August 14, 2009

မအိမ်ကံ ( for Aug ) အပိုင်း - ၅

“ဖဆပလ အစိုးရကကော ဘာထူးတုံး။ အိမ်ကလေးရယ်၊ ယာသမားကိုင်းသမားများခမျာ အေးအေးမနေကြရဘူး။ ရေကန်တူးလိုက်ရ၊ ကန်ဆည်လိုက်ရ၊ ကဆိုလို့ကကြရ၊ တီးဆိုလို့ တီးကြရ။ စိတ်မချမ်းသာဘဲ လုပ်နေကြရတာနဲ့ ပြီးနေရတယ်။ စပါးရောင်းပြီးတော့လည်း သူခိုးဓားပြဘေးက မလွတ်တော့ ကိုယ့်ရွာကိုယ် ကင်းစောင့် နေကြရတာက ပိုသေး”

သည်စကားမျိုး ကိုပြေသိမ်း မကြာခဏ ပြောတာကို လည်း မအိမ်ကံ သတိရသည်။ စပါးဈေး၊ ပဲဈေး၊ ၀ါဈေးတွေ ကျလာလို့ လုပ်ငန်းကိုင်ငန်း မကောင်းတာတွေ ကြုံရပါ၏။ သီးနှံပေါ်ချိန်မို့ အလှူကြီး ပေးရာမှာတောင် ဓားပြအတိုက်ခံ ရတာတွေလည်းများပြီ။ မြို့ကရဲသားတွေ အစောင့်ခေါ်ပြီး အလှူလုပ်ရတာမျိုးအထိ ဖြစ်လာခဲ့သည်။ မအိမ်ကံက နိုင်ငံရေး နားမလည်သော်လည်း စီးပွားရေးတော့ တီးမိခေါက် မိရှိပါ၏။ နေမြဲတိုင်းနေ၊ လုပ်မြဲတိုင်း လုပ်နေကြရသော်လည်း မဖူလုံကြသည့် ဘ၀တွေကို မအိမ်ကံ မြင်ခဲ့ရလှပြီ။ ကြုံခဲ့ရလှပြီ။

အိမ်ကြီးပေါ်မှာ တစ်ယောက်တစ်ပေါက်စကားတွေ ပြောကြတာ မောလာတော့မှ လူစုကွဲတော့သည်။ ကိုကံကြီးမောင် ကတော့ သူတကာ ပြန်လို့တောင်မပြန်။ ကိုပြေသိမ်းအဖေက ဆွဲထားတတ်သလို ကိုပြေသိမ်းကလည်း ကိုကံကြီးမောင်နှင့် ဆိုလျှင် လေပေးဖြောင့်သည်။ များသောအားဖြင့် မအိမ်ကံ သဘောပေါက်သလောက်တော့ ကွန်မြူနစ်ဝါဒအကြောင်းတွေ များသည်။ မအိမ်ကံကတော့ ဖဆပလလည်း မသိ။ ကွန်မြူ နစ် အဖြူအနီဆိုတာလည်း မသိ။

ပြည်သူ့ရဲဘော်တို့ ဆိုရှယ်လစ်တို့ ဆိုတာတော့ ဝေးလာဝေးကရော။ မအိမ်ကံ နားလည်တာ တစ်ချက်ပဲရှိသည်။ ကိုပြေသိမ်း အချိုးပြောင်းလာတာကိုဖြစ်ပါ၏။ ထနောင်းတိုင်ရောက်နေသည့် လေး၊ ငါးရက် အတွင်း ကိုပြေသိမ်းစကားတွေ ပြောလွန်းသည်။ ပြောသမျှလည်း အေးအေးသက်သာမရှိ။ တစ်ခါတစ်ရံ အခန့်မသင့် သူနှင့်တွေ့ လျှင် ပို၍ပင် ဆိုးတော့သည်။ အော်ကြီးဟစ်ကျယ် ရှိလာတာကို မအိမ်ကံ အံ့သြရသည်။ ကိုယ့်အိမ်ကိုလာသည့် ဧည့်သည်ကို မအော်စေချင်ကြောင်း ပြောရသည်အထိပင်။ ကိုကံကြီးမောင် နှင့်တော့ အဆင်ပြေပါ၏။ တစ်သဘောတည်း ရှိပုံရသည်။

“ကိုယ့်ကိုယ်ကိုလည်း ကျောင်းအုပ်ဆရာကြီး ဆိုတာ သတိရပါဦးမှပေါ့ အစ်ကို။ ပြီးတော့ ကိုယ့်အိမ်မှာ ကိုယ်ကဖိ ပြောနေတာကျတော့ မကောင်းဘူးပေါ့။ အစ်ကိုတို့ဟာက ကနေ့ ငြင်းခုန်အော်ဟစ်။ နောက်မနက်ကျတော့ အကောင်း။ ဒါနဲ့များ အစ်ကိုရယ် ဖြည်းဖြည်းသက်သာရှိပါမှပေါ့”

သည်လိုဆိုပြန်တော့ ကိုပြေသိမ်းကခေါင်းတညိတ်ညိတ် ရှိရှာပါ၏။ ညပိုင်း ဧည့်သည်တွေ မရှိတော့လည်း သားအဖ နှစ်ယောက် စကားကောင်းနေတတ်ကြသည်။ ဇောင်ချမ်းကုန်း ကိုပြန်ကြမည့်ရက်က ကိုကံကြီးမောင်နှင့် နှစ်ယောက် အိမ်ကြီး ပေါ်ကမဆင်း တိုးတိုးတိုးတိုး လုပ်နေလို့ မအိမ်ကံကိုယ်တိုင် စကား ၀င်ဖြတ်ရပါ၏။ ဒါတောင် ကိုကံကြီးမောင်က ကိုပြေသိမ်းကို တစ်ရက်၊ နှစ်ရက် နေခဲ့ပါဦးလုပ်နေလို့ တောင်းပန်ရသည်။ မအိမ်ကံတို့ သားအမိချည်း ရွာပြန်လွှတ် ရန်ဖြစ်၏။ ကိုပြေသိမ်းအမေက လက်မခံပါ။ သားဖြစ်သူကို မိသားစုနှင့် ပြန်စေချင်သည်။

“မင်းတို့သားအဖမလည်း ကံကြီးမောင်ကို ဓာတ်စာလုပ် နေကြသာပေါ့လေ။ မောင်နှင်းရေ ငါရင်လေးသေးသယ်။ မင်းပြန်သွားရင်မင်းအဖေ လူတရုန်းရုန်းနဲ့ ကျန်ရစ်မှာ”

မိခင်ဖြစ်သူက ကိုပြေသိမ်းကို မောင်နှင်း(သက်နှင်း)ဟု ခေါ်ခြင်းဖြစ်၍ ကျန်လူစုကတော့ သခင်နာမည် မောင်ပြေသိမ်း လို့ပဲခေါ်တာ မအိမ်ကံ သတိထားမိသည်။ ကိုကံကြီးမောင်က ကိုပြေသိမ်းကို တားမရတော့ ကျုပ်ဇောင်းချမ်းကုန်းကို လာခဲ့မယ် ဆိုလေ၏။ မအိမ်ကံပင် ပြုံးမိရသည်။ အတော်ဇွဲကြီးတဲ့ လူ။ ကိုကံကြီးမောင် ထည့်ပေးလိုက်သော အင်္ဂလိပ်စာအုပ်တွေ ပါလာတာကိုလည်း ကိုပြေသိမ်းကျေနပ်နေပုံရပါ၏။ အပြန် လှည်းပေါ်မှာပင် ဖတ်လိုက်လာခဲ့သည်။ စာအုပ်ထဲ စိတ်ပါနေတော့ ဇနီးကိုလည်းမေ့၊ သမီးတွေကိုလည်း သတိမရတော့။ စက္ကူတွေ ၀ါးစားတော့မည့်အတိုင်း မျက်လုံး စိုက်ထားလိုက်တာ စကားရယ်လို့လည်း မထွက်၊ ဘေးဘီကိုလည်း မကြည့်။

“သားအဖတစ်တွေ ခရီးသွားရတုန်း ပျော်ပျော်ပါးပါး မရှိဘူး။ ဖတ်လိုက်ရသဲ့စာ။ သည်လိုမှန်းသိ ထနောင်းတိုင် မှာထားခဲ့ရ အကောင်းသား”
မအိမ်ကံ ခနဲ့တော့မှ စာအုပ်ကို ပိတ်ကာပြုံးပြသည်။

မအိမ်ကံ ပါးကလေးကို ဆွဲလိမ်သည်။
“မအိမ်ကံကို အင်္ဂလိပ်စာသင်ပေးစမ်းပါ အစ်ကို။ ငယ်ငယ်တုန်းက အစ်ကိုမောင်မြတ်သာ သင်ပေးဖူးလို့ အနည်း အကျဉ်းတော့တတ်ပါရဲ့။ အဲသလို အင်္ဂလိပ်ဘိုးအုပ်ကြီးတွေ ဖတ်ကြည့်ချင်လို့။ ဘာတွေများကောင်းလို့လဲဆိုတာ ဖတ်လိုက် ချင်စမ်းလို့ပါ”

“၀တ္ထု မဟုတ်ပါဘူး အိမ်ကလေးရဲ့။ နိုင်ငံရေး စာအုပ်တွေပါ”

“နိုင်ငံရေးစာအုပ်တွေ၊ ဟုတ်လားအစ်ကို”

ဆင်ပေါက်ကောက် ရိုးခိုးစားပြန်ပါပကောလား။ သည်ဘ၀နိုင်ငံရေးက လွတ်ပါဦးမလား။ မင်းတိုင်း ဆယ့်နှစ်မှုပွေလို့ ရေထမ်းကာမှ ရေအိုးကွဲရသည့် အဖြစ်မျိုးကို မအိမ်ကံ ကြောက်လှပြီ။ ကိုပြေသိမ်းက လွတ်လပ်ရေးရပြီး နောက်ပိုင်း အစိုးရ အသိအမှတ်ပြု မူလတန်း ကျောင်းအုပ် ဖြစ်လာခဲ့ပါ၏။ မအိမ်ကံ ကျောင်းကလေးသည်ပင် အစိုးရကျောင်းစာရင်းဝင် ခဲ့ပြီ။ ကျောင်းအုပ်ကြီးကတော်ဆိုသည့်ဂုဏ်၊ စာသင်ကျောင်း အစ်မဆိုသည့် ဂုဏ်ဖြင့် အေးအေးလူလူ ရှိချင်လှပြီ။ သမီးကြီးပင် ခြောက်နှစ်ရှိခဲ့ပြီ။ မအိမ်ကံတို့ ကိုယ်တိုင်ပင် အသက်တွေ မငယ်ကြတော့။ နောက်ဆယ်နှစ်ဆိုလျှင်ပင် သမီးကြီးအရွယ် ရောက်ပြီ။ သည်သမီးနှစ်ယောက်ကို ဂွမ်းလိုနု၊ ဆီလို အုရုံသာရှိတော့တာ မဟုတ်လား။

မအိမ်ကံက စာအုပ်တွေကို တစ်အုပ်ချင်းကောက်ကိုင် ကြည့်သည်။ စာအုပ်တွေက လေးသားပါလား။ အားလုံး ခြောက်အုပ်။ အဖုံးမှာ နှုတ်ခမ်းမွေးနှင့် လူပုံတစ်ပုံပါသည်။ ကျန်တာ ဘာမှန်းမသိ။ မအိမ်ကံက စာအုပ်တွေကိုပြန်ချလိုက် ရင်းသက်ပြင်းတစ်မချမိရပါ၏။

“မမကံ အင်္ဂလိပ်စာသင်ရင် ကျုပ်ပါရောသင်လိုက်ချင် စမ်းဗျာ။ ကျုပ်ဆရာလေးလို အင်္ဂလိပ်ဘိုးအုပ်တွေ ဖတ်ချင်သာ မမကံရ”

ဖိုးကူးက ဘာမှန်း ညာမှန်းမသိ ၀င်ပြောလိုက်သဖြင့် မအိမ်ကံက ဖိုးကူးခေါင်းကို ဒေါင်ခနဲ ခေါက်လိုက်လေ၏။ ကိုပြေသိမ်းက တဟားဟား ရယ်လေသည်။

ထနောင်းတိုင်က ပြန်ရောက်ကတည်းက မအိမ်ကံ မနားရတော့ပါ။ ထွန်ချိန်၊ ယက်ချိန်၊ မျိုးရွေးကြချိန်ဆိုတော့ တောအလုပ်ထဲလည်းပါရ၊ ရက်ကန်းရုံလည်း ၀င်ရနှင့် ဖတ်ဖတ် မောရတော့သည်။ ကိုပြေသိမ်းကတော့ ကျောင်းပိတ်ထားချိန်မို့ သမီးနှစ်ယောက်ထိန်းရင်း စာအုပ်ဖတ်ရင်း အချိန်ကုန်နေတော့ ၏။ ၀ါဈေးတွေ ကျသော်လည်း ရက်ကန်းထည်တွေက ရက်မ နိုင်လောက်အောင် အမှာအယူများသည်။ စစ်ကြီးပြီးတာ ငါးနှစ်ခန့် ကြာပြီဆိုသော်လည်း အရောင်းအ၀ယ် ဈေးကွက်တွေ ကတော့ မငြိမ်သေး။ သည်ဘက်တစ်နှစ် နှစ်နှစ်ကျမှ ဈေးစည်လာခဲ့သည်။ စစ်ကြီးအတွင်း အစစအရာရာ ရှားပါးခရာမှ အနယ်နယ် အရပ်ရပ်မှ ကုန်ပစ္စည်းတွေ အရောက်အပေါက် အကူးအလူးများလာခဲ့သည်။ မြင်းခြံဆိပ်ကမ်းတွင် ဆိုက်ကပ် လာကြသော အနယ်နယ်မှကုန်များ အရောင်းအ၀ယ် လိုက်လာ သကဲ့သို့ မြင်းခြံနယ်ထွက်ကုန်တွေကလည်း အထွက်အပြု ကောင်းလှသည်။ လွတ်လပ်ရေးရပြီး ဖြစ်၍ နိုင်ငံရပ်ခြားမှ အထည်အလိပ်မျိုးစုံတွေ ၀င်ကြပြီဆိုသော်လည်း မြန်မာ ချည်ထည်တွေကတော့ အသုံးတွင်နေတုန်းပင်။ အထူးသဖြင့် ဖျင်ပင်နီချောတွေဆိုလျှင် မအိမ်ကံ ကိုယ်ပိုင် တံဆိပ်ထိုးကာ ရောင်းချရာမှ မအိမ်ကံထည်ဟူ၍ နာမည်ရလာခဲ့သည်။

သည်ရက်တွေထဲမှာ ကိုပြေသိမ်းကလည်း မန္တလေးကို ချည်ခင်တွေ၊ ဆိုးဆေးတွေ အ၀ယ်ထွက်ရတာတွေ ရှိလာပါ၏။ ကျောင်းတစ်ဖက်နှင့်ဆိုတော့ အခါခပ်သိမ်းတော့ လုပ်မပေးနိုင်။ ကျောင်းပိတ်ရက်ကလေးမှာ လှစ်ခနဲ ပြေးရခြင်းမျိုး ဖြစ်သည်။ မန္တလေးအထိ တက်ရမှာဆိုတော့ လည်လည်ဝယ်ဝယ် ရှိသူကို လွှတ်ရခြင်းဖြစ်၏။ ကိုပြေသိမ်းက မန္တလေးစာပုံနှိပ် စက်တစ်ခုတွင် မအိမ်ကံ၊ ဇောင်ချမ်းကုန်း၊ မြင်းခြံ ဆိုသည့် တံဆိပ်ကလေးတွေ ရိုက်လာခဲ့ခြင်းဖြစ်၏။ စာတန်းအောက်က ပင်ဖြူချည်ချောထည်၊ ပင်နီချည်ချောထည်၊ ဆေးခိုင်အာမခံသည် စသည်ဖြင့် ရိုက်ထားသေးသည်။ တံဆိပ်ကလေးပါ တော့ အထည်တွေမှာ အာရုံတစ်မျိုးရသွားသလို ခံစားရသည်။


လေးစားစွာဖြင့်
ရီနိုမာန်


1 comment:

Yu Ya said...

သေချာ မဖတ်သွားရဘူး ကိုရီနိုရေ.. ပြီးမှ ပြန်လာဖတ်မယ်။

yu ya