August 20, 2009

မအိမ်ကံ ( for Aug ) အပိုင်း - ၆

တစ်ရက်မှာတော့ အစ်ကိုမောင်မြတ်သာနှင့် မမစိမ်းမြ တို့ ရွာကိုပြန်လာကြသည်။ အစ်ကိုတို့မှာ သားသမီးမပေါ် ပေါက်တာကိုတော့ မအိမ်ကံ စိတ်မကောင်း ဖြစ်ရပါ၏။ မမစိမ်းမြက ရွာမှာနေတုန်းကလို မဟုတ်။ နဂိုချောချောသူ ဆိုတော့ မြို့သွေး မြို့မွေးကလေးပေါက်လို့ မြို့ထည်ကလေး တွေနှင့် လိုက်ဖက်လှပါ၏။ မမစိမ်းမြက မအိမ်မြိုင်နှင့် မအိမ်ခိုင်ကိုကြည့်ရင်း အံသြနေသည်။

“ငါ့ညီမရယ် ကံကောင်းလိုက်တာအေ၊ ညီအစ်မနှစ် ယောက်ဆိုတော့ အဖော်ရတာပေါ့။ ဆိုးတိုင်ပင် ကောင်းတိုင် ပင်ပေါ့ဟယ်၊ မအိမ်ကံ အစ်ကိုက ကလေးလိုချင်သာ ရူးလို့။ မမစိမ်းမြလည်း ရုက္ခစိုးမှာ ဆုပန်ရသာနဲ့ ညောင်ပင်အောက်က မထွက်ရပါဘူးအေ”

မမစိမ်းမြ စကားကြောင့် မအိမ်ကံစိတ်မကောင်းသည့် ကြားက ရယ်မိသည်။ အစ်ကိုမောင်မြတ်သာက တူမနှစ် ယောက်ကို အတော်ချစ်ရှာပါ၏။ အမေပန်းရုံနှင့် အစ်မလှအုံ တို့ကတော့ အစ်ကိုမောင်မြတ်သာ အသားတွေမည်းကာ လူပုံ ကြမ်းသွားတာကို ပြောမဆုံးကြ။ အစ်ကို ရွာပြန်မလာတာ ကြာပြီ။ အစ်ကို့ကိုမြင်တော့ အဖေကို သတိရကာ မျက်ရည် ကျမိ၏။ လွတ်လပ်ရေးရလျှင် တပ်ကထွက်ပြီးရွာမှာ အခြေ ချတော့မည်ဟု ဆိုခဲ့သော အစ်ကိုတစ်ယောက် ဘာကြောင့်များ တပ်က မထွက်သေးတာပါလိမ့်။ မမစိမ်းမြခမျာလည်း ကိုယ့် မျိုး ကိုယ့်ဆွေတွေကြား ရွာခြေပြန်ကပ်ချင်ရှာလိမ့်မည်။ အစ်ကို မောင်မြတ်သာက ကိုပြေသိမ်းကိုမေးလို့ မန္တလေးသွားကြောင်း ပြောပြရသည်။ ထိုညက ထမင်းစားကြပြီးနောက် စကားတွေ ညဥ့်နက်အောင် ထိုင်ပြော ဖြစ်ခဲ့ကြသည်။ စားပွဲပေါ်မှာ ကိုပြေသိမ်းဖတ်သည့် အင်္ဂလိပ်စာအုပ်တွေ တွေ့တော့ မောင်မြတ်သာ မျက်နှာသုန်မှုန် သွားခဲ့လေသည်။

“ကံကလေး ဒါဘယ်သူ့စာအုပ်တွေလဲ”

“ကိုပြေသိမ်းစာအုပ်တွေ အစ်ကိုရဲ့။ ထနောင်းတိုင်က ကိုကံကြီးမောင်က ထည့်ပေးလိုက်တာ”

“ကံကြီးမောင် ဟုတ်လား၊ အစ်ကို မသိပါလား”
“ထနောင်းတိုင်ကပဲ အစ်ကို၊ ဘာဖြစ်လို့လဲ”

“မဖြစ်ပါဘူး။ မောင်ပြေသိမ်း ဘယ်နေ့ပြန်ရောက်မှာလဲ”

“မနက်ဖြန်တော့ ရောက်ကောင်းပါရဲ့”

မအိမ်ကံကတော့ အစ်ကိုမောင်မြတ်သာ မျက်နှာမှုန် သွားတာကို သတိထားလိုက်မိသည်။ ဘာစာအုပ်တွေများမို့ပါ လိမ့်။ အစ်ကိုမြတ်သာက ဘာမှတော့ ဆက်မပြောပါ။ ပြောစ ရာတော့ ရှိပုံရသည်။ ကိုပြေသိမ်းက နောက်တစ်နေ့ ညနေ ပိုင်းမှာ ရောက်လာခဲ့သည်။ မောင်မြတ်သာကို မြင်တော့ ၀မ်းသာ သွားကြသည်။ သခင်မြတ်သာဆိုတာ ကိုပြေသိမ်း ကြည်ညိုလေးစားခဲ့ရတဲ့သူ မဟုတ်လား။ ညစာအတူစားကြ ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတာ မိုးလင်းလု သည်အထိပင်။

“ကျွန်တော် ဘောဂလိ ရေသိုးကြီးဘက်မှာ တာဝန်ကျ နေတာ ကိုပြေသိမ်းရေ၊ ကောင်းကင်က ရိက္ခာချမပေးရင် ငတ်တဲ့ရက်တွေပေါ့ဗျာ။ ဆင်းရဲတာတော့ မပြောနဲ့တော့။ အကျအဆုံးလည်း များကြသယ်ဗျ”

ကိုပြေသိမ်းက တော်လှန်ရေးကာလ အတွေ့အကြုံများ နှင့် ရွာအကြောင်း၊ ရပ်အကြောင်း၊ နိုင်ငံအကြောင်း၊ ကမ္ဘာ အကြောင်း သမီးယောက်ဖနှစ်ယောက် စကားတွေကောင်းနေ ကြသလို မအိမ်ကံတို့ကလည်း မမစိမ်းမြနှင့် စကားလက်ဆုံ ပြောမကုန်နိုင်။ အမေပန်းရုံတို့အလစ်မှာ ကိုပြေသိမ်း၏ အင်္ဂလိပ်စာအုပ်တွေကို ကြည့်ပြီး အစ်ကိုမောင်မြတ်သာ မျက်နှာ ပျက်သွားရသည့်အကြောင်း မမစိမ်းမြအား မေးရပါ၏။ မမစိမ်းမြကလည်း ရေရေရာရာမသိ။ ဘာစာအုပ်တွေဖြစ်နေ လို့ဆိုလား ငါ့ညီမရယ်လောက်သာ ပြောနိုင်သည်။ ကိုပြေသိမ်းက လှည်းပေါ်မှာတုန်းက နိုင်ငံရေး စာအုပ်တွေပါလို့ ဆိုခဲ့ တာကိုလည်း မှတ်မိသည်။ ကိုပြေသိမ်းနိုင်ငံရေး စာအုပ် ဖတ်တာ ထူးဆန်းလှသည်မဟုတ်။ သို့သော် သည်စာအုပ်တွေကတော့ ထူးဆန်းသော စာအုပ်တွေ ဖြစ်လိမ့်မည်။ ကိုပြေသိမ်း ကိုယ်တိုင်ကလည်း ထူးခြားနေတာ မဟုတ်လား။ သည် စာအုပ်တွေကိုမှ သဲကြီးမဲကြီးဖတ်သည်။ ဖတ်ပြီးတော့လည်း ပြန်ဖတ်သည်။ နောက်ထပ် စာအုပ်တွေလည်း ပါလာတာတွေ့ ရသည်။ မြို့က ပါလာခြင်း ဖြစ်၍ ဘယ်သူက ပေးမှန်းတော့ မသိ။

ကိုပြေသိမ်းနှင့် ကိုမြတ်သာက ဗမာလို ပြောနေကြရာက အင်္ဂလိပ်ဘာသာဖြင့် ပြောနေကြပြန်သည်။ ခွန်းကြီးခွန်းငယ် ငြင်းခုံတာမျိုးတော့ မဟုတ်။ အေးအေးဆေးဆေး ပြောနေကြခြင်း ဖြစ်သည်။ ပြောကြရင်းက စာအုပ်တွေကို ယူကြည့်ကြသည်။ လှန်လှောဖတ်ကြသည်။ မအိမ်ကံက သည်စာအုပ်တွေ အကြောင်းသိချင်နေသော်လည်း ဘယ်သူ့ကိုပြလို့ ဘယ်သူ့ မေးရမှန်းမသိ။ မမမြစိမ်းက ကိုယ့်အစ်ကိုကိုမေးရမှာပေါ့ ဆိုတော့မှ အစ်ကိုမောင်မြတ်သာကို မေးဖို့ တေးထားလိုက်သည်။

နောက်တစ်နေ့မှာတော့ မိုးလင်းခြင်းနှင့်အတူသတင်းဆိုး တစ်ခုရွာထဲ ရောက်လာခဲ့သည်။ ရွာအထွက်လမ်း တလုတ် မန်ကျည်းတော အုပ်အုပ်ထဲမှာ လူသေအလောင်းတစ်လောင်း တွေ့ထားသည်ဆိုသည့် သတင်းဖြစ်၏။ အလောင်းက တစ်ကိုယ်လုံး ဓားဒဏ်ရာဗရပွဖြင့် သေဆုံးနေခြင်းဟု သိရသည်။ တစ်ရွာလုံးနီးပါး ထွက်ကြည့်ကြသဖြင့် ရွာလမ်းတစ်လမ်းလုံး ဖုန်တသောသော ထနေလေသည်။ မအိမ်ကံတို့က သွားမ ကြည့်သော်လည်း ကြည့်ပြီးပြန်လာသူတွေက ၀ိုင်းတိုက်ထဲ ၀င်လာကြသည်။

“ရက်စက်လွန်းပါ့အေ၊ ဓားနဲ့မွှန်းထားတာများ ငါးခူမွှန်း မွှန်းထားသာ။ ကျုပ်တို့ရွာက မဟုတ်ပါဘူး။ ပြောကြသာတော့ အနောက်တန်း ရွာတွေကတဲ့။ ဘယ်သူက ဘာကြောင့် လုပ်သွားသယ်တော့ မပြောတတ်ဘူး”

ညဦးပိုင်း သည်စကားရောက်တော့ အစ်ကိုမောင်မြတ်သာက မျက်နှာမကောင်းရှာ။ မနက်ကသူလည်း သွားကြည့်ခဲ့သည် ဆိုသည်။ အနောက်တန်း ရွာတွေထဲက လင်းနေကုန်း ရွာနေ မောင်စံတင်ဟု ကြားခဲ့ရကြောင်း ပြောပြရာက ကိုပြေသိမ်းကို လှမ်းကြည့်သည်။

“ကိုပြေသိမ်းရေ မောင်စံတင်က လူထူရင် သူ့ရင်ထဲက မကျေနပ်တာတွေ အင်မတန်ပြောတတ်တဲ့လူတဲ့ဗျ။ ပြောကြ တာတော့ အလံနီလိုလိုပါပဲ။ ဟုတ်မဟုတ်တော့ မပြောတတ် ဘူး။ ဖဆပလကိုရော ဆိုရှယ်လစ်တွေကိုရော ညဘက် မူးမူး ပြီး ဆဲတာတွေ ဘာတွေတောင် လုပ်သတဲ့။ ခက်တာက ဘယ်သူ ရက်ရက်စက်စက် လုပ်လိုက်တယ် ဆိုတာထား၊ စကားတွေ ပြောတိုင်းမကောင်းနိုင်တော့ဘူး ဆိုတာကတော့ ရှင်းနေပြီ”

အစ်ကိုမောင်မြတ်သာက ဘာမဆို ပြင်းပြင်းထန်ထန် ဝေဖန်တတ်သော ကိုပြေသိမ်းကို ရည်စူးနေကြောင်း သိသာလှသည်။ ကိုပြေသိမ်းကတော့ ဘာမှမပြောပါ။ စားပွဲပေါ်က စာအုပ်တွေကိုသာ ငေးကြည့်နေပါ၏။ အစ်ကိုမောင်မြတ်သာက စကားဖြတ်ထားရင်း ရှေ့ဆက်ရမည့်စကားကို စဉ်းစား နေပုံရသည်။

“အခုက အဖွဲ့အစည်းတွေက များလွန်းတယ်။ တိုင်းပြည်က အခုမှ နွားရိုင်းသွင်းချိန် ပြန်ရောက်နေရတယ်။ မကောင်းသူ မကောင်းသားကပ်လို့ အကောင်းဆုံး အချိန်ကိုးဗျ။ ကျွန်တော်တပ်က မထွက်နိုင်သေးတာ ဒါတွေလည်းပါတယ် ပေါ့ဗျာ။ လာဘ်ပေးကြ၊ လာဘ်ယူကြ၊ လူမိုက်ရွေးကြ၊ တပည့် ခံကြ၊ ဆရာတင်ကြ၊ ဝေငှစားသောက်ကြ၊ လုလိုက်ကြ၊ ယက် လိုက်ကြ ဖြစ်နေသယ်။ ကျည်ဆံကြေး ဖဲရိုက်ကြသတဲ့။ ကောင်းကြရောပေါ့။ တောကြောင်တွေ စုန်းတောက်နေကြ တာပေါ့လေ”

အစ်ကိုမောင်မြတ်သာ ပြောတာ အမှန်တွေချည်း ဖြစ်သည်။ နေ့ခင်းကြောင်တောင် နွားဆွဲတာများပင် ရှိ၏။ ဗြောင်ဝင်လုတာများလည်း ကြားနေရသည်။ တောနယ်ထွက် လက်လုပ်ပြောင်း သေနတ်များကလည်း ငွေပေးနိုင်လျှင် အစစ် နှင့်မခြား ရနိုင်သည်ဆိုသည့် သတင်းတွေကလည်း ရွာတွေမှာ သတင်းတွေ ကူးစက်နေပါ၏။ ရွာတွေမှာ ကင်းတွေချကြရသည်။ ဆူးစည်းရိုးတွေ ထူထူထဲထဲကာကြရသည်။ ၀ါးချွန် တွေ၊ ဒူးလေးတွေ၊ လင်းလေးတွေ အိမ်တိုင်းထားကြရပြီ။ သည်ကြားထဲက ဓားပြသံ၊ သူခိုးသူဝှက်သံ၊ အနုကြမ်းစီး သံတွေကလည်း မကြာမကြာ ကြားနေရတာမျိုးလည်း ရှိပါ၏။

“ခက်သားပဲ ကိုမြတ်သာ။ လွတ်လပ်ရေးမရခင် လွတ်လပ်ရေးရဖို့ တိုက်ကြခိုက်ကြ၊ သေကြ၊ ကျေကြ။ လွတ်လပ်ရေးကို အသက်တွေနဲ့ရင်းပြီး ရယူပြီးပြန်တော့လည်း မီးမငြိမ်းနိုင်ဘူး။ သူ့နာမည်ကိုယ်ဖျက် ကိုယ့်နာမည်သူဖျက်။ တွက်ကြည့်တော့ တိုင်းပြည်လူထုက ဘယ်သူ့ကို အားကိုး ရမှန်းမသိဘူးဗျာ။ အရေးထဲ ဖဆပလ အစိုးရက ဗောဓိပင် ပင့်နေတော့ မခက်ဘူးလား”

ဗိုလ်မြတ်သာက အင်္ဂလိပ်စကားနှင့် တစ်စုံတစ်ရာ ပြောလိုက်လို့လားလို့ မသိပါ။ ကိုပြေသိမ်း စကားဆက်မပြော တော့။ မလှအုံက စကားဝိုင်းကို အကဲခတ်နေရာက စကား ၀င်ဖြတ်သည်။


လေးစားစွာဖြင့်
ရီနိုမာန်


No comments: