ရှမ်းပြည်ခရီးစဉ်အား စ ဆုံး မဖတ်ရသေးသူများအတွက် ပြန်လည် တင်ပေးလိုက်ရပါတယ်။
ခရီးသွားခြင်းနှင့် ပတ်သက်ပြီး ပြောရရင် မွေးကတည်းက ခုချိန်ထိ ထွက်နေရတဲ့ ခရီး မပြီးဆုံးသေးတဲ့ ဘဝခရီး၊ ခရီးပေါင်းမြောက်မြားစွာထဲမှ အမှတ်ရနေတဲ့ ခရီးစဉ်တစ်ခုကို ရေးသားဖေါ်ပြလိုက်ရပါတယ်။
၂၀၀၂ခုနှစ် မတ်လနောက်ဆုံးတစ်ပတ်အား ရုံးမှခွင့်ယူပြီး အဖေတာဝန်ကျနေတဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းကို ရုံးမှသူငယ်ချင်းလေးယောက်နဲ့ စနေနေ့ နေ့လည် (၁)နာရီမှာ ရန်ကုန် စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်မှ ရန်ကုန်-တောင်ကြီး အယ်ကွန်းကားကြီးနဲ့ ခရီးစတင်ထွက်ခဲ့ကြပါတယ်။ အဖေရှိတဲ့ ပင်လောင်းကို အရင်းသွားရမှာ ဖြစ်တဲ့အတွက်ကြောင့် လမ်းဆုံဖြစ်တဲ့ အောင်ပန်းမှာ ဆင်းကြရပါတယ်။ အောင်ပန်းကိုရောက်တဲ့ အချိန်ကမနက် ၅ နာရီလောက်ဆိုတော့ ရှမ်းပြည်ရဲ့ နွေရာသီကလည်း ရန်ကုန်ဆောင်းထက်ပင် အလွန်အေးပါသေးတယ်။ ရှမ်းပြည်ကို တစ်ခါမှ မရောက်ဖူးကြတဲ့ ကျနော့် သူငယ်ချင်းများကတော့ ကောင်းကောင်းကြီးကိုထိတော့ တာပေါ့။ ကျနော် ခေါ်လာတာ လူတွေပါ။ ဒါပင်မဲ့ ကျနော် အနားမှာ ဘဲတွေလိုပဲ ဂတ်......ဂတ်......ဂတ် နဲ့ပေါ့။
၉နာရီလောက်မှ ပင်လောင်းကိုသွားမဲ့ ကားတွေပင်လောင်းကနေ ရောက်လာကြတော့တယ်။ ယောက်ကျားလေး တွေပဲဆိုတော့ ကားနောက်ကနေ တွဲစီးလာကြတာပေါ့။ ပင်လောင်းကို နေ့လည် ၁၂ နာရီလောက်မှပဲ ရောက်တော့တယ်။ နေ့လည်စား ကို အိမ်ရောက်မှစားကြတာ။ (ချွေတာရေးပေါ့ ဟဲ ဟဲ) စားပြီးတော့ အိပ်တဲ့လူကအိပ်၊ ကျနော်ကတော့ ကျနော်တို့ရဲ့ ခရီးစဉ်ကို အမေကိုပြောပြနေတယ်။
ညနေပိုင်းရောက်တော့ တပ်ထဲမှာရှိတဲ့ ဖုန်ထူမြေနီလမ်းကို လျှောက်ပြီး ပတ်ဝန်းကျင် ကိုလိုက်ပြလိုက်တယ်။
တနင်္လာနေ့
မှာတော့ အမေကိုနေ့လည်စား ပြန်စာမယ်ဆိုပြီး မနက်ထဲကခေါ်သွားတာ(သူငယ်ချင်းတွေကို) ။ မြို့ထဲခေါ်ပြီး ကုလားဆိုင်မှာ နွားနို့ တိုက်ပြီး (ရည်ရွယ်ချက်နဲ့) ကျနော်က ကျနော်ရဲ့ ကျူရှင်ဆရာကို ဝင်ကန်တော့ပြီး သူငယ်ချင်းတွေကို ဘယ်ခေါ်သွားတယ် ထင်လဲ။ (လျှောက်မတွေးနေနဲ့အုံး) ပင်လောင်းမှာရှိတဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဂျူးတောင်ကိုခေါ်သွားတာဗျ့။ တောင်ပေါ်ကို အားလုံးကရောက်နေကျပြီ။ မရောက်သေးပဲ တောင်တစ်ဝက်မှာ ကျန်နေတာက ကျနော်ရယ်ပါ။ ( ကုလားဆိုင်မှာတုန်းက နွားနို့ မသောက်ခဲ့လို့နဲ့တူပါတယ်။) ဟောဟဲ....ဟောဟဲ......နဲ့ဖြေးဖြေးချင် တက်ရင်းနဲ့တော့ ရောက်သွားပါတယ်။ မနက်ဖြန် ငှားထားတဲ့ ကားနဲ့ အင်းလေး၊ ကုံလုံ ၊ ပင်တယ ကို မနက်စောစောသွားကြရမှာဖြစ်တဲ့ အတွက် ဒီညနေတော့ ကျနော်တို့ ဘယ်မှ မသွားပဲ ရှမ်းပြည်ထုပ် လိမ္မော်ဖြူလေးနဲ့ ပဲ စောစောအိပ်ရာဝင် လိုက်ပါတော့တယ်။ လိမ္မော်ဖြူဆိုတာ လိမ္မော်နံ့လေးမွှေးနေတဲ့ အရက်ကိုပြောတာ။
အင်္ဂါနေ့တီ...တီ.......တီ....... ကားဟွန်းသံ ကြားမှပဲ တအိမ်လုံးနိုးလာကြတယ်။ ရာသီဥတုက အေးအေးဆိုတော့ ကွေးကောင်းကောင်းနဲ့ ကွေးနေကြတာ ကားဟွန်းတီသံကြား မှပဲနိုးတော့တယ်။ တော်သေးတာပေါ့ အမေက ညကတည်းက အစားအသောက်နဲ့ အခြားလိုအပ်မဲ့ ပစ္စည်းတွေကို ပြင်ဆင်ထားလို့။ ကားက ဟိုင်းလပ်ကား။ လူက ကားဆရာနှစ်ယောက်၊ ကျနော်တို့အဖွဲ့က ငါးယောက်၊ အကိုတို့ လင်းမယားနှစ်ယောက် ၊ အမေနဲ့ ညီမလေး ၊ နောက် အန်တီမနော်နဲ့ သူ့သမီးလေး အာလုံးပေါင်း ၁၃ယောက်။ ကားကိုဘေးထိုင်ခုံတွေ ဖြုတ်ပြီး ကားဝမ်းထဲမှာပဲ ဂွမ်းကပ်လေးထည်လောက်ထည့်လာပြီး ခရီးစတင်ပါတော့တယ်။ ရာသီဥတုက အေးအေး၊ ကားကလည်းလေဝင်၊ ဝင်တဲ့လေကလည်း အေးစိမ်းနေတော့ တစ်ယောက်နဲ့ တစ်ယောက်မဖက်ထားရုံတမယ် ကွေးနေကြတော့တာပေါ့ဗျာ။........
ပထမဆုံး ကျနော်တို့ အင်းလေးကို အရင်သွားကျတယ်။ အင်းလေးကိုရောက်တော့ မနက် ၁၀နာရီခွဲလောက် ရှိနေပြီ။ ကျနော်တို့ အဖွဲ့က လူလည်းများတော့ စက်လှေကို စင်းလုံးငှားလိုက်တယ်။ ဖောင်းတော်ဦးဘုရားကို မရောက်ခင်မှာ စက်လှေမောင်းတဲ့ အကိုကြီးက ရေပေါ်ရွာနဲ့ ရေပေါ်ဈေးကို လိုက်ပြခဲ့တယ်။ ဘုရားဖူး ပြီးအပြန်မှာလည်း ကြောင်လိမ္မာလေးတွေ ရှိတဲ့ ဘုန်းကြီးကျောင်း( ဘုန်းကြီးကျောင်း နာမည် မမှတ်မိတော့ပါ) ကိုလိုက်ပို့သေးတယ်။ ပြီးတော့ ရေလယ် ဟော်တယ်ကိုလည်ရောက်ခဲ့တယ်။ ရေလယ် ဟော်တယ်ကတော့ VIP ရှိမှ သုံးတယ်လို့ သိရတယ်။ ဟိုတယ်မှာပဲ ခြံလုပ်ပြီး ငါးတွေကို မွေးထားကြသေးတယ်။ ငါးခူးတွေများတယ် ။ စက်လှေဂိတ်ကို ပြန်ရောက်မှပဲ ကျနော်တို့ နေ့လည်စားကို စားကြပါတယ်။ အချိန်လည်းလုနေ ရပြီလေ။ နောက်သွားချင်တဲ့ နေရာက နှစ်နေရာ ကျန်သေးတာဆိုတော့။
ကျန်တဲ့ နှစ်နေရာထဲက ကုံလုံ ဆရာတော်ကျောင်းကို အရင်းသွားခဲ့ကြတယ်။ ဆရာတော်က တစ်နေ့ကို နှစ်ကြိမ် အဖူးမြော်ခံ ကြွတယ်။ တစ်ချို့ဆိုရင် ဆရာတော်ကို မဖူးရပဲ ပြန်သွားကြရတယ်။ ကျနော်တို့ ရောက်တဲ့ အချိန်က ဆရာတော့ အဖူးမြော်ခံတဲ့ အချိန်မဟုတ်ပါဘူး။ ဧည့်သည်များလို့ ခဏထွက် အကြည်ညိုခံ တာနဲ့ ကြုံသွားလို့ ဆရာတော်ကို အနီးကပ် ဖူးမြော်ခွင့် ရလိုက်ကြတယ်။ ဆရာတော်ကို ဖူးမြော်ပြီးတာနဲ့ ကျနော်တို့ အဖွဲ့ သုတ်ခြေတင်းရတော့တာပေါ့။ ည ၇ နာရီဆိုရင် ပင်းတယဂူက ပိတ်တာကို...............
ပင်းတယမြို့ထဲကိုရောက်တော့ တစ်ချိန်တုန်းက နတ်သမီးတွေ ရေလာချိုးကြတဲ့ ဘုတ်တလုပ် ( သတ်ပုံမှားရင် ခွင့်လွှတ်ကြပါနော်) ကန်ကိုတွေ့နေရတယ်။ ရေကန်ထဲက ရေဟာ တစ်နှစ်ပတ်လုံး ကျခြင်းတက်ခြင်း ခန်းခြင်း လုံးဝရှိဘူးလို့တော့ ကားဆရာ ပြောစကားအရ ကြားခဲ့ရတယ်။ ကန်ကြီးဘေးကနေမှ ဖြတ်ပြီး ပင်းတယဂူကို သွားကြတယ်။ ကျနော်တို့ ရောက်တဲ့ အချိန်က ဓာတ်လှေကားက ပိတ်သွားပြီ။ ကားကိုရောက်တဲ့ နေရာထိမောင်းပြီး ခြေချင်းတက်ခဲ့ ကြတယ်။ ဂူထဲမှာတော့ အေးစက်နေပြီး လက်ညိုးထိုးမလွဲ ဘုရားပေါင်း မြောက်မြားစွာ ရှိနေပါတယ်။ ကျနော် မှတ်မိနေတာတော့ အောင်မြေ၊ ကျောက်စက်ရေ ( ကျောက်တိုင်ကနေ ရေစိမ့်ထွက်နေတာ)၊ ကျောက်မောင်း( ကျောက်သား နံရံကို ထုလို့ရတာနဲ့ ထု မောင်းအသံမြည်းနေတာပါ။ အဲ့ဒီနေရာလေးတစ်ခုပဲ မြည်းပြီ ကျန်တဲ့ နေရာတွေကတော့ မမြည်းပါဘူး)၊ မှည့်ရှင် ဘုရား၊ ဝင်္ဂပါဘုရား တို့ ရှိတယ်။ ဂူရဲ့ ဟိုးအတွင်းပိုင်းရဲ့ နောက်ဆုံးမှာတော့ လူတစ်ယောက် ဝင်လို့ရတဲ့ ဂူသေးသေးလေး တစ်ခုရှိတယ်။ ပိတ်ထားတာတွေလို့ မေးကြည့်တော့ အဲဒီဂူထဲကို ကိုရင်တစ်ပါးဝင်သွားတာ လုံးဝပြန်ထွက်မလာလို့ ပိတ်ထားတာလို့ပြောကြတယ်။ တစ်ချို့ကလည်း ရှေးဟောင်းပုဂံထိ ရောက်တယ်လို့လဲ ပြောကြတယ်။ ဟုတ်မဟုတ်တော့ ကျနော်လည်း မသိဘူး။ ကျနော်တို့ အဖွဲ့ကံကောင်းကြပါတယ်။ ဂူအဆုံးကိုရောက်တော့ ဂူပိတ်တော့မဲ့ အကြောင်း ခေါင်းလောင်းတီး သံကို ကြားနေရပြီ။
အပြန်တော့ ပင်းတယ လက်ဆောင်တွေဝယ်ပြီး ဓါတ်ပုံရိုက်ကြတယ်။ ဓါတ်ပုံရိုက်တယ်ဆိုလို့ အမှတ်တရ ပြောပြပါရအုံးမယ်။ အဲဒီအချိန်တုန်းက ကျနော်ဆံပင်က ပုခုံးကျော်ကျော်လေးရှည်ပါတယ်။ အမေနဲ့ ကျန်တဲ့ လူတွေက တောင်ခြေနားက ဆိုင်လေးထဲမှာ ဝင်ထိုင်နေကြတယ်။ ကျနော် နဲ့ သူငယ်ချင်းတွေက ဓါတ်ပုံ ရိုက်ဖို့ ကားနားမှာ လာရိုက်ကြတာ။ အားလုံး အမှတ်တရ ဆိုပြီး ကားခေါင်းမိုးပေါ် တက်ပြီး ရိုက်ကြတာပေါ့။ နယ်တွေရဲ့ ထုံစံ အတိုင်းသူစိမ်း တစ်ယောက်တွေ့ပြီး ဆိုရင် ဝိုင်းကြည့်တာလေ။
ခုလည်း ကျနော်တို့ အဖွဲ့ကို ဝိုင်းကြည့်နေကြတာပေါ့။ ကျနော် ကားခေါင်းမိုးပေါ် တက်တဲ့ အချိန်မှာ အမေတို့ သွားထိုင်နေတဲ့ ဆိုင်က အမကြီးက ကျနော်ကားခေါင်းမိုးပေါ်တက်တာကိုမြင်တော့ “ ဟိုး ကောင်းမလေးက ကားခေါင်းမိုးပေါ် တက်နေတယ်ရော” လို့ အံ့သြတဲ့လေသံနဲ့ ပြောတော့ အမေ လှည့်ကြည့်လိုက်တော့ ကျနော်ဖြစ်နေတယ်။ အမေတို့ လဲ အဲ့အမကြီးကို စချင်ကြတာနဲ့ ဘာမှမပြောပဲနေ လိုက်ကျတယ်။ ကျနော်တို့ ဓါတ်ပုံရိုက်ပြီး ဆိုင်ထဲကို ဝင်လာတော့ ဆိုင်ထဲမှာရှိတဲ့ လူတွေက ကျနော်ကို ဝိုင်းကြည့်နေကြတယ်လေ။ ကျနော်က အမေကို “ အမေဝယ်ပြီးရင်လည်း သွားကြရအောင်”လို့ လှမ်းပြောတော့ ခုနက အမကြီးက “ ဟင်း ယောက်ကျားသံကြီးနဲ့ ”လို့ ပြောမှပဲ အားလုံးက ဝိုင်းရယ်ကြပါတော့တယ်။ ကျနော်ကို ချစ်လို့တဲ့ မုန့်တောင်လက်ဆောင် ရလိုက်သေးတယ်။ ခုနက အမကြီးပေးတာ။
အောင်ပန်းရောက်တော့ ည ၉နာရီရှိနေပြီ။ အဲ့ကျမှ ညစားစားကျတယ်။ ပင်လောင်းကို ပြန်ရောက်တော့ ည ၁၂ထိုးနေပြီ။
အိမ်ကိုပြန်ရောက်ရောက်ချင်း သူငယ်ချင်းတွေကိုပြောရသေးတယ်။ “မနက်ဖြန် ကျနော်တို့ တောင်ကြီးကို သွားမယ်။ သွားနိုင်လား မသွားနိုင်ဘူးလား။” မေးတော့ အားလုံးက ငြင်းကျတယ်ဗျ။ “သွားမယ်တဲ့ ”လေ။ ကဲ-သွားမယ်ဆိုရင်လည်း စောစောအိမ်တော့ လို့ ပြောပြီး အိပ်ခိုင်းလိုက်တယ်။ မအိပ်နိုင်တာက ကျနော်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်ရဲ့ ရှည်လျားလှတဲ့ ဆံပင်တွေက လေတိုက် ဖုန်ကပ်နဲ့ ဆိုတော့ ကောလုံးကြီး ဖြစ်နေပြီ။ ခေါင်းမလျှော်ရင်း ဒီညအိပ်လို့ ရမှာမဟုတ်ဘူး။ နောက်နေ့ ရထားကလဲ မနက်ငါးနာရီ ဆိုထွက်ပြီ။ ဘာလုပ်၇မှန်း မသိတော့ ခေါင်းလျှော်ဖို့ ရေနွေးအိုးတည်းရသေးတယ်။ ရိုးရိုးရေနဲ့ မလျှော်ရဲဘူးလေ။ ( အသက်က ငယ်ငယ်လေးပဲရှိသေးတာကို)
ကျနော် ခေါင်းလျှော်လို့ ပြီးတဲ့ အထိ အဖေက မအိပ်သေးဘူး။ ကျနော်ကို အပစ်ပြောနေတာပေါ့။ ခေါ်လာတဲ့ ဧည့်သည်တွေကို အေးအေးဆေးဆေး မနေခိုင်းဘူး။ ညကြီးသန်းခေါင်ပြန်ရောက်ပြီ နောက်နေ့ စောစော ထက်ထွက်တော့ ပင်ပန်းတာပေါ့ နဲ့ ကျနော်ကို တရဆက်လွတ်နေတော့တာပေါ့။ ကျနော်လည်း အဖေ နားလည်အောင်ရှင်းပြပြီ ဝင်အိပ်လိုက်ပါတော့တယ်။
ဗုဒ္ဓဟူးနေ့
ဘော်...........ဘော်.........ဘော်
နားထဲမှာကြားနေရတယ် ဘာသံများလဲပေါ့။ သေသေချာချာ နားထောင်ကြည့်မှ ဟား .. သွားပြီ။ ရထားတော့ထွက်သွားပြီ။ သေပြီဆရာပဲ။ ခရီးပန်းလာကျတော့ ဘယ်သူမှလဲ မနိုးဘူး။ ပထမတော့ စဉ်းစားလိုက်သေးတယ်။ မနိုးတော့ဘူးပေါ့။ မနိုးလို့ မသွားရင်လဲ ရောက်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် အားလုံးကို နိုးပြီ မေးရတယ်။ သွားမှာလား မသွားဘူးလားလို့ မေးတော့ အားလုံးပဲ ခေါင်းလေးထောင်လာပြီ “ သွားမယ်” တဲ့လေ။ သူတို့လည်းအေးလွန်လို့ ကွေးနေကြတာ။
သူ့တို့ဆီက သွားမယ်ဆိုတဲ့ စကားလည်းကြားရော ကျနော် က ဂွမ်းကပ်တွေကို ဆွဲလှန်လိုက်ရော လေးယောက်သာ ဘာဖြစ်နေတယ်မှတ်လဲ။ ပေါင်ကြားထဲမှာလက်လေးတွေ ထည့်ပြီး မေးရိုက်သံ ကိုကြားနေရတယ်။ ( တစ်မျိုးမထင်ပါနဲ့ဗျာ အေးလွန်လို့ ကွေးနေကြတာပါ)
ရထားမမှီမဲ့တူတူ ရရာကားနဲ့ သွားမယ် ဆိုပြီး လေးယောက်ပေါင်း တစ်အိပ်ထည့်ပြီ ပင်လောင်း မြို့ထဲကိုလမ်းလျှောက်လာခဲ့ကြတယ်။ ကံကောင်းချင်တော့ အောင်ပန်းသွားမဲ့ ကားကြုံရတယ်။ ကျနော်တို့လည်း ခရီးဖြစ်ဖို့ အရေးကြီးတယ်ဆိုပြီး တက်လိုက်သွားတယ်။ တောင်ကြီးမသွားခင် ကလောကိုအရင်းသွားမှာဆိုတော့ အောင်ပန်းမရောက်ခင် ပင်လောင်း- အောင်ပန်း - ကလော လမ်းဆုံမှာဆင်းလိုက်ကြတယ်။ ဒီလိုနဲ့ ကားစောင့်နေကြတာ ကလောသွားတဲ့ ကားတစ်စီးမှ မလာဘူး။ တောင်ကြီးကိုသွားတဲ့ ကားတွေသာ တစ်စီးပြီးတစ်စီး လာနေကြတယ်။
မထူးပါဘူး။ ရတဲ့ ကားနဲ့လိုက်မယ်လို့ စဉ်းစားလိုက်ကြတယ်။ကံကောင်းချင်တော့ ကျောက်သယ်တဲ့ ကားတစ်စီး ရောက်လာတာကိုတားပြီ ကလောထိလိုက်သွားကြတယ်။ ပထမဆုံး နှီးဘုရားကို အရင်းလိုက်ပို့ပေးလိုက်တယ်။ နှီးဘုရားကနေ မြင်းလှည်းငှားပြီး ရွှေဥမင်သဘာဝဂူ ကိုဆက်သွားကြတယ်။ ကလောမှာပဲ နေ့လည်စာစားပြီး တောင်ကြီးကိုသွားဖို့ ကားတစ်ခါစောင့်နေရပြန်ပါတယ်။ ရောက်လာတဲ့ ကားတွေက စင်းလုံးပြည့် ကုန်တွေ လူတွေနဲ့ ဆိုတော့ ကျနော်တို့ လူငါးယောက်လုံးတစ်ခါတည်းပါဖို့ ဆိုတာဘယ်လို့မှ ကို မလွယ်တာပါ။ ဒါနဲ့ ခေါင်းချင်းဆိုင်လိုက်ကြတယ်။ ကားငှားမယ်ပေါ့။ တစ်သောင်းလောက်ဆို ငှားမယ်ပေါ့ ဆိုပြီးမေးကြည့်တော့ ကိုးထောင်တဲ့။ အိုး.. ဘာပြောကောင်းမလဲ အငှားကားနဲ့ ပဲသွားမယ်ဆိုပြီး တက်လာကြတာ တောင်ကြီးရောက်တော့ ည ၇ နာရီလောက်ရှိပြီ။
အငှားကားဆိုပင်မဲ့ အဲဒီဖက်မှာက ကိုယ်ပိုင်ကားကို ငှားကြတာ။ ဖြစ်ချင်တော့ ကားမောင်းတဲ့ (ကားပိုင်ရှင်) က ကျနော် သူငယ်ချင်းရဲ့ သူငယ်ချင်း ဖြစ်နေတယ်။ (ဈေးတော့ မရှော့ပေးပါဘူး။) ကားပေါ်မှာကလည်း ကျနော့် သူငယ်ချင်းကို ကြိုက်နေတဲ့ ကျနော် သူငယ်ချင်းက ပါနေတယ်။ ဒီလိုနဲ့ ဟိုတယ်ရောက်ပြီး ရေမိုးချိုး အဝတ်လဲပြီး ထမင်းစားဖို့ ထွက်လာခဲ့ကြတယ်။ ထမင်းစားပြီးတော့ ရန်ကုန်မှာ ခေါင်းလျှော်ဆိုင် အမြဲသွားတဲ့ သူငယ်ချင်းက တောင်ကြီးရောက်နေတာတောင် စိတ်က မလျှော့နိုင်ဘူး။ ခေါင်းလျှော်ဆိုင်သွားပြီ ခေါင်းသွားလျှော်လိုက် ကြသေးတယ်။ ပြီးတော့ ဒီကကောင် ကရုပ်ရှင်သွားကြည့်မယ် ပြောတော့ တစ်ယောက်မှ မလှုပ်ကြဘူး။ ဘယ်ရမလဲ ဒီကောင်စိတ်ကြီးတာ ဒီကောင်ပဲသိတယ်။ တစ်ယောက်တည်းသွားကြည့် လိုက်တယ်။
ရုပ်ရှင်ကြည့်ပြီး ပြန်လာတော့ ၁၂ထိုးတော့မယ်။ ကျနော် နှစ်သက်တဲ့ ရာသီလေးကြောင့်မို့လည်း အေးအေးချမ်းချမ်း အပြန်လမ်းမှာ အေးချမ်းလှတဲ့ တောင်ကြီးရဲ့ ညပိုင်းအလှကိုခံစားပြီး ဟိုတယ်ကို ပြန်လာခဲ့တယ်။
ကြာသပတေးနေ့
မနက်စောစောစီးစီးထ ကြပြီး ရေမိုးချိုးအဝတ်လည်ပြီး နံက်စာ စားဖို့ထွက်လာခဲ့ကြတယ်။ ကျနော်တို့ရောက်တဲ့ ရာသီက တောင်ကြီးမှာအလှူ ရာသီ ဆိုတော့ ဆိုင်တွေက သိပ်မဖွင့်ကျဘူး။ အဆင်ပြေမဲ့ အစားကိုစားပြီ ကြိုးတံတားဘက်ကိုထွက်လာခဲ့ကြတယ်။ တံတားပေါ်မှာပဲ ဓါတ်ပုံ ရိုက် ဟိုသွား ဒီသွား ပင်လောင်းကို ပြန်ဖို့ မနေ့ထဲက ကားလက်မှတ်က ဝယ်ပြီးသားဆိုတော့ နေ့လည် (၁) နာရီမှာ တောင်ကြီးကနေ လိုင်းကာနဲ့ ပင်လောင်းကို ပြန်လာခဲ့ကြတယ်။
ပင်လောင်းကိုရောက်တော့ ည ၈ နာရီလောက်တော့ရှိတော့မယ်။ ဒီညမှာတော့ ဟဲဟိုး စစ်တပ်က ဖွင့်တဲ့ တပ်ဆိုင်က ရောင်းတဲ့ အာမီရမ် ကို ဖွင့်လိုက်တော့မှ အတု မိသွားမှန်း သိတော့တယ်။ ညကလည်း မှောင်နေတော့ ပုလင်းကို မကြည့်လိုက်မိဘူးလေ။ စစ်တပ်ဆိုင်က ရောင်းနေမှတော့ အစစ်ပဲထင်နေမိတာ ကျနော်တို့ အမှားပါ။
သောကြာနေ့
မနက်ဖြန် ဆိုရင် ကျနော်တို့ အဖွဲ့ပြန်ကြရတော့မယ်။ ဒီနေ့တော့ အိမ်မှာပဲ နေနေကျတယ်။ ရှမ်းပြည်ရဲ့ အအေးဒဏ်ကို မခံနိုင်ကျတဲ့ ကျနော့် သူငယ်ချင်းတွေတော့ သူ့တို့ ပတ်ကြားအပ်နေကြတဲ့ မျက်နှာကို သနပ်ခါး တွေကို အဖွေးသားလိမ်းပြီ အိမ်ထဲမှာပဲကွေး နေကြတော့တယ်။ ကျနော်က တော့ လိုအပ်တဲ့ လက်ဆောင်ပစ္စည်းများ ဝယ်ရန်နှင့် ကျနော်ရဲ့ ဆရာမကို နှုတ်ဆက်ရန် ရင်းမှီးရွာလေးကိုထွက်လာခဲ့တယ်။
ဒီညတော့ ကျနော်တို့ မိသားစုလေး အတွက် နောက်ဆုံးသော ညစာစားပွဲလေး ဆိုရင်လည်းမှန်တယ်လေ။ အဖေ၊ အမေ ၊ အကိုကြီးတို့ လင်းမယား၊ ကျနော် သူငယ်ချင်းလေးယောက်၊ ညီမလေး၊ မွေးစားအစ်ကို၊ အိမ်မှာ ဝိုင်းလုပ်ပေးတဲ့ အန်တီ မနော်တို့ သားအမိ နဲ့ ကျနော်ပေါ့။ ပျော်စရာကြီးပဲဗျာ။ ကျနော် အတွက်တော့ မိသားစု ထမင်းဝိုင်းလေး ဒါ နောက်ဆုံး အခွင့်အရေး ဖြစ်လာလိမ့်မယ် လို့မထင်ထားခဲ့ဘူးဗျာ။ ဒီလိုမျိုး ကျနော ဘဝမှာ ထပ်မရနိုင်တော့ဘူးဆိုတာ နောက်ပိုင်းမှ ကျနော် သိလိုက်ရတယ်။
စနေနေ့
ဒီနေ့တော့ နောက်ကျလို့ မရတော့ဘူး နောက်ကျခဲ့ရင် ရန်ကုန်ကိုပြန်မဲ့ လက်မှတ်ဆုံးမှာလေ။ ကျနော်တို့ စောစော အိပ်ရာထ ပြင်ဆင်ပြီး အမေ စီစဉ်ပေးတဲ့ မုန့်နဲ့ ကော်ဖီသောက်ပြီး ကျနော်တို့ အဖေနဲ့ အမေကို ထိုင်ကန်တော့ တော့ အမေက သိကျတဲ့ အတိုင်းပေါ့ဗျာ။ မျက်ရည်ကျတော့တာပေါ့။ ပြီးတော့ ကျနော်တို့နေခဲ့တဲ့ ဒီတစ်ပတ်အတွင်းမှာ ကျနော်တို့ ရဲ့ အဝတ်တွေကိုဒိုင်ခံ လျှော်ပေးတဲ့ အန်တီမနော်ကိုလည်း ကျနော်တို့ပိုက်ဆံစုပေါင်းပြီး ကန်တော့ခဲ့ကြတယ်။ အဖေက လွှဲရင်း ကျန်တဲ့ လူတွေအကုန်လုံး ကျနော်တို့ အဖွဲ့ကို ဘူတာရုံထိ လိုက်ပို့ ပေးကြတယ်။
ရထားပေါ်မှာ ဘာကိုလွမ်းလို့ လွမ်းမှန်းမသိဘူးဖြစ်နေကြတယ်။ အောင်ပန်းရောက်တော့ တောင်ကြီးက ဆင်းလာတဲ့ ကားကိုစောင့်ရင်း နေ့လည် ၂ နာရီလောက်မှ အောင်ပန်းကနေ စထွက်လာခဲ့တယ်။ တစ်ညလုံးကားပေါ်မှာပဲ အိပ်ပြီးလိုက်လာခဲ့ရတယ်။ လွမ်းလိုက်တာ အမေနဲ့ အဖေရယ်လို့ တွေးပြီ ကားပေါ်မှာ ကျနော် မျက်ရည်ကျနေမိတယ် ။
ကျနော်တို့ရဲ့ ရှမ်းပြည်ခရီးစဉ်ကတော့ ဒီမှာ ပြီဆုံးပါတယ်။ ပျော်စရာကောင်းတဲ့ ဒီခရီးစဉ်လေးကို ကျနော်ရဲ့ ဘဝမှာ ထာဝရ အမှတ်ရနေမှာပါ။ ကျနော်ရဲ့ ခရီးစဉ် တစ်ချို့ကို လည်း အခွင့်သာရင် သာသလို ကျနော် ဖေါ်ပြပေးပါ့မယ်။
ခုလိုလာရောက်အားပေးတဲ့ မောင်နှမတွေကို ကျေးဇူးတင်ပါတယ်ဗျာ။ အားလုံးပျော်ရွှင်နိုင်ကျပါစေဗျာ။
လေးစားလျှက်
ရီနိုမာန်

5 comments:
ဖတ်သွားတယ် ငယ်ရေ
အဆင်ပြေရဲ့လား
ရှမ်းပြည်တောင်ပိုင်း ခရီးစဉ် တွေကို ဖတ်လိုက်ရတဲ့ အပိုဒ် လဲရှိ မဖတ်လိုက်ရတာလဲ ရှိတော့ ခုလိုလေး တင်ပေးတာ အဆင်ပြေလိုက်တာ....။ နောင့် လဲ ရှမ်းဖြစ်ပြီး ရှမ်းပြည်ကို တောင်ပိုင်း ရော မြောက်ပိုင်း ရော မရောက်ဖူးဘူး... သွားဖြစ်အောင် သွားဦးမှာ...။
လိမ္မာဖြူလွမ်းတယ်ဗျ
ဒရိုင်းဂျင်လည်းအဲဒီအနံ့ရတယ်ဟုတ်
ဘုတ်တလုပ်ချောင်းမှာရေချိုးတဲ့နတ်သမီးတွေ မတွေ့ခဲ့ဘူးလားဗျ :)
ဖတ်သွားတယ်ဘရားသားရေ
အဆင်ပြေပါစေဗျာ
ခုလို တစုတစည်းတည်း တင်လိုက်တော့လည်း မဖတ်ရသေးတဲ့သူတွေ ဖတ်ရတာပေါ့...
ကောင်းတယ်...
နောင်လည်း ခရီးသွားဆောင်းပါးတွေ ရေးပါဦး
းဝ)
ခရီးလိုက်ထွက်ပါတယ် ရီနိုနဲ့
Post a Comment