July 4, 2009

မအိမ်ကံ ( for July ) အပိုင်း - ၂

မအိမ်မြိုင်နှင့် မှုံနံ့သာ။
သူတို့နှစ်ဦးထဲကသာ ရွေးကြကြေးဆိုလျှင် ဘယ်သူ ကွမ်းတောင်ကိုင်ရလေမလဲ။ တွေးမိရာက မအိမ်ကံမှာ ရင်ထဲ ဆို့တက်လာခဲ့သည်။ သမီးကလေးအဖို့ရာ ကွမ်းတောင်ကိုင်ဖြစ် ဖို့အရေးမှာ ဖအေပျောက်ကိန်းကြုံရရှာပါပကော။ စဉ်စားကြည့်လေ ရင်နာစရာကောင်းလေ။ ကိုပြေသိမ်း က ရွာပြင်ထွက်ပြီး ချဉ်ပေါင်တစ်တက်၊ ရုံးပတီတစ်တောင့် သွားခူးတာမဟုတ်။ တစ်မြေတခြား ကုန်ရောင်းကုန်ဝယ် သွားတာမျိုးလည်း မဟုတ်။ စစ်မြေပြင်ကို သွားခြင်းဖြစ်သည်။ သွားပါပြီဆိုကတည်းက အသက်တစ်ဝက် ပေးထားနှင့်ပြီး သား။ ကိုယ်မဦးတော့ သူဦး၊ သူမဦးတော့ ကိုယ်ဦး။ ဘယ်သူ သေလို့ ဘယ်သူကြေမှန်းမသိရသည့်အဖြစ်။ သူတကာတွေ ပြန်ရောက်ကြပါလျက် ကိုပြေသိမ်း ပြန်မလာပုံထောက်တော့ မုဆိုးမစင်စစ် ဧကန်ဖြစ်ရပြီထင်ပါရဲ့လို့သာ အောက်မေ့ရတော့ သည်။ မအိမ်ကံအဖို့ရာ မုဆိုးမဖြစ်ရတာကိုလည်း မဥပါဒ်မိ။ အဖမဲ့သမီးမို့ ကွမ်းတောင်ကိုင် လွဲရရှာတော့မည့်သမီး အတွက်တော့ ဒုတိယအကြိမ် ရင်နှင့်အမျှခံစားရပါ၏။ မအိမ်ကံ ဒါကိုပဲ နာလွန်းလှသည်။

မအိမ်မြိုင်ကလေးကို ရွှေမှုံကပင် ချောလှပါပေ့ဆိုခဲ့သည်။ ရွှေမှုံက သူ့သမီးကလေးကို ကိုယ်တိုင်လက်ဆွဲလာသည့် ကြားက မအိမ်မြိုင်ကို အားရပါးရ ချီးကျူးခဲ့တာကိုတော့ မအိမ်ကံ ကျေနပ်နေမိခဲ့သည်။ သမီး မအိမ်မြိုင်က မှုံနံ့သာထက် ပိုချော၊ ပိုလှတာလည်း အမှန်ပင်။ သို့သော် အရွယ်တွေက ငယ်ကြသေးသည်။ သည်ရုပ်သည်ရည်လေးတွေကို အတည် ယူလို့ မရသေးမှန်းတော့ မအိမ်ကံ သိပါ၏။ နောင်ဆယ်နှစ် ကျော်ကျော်ဆိုလျှင်တော့ ခံဆူးလား၊ ဆီးဆူးလား ကွဲကြရော့ မည်။

ရက်ကန်းရုံထဲမှာ အလုပ်တွေ လုပ်နေခဲ့သည့်တိုင် မအိမ်ကံ ရင်မလင်းခဲ့။ ရေကြောင့် နွံဖြစ်ရပြီ။ နွံကြောင့်ပင် ရေနောက်ရ ပြန်ပါပကော။ ကျေးဥက ကလေးကိုချီလာတော့ သမီးကလေးကို မအိမ်ကံ ပွေ့ယူလိုက်သည်။ မအေ့ထက် တောင် ချောလှသူကလေးရယ်။ ညည်းအဖေနဲ့ငါ ရှင်ကွဲလား၊ သေကွဲလား။ ဘယ်လိုပဲကွဲကွဲ ကွဲကြပြီဆိုရင်တော့ လင်စုံ မယားဖက် မဟုတ်လို့ ညည်း ကွမ်းတောင်ကိုင်ဖြစ်စရာ မရှိ တော့ပါလား အေ။ အမေနဲ့ သမီး သည်နေရာမှာတော့ ဘ၀ချင်း မတူပါရစေနဲ့ သမီးရယ်။ သည်တစ်ခါတော့ ဇောင်ချမ်းကုန်း မှာ ညည်း ကွမ်းတောင်ကိုင်ပြစေချင်စမ်းပါဘိ။

မအိမ်ကံ မျက်ရည်ကျတော့ ကျေးဥက ကလေးကိုပြန်ဆွဲ ယူကာ ရက်ကန်းရုံထဲမှ ထွက်လာခဲ့သည်။ အခုတော့ လျှော့ တော့လည်း မိစ္ဆာ၊ သာတော့လည်း ဒိဋ္ဌိ။ ရှိပါစေတော့။ ဖရုံ တစ်ညှာ၊ ဘူးတစ်ညှာဖြစ်လာသမျှအကြောင်း အကောင်း ချည်းလို့သာ မအိမ်ကံ သဘောထားခဲ့လေသည်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးပြီး၍ အုပ်ချုပ်ရေးသစ် ပြန်လည်စနေပြီဆိုသော်လည်း ကိုပြေသိမ်း ပြန်မလာသည့် အတွက် တစ်စတစ်စ စိတ်ပူပန်လာရသူမှာ အမေပန်းရုံဖြစ် သည်။ သမီးဖြစ်သူ၏ အိမ်ထောင်ရေးကိစ္စတွင် တောသူ တောင်သား မိဘပီပီ ၀င်ရောက်စွက်ဖက်ခြင်းမပြုဘဲ အခြေ အနေကိုသာ အကဲခတ်နေခဲ့သည်။ တစ်နေ့ပြန်လာနိုး၊ တစ်ရက် ပြန်လာနိုး မျှော်ကိုးနေခဲ့မိသည်။ ပြန်မလာတော့တာသေချာ လျှင်လည်း ကုသိုလ်ကောင်းမှုပြုဖို့ရာ တာဝန်ရှိသည်။ ဘ၀ကူး ကောင်းရန် ဆွမ်းသပိတ်သွပ်ရမည့် ကိစ္စတွေရှိသည်။ ဘ၀ကံကပေးသမျှ ပေါင်းဖက်ခဲ့ရသည့်သမီးအတွက် ရိုးမြေ ကျ မပေါင်းဖက်ရလေခြင်းဆိုသည့် စိတ်ဒုက္ခကို လူမသိ သူမသိ ကျိတ်ခံစားရခြင်းတွင် ကာယကံရှင် မအိမ်ကံထက် မလျော့ပေ။ ကျီးသာလေတိုင်း ထွက်ကြည့်ရင်း မျှော်ရတာ အမော။ သားသမက်ဆိုသော်လည်း သမီး၏အိမ်သားဆိုတော့ သားရင်းနှင့်မခြား မေတ္တာမျှရသူပင်။

“လှအုံရယ် ငါ့မလည်း တစ်ဒုက္ခပါအေ။ မအိမ်ကံ သူ့အိမ် သားကိုမျှော်သလို ငါ့မလည်း သားမလာလို့မျှော်ရသဲ့မအေလို ၀မ်းခါးလွန်းလှပြီ။ ဘယ်နှယ့်အေ သေလေသလား၊ ရှင်လေ သလားမသိရသဲ့အဖြစ်ကိုက ဆိုးလွန်းလှသယ်။ ဘယ်သူ့ မေးလို့ မေးရမှန်းမသိသဲ့အဖြစ်ပါကော။ ငါတော့ စိတ်တုံးတုံး ချချင်လှပြီ”

“ဟုတ်ပါရဲ့ အရီးရယ်။ မောင်ပြေသိမ်းက လူသူတော် ကောင်းပါ။ သားပစ်၊ မယားပစ် ကစုတ်ကညစ်ထဲကမဟုတ် လေတော့ ပိုလို့တောင်စဉ်းစားရကျပ်သယ်။ ရှင်သေးသရွေ့ တစ်တီတူးများ ကမ္ဘာပြိုသယ်ထင်သလို ဇောက်ထိုးပြေးလာ မယ့်လူပါ။ ကျုပ်တော့ ဆိုင်ရာမေးချင်လှသတော်”

“အေး ငါလည်း ဒါပဲတွေးနေသာ။ ခက်သာက နတ်က တော်တော်၊ နတ်ကတော်ကယိမ်းလွန်းဆိုသာလို မမှန်မကန်တွေ ကလည်း များသား။ ညည်း ဘယ့်နှယ်စဉ်းစားတုံး လှအုံ”

“မသိုင်းခြုံတော့ စိတ်တွေ့သားပဲ။ မောင်မြတ်သာ အတွက်မေးတုန်းက ကြည့်ပါလား၊ ဒက်ထိတိုးတာတော်။ သိုင်းခြုံက နတ်မျိုးရိုး မဟုတ်ပေသိ နတ်ကြီးကောက်မို့ အဟောအပြောမှန်လို့ကို ကျုပ်က သဘောကျသာ”

ဖအေဆုံးတာတောင် ပေါ်မလာသော မောင်မြတ်သာ တုန်းကလည်း နတ်မေးခဲ့ကြသေးသည်။ ပြန်လာလိမ့်မည်ဟု နတ်ကတော်မသိုင်းခြုံ ဟောသည့်အတိုင်း မောင်မြတ်သာ ရွာကို ပြန်လာခဲ့ပါ၏။ စစ်သားကြီးလုံးလုံး ဖြစ်သွားသော မောင်မြတ်သာကတော့ ရွာမှာ တအိုးတအောင့်နေထိုင်ပြီး ဇနီးသည် မစိမ်းမြကိုပါ တစ်ပါတည်း ခေါ်သွားခဲ့သည်။ မောင်မြတ်သာလည်း ပေါ်မလာ အတော်ကြာပါပကော။


5 comments:

Yu Ya said...

ကိုယ်ချင်းစာပါတယ် မအိမ်ကံ။

မြစ်ကျိုးအင်း said...

အဲလို ဆန့်တငန့်ငန့်ဆိုရင် အသည်းယားတယ်နော်...
ရွှေအမြုတေမှာလည်း ဖတ်ရတာ အားမရဘူး
လုံးချင်းထွက်လာမှပဲ သေသေချာချာဖတ်ရတော့မယ်
ထင်တယ်..။
ဘာပဲပြောပြော ပြန်ဖော်ပြပေးတဲ့ သယ်ရင်းကို ကျေးဇူးစကား တော့ဆိုရမှပဲလေ...။
...ခင်မင်သောအားဖြင့်....

သားကြီး said...

ထုံးစံအတိုင်းရောက်တယ် ဖတ်တယ်ဗျို့
ဒါပြီးရင်လေ ဆရာမခင်ခင်ထူးရဲ့ အခြားလက်ရာတစ်ပုဒ်ဖြစ်တဲ့ “ဝတ်လဲတော်ရွှေပုဆိုး...တန်းထိုးလို့ထားချင်တယ်”ဆိုတာလေး
ပြန်ပေးပါဦးလား....
အဆုံးပိုင်းမဖတ်ခဲ့ရလို့
အားလုံးအတွက်ကျေးဇူးနော်ဘရားသား :)

မေလေး said...

ဖတ်လို့ကောင်းပြီဆိုရပ်ပြီ။ဟွန့်။ဝေမျှပေးတာကျေးဇူးပါအကို။စောင့်မျှော်အားပေးနေပါတယ.်

နေဒေးသစ် said...

ကိုပြေသိမ်းကို စာရေးဆရာက ခုထိဖွက်ထားတုန်း အူယားအောင် လုပ်နေတယ် .... :D

နေဒေးသစ်။