိုက်တာလို့ ပြောလို့ရသလို၊ လေးနှစ်ပြည့်ဖို့ အတွက် စောင့်လိုက်ရတဲ့ အချိန်တွေကလည်း တော်တော်လေး ကြာမြင့်သွားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် လေးနှစ်တော့ ပြည့်သွားခဲ့ပါပြီ။ လေးနှစ်ပြည့်ရင် လုပ်ချင်တဲ့ အလုပ်လေး တစ်ခုကတော့ အမေ့အိမ်ကို လွမ်းတဲ့ စိတ်လေးပြည့်သွားဖို့ အတွက် ကျွန်တော် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ ကြိုတင်စီစဉ်ရင် လွဲတက်တဲ့ ဓါတ်ခံကြောင့် အမေ့အိမ် မရောက်မချင်း ကျွန်တော့်ရဲ့ စိတ်တွေ မအေးနိုင်သေးပါဘူး။ 

အမေ့အိမ်ကို ပြန်ဖို့အတွက် ၂၀၁၂ ဇန်နဝါရီလ ၆ ရက်နေ့ကို ကျနော် ရွေးချယ်ထားခဲ့ပါတယ်။ သို့သော် ၂၀၁၁ ဒီဇင်ဘာလ ကတည်းက အင်ဒိုနီးရှာကို အလုပ်ကိစ္စနဲ့ ရောက်နေခဲ့ပြန်ပါတယ်။ ပြန်ရမဲ့ရက်နီးလာလေ လုပ်လက်စအလုပ်က မပြီးနိုင်ဖြစ်လေနဲ့ ကျွန်တော်မှာ စိတ်ပူပင်ခဲ့ရပြန်ပါတယ်။ ကျွန်တော့် ရဲ့ Supervisor က ကျွန်တော်ကို နှစ်ရက်ကြိုပြီး လူလဲပေးခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်တော် စင်ကာပူကို ၂၀၁၂ ဇန်နဝါရီလ ၄ရက်နေ့ညပိုင်း ၁၀နာရီလောက်မှာ ချန်ဂီလေဆိပ်ကို ပြန်ရောက်လာခဲ့ပါတယ်။ ကျွန်တော့်မှာ ပြင်ဆင်ချိန် တရက်သာ ကျန်ပါတော့တယ်။ အခုထိလည်း အမေအတွက် ညီမအတွက် ဆွေမျိုးမိတ်သင်္ဂဟ တွေအတွက် ဘာလက်ဆောင်မှ မဝယ်ရသေးသလို၊ ဝယ်ဖို့ ပိုက်ဆံလည်း ၅ ရက်နေ့ ရုံးသွားမှ သွားထုတ်ရမှာ ဆိုတော့ စင်ကာပူကို ပြန်ရောက်တဲ့ ညမှာ ကျွန်တော် အိပ်ဖို့ရန် မေ့လျော့သွားခဲ့အထိပါပဲ။ အိပ်မယ်လုပ်တော့ အချိန်က ၅ ရက်နေ့ မနက် ၆ နာရီထိုးနေပါပြီ။ အိပ်များပျော်သွားခဲ့ရင်တော့ ကျွန်တော် ဘယ်အချိန်မှ နိုးမယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း သိဖို့ မလွယ်ပါဘူး။ ဒါနဲ့ ကျနော် မအိပ်တော့ပဲ အချိန်ထပ်ဖြုန်းနေခဲ့ပါတယ်။ 

မနက် ၈ နာရီလောက်မှာ ကျွန်တော် ရေမိုးချိုး အဝတ်လဲပြီး ရုံးကိုထွက်လာခဲ့ပါတယ်။ ရုံးရောက်တော့ အင်ဒိုကပေးလိုက်တဲ့ စာရွက်စာတမ်းတွေကို အပ်ပြီး၊ ကျွန်တော် ရစရာရှိတဲ့ လစာချက်လက်မှတ်ကို ထုတ်လာခဲ့ပါတယ်။ လက်ထဲတော့ ချက်လက်မှတ်ရပြီ။ အရင်းဆုံး ချက်လက်မှတ်ကို ငွေသားပြောင်းရမယ်။ ဒါနဲ့ ကျနော် ဘဏ်ကို သွားတယ်။ ဘဏ်ကထွက်တော့ ကျွန်တော် ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။ အမေ့အတွက် ဘာဝယ်သွားသင့်သလဲ။ ကျွန်တော် မစဉ်းစားတက်တော့ဘူး။ အမေ့ကိုလှမ်းမေးလိုက်တော့လည်း အမေက ဘာလိုချင်မှန်း မပြောတက်ပြန်ဘူး။ ကဲ... ရှိစေတော့... မျက်စိထဲ မြင်တာပဲ ဝယ်သွားတော့မယ်လို့ စိတ်ကူးပြီး လျှောက်ကြည့်လိုက်တယ်။ မထင်မှတ်ပဲ မျက်စိကျတာ ပစ္စည်းတစ်ခုနဲ့ သွားတွေ့လိုက်တော့ အဲ့ပစ္စည်းပဲ ဝယ်ဖြစ်သွားတယ်။ 

တော်ပြီ... ဘာမှ ... ဘယ်သူအတွက်မှ မဝယ်တော့ဘူးလို့ စိတ်ထဲတွေးပြီး သွေးသွားလှူဖို့ အတွက် သွေးလှူဘဏ်ကို  ကျွန်တော် ရောက်သွားခဲ့ပြန်ပါတယ်။ ကံကောင်းတယ်ပဲ ပြောရမလား၊ ကံမကောင်းဘူးပဲ ပြောရမလား မပြောတက်ပါဘူး။ ကျွန်တော် သွေးပေါင်ချိန်တော့ အောက်သွေးက ၁၃၀ ကျော်နေလို့ သွေးလှူခွင့် မရပါဘူး။ ဘာဖြစ်လို့လဲလို့ ဆရာဝန်မကို မေးကြည့်တော့ အိပ်ရေးပျက်ထားလားတဲ့...။ ဟုတ်တာပေါ့...။ ကျွန်တော် ညက တစ်ရေးမှ မအိပ်ရသေးပဲကိုး။ နောက်တစ်ခါက်ထပ်စစ်ဖို့ မိနစ်၂၀လောက် နားခိုင်းတယ်။ နောက်တစ်ခေါက်ပြန်စစ်ကြည့်တော့လည်း ၁၀၅ ရှိနေသေးတယ်။ ဒါနဲ့ နောက်တစ်ခေါက်  ပြန်စောင့်ကြည့်မယ်လို့ ပြောကြည့်တော့ ဆရာမက လက်မခံတော့ပါဘူး။ နှစ်ခါချိန်ကြည့်လို့မှ ၁၀၀ အောက်မရှိရင် အဲနေ့အတွက် သွေးလှူခွင့် မရှိတော့ပါဘူးတဲ့လေ။ ဒါနဲ့ ကျွန်တော်လည်း အိမ်ပြန်ပြီး မနက်ဖြန် မနက်ခရီးစဉ်အတွက် ပြင်ဆင်ဖို့ ပြန်လာခဲ့ပါတယ်။ 

ညနေပိုင်းမှာတော့ မြန်မာပြည်ကို လူကြုံပေးမဲ့ အမတစ်ယောက်ဆီမှာ ပစ္စည်းသွားယူပြီး ပြန်လာတော့ ည ၁၀နာရီ ကျော်နေပါပြီ။ ဒီညကော အိပ်လိုက်ရင်း မနက်နိုးပါ့မလားဆိုတဲ့  စိတ်နဲ့ မအိပ်ပဲ နေခဲ့တာ မနက် ၄ နာရီလောက်မှာ မှေးကနဲ အိပ်ပျော်သွားခဲ့တယ်။ သတိရလို့ နာရီကို လှမ်းယူကြည့်လိုက်တော့ မနက် ၆ နာရီ ခွဲနေပြီ။  ချက်ချင်းထ ပြင်ဆင်ပြီး လေဆိပ်ကို ပြေးရပါတော့တယ်။ သူငယ်ချင်းတစ်ယောက်က လိုက်ပို့လို့ တောာ်သေးတာပေါ့။ မဟုတ်ရင် ကျွန်တော်တစ်ယောက်တည်း အိတ်က နှစ်လုံး .....။

ဒီလိုနဲ့ ကျွန်တော့်ရဲ့ အမေ့အိမ် ခရီးစဉ်လေး စတင်ခဲ့ပါပြီ။ ၂၀၁၂ ဇန်နဝါရီလ ၆ရက်နေ့ နေ့လည် ၁၁ လောက်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်လာခဲ့ပါပြီ။ မဖြတ်မနေရ အင်မီဂရေးရှင်းကို ဖြတ်ရပါပြီ။ အစကတည်းက စကားများများ မပြောချင်တဲ့ အတွက် စာအုပ်ကြားမှာ စင်ကာပူပိုက်ဆံ ၁၀  ထည့်ပေးဖို့ စိတ်ကူးးလိုက်ပါသေးတယ်။ ဒါပင်မဲ့ ဒီမို နိုင်ငံဖြစ်နေပြီ ဆိုတဲ့ စိတ်ကြောင့် ဘာများပြောင်းလဲမှုများ ရှိမလဲလို့ သိချင်တာကြောင့် ထည့်ထားတဲ့ ပိုက်ဆံကို ဘောင်းဘီအိတ်ထဲ ပြန်ထည့်လိုက်ပါတယ်။ ကျွန်တော့်စာအုပ်ကို ကြည့်ပါတယ်။ အခွန်ဆောင်ထားလို့ မေးပါတယ်။ ဆောင်ထားတဲ့ စာရွက် ပြပါလို့ ပြောပါတယ်။ ဘာနဲ့ အလုပ်သွားလုပ်လဲလို့ ထပ်မေးပါတယ်။ ကျွန်တော်က WP လို့ ပြောတော့ အဆင်ပြေရင် ကြည့်လုပ်ပေးသွားပါအုံးတဲ့။ ဒါနဲ့ ခုနက ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့ ပိုက်ဆံကို သူ့စားပွဲပေါ် တင်ပေးလိုက်ရပါတော့တယ်။

ကြိုတင်စီစဉ်ထားတဲ့ အတိုင်းပဲ  အကို ရန်ကုန်တက်ပြီး လာကြိုပါတယ်။ ရန်ကုန်ရောက်ရောက်ချင်း အချိန်ကလည်း ရှိသေးတာကြောင့် ပါလာတဲ့ ပစ္စည်းတွေကို အောင်မင်္ဂလာအဝေးပြေးနဲ့ နီးတဲ့ တည်းခိုခန်းတစ်ခုမှာ အပ်ပြီး ပိုက်ဆံလဲဖို့အတွက် Summit Parkview Hotel ကို သွားခဲ့ပါတယ်။ အဲ့မှာ ပိုက်ဆံသွားလဲပြီးတော့ ဗိုက်ဆာတာကြောင့် YKKO မှာ ကြေးအိုးသွားသောက်ခဲ့ပါတယ်။ ကြေးအိုး နှစ်ပွဲနဲ့ အအေးနှစ်ခွက်ကို မြန်မာငွေကျပ် နှစ်သောင်းနီးပါးလောက် ရှင်းလိုက်ရတော့ ကျွန်တော် နည်းနည်း မျက်လုံးလေး မပြုးယုံတမယ်ပါပဲ။ ရှိပါစေ ဘာဖြစ်လဲ ... ကျွန်တော်မှာ ပိုက်ဆံပါတာပဲပေါ့။

ပထမဆုံး အမတစ်ယောက်လို ချစ်ခင်နေတဲ့ စာရေးဆရာမ အမတစ်ယောက်နဲ့ အရင်သွားတွေ့ဖြစ်ပါတယ်။ လမ်း၃၀မှာ ကဗျာရွတ်ပွဲ ရှိတာကြောင့် ကျွန်တော်နဲ့ အမ ဆရာမတို့ ၃ နာရီလောက်မှာ လမ်းခွဲခဲ့ပြီး ကျွန်တော်လည်းတွေ့စရာ ရှိသေးတဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ သွားတွေ့လိုက်ပါတယ်။

ည ၇ နာရီလောက်မှာတော့ ဘားအံကို ထွက်မဲ့ သာမည အဝေးပြေးကားကြီးနဲ့  အောင်မင်္ဂလာအဝေးပြေးကနေ စတင်လို့ ထွက်ခဲ့ပါပြီ။ နောက်ထပ် ၆ နာရီလောက်ဆိုရင် အမေ့အိမ်ကို ရောက်တော့မှာပါ။ လေးနှစ်လောက် မတွေ့တာကြာပြီးဖြစ်တဲ့ အမေ၊ အရင်လိုပဲ ဝနေမှာလား၊ ကျန်းမာရေးမကောင်းလို့ ပိန်များသွားပြီးလား ဆိုတဲ့ အမေ့ကို တွေ့ချင်နေမိတဲ့ ကျွန်တော့်ရဲ့ စိတ်တွေကတော့ အမေ့ရဲ့ အိမ်ပေါက်ဝကိုရောက်နှင့်လို့ နေပါပြီ။ အမေ ကျွန်တော့်ကို မျှော်နေမလား။ ဒါမှ မဟုတ် ကားဂိတ်မှာပဲ လာစောင့်နေမလား။ ကျွန်တော် ထင်တဲ့ အတိုင်းပါပဲ။ အမေ ကျွန်တော့်ကို ကားဂိတ်မှာ လာစောင့်နေတယ်တဲ့။ ကျွန်တော်တို့ စီးလာတဲ့ ကားက မနက်၂ နာရီလောက်မှ စိုက်ရောက်ပါတယ်။ ကားပေါ်က ဆင်းဆင်းချင်း ကိုသူရိန် ( ကျွန်တော် အကို နာမည်ပါ ) တို့အမေ စောင့်နေတာ။ ခုနကမှ ပြန်သွားတာတဲ့။ 

ကားဂိတ်မှာတောင် လာစောင့်နေတယ်ဆိုတော့ အမေ နေကောင်းတယ်ဆိုတာ မေးစရာမလိုပဲ ကျွန်တော် သိလိုက်ပါပြီ။ မြန်မာပြည်ကို ပြန်ရောက်တဲ့ ဒုတိယနေ့ရဲ့ မနက်စောစောပိုင်းမှာပဲ ကျွန်တော်ချစ်တဲ့ ကျွန်တော်အမေရဲ့ မျက်နှာကို တွေ့လိုက်ရပါပြီ။ လေးနှစ်အတွင်းမှာ အမေ့ ဘာမှ မပြောင်းလဲဘူး။ အသက် ၅၄နှစ်ဆိုပင်မဲ့ အရွယ်မကျသေးဘူး။ ကျွန်တော် ကိုတွေ့လို့ ဝမ်းသာသွားတဲ့ အမေ့မျက်နှာကို ကျွန်တော် ခုချိန်ထိ လွမ်းနေတုန်းပါ။ ကျွန်တော်ချစ်တဲ့ အမေနဲ့ အတူ၊ အမေ့အိမ်လေးထဲမှာ စကားတွေ ပြောနေခဲ့တာ မနက် ၇ နာရီထိုးသွားခဲ့ပါတယ်။ ကျွန်တော် မြန်မာပြည်ပြန်ရောက်ပြီး နှစ်နှစ်ခြိုက်ခြိုက် ပထမဆုံး အိပ်ပျော်သွားခဲ့မိတာ ကျွန်တော့်ကို နွေးထွေးမှုတွေပေးပြီး အေးချမ်းစေခဲ့တဲ့  အမေ့အိမ်လေး ပဲဖြစ်ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

February 13, 2012

ကမ္ဘာကြီးက ကမ္ဘာကြီးကို.......။

နေရဲ့ အလင်းရောင်ကလည်း လင်းထိန်နေပါသည်။

လရဲ့ အလင်းရောင်ကလည်း ကြည်လင်အေးမြနေပါသည်။

လူသားရဲ့ စိတ်တွေကလည်း ရှင်းလင်းနေပါသည်။

သို့သော်...... ပန်းတွေပွင့်ဖို့အတွက် ကမ္ဘာကြီးကို နိုးရအုံးမည်။



လူယောင်္ကျားရဲ့ ပုံသဏ္ဍာန်က တည်ငြိမ်လှသည်။

လူမိန်းမရဲ့ ပုံသဏ္ဍာန်ကလည်း လှပကျော့ရှင်းနေသည်။

နှစ်ယောက်စလုံးရဲ့ စိတ်တွေကလည်း ပြတ်သားနေကြသည်။

ထိုသူနှစ်ဦး အဆင်ပြေဖို့ ကမ္ဘာကြီးကို ပုတ်နိုးခိုင်းရအုံးမည်။



ဝမ်းနည်းမှုတိုင်းမှာ မျက်ရည်တွေ ပါနေသည်။

ပျော်ရွှင်မှုတိုင်းမှာလည်း မျက်ရည်တွေ ပါနေပြန်သည်။

ရင်ခုန်မှုတိုင်းမှာလည်း မျက်ရည်တွေ ပါနေအုံးမည်။

သို့သော်... မျက်ရည်ပါတိုင်း မကောင်းဆိုတာကိုတော့ ကမ္ဘာကြီးကို အသိပေးရလိမ့်အုံးမယ်။


အတိတ်မှာ ကျန်ခဲ့တဲ့ ကိစ္စတွေကို သတိရနေမိသည်။

အနာဂတ်မှာ ဖြစ်လာမဲ့ ကိစ္စတွေကို စောင့်နေမိသည်။

ပစ္စုပ္ပန်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို ဖြေရှင်းရအုံးမည်။

သို့သော်.... ပစ္စုပ္ပန်သည်သာ အဓိကဆိုတာ ကမ္ဘာကြီးက သင်ပေးလိမ့်အုံးမည်။


အနီရောင်ဟာ ရဲရင့်ခြင်းဟု ဆိုကြသည်။

အပြာရောင်ကို ငြိမ်းချမ်းခြင်းဟု ဆိုကြသည်။

အနက်ရောင်ကိုကျပြန်တော့ ပူဆွေးမှုဟု ဆိုကြပြန်သည်။

သို့သော် .... ကမ္ဘာကြီးက လူသားတိုင်းကို အဖြူရောင်အဖြစ် ဖန်ဆင်းပေးထားခဲ့သည်။


လေးစားစွာဖြင့်
ရီနိုမာန်

December 16, 2011

ဆောင်းညစိတ်ကူး

ဒီနေ့တော့ ကျွန်တော့်ရဲ့ ဒိုင်ယာရီ စာအုပ်လေး အသက်ဝင် လာခဲ့ရပါပြီ။
ပိတ်ထားခဲ့တဲ့ ကာလတစ်ခုအတွက်  စာအုပ်လေးကို ကျွန်တော် ကိုယ်တိုင် သနားမိနေပါရဲ့။
ကိုယ့်ကိုကိုယ် ..... ငါတော်တော် ရက်စက်ခဲ့ပါလား လို့ မပြောမိယုံ ပါပဲ။

စာအုပ်လေးရေ..... မင်းအပေါ်မှာ တင်နေတဲ့ အကြွေးတွေ၊
မင်းကို ရက်ရက်စက်စက် ဆက်ဆံခဲ့တာတွေ၊ ငါ့ဘေးမှာ အမြဲရှိနေတက်တဲ့
မင်းကို ဂရုမစိုက်မိခဲ့တာတွေအတွက် .. ခွင့်လွှတ်ပေးပါလို့ ငါပြောပါရစေ။

စာအုပ်လေးရေ.... အမှန်တော့ မင်းကို ငါ ဘယ်လောက်ထိ ချစ်ခဲ့မိမှန်း
ငါကိုယ်တိုင် မသိလိုက်တဲ့ အထိပါပဲ။ ငါ့အနားက မင်းထွက်ပြေးတော့မဲ့ အချိန်ကျမှ
ငါ မင်းကို လက်လွှတ်ဆုံးရှူံးမခံနိုင်လောက်အောင် ချစ်သွားမိခဲ့ပြီ ဆိုတာကိုတော့
ဝန်ခံပါရစေ.....။

ငါ့မှာ မာနရှိတယ်။ မင်းမှာလည်း မာန ရှိမှန်း ငါသိတယ်။
အချိန်တွေသာ ကုန်သွားခဲ့တယ်။ ငါ့ မာနကတော့ ခုထိ မျောလွင့်နေတုန်းပဲ။

ဒီဇင်ဘာဆိုတဲ့ အချိန်ကိုရောက်ရင် ငါ ဘာတွေပဲ လုပ်လုပ်.....၊
ငါ ဘယ်ကိုပဲ သွားသွား.....၊ မင်းက ငါ့ရဲ့ အရိပ်တစ်ခုဆိုတာ .....
အလိုလို ငါနားလည်လာတယ်။ ဒါ မင်းအပေါ်မှာ ထားတဲ့ ငါ့ရဲ့ မာနပဲ ဖြစ်မယ်ထင်တယ်။

ပတ်ဝန်းကျင်မှာ အေးခဲနေခဲ့ပြီ စာအုပ်လေးရယ်.....။ မင်းရဲ့ ကိုယ်သင်းရနံ့လေးကတော့
ဆောင်းလေးအေးအေးလေးနဲ့အတူ ငါ့ရှေ့က ဖြတ်လျှောက်သွားတာကို တွေ့လိုက်ရတယ်။
မင်း ငါ့ကိုနှုတ်ဆက်သွားတာပဲ ဖြစ်မယ်လို့ တွေးမိလို့ တစ်ချက်လောက် ပြုံးပြလိုက်တာ
မင်းတွေ့မှ တွေ့ရဲ့လား.....။


လေးစားစွာဖြင့်
ရီနိုမာန်

November 5, 2011

ဆန္ဒများနှင့် အမှတ်တရ

ပန်းကြာဝတ်မှုန် .... ဒီနာမည်ကို ကျွန်တော်အလွန်မှ နှစ်သက်မိပါတယ်။ ဘယ်ကဘယ်လို စကြားဖူးနေမှန်း မသိပင်မဲ့ ကျွန်တော်နားထဲမှာ လွန်စွာမှ ရင်းနှီးနေပြီးသားပါ။ ကျွန်တော်ကိုယ်တိုင်က စာဖတ်အလွန် အားနည်းသူတစ်ဦးဖြစ်သလို၊ စာရဲ့အစကို ဖတ်ကြည့်လိုက်လို့ ကျွန်တော့် အကြိုက်မတွေ့ပါက ဆက်ဖတ်လေ့ မရှိပါဘူး။ ဒါပင်မဲ့ ကျွန်တော့်ရဲ့ စိတ်ကို ဆွဲဆောင်မှုအပေးနိုင်ဆုံးဖြစ်တဲ့ မအိမ်ကံ ဝတ္ထုရှည်ကတော့ စ၊လယ်၊ဆုံး စာဖတ်သူတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို အပြည့်အဝ ကျေနပ်မှုတွေရစေခဲ့တဲ့ ဝတ္ထုဖြစ်သလို၊ စာရေးတဲ့ နေရာမှာ ဘဝဆန်းဆန်း ရေးတက်တဲ့ ဆရာမ ခင်ခင်ထူး ကိုလည်းလေးစားအားကျရပါတယ်။

အွန်လိုင်းမှာ ဆရာမရဲ့ ပန်းကြာဝတ်မှုန် .... ဝတ္ထုကို ဖတ်လိုက်ရတဲ့ အချိန်မှာလည်း ကျွန်တော်ရဲ့ စိတ်တွေဟာ အလွန်တရား ကျေနပ်မှုတွေ ရစေခဲ့ပြန်ပါတယ်။ ကွန်ပြုတာပေါ်မှာရှိတဲ့ ခလုပ်လေးကို တစ်ချက်ချင်းနှိပ်ပြီး ဖတ်ရတဲ့ အရသာထက် လက်မှာ စာအုပ်တစ်အုပ်လုံးကို ကိုင်ပြီးဖတ်ချင်လာရတဲ့ အထိဖြစ်စေခဲ့ပြန်ပါတယ်။ လက်မှာကိုင်ပြီးဖတ်ချင်တဲ့ ဆန္ဒလေးပြည့်ဝစေဖို့ အတွက် ကျွန်တော် အချိန်တော်တော်လေး ပေးလိုက်ရပြန်ပါသေးတယ်။ လက်ဖက်ကောင်း စားချင်ရင် ပလောင်တောင်တက် နှေးရတယ်ဆိုတဲ့ စကားပုံကို ကျွန်တော် သွားသတိရမိပါတယ်။ အွန်လိုင်းမှာ တစ်ခေါက်ဖတ်ပြီးခဲ့တဲ့ ပန်းကြာဝတ်မှုန် ကို နောက်တစ်ခေါက် လက်ထဲမှာ ခိုင်းဖတ်နိုင်ဖို့ ကျွန်တော်ပေးလိုက်ရတဲ့ အချိန်နဲ့ အကြောင်းအရာလေးတွေက ရှိလို့နေပြန်ပါတယ်။ 

ပထမဆုံး ရန်ကုန်မှာ ရှိတဲ့ အမတစ်ယောက်ကို ကျွန်တော် ဆရာမရဲ့ စာအုပ်ကို လှမ်းမှာလိုက်ပါတယ်။ အေး... ဝယ်ပြီးပို့ပေးမယ်ဆိုတဲ့ အတွက်ကြောင့် ကလေးငယ်တစ်ယောက်လို ကျနော် ပျော်ရွှင်ခဲ့ရပါတယ်။ မကြာခင် ကျွန်တော်လိုချင်နေတဲ့  အရာဝတ္ထု လက်ထဲရောက်လာတော့မယ်ဆိုတဲ့ အသိကလည်း ကျွန်တော့်ကို တက်ကြွစေပြန်ပါတယ်။ အချိန်ကာလတစ်ခုအရောက်မှာတော့ အသိအမ ရက်ရှည်နေမကောင်း ဖြစ်နေတာကြောင့် နှုတ်ခမ်း ဆီတဝင်းဝင်း ဖြစ်နေတဲ့ မုန့်ဆီကြော်လေး ဘယ်ရောက်သွားမှန်း မသိ ဖြစ်သွားခဲ့ရပါတယ်။ 

ပလောင်တောင်တက် ဘယ်လောက်ပဲ နှေးနေပါစေ လက်ဖက်ကောင်းကောင်း စားရဖို့ အတွက်ပဲဆိုတဲ့ စိတ်ကြောင့် နောက်ထပ်ရမဲ့ အခွင့်အရေးကို စောင့်နေခဲ့ပါတယ်။ သိပ်မကြာလိုက်တဲ့ အချိန်အတွင်းမှာပဲ အသိအစ်ကိုတစ်ယောက် မြန်မာပြည်ပြန်မယ်ဆိုတာကြောင့် ဘာမှာအုံးမလဲ လို့မေးတဲ့ မေးခွန်းအပေါ်မှာပဲ မဆိုင်းမတွ ကျွန်တော်အတွက် ဆရာမခင်ခင်ထူးရဲ့ ပန်းကြာဝတ်မှုန် .... စာအုပ် ဝယ်လာခဲ့ပေးပါလို့ မှာဖြစ်လိုက်တယ်။ ဖတ်ချင်တဲ့ ဆန္ဒပြင်းပြနေပင်မဲ့ တစ်လဆိုတဲ့ အချိန်က သိပ်မကြာပါဘူးလေလို့  ကိုယ့်စိတ်ကိုယ် ပြန်.. ပြန်ပြောနေရတယ်။ ဖုန်းမြည်သံနှင့်အတူ တွေ့လိုက်ရတဲ့ ဖုန်းပေါ်မှာပေါ်နေတဲ့ ခေါ်ဆိုသူ ရဲ့နာမည်ကြောင့်တဒင်္ဂ ပျော်ရွှင်မှုဟာ ကျွန်တော် ဘာနဲ့မှ မလဲနိုင်ပါဘူး။ ..အေးကွာ.. ပြန်လာရတော့လည်း ရုတ်တရက်ကြီး...၊ မလာခင်ရက်ပိုင်းလေးမှ အဖေက ဆေးရုံးတင်လိုက်ရတယ်....။ ဒီအသံတွေကို ကြားလိုက်ရတဲ့ အချိန်ထိ ကျွန်တော့်ရဲ့ မျှော်လင့်ချက်လေးကို ကိုင်ထားနေမိတုန်း။ 
 
ကျွန်တော်ကိုယ်တိုင်   တောင်တက်လာခဲ့မိတာ ဘာလိုလိုနဲ့ တစ်ဝက်တောင်ရောက်နေမှပေါ့။ တစ်နေ့တစ်လှမ်း ပုဂံ ဘယ်မရွေ့ဆိုသလို( စလုံးပေါင်း သတ်ပုံနှင့် စကားပုံများ မှားနေနိုင်ပါသည်)၊ တောင်ကြီး ဖဝှားအောက် ဆိုတဲ့ စကားကြောင့် ဖြေးဖြေးမှန်မှန် တက်လာခဲ့ပြန်ပါတယ်။ ဒီတစ်ခါတော့ ဘယ်လိုနည်းနဲ့မှ မလွဲနိုင်မှန်း သေချာသလောက် ဖြစ်နေတဲ့ ဒုတိယအသိ အမတစ်ယောက်နဲ့ ထပ်မှာလိုက်ပြန်ပါတယ်။ သူမပြန်တာက တပတ်ပဲ ဆိုတော့ကာ ဒီထပ်သေချာတာ ဘယ်ရှိနိုင်ပါ့တော့မလဲ။ ဖင်လှည့်ခေါင်းလှည့်နဲ့ တစ်ပတ်ဆိုတဲ့ အချိန်လေးပြည့်သွားတဲ့ အချိန်မှာတော့ ရှေ့ခြေတစ်လှမ်း လှမ်းဖို့ ကူထောက်ပေးထားရတဲ့ နောက်ခြေ ချော်သွားရသလိုပါပဲ။ ပုံမှန်အနေအထား မဟုတ်တော့ပဲ ယိမ်းယိုင်သွားစေခဲ့တာတော့ အမှန်ပါ။ သို့သော် တောင်တက်သူတို့ရဲ့  သတိဆိုတဲ့ အသိတချက်ကြောင့် ကျနေပြီးဖြစ်တဲ့ စိတ်ဓါတ်ကို မသိချင်ယောင်ဆောင်ပြီး မေ့ထားလိုက်ရပါတော့တယ်။
လိုချင်နေတဲ့ အချိန်မှာ လွယ်လင့်အကူ မရတက်တာ လောကနိယာမ ဆိုတာထက် ကျွန်တော့်ရဲ့ကြမ္မာလို့ ပြောရမလိုဖြစ်နေပါပြီ။ မေ့ထားလိုက်တာ မေ့လောက်ပြီးဆိုတဲ့ အချိန်မှာမှ ကျွန်တော်ဆီကို ( ပထမ အသိအမ ဆီမှ ) အီးမေးလ်လေး တစ်စောင်ရောက်လာတယ်။ 

ငါ .... မနေ့ကပဲ နင်လိုချင်နေတဲ့ စာအုပ် ( ပန်ကြာဝတ်မှုန် ) ကို စာတိုက်ကနေပို့ပေးလိုက်ပြီ။
ငါ... သိချင်တာလေး တစ်ခုလောက်တော့ နင့်ကို မေးချင်တယ်။ ( ဖြေနိုင်မယ် ဆိုရင်ပေါ့ )
ဘာကြောင့် ပန်းကြာဝတ်မှုန် ....ဆိုတဲ့ ဝတ္ထုကို မှာရတာလဲဆိုတာ ပြောပြနိုင်ရင် ပြောပြပါလား။

ကျွန်တော်ချက်ချင်းပဲ အကြောင်းပြန်စာ ချရိုက်ရေးလိုက်ပါတယ်။

အမ. . .  ဒီမေးခွန်းကို တကယ်မသိလို့ မေးတာလား ၊ ဒါမှမဟုတ် သိလျှက်နဲ့ မေးနေတာလား။
တကယ်မသိလို့ မေးတာဆိုရင်တော့ ပန်းကြာဝတ်မှုန် .... စာအုပ်ကို တစ်ခေါက်လောက်
ဖြစ်ဖြစ်ဖတ်ကြည့် စေချင်တယ်။ အမ ဖတ်ဖူးသွားရင်တော့ ဘာကြောင့် ကျွန်တော် လှမ်းမှာရတာလဲ
ဆိုတာ အမ သဘောပေါက်သွားပါလိမ့်မယ်။ 
ဒါမှမဟုတ် သိရက်နဲ့ မေးတာ ဆိုရင်တော့ အဖြေတူမတူ တိုက်စစ်ချင်လို့ပဲလို့ ကျနော် နားလည်လိုက်ပါ့မယ်။
ကျွန်တော် အဖြေကိုတော့ မမေးပါနဲ့တော့။
အမ သိထားပြီးဖြစ်တဲ့ အဖြေနဲ့ ထပ်တူပါပဲလို့ ပြောပါရစေ။
( ဘာပဲ ဖြစ်ဖြစ် စာအုပ်ပို့ပေးတဲ့ အမကို ကျေးဇူးတင်ပါတယ်)

လေးစားစွာဖြင့် 
ရီနိုမာန်

October 30, 2011

သေဆုံးခြင်း အတက်ပညာ

တစ်နေ့တော့ ကျွန်တော်တို့ တစ်တွေ သေဆုံးကြရမယ်ဆိုတာ သေချာပါတယ်။ သေဆုံးခြင်း အတက်ပညာကိုလည်း ကျွန်တော်တို့ သင်ယူစရာ မလိုလောက်အောင် ပါရမီရှိခဲ့ကြတဲ့ လူတွေပါ။ သေဆုံးတဲ့ အခါမှာတော့ လှပစွာနဲ့ အေးချမ်းစွာ သေဆုံးတက်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်ကိုယ်တိုင် သေဆုံးခြင်းနှင့် အဝေးမှာရပ်နေရပင်မဲ့ သေချာပါတယ်။ ကျွန်တော်လည်း တစ်နေ့တော့ ပညာရပ်တစ်ခုကို သင်ယူနေရပင်မဲ့ သေဆုံးခြင်း အတက်ပညာကိုတော့ သင်ယူနေစရာ မလိုပဲ အလိုလို တက်မြောက်သွားအုံးမှာပါ။ လူသားအားလုံး သေဆုံးကြရမှာ အမှန်ပါ။ သေဆုံးပြီးနောက် ကျန်ခဲ့မဲ့ အကြောင်းအရာကတော့ လှပဖို့ လိုလိမ့်မယ်လို့ ကျွန်တော် တွေးမိပါတယ်။

ကမ္ဘာအရပ်ရပ်မှာ သေဆုံးသွားကြတဲ့ လူဦးရေ မြောက်များစွာရှိပါတယ်။ သေဆုံးရခြင်း အကြောင်းအရာကလည်း အမျိုးမျိုးနဲ့ပေါ့။ ကျွန်တော့် ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ သေဆုံးသွားတဲ့ လူတွေကလည်း ပုံစံအမျိုးမျိုးနဲ့။ သေဆုံးခါနီးမှာ ခံစားရတဲ့ လူတွေရဲ့ ဒုက္ခကလည်း အစုံစုံပါပဲ။ သေဆုံးခါနီး ခံစားရတဲ့ ဝေဒနာကလည်း လွယ်ကူတဲ့ အလုပ်တစ်ခုကို လုပ်နေရတာနဲ့ မတူပဲ အလုပ်တစ်ခုအောင်မြင် ပြီးဆုံးဖို့  အားကြိုးမာန်တက် လုပ်ကိုင်နေရတဲ့ သဘောပါပဲ။ လုပ်ငန်းချင် မတူတာကလွဲရင်ပေါ့။

သေဆုံးသွားကြတဲ့ ကျွန်တော့်ပတ်ဝန်းကျင်က လူတွေကို  ကျွန်တော် ပြန်စဉ်းစား ကြည့်မိတယ်။ အနီးစပ်ဆုံး ကျွန်တော့် အဘွား (  ကျွန်တော့် အဖွားရဲ့ အမေပါ ) ကို ကျွန်တော် ခုချိန်ထိ မှတ်မိနေသေးတယ်။ သေခါနီးမှာ အပမှီသွားလို့ ကောင်းကောင်းမွန်မွန် သေဆုံးရမဲ့ သက်ကြီးရွယ်အိုတစ်ယောက်ဟာ နောက်ဆုံး အသက်ထွက်တော့ မရှုမလှ သေဆုံးသွားရတာကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတယ်။ ဒါဟာလည်း ရှေ့ဘဝက အကုသိုလ်ကြောင့်များလားပေါ့။ နောက် ကျွန်တော်အဖေ သေဆုံးသွားတဲ့ အချိန်မှာတော့ ကျွန်တော်ဟာ အဖေ့ရဲ့ အနားမှာ ရှိမနေခဲ့ပါဘူး။ အဖေ ဘယ်လိုများ ခံစားသွားရမလဲဆိုတာ အနီးကပ်ရှိနေတဲ့ ကျွန်တော့်အကိုကလွဲလို့ ဘယ်သူမှ သိလိုက်ကြမှာ မဟုတ်ပါဘူး။ 

ကျွန်တော်ကိုယ်တိုင် အဖေနဲ့ပတ်သက်တဲ့ နောက်ဆုံးအဖေ ဖြတ်ကျော်ခဲ့ရတဲ့ သေဆုံးခြင်း ဝေဒနာကို မေးမြန်းဖို့လည်း အခွင့်မသာခဲ့ ပြန်ပါဘူး။ ကျွန်တော် အစ်ကိုသည်လည်း သေဆုံးခြင်း ပညာကို စောစောစီးစီး သင်ယူပြီးမြောက်ခဲ့ပြန်ပါတယ်။ ကျွန်တော့် အကို သေဆုံးသွားတဲ့ အခါမှာလည်း ကျွန်တော်ဟာ သူ့အနားမှာ ရှိမနေခဲ့ပြန်ပါဘူး။ ဒါကြောင့် ကျွန်တော့် အဖေနဲ့အစ်ကိုရဲ့ သေဆုံးခြင်း နောက်ဆုံးခရီးမှာ ဘယ်လိုဝေဒနာ တွေများ ခံစားသွားရမယ်ဆိုတာ ကျွန်တော်ကိုယ်တိုင် သေသေချာချာ မသိလိုက်နိုင်ခဲ့ပါဘူး။

ဒီလိုပဲ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်းတိုင်းကြောင့်လည်း လူပေါင်းမြောက်များစွာဟာ သေဆုံးခြင်းလက်မှတ်ကို မထင်မှတ်ပဲ လက်ခံလိုက်ရတဲ့ အဖြစ်ပါ။ အဲ့အထဲမှာ မနေ့တနေ့ကမှ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်ကလည်း ပါဝင်သွားခဲ့ပါတယ်။ အဖြစ်ဆိုးတာကတော့ သူမရဲ့ ရုပ်အလောင်းကို ပြန်ရှာမတွေ့တော့တာ ပါပဲ။ သေဆုံးခြင်း ပညာကို သူမသည်လည်း စောစောလေ့လာ သင်ယူခွင့်ရလိုက်တယ်လို့ပဲ ကျနော် နားလည်လိုက်မိပါတယ်။

တစ်နေ့နေ့တော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒီပညာရပ်ကို သင်စရာမလိုပဲ တက်မြောက်ရအုံးမှာပါ။

လေးစားစွာဖြင့်
ရီနိုမာန်     

October 18, 2011

တောရောက် တောင်ရောက် စိတ်

စိတ်ရှိရင် ဘာမဆို ဖြစ်နိုင်တယ် ဆိုပင်မဲ့ ကံကြမ္မာရဲ့ လှည့်စားမှုကိုတော့ ခံကြရစမြဲပါ။ တစ်လောက ပြည်တော်ပြန် အပိုင်း ( ၁ နှင့် ၂)ဆိုပြီး မြန်မာပြည် ပြန်ဖြစ်ခဲ့ရင် လုပ်ချင်တာလေးတွေ သွားချင်တဲ့ နေရာလေးတွေကို စိတ်ကူးနဲ့ ရေးခဲ့ဖူးပါတယ်။ တကယ်လို့ မြန်မာပြည် ပြန်ဖြစ်ခဲ့ရင်လည်း  ပြည်တော်ပြန် အပိုင်း( ၁နှင့်၂) အထဲကအတိုင်း လုပ်ဖြစ်အောင် လုပ်မယ်လို့ စိတ်ကူးထား ပြီးသားပါ။ အခုတော့ ကံကြမ္မာရဲ့ လှည့်စားမှုကို လှလှပပကြီး ခံလိုက်ရပါပြီ။

မြန်မာပြည်ကို ပြန်ဖြစ်ခဲ့ရင် Silk Air လေကြောင်းလိုင်းနဲ့မှ ပြန်ချင်ပါတယ် ဆိုတဲ့ ကျနော် လေယာဉ်လက်မှတ် မိတ္တူ လာအပေးမှာတော့ Jetstar လေယာဉ်လက်မှတ်ကြီး ဖြစ်နေပါတော့တယ်။ အဒွန့်တက်ဖို့ စိတ်ကူးလိုက်ပါသေးတယ်။ ( စင်ကာပူရောက်တာ လေးနှစ်နီးပါလောက် ရှိနေပြီးဆိုတော့ အကျင့်လေးတွေက နည်းနည်းကူးချင်လာတယ်) နောက်မှ ကိုယ့်စိတ်ကိုယ်ပြန်ထိန်းရင်း ... အလကားရတဲ့ လက်မှတ်ပဲ ဘာဖြစ်ဖြစ်ဆိုပြီး နေနေလိုက်မိပါတော့တယ်။
လေယာဉ်လက်မှတ် မြန်မာပြည်ကို  ပြန်မဲ့ရက်နဲ့ မြန်မာပြည်က ပြန်လာမဲ့ရက်ကို ကြည့်လိုက်ပြန်တော့လည်း တစ်လဆိုမှ တစ်လ ကွက်တိပဲ။ ဟာ...သွားပြီ။ ကျွန်တော်ထင်ထားတာက ၄၅ ရက်လောက်တော့ ရလိမ့်မယ်လို့ ထင်ထားတာ။ အခုတော့ မှန်းချက်နဲ့ နှံထွက်မကိုက်ဘူး ဖြစ်နေပြီ။ အစီအစဉ်တွေ အားလုံးပြန်ပြောင်းရတော့မယ်။ သူငယ်ချင်းတစ်ယောက်နဲ့ တူတူပြန်ပြီး မြန်မာပြည်မှာ ခရီးရက်ရှည်ထွက်မယ်လို့ တွေးထားတာ အခုတော့ ရက်ရှည်တော့ မဖြစ်နိုင်တော့ဘူး။ ရက်တိုလောက်ပဲ ဖြစ်တော့မယ်။ 

အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် ကိုယ်ကိုတိုင် အရင်းလုပ်ကြည့်တယ်။ ကိုယ်လုပ်ကြည့်လို့ ကောင်းတဲ့ အခြေအနေရှိတယ် ဆိုရင် သူငယ်ချင်းတွေကို ဆွဲဆောင်ရတာ အကျင့်တစ်ခုလိုကိုး ဖြစ်နေပါပြီ။ ပြီးခဲ့ ဆန်းဒေးက ( ၇)ကြိမ်မြောက် စင်ကာပူမှာ သွေးသွားလှူဖြစ်တယ်။ ကျနော် မဲဆွယ်လို့ သွေးလိုက်လှူဖြစ်တဲ့ သူငယ်ချင်း သုံးယောက်ရှိတယ်။ တစ်ယောက်က ခြောက်ကြိမ်မြောက် ၊ နောက်တစ်ယောက်က သုံးကြိမ်မြောက် ၊ နောက်တစ်ယောက်ကတော့ ၂ ကြိမ်မြောက်။ ၆ကြိမ်နဲ့ သုံးကြိမ်ကတော့ ကျနော်နဲ့ အတူနေတဲ့ သူငယ်ချင်းနှစ်ယောက်။ ၂ကြိမ်မြောက်ကတော့ စလုံးတရုတ်။ 

ပုံမှန်ဆိုရင်တော့ Woodland က သွေးလှူဘဏ်မှာပဲ သွားလှူဖြစ်တယ်။ ကျွန်တော်နဲ့လည်း နီးတယ်။ စလုံးတရုတ်လိုက်လှူတဲ့ နောက်ပိုင်းတော့ SGH မှာပဲ သွားလှူဖြစ်တယ်။ သူက လေဆိပ်ဘက်မှာနေတော့ ကျနော်တို့ ဆီကို မလာချင်ဘူး ဝေးလို့တဲ့လေ။ ကျနော်လည်း ဘာမှ မပြောတော့ပါဘူး။ သူ့ဆီက လှူချင်တယ် ဆိုတဲ့ စိတ်ဖြစ်နေတာကိုပဲ ကျွန်တော် ရအောင်ယူထားလိုက်မိတယ်။ အဲဒီအတွက်လည်း ကျနော်ပီတိဖြစ်ရပါတယ်။

တစ်ဖက်က ပီတိဖြစ်ရပင်မဲ့ တစ်ဖက်ကလည်း စိတ်ညစ်ရပါတယ်။ သူများတကာတွေ ဖုန်းခိုင်းတာ နှစ်နဲ့ချီကြာလဲ ဘာမှမဖြစ်ပါဘူး။ ကျနော် အသစ်လျှောက်ထားတဲ့ ဖုန်းလေး ၂လပဲ ရှိပါသေးတယ်။ ပါဝါမတက်လို့ ဒီနေ့ပဲ M1 မှာ အသစ်တစ်လုံး သွားပြန်လဲလိုက်ရပါတယ်။ ကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့ တစ်နှစ် ဝရမ်တီရှိနေသေးလို့။ နို့ မဟုတ်ရင် ... ပလုံ ဆိုတဲ့ အသံလေးတောင် ကြာလိုက်ရမှာ မဟုတ်ပါဘူး။
လေးစားစွာဖြင့်
ရီနိုမာန်