August 20, 2009

မအိမ်ကံ ( for Aug ) အပိုင်း - ၇

8လပိုင်း အတွက် တင်စရာ နောက်ဆုံးအပိုင်းဖြစ်တဲ့ ဒီမအိမ်ကံကို ကျနော် ဒီနေ့ပဲ ထပ်တင်လိုက်ရပါတယ်။ နောက်ပိုင်း အဆက်တွေကိုတော့ ဒီမှာ သွားရောက်ဖတ်နိုင်ပါတယ်ဗျာ။

“ကိုင်းကွယ် မင်းတို့နိုင်ငံရေးကလည်း ပြီးမပြီးနိုင်ဘူး။ သည်စကားတွေ ပြောနေရတာနဲ့ လယ်ကောရေမရ တို့လည်း စကားပြောချင်သေးသဟဲ့။ တကတဲတော်”

မလှအုံ ၀င်ငေါက်တော့မှ နိုင်ငံရေးသမားတွေလည်း စကားလမ်းကြောင်း ပြောင်းကြတော့သည်။ မိသားစု စကားဝိုင်းလေး ပြန်ဖြစ်သွားတော့မှ မအိမ်ကံလည်း စိတ်ရှုပ်နေရာက ကြည်လင်သွားရပါ၏။ ရွာက ရယ်စရာမောစရာတွေ ပြောကြရင်း ရယ်ကြမောကြရသည်။ အရူးကိုစက်ဖေ ကလေး လုတာပင် ပါလိုက်သေးသည်။ ထိုညကလည်း စကားပြော ညဥ့်နက်ရပြန်ပါ၏။ အစ်ကိုမောင်မြတ်သာတို့ ပြန်တော့ မအိမ်ကံ အပေါက်ဝ လိုက်ပို့သည်။ ကိုပြေသိမ်းက အိပ်ပျော် နေသည့် သမီးတွေကို အိမ်ပေါ်ပွေ့တင်နေခိုက်ဖြစ်၏။ မအိမ်ကံ က အစ်ကိုဖြစ်သူလက်မောင်းကို ဆွဲထားလိုက်သည်။

“အစ်ကို ကိုပြေသိမ်းဖတ်တဲ့ စာအုပ်တွေက ဘာဖြစ်နေလို့လဲဟင်။ မှန်သာပြောပါ အစ်ကို၊ မအိမ်ကံ စိတ်ပူလို့ပါ။ ကိုပြေသိမ်းကတော့ နိုင်ငံရေးစာအုပ်တွေလို့ပြောသာပဲ”

ဗိုလ်မြတ်သာက နှမဖြစ်သူကို ချက်ချင်းမပြောသေးဘဲ တံခါးတစ်ချပ်ကို ကိုင်ကာရပ်နေသည်။ မမစိမ်းမြကလည်း ကြားထဲက သိချင်နေဟန်တူပါ၏။ မောင်နှမနှစ်ယောက်ကြား ပေရပ်နေလေသည်။

“ဟုတ်တယ် ငါ့နှမရဲ့၊ နိုင်ငံရေးစာအုပ်တွေပါပဲ။ ကွန်မြူနစ်ဝါဒသဘောတရား စာအုပ်တွေပေါ့လေ။ သည်လို ကာလမှာ ဆန်းတော့မဆန်းဘူးပေါ့ ကံကလေးရယ်။ ဒါပေသိ မောင်ပြေသိမ်း ဖတ်နေသယ်ဆိုသာတော့ ထူးသယ်”

“အဲသာဖတ်တော့ ဘာဖြစ်လို့လဲ အစ်ကို”


“ငါ့နှမ ဒါတံခါးဝမှာ ရပ်ဖြေလို့ မပြည့်စုံနိုင်ဘူး။ ဒါပေသိ မစိုးရိမ်ပါနဲ့အေ။ မောင်ပြေသိမ်းကလည်း ပညာတတ်ပဲဟာ”

ဗိုလ်မြတ်သာက ဒါပဲပြောပြီး ထွက်သွားခဲ့သည်။ မမစိမ်းမြက နောက်က။ မအိမ်ကံ တံခါးဝမှာရပ်ရင်း ကျန်ရစ်ခဲ့သည်။ အမျိုးအမည် ဖော်ပြရန် မစွမ်းသာသော ခံစားမှုတစ်မျိုးက ရင်ထဲမှာ လှိုက်ခုန်နေခဲ့ပါ၏။ တံခါးဝမှာမေးသည့် မေးခွန်း တံခါးဝမှာ ရပ်ဖြေလို့မရနိုင်လောက်အောင် ကျယ်ဝန်းလို့များလား။ ကိုပြေသိမ်း ဘာတွေလုပ်နေသလဲ။ ကိုပြေသိမ်း ဘာတွေ ကြံစည်နေသလဲ။ မအိမ်ကံ အိမ်ပေါ်ကို တက်လာခဲ့သည်။ ကိုပြေသိမ်းက သမီးတွေကို ခြင်ထောင်ချပေးနေသည်။ ကိုပြေသိမ်းကို မေးဖို့စဉ်းစားပြီးမှ မမေးတာပဲ ကောင်းပါတယ်လေလို့ တွေးမိပြန်ပါ၏။

“အိမ်ကလေး အစ်ကိုတက်လာတော့ သမီးငယ်က တစ်ဖက်ပွေ့ထားရလို့ လက်ကလည်း မအားဘူး။ ငှက်ကြီးတစ်ကောင် ခြင်ထောင်တန်းပေါ်မှာ နားနေတာတွေ့တယ်။ အစ်ကို့ကို စိုက်ကြည့်နေသလိုပဲ။ ပြီးမှပြန်ထွက်သွားတယ်။ ညဘက်ဆိုတော့ ငှက်က မှားဝင်လာတာနဲ့တူပါရဲ့”
အို သည်ငှက်ကြီး ပေါ်လာပြန်ပြီလား။ မအိမ်ကံ မေ့တောင်နေပြီ။ မအိမ်ကံမှာ ကြက်သီးညှင်းညှင်းကလေးပင် ထမိရပါ၏။ ဘာတွေများဖြစ်လာဦးမှာလဲ။

အစ်ကိုမောင်မြတ်သာတို့ ပြန်သွားကြပြီ။ မအိမ်ကံက အစ်ကို့အတွက် လိုလေသေးမရှိ ပြည့်ပြည့်စုံစုံ ထည့်ပေးလိုက်ပါ၏။ အစ်ကိုပြန်သွားလေတိုင်း အားငယ်မိရသည့် စိတ်ကတော့ အခုချိန် ထိလျော့မသွားသေးပါ။ အဖေရှိစဉ် ကတည်းက မိသားစု သိုက်သိုက်ဝန်းဝန်း နေရမယ့် ရက်တွေကို မျှော်လင့်ခဲ့ရ သော်လည်း ဘာမှ ဖြစ်မလာတော့ပါ။ အိမ်အလုပ်တွေထဲ ခေါင်းထိုးနှစ်ရင်းဖြင့်သာ အရာရာကို မေ့မေ့ပျောက်ပျောက် နေရပါ၏။

သည်ကနေ့လည်း မနက်ပိုင်းတစ်ပိုင်းလုံး ရက်ကန်းရုံ ထဲမှာပဲ မအိမ်ကံရှိနေခဲ့သည်။ အရီးကြာညွန့်နှင့် ခေါင်းချင်းဆိုင်ခဲ့ရတာပင် သုံးရက်ရှိပြီ။ မအိမ်ကံက ဂမုန်းကြိုး၊ ခါးစည်း၊ ဘိလပ်ပန်း စသည့် အချိတ်ဆန်ဆန် ရက်ထည်ကလေးတွေ စမ်းသပ်ရက်လုပ် ချင်နေခဲ့တာ ကြာပြီ။ အသွေးအရောင် နှစ်မျိုးကို ကျော်ကာနင်းကာ ရက်သည့် ငုပ်ချည်ပေါ်ချည် အဆင်ကလေးတွေ စမ်းရက်ကြည့်ဖူးသည်။ လူကြိုက်များလှပါ၏။ ဂမုန်း၊ နရားပန်းခက်နှင့် ဘိလပ်ပွင့်တွေကိုလည်း စမ်းရက် ကြည့်ချင်သည်။ ဖီလာချိတ်၊ ကိုက်ချိတ်တွေလည်း အဆင် ကူးလာတာရှိသည်။ မြို့မှာ ဆေးရေးထည်၊ ပန်းထိုးထည် တွေ ခေတ်စားနေတာ မအိမ်ကံ ကြားနေရသည်။ ကိုပြေသိမ်း မန္တလေးသွားခိုက် အဆင်ဆန်းကလေးတွေ မှာလိုက်ရာက စိတ်ကူးရခဲ့ခြင်းဖြစ်သည်။ မအိမ်ကံတို့ လွန်းများများ မသုံးရဘဲ အဆင်ဆန်းတွေကို ရွေးရသည်။ အကပ်၊ အကွက်၊ အကျူး၊ အကျော် မှန်ရသည့်အပြင် ရက်သားမပွအောင် ခတ်ချက်လည်း နာရပါ၏။

“အရီး ခေါင်းခြောက်သွားပြီထင်တယ်။ ကိုင်းနားဦး မအိမ်ကံလည်း စဉ်းစားဦးမယ်။ မဖြစ်ဘူးဆိုသာတော့ မရှိပါ ဘူး အရီးရယ်။ မအိမ်ကံ အိမ်ဘက်ကူးလိုက်ဦးမယ်။ အရီးတို့ လည်း ထမင်းစားကြတော့လေ။ အိမ်ဘက် ဟင်းကြမ်းထည့် သွားယူလိုက်ကြဦး”

ဟင်းကြမ်းဆိုတာ အများစာချက်ထားသော လိုက်ဟင်း ကိုပြောခြင်းဖြစ်သည်။ မအိမ်ကံက တစ်နေ့တစ်မျိုး ဟင်းကြမ်း တည်ပေးနေကျ။ ဟင်းကြမ်းဆိုသော်လည်း မလှအုံလက်ရာ မို့ ဆီနှင့် ပျားနှင့် ကောင်းကောင်းချက်ထားခြင်းဖြစ်သည်။ ကျေးဥက မအိမ်ခိုင်နှင့် သူ့သားကို ပေတူလုံးပစ်ပြရင်း ထိန်း နေသည်။ သမီးကြီး မအိမ်မြိုင်ကို မတွေ့။

“ကျေးဥ သမီးကြီးကော ကလေးတွေထမင်းစားပြီး ကြပြီလား”

“အငယ်မတော့ ကျွေးပြီးပြီ။ အကြီးမက မစားဘူး။ မနက်ကတည်းက မှင်တင်တင်နဲ့ အပေါ်တက်သွားလေရဲ့”

မအိမ်ကံ အိမ်ပေါ်တက်လာခဲ့သည်။ မအိမ်မြိုင်က ခုတင် ပေါ်မှာကွေးကွေးကလေး အိပ်ပျော်နေသည်။ သမီး သည် ဒီအချိန် မအိပ်ဖူးတာ မအိမ်ကံ သိသည်။ သမီးအနား ထိုင်လိုက်တော့ မအိမ်ကံ တစ်စုံတစ်ရာကို သတိထား လိုက်မိပြီ။ ချက်ချင်းပင် နဖူးကို လက်ဖ၀ါးနှင့် စမ်းလိုက်သည်။ မအိမ်ကံပင် တုန်လှုပ်သွားခဲ့ ရပါ၏။ မအိမ်မြိုင် တစ်ကိုယ်လုံး ချစ်ချစ်ကြီး တောက်အောင် ပူနေ ခဲ့ပါပကော။ သံပြားပူနှင့် ကပ်လိုက်သလို အပူမျိုး။ သမီးမျက်နှာက ရဲရဲမှည့် နေပါ၏။

“မအိမ်ကံ ဟိုဘက်ရွာတွေမယ် ကျောက်ကြီးရောဂါတွေ ဖြစ်နေတယ်လို့ကြားတယ်။ အပျက်အစီးလည်းရှိကြသတဲ့ မပျက်စီးတော့လည်း ရုပ်ပျက်ဆင်းပျက်”
ပွဲကတော်ကြီးပြောလိုက်သည့် စကားကခေါင်းထဲဝင် လာခဲ့လေပြီ။ မအိမ်ကံ ချောက်ချောက်ချားချား အော်လိုက်လေ၏။
“ကျေးဥရေ..”




(ဆက်လက်ဖော်ပြပါမည်)

ခင်ခင်ထူး

လေးစားစွာဖြင့်
ရီနိုမာန်


မအိမ်ကံ ( for Aug ) အပိုင်း - ၆

တစ်ရက်မှာတော့ အစ်ကိုမောင်မြတ်သာနှင့် မမစိမ်းမြ တို့ ရွာကိုပြန်လာကြသည်။ အစ်ကိုတို့မှာ သားသမီးမပေါ် ပေါက်တာကိုတော့ မအိမ်ကံ စိတ်မကောင်း ဖြစ်ရပါ၏။ မမစိမ်းမြက ရွာမှာနေတုန်းကလို မဟုတ်။ နဂိုချောချောသူ ဆိုတော့ မြို့သွေး မြို့မွေးကလေးပေါက်လို့ မြို့ထည်ကလေး တွေနှင့် လိုက်ဖက်လှပါ၏။ မမစိမ်းမြက မအိမ်မြိုင်နှင့် မအိမ်ခိုင်ကိုကြည့်ရင်း အံသြနေသည်။

“ငါ့ညီမရယ် ကံကောင်းလိုက်တာအေ၊ ညီအစ်မနှစ် ယောက်ဆိုတော့ အဖော်ရတာပေါ့။ ဆိုးတိုင်ပင် ကောင်းတိုင် ပင်ပေါ့ဟယ်၊ မအိမ်ကံ အစ်ကိုက ကလေးလိုချင်သာ ရူးလို့။ မမစိမ်းမြလည်း ရုက္ခစိုးမှာ ဆုပန်ရသာနဲ့ ညောင်ပင်အောက်က မထွက်ရပါဘူးအေ”

မမစိမ်းမြ စကားကြောင့် မအိမ်ကံစိတ်မကောင်းသည့် ကြားက ရယ်မိသည်။ အစ်ကိုမောင်မြတ်သာက တူမနှစ် ယောက်ကို အတော်ချစ်ရှာပါ၏။ အမေပန်းရုံနှင့် အစ်မလှအုံ တို့ကတော့ အစ်ကိုမောင်မြတ်သာ အသားတွေမည်းကာ လူပုံ ကြမ်းသွားတာကို ပြောမဆုံးကြ။ အစ်ကို ရွာပြန်မလာတာ ကြာပြီ။ အစ်ကို့ကိုမြင်တော့ အဖေကို သတိရကာ မျက်ရည် ကျမိ၏။ လွတ်လပ်ရေးရလျှင် တပ်ကထွက်ပြီးရွာမှာ အခြေ ချတော့မည်ဟု ဆိုခဲ့သော အစ်ကိုတစ်ယောက် ဘာကြောင့်များ တပ်က မထွက်သေးတာပါလိမ့်။ မမစိမ်းမြခမျာလည်း ကိုယ့် မျိုး ကိုယ့်ဆွေတွေကြား ရွာခြေပြန်ကပ်ချင်ရှာလိမ့်မည်။ အစ်ကို မောင်မြတ်သာက ကိုပြေသိမ်းကိုမေးလို့ မန္တလေးသွားကြောင်း ပြောပြရသည်။ ထိုညက ထမင်းစားကြပြီးနောက် စကားတွေ ညဥ့်နက်အောင် ထိုင်ပြော ဖြစ်ခဲ့ကြသည်။ စားပွဲပေါ်မှာ ကိုပြေသိမ်းဖတ်သည့် အင်္ဂလိပ်စာအုပ်တွေ တွေ့တော့ မောင်မြတ်သာ မျက်နှာသုန်မှုန် သွားခဲ့လေသည်။

“ကံကလေး ဒါဘယ်သူ့စာအုပ်တွေလဲ”

“ကိုပြေသိမ်းစာအုပ်တွေ အစ်ကိုရဲ့။ ထနောင်းတိုင်က ကိုကံကြီးမောင်က ထည့်ပေးလိုက်တာ”

“ကံကြီးမောင် ဟုတ်လား၊ အစ်ကို မသိပါလား”
“ထနောင်းတိုင်ကပဲ အစ်ကို၊ ဘာဖြစ်လို့လဲ”

“မဖြစ်ပါဘူး။ မောင်ပြေသိမ်း ဘယ်နေ့ပြန်ရောက်မှာလဲ”

“မနက်ဖြန်တော့ ရောက်ကောင်းပါရဲ့”

မအိမ်ကံကတော့ အစ်ကိုမောင်မြတ်သာ မျက်နှာမှုန် သွားတာကို သတိထားလိုက်မိသည်။ ဘာစာအုပ်တွေများမို့ပါ လိမ့်။ အစ်ကိုမြတ်သာက ဘာမှတော့ ဆက်မပြောပါ။ ပြောစ ရာတော့ ရှိပုံရသည်။ ကိုပြေသိမ်းက နောက်တစ်နေ့ ညနေ ပိုင်းမှာ ရောက်လာခဲ့သည်။ မောင်မြတ်သာကို မြင်တော့ ၀မ်းသာ သွားကြသည်။ သခင်မြတ်သာဆိုတာ ကိုပြေသိမ်း ကြည်ညိုလေးစားခဲ့ရတဲ့သူ မဟုတ်လား။ ညစာအတူစားကြ ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတာ မိုးလင်းလု သည်အထိပင်။

“ကျွန်တော် ဘောဂလိ ရေသိုးကြီးဘက်မှာ တာဝန်ကျ နေတာ ကိုပြေသိမ်းရေ၊ ကောင်းကင်က ရိက္ခာချမပေးရင် ငတ်တဲ့ရက်တွေပေါ့ဗျာ။ ဆင်းရဲတာတော့ မပြောနဲ့တော့။ အကျအဆုံးလည်း များကြသယ်ဗျ”

ကိုပြေသိမ်းက တော်လှန်ရေးကာလ အတွေ့အကြုံများ နှင့် ရွာအကြောင်း၊ ရပ်အကြောင်း၊ နိုင်ငံအကြောင်း၊ ကမ္ဘာ အကြောင်း သမီးယောက်ဖနှစ်ယောက် စကားတွေကောင်းနေ ကြသလို မအိမ်ကံတို့ကလည်း မမစိမ်းမြနှင့် စကားလက်ဆုံ ပြောမကုန်နိုင်။ အမေပန်းရုံတို့အလစ်မှာ ကိုပြေသိမ်း၏ အင်္ဂလိပ်စာအုပ်တွေကို ကြည့်ပြီး အစ်ကိုမောင်မြတ်သာ မျက်နှာ ပျက်သွားရသည့်အကြောင်း မမစိမ်းမြအား မေးရပါ၏။ မမစိမ်းမြကလည်း ရေရေရာရာမသိ။ ဘာစာအုပ်တွေဖြစ်နေ လို့ဆိုလား ငါ့ညီမရယ်လောက်သာ ပြောနိုင်သည်။ ကိုပြေသိမ်းက လှည်းပေါ်မှာတုန်းက နိုင်ငံရေး စာအုပ်တွေပါလို့ ဆိုခဲ့ တာကိုလည်း မှတ်မိသည်။ ကိုပြေသိမ်းနိုင်ငံရေး စာအုပ် ဖတ်တာ ထူးဆန်းလှသည်မဟုတ်။ သို့သော် သည်စာအုပ်တွေကတော့ ထူးဆန်းသော စာအုပ်တွေ ဖြစ်လိမ့်မည်။ ကိုပြေသိမ်း ကိုယ်တိုင်ကလည်း ထူးခြားနေတာ မဟုတ်လား။ သည် စာအုပ်တွေကိုမှ သဲကြီးမဲကြီးဖတ်သည်။ ဖတ်ပြီးတော့လည်း ပြန်ဖတ်သည်။ နောက်ထပ် စာအုပ်တွေလည်း ပါလာတာတွေ့ ရသည်။ မြို့က ပါလာခြင်း ဖြစ်၍ ဘယ်သူက ပေးမှန်းတော့ မသိ။

ကိုပြေသိမ်းနှင့် ကိုမြတ်သာက ဗမာလို ပြောနေကြရာက အင်္ဂလိပ်ဘာသာဖြင့် ပြောနေကြပြန်သည်။ ခွန်းကြီးခွန်းငယ် ငြင်းခုံတာမျိုးတော့ မဟုတ်။ အေးအေးဆေးဆေး ပြောနေကြခြင်း ဖြစ်သည်။ ပြောကြရင်းက စာအုပ်တွေကို ယူကြည့်ကြသည်။ လှန်လှောဖတ်ကြသည်။ မအိမ်ကံက သည်စာအုပ်တွေ အကြောင်းသိချင်နေသော်လည်း ဘယ်သူ့ကိုပြလို့ ဘယ်သူ့ မေးရမှန်းမသိ။ မမမြစိမ်းက ကိုယ့်အစ်ကိုကိုမေးရမှာပေါ့ ဆိုတော့မှ အစ်ကိုမောင်မြတ်သာကို မေးဖို့ တေးထားလိုက်သည်။

နောက်တစ်နေ့မှာတော့ မိုးလင်းခြင်းနှင့်အတူသတင်းဆိုး တစ်ခုရွာထဲ ရောက်လာခဲ့သည်။ ရွာအထွက်လမ်း တလုတ် မန်ကျည်းတော အုပ်အုပ်ထဲမှာ လူသေအလောင်းတစ်လောင်း တွေ့ထားသည်ဆိုသည့် သတင်းဖြစ်၏။ အလောင်းက တစ်ကိုယ်လုံး ဓားဒဏ်ရာဗရပွဖြင့် သေဆုံးနေခြင်းဟု သိရသည်။ တစ်ရွာလုံးနီးပါး ထွက်ကြည့်ကြသဖြင့် ရွာလမ်းတစ်လမ်းလုံး ဖုန်တသောသော ထနေလေသည်။ မအိမ်ကံတို့က သွားမ ကြည့်သော်လည်း ကြည့်ပြီးပြန်လာသူတွေက ၀ိုင်းတိုက်ထဲ ၀င်လာကြသည်။

“ရက်စက်လွန်းပါ့အေ၊ ဓားနဲ့မွှန်းထားတာများ ငါးခူမွှန်း မွှန်းထားသာ။ ကျုပ်တို့ရွာက မဟုတ်ပါဘူး။ ပြောကြသာတော့ အနောက်တန်း ရွာတွေကတဲ့။ ဘယ်သူက ဘာကြောင့် လုပ်သွားသယ်တော့ မပြောတတ်ဘူး”

ညဦးပိုင်း သည်စကားရောက်တော့ အစ်ကိုမောင်မြတ်သာက မျက်နှာမကောင်းရှာ။ မနက်ကသူလည်း သွားကြည့်ခဲ့သည် ဆိုသည်။ အနောက်တန်း ရွာတွေထဲက လင်းနေကုန်း ရွာနေ မောင်စံတင်ဟု ကြားခဲ့ရကြောင်း ပြောပြရာက ကိုပြေသိမ်းကို လှမ်းကြည့်သည်။

“ကိုပြေသိမ်းရေ မောင်စံတင်က လူထူရင် သူ့ရင်ထဲက မကျေနပ်တာတွေ အင်မတန်ပြောတတ်တဲ့လူတဲ့ဗျ။ ပြောကြ တာတော့ အလံနီလိုလိုပါပဲ။ ဟုတ်မဟုတ်တော့ မပြောတတ် ဘူး။ ဖဆပလကိုရော ဆိုရှယ်လစ်တွေကိုရော ညဘက် မူးမူး ပြီး ဆဲတာတွေ ဘာတွေတောင် လုပ်သတဲ့။ ခက်တာက ဘယ်သူ ရက်ရက်စက်စက် လုပ်လိုက်တယ် ဆိုတာထား၊ စကားတွေ ပြောတိုင်းမကောင်းနိုင်တော့ဘူး ဆိုတာကတော့ ရှင်းနေပြီ”

အစ်ကိုမောင်မြတ်သာက ဘာမဆို ပြင်းပြင်းထန်ထန် ဝေဖန်တတ်သော ကိုပြေသိမ်းကို ရည်စူးနေကြောင်း သိသာလှသည်။ ကိုပြေသိမ်းကတော့ ဘာမှမပြောပါ။ စားပွဲပေါ်က စာအုပ်တွေကိုသာ ငေးကြည့်နေပါ၏။ အစ်ကိုမောင်မြတ်သာက စကားဖြတ်ထားရင်း ရှေ့ဆက်ရမည့်စကားကို စဉ်းစား နေပုံရသည်။

“အခုက အဖွဲ့အစည်းတွေက များလွန်းတယ်။ တိုင်းပြည်က အခုမှ နွားရိုင်းသွင်းချိန် ပြန်ရောက်နေရတယ်။ မကောင်းသူ မကောင်းသားကပ်လို့ အကောင်းဆုံး အချိန်ကိုးဗျ။ ကျွန်တော်တပ်က မထွက်နိုင်သေးတာ ဒါတွေလည်းပါတယ် ပေါ့ဗျာ။ လာဘ်ပေးကြ၊ လာဘ်ယူကြ၊ လူမိုက်ရွေးကြ၊ တပည့် ခံကြ၊ ဆရာတင်ကြ၊ ဝေငှစားသောက်ကြ၊ လုလိုက်ကြ၊ ယက် လိုက်ကြ ဖြစ်နေသယ်။ ကျည်ဆံကြေး ဖဲရိုက်ကြသတဲ့။ ကောင်းကြရောပေါ့။ တောကြောင်တွေ စုန်းတောက်နေကြ တာပေါ့လေ”

အစ်ကိုမောင်မြတ်သာ ပြောတာ အမှန်တွေချည်း ဖြစ်သည်။ နေ့ခင်းကြောင်တောင် နွားဆွဲတာများပင် ရှိ၏။ ဗြောင်ဝင်လုတာများလည်း ကြားနေရသည်။ တောနယ်ထွက် လက်လုပ်ပြောင်း သေနတ်များကလည်း ငွေပေးနိုင်လျှင် အစစ် နှင့်မခြား ရနိုင်သည်ဆိုသည့် သတင်းတွေကလည်း ရွာတွေမှာ သတင်းတွေ ကူးစက်နေပါ၏။ ရွာတွေမှာ ကင်းတွေချကြရသည်။ ဆူးစည်းရိုးတွေ ထူထူထဲထဲကာကြရသည်။ ၀ါးချွန် တွေ၊ ဒူးလေးတွေ၊ လင်းလေးတွေ အိမ်တိုင်းထားကြရပြီ။ သည်ကြားထဲက ဓားပြသံ၊ သူခိုးသူဝှက်သံ၊ အနုကြမ်းစီး သံတွေကလည်း မကြာမကြာ ကြားနေရတာမျိုးလည်း ရှိပါ၏။

“ခက်သားပဲ ကိုမြတ်သာ။ လွတ်လပ်ရေးမရခင် လွတ်လပ်ရေးရဖို့ တိုက်ကြခိုက်ကြ၊ သေကြ၊ ကျေကြ။ လွတ်လပ်ရေးကို အသက်တွေနဲ့ရင်းပြီး ရယူပြီးပြန်တော့လည်း မီးမငြိမ်းနိုင်ဘူး။ သူ့နာမည်ကိုယ်ဖျက် ကိုယ့်နာမည်သူဖျက်။ တွက်ကြည့်တော့ တိုင်းပြည်လူထုက ဘယ်သူ့ကို အားကိုး ရမှန်းမသိဘူးဗျာ။ အရေးထဲ ဖဆပလ အစိုးရက ဗောဓိပင် ပင့်နေတော့ မခက်ဘူးလား”

ဗိုလ်မြတ်သာက အင်္ဂလိပ်စကားနှင့် တစ်စုံတစ်ရာ ပြောလိုက်လို့လားလို့ မသိပါ။ ကိုပြေသိမ်း စကားဆက်မပြော တော့။ မလှအုံက စကားဝိုင်းကို အကဲခတ်နေရာက စကား ၀င်ဖြတ်သည်။


လေးစားစွာဖြင့်
ရီနိုမာန်


August 18, 2009

အကြောင်း အမျိုးမျိုးကြောင့်

ကျနော် ချစ်ခင်ရသော မောင်နှမများ အားလုံးကို သိရှိစေရန်class="gl_align_full"

မမျှော်လင့်ပဲ တွေ့ခဲ့ကြတယ်။ ဒီလောက က ဒီမောင်နှမတွေ အားလုံးကို ကျနော် ချစ်ခင်ရပါတယ်။
ခုတော့ မမျှော်လင့်ပဲ တွေ့ခဲ့ကြသလို မမျှော်လင့်ပဲ ကျနော် အားလုံးကို နှုတ်ဆက်လိုက်ပါတယ်။
စိတ်ရဲ့ ခံစားချက်တွေကို ကျနော် အနေနဲ့ လိုက်လုပ်နေမိတဲ့ ကျနော်ကိုလည်း ကျနော် မုန်းနေမိပါတယ်။
နောက်တစ်ချိန် ဘာဖြစ်မယ် ဘာဖြစ်အုံးမယ်ဆိုတာ မသိသေးတဲ့ အချိန် အတိုင်းအတာ တစ်ခု အတွင်းပေါ့။
ဒီ တစ်ရက် နှစ်ရက်လောက်တော့ ကျနော်ဘလော့ဂ်ကို ဖွင့်ထားပါမယ်။ နောက်လာမဲ့ ရက်တွေမှာတော့ ကျနော်ကိုယ်တိုင်
လည်း ဘာမှ မသိသေးပါဘူး။ အခုတစ်လော လည်း ဘာလုပ်လုပ် အဆင်ပြေတယ်ကို မရှိဘူး။
စိတ်လည်း ကုန်တယ်။ အစား မတော် တစ်လုပ်၊ အသွားမတော် တလှမ်း အပြောမတက်တော့ ဆဲ သလိုဖြစ်သွားခဲ့
တဲ့ ကျနော့် ကိုယ် ကျနော်ပဲ အပြစ်တင်နေမိပါတော့တယ်။
ဘလော့ဂ်မှာ ခင်ကျ အပြင်မှာ တွေ့ဖူးကျတဲ့ ကျနော့် မောင်နှမ များ အားလုံး အပေါ် ကျနော အနေနဲ့ ပြောမှား
ဆိုမှားရှိခဲ့ရင် ဒီနေရာ ဒီပိုစ့်လေးကနေ တောင်းပန်လိုက်ရပါတယ်။ ခွင့်လွှတ်ပေးကြပါနော်။

ကျနော်တို့တွေ ကံပါအုံးမှာပါ။ ပြန်တွေ့ကျတာပေါ့နော်။

စုံစမ်း မေးမြန်းခြင်း သီးခံပါ။

လေးစားချစ်ခင်လျှက်
ရီနိုမာန်

August 17, 2009

မွေးနေ့ ဆုတောင်း

သြဂုတ်လ ၁၄ ရက်နေ့က ကျရောက်ခဲ့ တဲ့ ညီမ မေဇင်ရော ဒီနေ့မှာ ကျရောက်တဲ့ ကိုသီဟသစ် နှင့် ညီမနွေးနေခြည်တို့ ရဲ့ မွေးနေ့ကို အမှတ်တရ တင်လိုက်ပါတယ်။

ဒီနှစ်မွေးနေ့ လေးမှ စ၍နောက်လာမဲ့ လာမဲ့ မွေးနေ့ တိုင်းမှာ ဒီမိသားစု ဒီမောင်နှမတွေနဲ့ ပျော်ရွှင်စရာ ကောင်းသော နေ့လေးကို ကျော်ဖြတ် ပိုင်ဆိုင်ခွင့်ရရှိပါစေဗျာ။

ချစ်ခင်စွာဖြင့်
ရီနိုမာန်

အထူးသတင်း - အစီအစဉ်ရှိတာကို သိရှိထားပါတယ်။ သို့ပင်မဲ့ ရက်အားပြောင်းရွှေ့နိုင်ပါက ကျနော် လည်း
ပါဝင်နိုင်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဟဲ ဟဲ

August 15, 2009

ရှမ်းပြည် တောင်ပိုင်း ခရီးစဉ် (စ /ဆုံး)

ရှမ်းပြည်ခရီးစဉ်အား စ ဆုံး မဖတ်ရသေးသူများအတွက် ပြန်လည် တင်ပေးလိုက်ရပါတယ်။

ခရီးသွားခြင်းနှင့် ပတ်သက်ပြီး ပြောရရင် မွေးကတည်းက ခုချိန်ထိ ထွက်နေရတဲ့ ခရီး မပြီးဆုံးသေးတဲ့ ဘဝခရီး၊ ခရီးပေါင်းမြောက်မြားစွာထဲမှ အမှတ်ရနေတဲ့ ခရီးစဉ်တစ်ခုကို ရေးသားဖေါ်ပြလိုက်ရပါတယ်။

၂၀၀၂ခုနှစ် မတ်လနောက်ဆုံးတစ်ပတ်အား ရုံးမှခွင့်ယူပြီး အဖေတာဝန်ကျနေတဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းကို ရုံးမှသူငယ်ချင်းလေးယောက်နဲ့ စနေနေ့ နေ့လည် (၁)နာရီမှာ ရန်ကုန် စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်မှ ရန်ကုန်-တောင်ကြီး အယ်ကွန်းကားကြီးနဲ့ ခရီးစတင်ထွက်ခဲ့ကြပါတယ်။ အဖေရှိတဲ့ ပင်လောင်းကို အရင်းသွားရမှာ ဖြစ်တဲ့အတွက်ကြောင့် လမ်းဆုံဖြစ်တဲ့ အောင်ပန်းမှာ ဆင်းကြရပါတယ်။ အောင်ပန်းကိုရောက်တဲ့ အချိန်ကမနက် ၅ နာရီလောက်ဆိုတော့ ရှမ်းပြည်ရဲ့ နွေရာသီကလည်း ရန်ကုန်ဆောင်းထက်ပင် အလွန်အေးပါသေးတယ်။ ရှမ်းပြည်ကို တစ်ခါမှ မရောက်ဖူးကြတဲ့ ကျနော့် သူငယ်ချင်းများကတော့ ကောင်းကောင်းကြီးကိုထိတော့ တာပေါ့။ ကျနော် ခေါ်လာတာ လူတွေပါ။ ဒါပင်မဲ့ ကျနော် အနားမှာ ဘဲတွေလိုပဲ ဂတ်......ဂတ်......ဂတ် နဲ့ပေါ့။


၉နာရီလောက်မှ ပင်လောင်းကိုသွားမဲ့ ကားတွေပင်လောင်းကနေ ရောက်လာကြတော့တယ်။ ယောက်ကျားလေး တွေပဲဆိုတော့ ကားနောက်ကနေ တွဲစီးလာကြတာပေါ့။ ပင်လောင်းကို နေ့လည် ၁၂ နာရီလောက်မှပဲ ရောက်တော့တယ်။ နေ့လည်စား ကို အိမ်ရောက်မှစားကြတာ။ (ချွေတာရေးပေါ့ ဟဲ ဟဲ) စားပြီးတော့ အိပ်တဲ့လူကအိပ်၊ ကျနော်ကတော့ ကျနော်တို့ရဲ့ ခရီးစဉ်ကို အမေကိုပြောပြနေတယ်။

ညနေပိုင်းရောက်တော့ တပ်ထဲမှာရှိတဲ့ ဖုန်ထူမြေနီလမ်းကို လျှောက်ပြီး ပတ်ဝန်းကျင် ကိုလိုက်ပြလိုက်တယ်။

တနင်္လာနေ့

မှာတော့ အမေကိုနေ့လည်စား ပြန်စာမယ်ဆိုပြီး မနက်ထဲကခေါ်သွားတာ(သူငယ်ချင်းတွေကို) ။ မြို့ထဲခေါ်ပြီး ကုလားဆိုင်မှာ နွားနို့ တိုက်ပြီး (ရည်ရွယ်ချက်နဲ့) ကျနော်က ကျနော်ရဲ့ ကျူရှင်ဆရာကို ဝင်ကန်တော့ပြီး သူငယ်ချင်းတွေကို ဘယ်ခေါ်သွားတယ် ထင်လဲ။ (လျှောက်မတွေးနေနဲ့အုံး) ပင်လောင်းမှာရှိတဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဂျူးတောင်ကိုခေါ်သွားတာဗျ့။ တောင်ပေါ်ကို အားလုံးကရောက်နေကျပြီ။ မရောက်သေးပဲ တောင်တစ်ဝက်မှာ ကျန်နေတာက ကျနော်ရယ်ပါ။ ( ကုလားဆိုင်မှာတုန်းက နွားနို့ မသောက်ခဲ့လို့နဲ့တူပါတယ်။) ဟောဟဲ....ဟောဟဲ......နဲ့ဖြေးဖြေးချင် တက်ရင်းနဲ့တော့ ရောက်သွားပါတယ်။ မနက်ဖြန် ငှားထားတဲ့ ကားနဲ့ အင်းလေး၊ ကုံလုံ ၊ ပင်တယ ကို မနက်စောစောသွားကြရမှာဖြစ်တဲ့ အတွက် ဒီညနေတော့ ကျနော်တို့ ဘယ်မှ မသွားပဲ ရှမ်းပြည်ထုပ် လိမ္မော်ဖြူလေးနဲ့ ပဲ စောစောအိပ်ရာဝင် လိုက်ပါတော့တယ်။ လိမ္မော်ဖြူဆိုတာ လိမ္မော်နံ့လေးမွှေးနေတဲ့ အရက်ကိုပြောတာ။

အင်္ဂါနေ့တီ...တီ.......တီ....... ကားဟွန်းသံ ကြားမှပဲ တအိမ်လုံးနိုးလာကြတယ်။ ရာသီဥတုက အေးအေးဆိုတော့ ကွေးကောင်းကောင်းနဲ့ ကွေးနေကြတာ ကားဟွန်းတီသံကြား မှပဲနိုးတော့တယ်။ တော်သေးတာပေါ့ အမေက ညကတည်းက အစားအသောက်နဲ့ အခြားလိုအပ်မဲ့ ပစ္စည်းတွေကို ပြင်ဆင်ထားလို့။ ကားက ဟိုင်းလပ်ကား။ လူက ကားဆရာနှစ်ယောက်၊ ကျနော်တို့အဖွဲ့က ငါးယောက်၊ အကိုတို့ လင်းမယားနှစ်ယောက် ၊ အမေနဲ့ ညီမလေး ၊ နောက် အန်တီမနော်နဲ့ သူ့သမီးလေး အာလုံးပေါင်း ၁၃ယောက်။ ကားကိုဘေးထိုင်ခုံတွေ ဖြုတ်ပြီး ကားဝမ်းထဲမှာပဲ ဂွမ်းကပ်လေးထည်လောက်ထည့်လာပြီး ခရီးစတင်ပါတော့တယ်။ ရာသီဥတုက အေးအေး၊ ကားကလည်းလေဝင်၊ ဝင်တဲ့လေကလည်း အေးစိမ်းနေတော့ တစ်ယောက်နဲ့ တစ်ယောက်မဖက်ထားရုံတမယ် ကွေးနေကြတော့တာပေါ့ဗျာ။........

ပထမဆုံး ကျနော်တို့ အင်းလေးကို အရင်သွားကျတယ်။ အင်းလေးကိုရောက်တော့ မနက် ၁၀နာရီခွဲလောက် ရှိနေပြီ။ ကျနော်တို့ အဖွဲ့က လူလည်းများတော့ စက်လှေကို စင်းလုံးငှားလိုက်တယ်။ ဖောင်းတော်ဦးဘုရားကို မရောက်ခင်မှာ စက်လှေမောင်းတဲ့ အကိုကြီးက ရေပေါ်ရွာနဲ့ ရေပေါ်ဈေးကို လိုက်ပြခဲ့တယ်။ ဘုရားဖူး ပြီးအပြန်မှာလည်း ကြောင်လိမ္မာလေးတွေ ရှိတဲ့ ဘုန်းကြီးကျောင်း( ဘုန်းကြီးကျောင်း နာမည် မမှတ်မိတော့ပါ) ကိုလိုက်ပို့သေးတယ်။ ပြီးတော့ ရေလယ် ဟော်တယ်ကိုလည်ရောက်ခဲ့တယ်။ ရေလယ် ဟော်တယ်ကတော့ VIP ရှိမှ သုံးတယ်လို့ သိရတယ်။ ဟိုတယ်မှာပဲ ခြံလုပ်ပြီး ငါးတွေကို မွေးထားကြသေးတယ်။ ငါးခူးတွေများတယ် ။ စက်လှေဂိတ်ကို ပြန်ရောက်မှပဲ ကျနော်တို့ နေ့လည်စားကို စားကြပါတယ်။ အချိန်လည်းလုနေ ရပြီလေ။ နောက်သွားချင်တဲ့ နေရာက နှစ်နေရာ ကျန်သေးတာဆိုတော့။

ကျန်တဲ့ နှစ်နေရာထဲက ကုံလုံ ဆရာတော်ကျောင်းကို အရင်းသွားခဲ့ကြတယ်။ ဆရာတော်က တစ်နေ့ကို နှစ်ကြိမ် အဖူးမြော်ခံ ကြွတယ်။ တစ်ချို့ဆိုရင် ဆရာတော်ကို မဖူးရပဲ ပြန်သွားကြရတယ်။ ကျနော်တို့ ရောက်တဲ့ အချိန်က ဆရာတော့ အဖူးမြော်ခံတဲ့ အချိန်မဟုတ်ပါဘူး။ ဧည့်သည်များလို့ ခဏထွက် အကြည်ညိုခံ တာနဲ့ ကြုံသွားလို့ ဆရာတော်ကို အနီးကပ် ဖူးမြော်ခွင့် ရလိုက်ကြတယ်။ ဆရာတော်ကို ဖူးမြော်ပြီးတာနဲ့ ကျနော်တို့ အဖွဲ့ သုတ်ခြေတင်းရတော့တာပေါ့။ ည ၇ နာရီဆိုရင် ပင်းတယဂူက ပိတ်တာကို...............

ပင်းတယမြို့ထဲကိုရောက်တော့ တစ်ချိန်တုန်းက နတ်သမီးတွေ ရေလာချိုးကြတဲ့ ဘုတ်တလုပ် ( သတ်ပုံမှားရင် ခွင့်လွှတ်ကြပါနော်) ကန်ကိုတွေ့နေရတယ်။ ရေကန်ထဲက ရေဟာ တစ်နှစ်ပတ်လုံး ကျခြင်းတက်ခြင်း ခန်းခြင်း လုံးဝရှိဘူးလို့တော့ ကားဆရာ ပြောစကားအရ ကြားခဲ့ရတယ်။ ကန်ကြီးဘေးကနေမှ ဖြတ်ပြီး ပင်းတယဂူကို သွားကြတယ်။ ကျနော်တို့ ရောက်တဲ့ အချိန်က ဓာတ်လှေကားက ပိတ်သွားပြီ။ ကားကိုရောက်တဲ့ နေရာထိမောင်းပြီး ခြေချင်းတက်ခဲ့ ကြတယ်။ ဂူထဲမှာတော့ အေးစက်နေပြီး လက်ညိုးထိုးမလွဲ ဘုရားပေါင်း မြောက်မြားစွာ ရှိနေပါတယ်။ ကျနော် မှတ်မိနေတာတော့ အောင်မြေ၊ ကျောက်စက်ရေ ( ကျောက်တိုင်ကနေ ရေစိမ့်ထွက်နေတာ)၊ ကျောက်မောင်း( ကျောက်သား နံရံကို ထုလို့ရတာနဲ့ ထု မောင်းအသံမြည်းနေတာပါ။ အဲ့ဒီနေရာလေးတစ်ခုပဲ မြည်းပြီ ကျန်တဲ့ နေရာတွေကတော့ မမြည်းပါဘူး)၊ မှည့်ရှင် ဘုရား၊ ဝင်္ဂပါဘုရား တို့ ရှိတယ်။ ဂူရဲ့ ဟိုးအတွင်းပိုင်းရဲ့ နောက်ဆုံးမှာတော့ လူတစ်ယောက် ဝင်လို့ရတဲ့ ဂူသေးသေးလေး တစ်ခုရှိတယ်။ ပိတ်ထားတာတွေလို့ မေးကြည့်တော့ အဲဒီဂူထဲကို ကိုရင်တစ်ပါးဝင်သွားတာ လုံးဝပြန်ထွက်မလာလို့ ပိတ်ထားတာလို့ပြောကြတယ်။ တစ်ချို့ကလည်း ရှေးဟောင်းပုဂံထိ ရောက်တယ်လို့လဲ ပြောကြတယ်။ ဟုတ်မဟုတ်တော့ ကျနော်လည်း မသိဘူး။ ကျနော်တို့ အဖွဲ့ကံကောင်းကြပါတယ်။ ဂူအဆုံးကိုရောက်တော့ ဂူပိတ်တော့မဲ့ အကြောင်း ခေါင်းလောင်းတီး သံကို ကြားနေရပြီ။

အပြန်တော့ ပင်းတယ လက်ဆောင်တွေဝယ်ပြီး ဓါတ်ပုံရိုက်ကြတယ်။ ဓါတ်ပုံရိုက်တယ်ဆိုလို့ အမှတ်တရ ပြောပြပါရအုံးမယ်။ အဲဒီအချိန်တုန်းက ကျနော်ဆံပင်က ပုခုံးကျော်ကျော်လေးရှည်ပါတယ်။ အမေနဲ့ ကျန်တဲ့ လူတွေက တောင်ခြေနားက ဆိုင်လေးထဲမှာ ဝင်ထိုင်နေကြတယ်။ ကျနော် နဲ့ သူငယ်ချင်းတွေက ဓါတ်ပုံ ရိုက်ဖို့ ကားနားမှာ လာရိုက်ကြတာ။ အားလုံး အမှတ်တရ ဆိုပြီး ကားခေါင်းမိုးပေါ် တက်ပြီး ရိုက်ကြတာပေါ့။ နယ်တွေရဲ့ ထုံစံ အတိုင်းသူစိမ်း တစ်ယောက်တွေ့ပြီး ဆိုရင် ဝိုင်းကြည့်တာလေ။

ခုလည်း ကျနော်တို့ အဖွဲ့ကို ဝိုင်းကြည့်နေကြတာပေါ့။ ကျနော် ကားခေါင်းမိုးပေါ် တက်တဲ့ အချိန်မှာ အမေတို့ သွားထိုင်နေတဲ့ ဆိုင်က အမကြီးက ကျနော်ကားခေါင်းမိုးပေါ်တက်တာကိုမြင်တော့ “ ဟိုး ကောင်းမလေးက ကားခေါင်းမိုးပေါ် တက်နေတယ်ရော” လို့ အံ့သြတဲ့လေသံနဲ့ ပြောတော့ အမေ လှည့်ကြည့်လိုက်တော့ ကျနော်ဖြစ်နေတယ်။ အမေတို့ လဲ အဲ့အမကြီးကို စချင်ကြတာနဲ့ ဘာမှမပြောပဲနေ လိုက်ကျတယ်။ ကျနော်တို့ ဓါတ်ပုံရိုက်ပြီး ဆိုင်ထဲကို ဝင်လာတော့ ဆိုင်ထဲမှာရှိတဲ့ လူတွေက ကျနော်ကို ဝိုင်းကြည့်နေကြတယ်လေ။ ကျနော်က အမေကို “ အမေဝယ်ပြီးရင်လည်း သွားကြရအောင်”လို့ လှမ်းပြောတော့ ခုနက အမကြီးက “ ဟင်း ယောက်ကျားသံကြီးနဲ့ ”လို့ ပြောမှပဲ အားလုံးက ဝိုင်းရယ်ကြပါတော့တယ်။ ကျနော်ကို ချစ်လို့တဲ့ မုန့်တောင်လက်ဆောင် ရလိုက်သေးတယ်။ ခုနက အမကြီးပေးတာ။

အောင်ပန်းရောက်တော့ ည ၉နာရီရှိနေပြီ။ အဲ့ကျမှ ညစားစားကျတယ်။ ပင်လောင်းကို ပြန်ရောက်တော့ ည ၁၂ထိုးနေပြီ။

အိမ်ကိုပြန်ရောက်ရောက်ချင်း သူငယ်ချင်းတွေကိုပြောရသေးတယ်။ “မနက်ဖြန် ကျနော်တို့ တောင်ကြီးကို သွားမယ်။ သွားနိုင်လား မသွားနိုင်ဘူးလား။” မေးတော့ အားလုံးက ငြင်းကျတယ်ဗျ။ “သွားမယ်တဲ့ ”လေ။ ကဲ-သွားမယ်ဆိုရင်လည်း စောစောအိမ်တော့ လို့ ပြောပြီး အိပ်ခိုင်းလိုက်တယ်။ မအိပ်နိုင်တာက ကျနော်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်ရဲ့ ရှည်လျားလှတဲ့ ဆံပင်တွေက လေတိုက် ဖုန်ကပ်နဲ့ ဆိုတော့ ကောလုံးကြီး ဖြစ်နေပြီ။ ခေါင်းမလျှော်ရင်း ဒီညအိပ်လို့ ရမှာမဟုတ်ဘူး။ နောက်နေ့ ရထားကလဲ မနက်ငါးနာရီ ဆိုထွက်ပြီ။ ဘာလုပ်၇မှန်း မသိတော့ ခေါင်းလျှော်ဖို့ ရေနွေးအိုးတည်းရသေးတယ်။ ရိုးရိုးရေနဲ့ မလျှော်ရဲဘူးလေ။ ( အသက်က ငယ်ငယ်လေးပဲရှိသေးတာကို)

ကျနော် ခေါင်းလျှော်လို့ ပြီးတဲ့ အထိ အဖေက မအိပ်သေးဘူး။ ကျနော်ကို အပစ်ပြောနေတာပေါ့။ ခေါ်လာတဲ့ ဧည့်သည်တွေကို အေးအေးဆေးဆေး မနေခိုင်းဘူး။ ညကြီးသန်းခေါင်ပြန်ရောက်ပြီ နောက်နေ့ စောစော ထက်ထွက်တော့ ပင်ပန်းတာပေါ့ နဲ့ ကျနော်ကို တရဆက်လွတ်နေတော့တာပေါ့။ ကျနော်လည်း အဖေ နားလည်အောင်ရှင်းပြပြီ ဝင်အိပ်လိုက်ပါတော့တယ်။

ဗုဒ္ဓဟူးနေ့

ဘော်...........ဘော်.........ဘော်
နားထဲမှာကြားနေရတယ် ဘာသံများလဲပေါ့။ သေသေချာချာ နားထောင်ကြည့်မှ ဟား .. သွားပြီ။ ရထားတော့ထွက်သွားပြီ။ သေပြီဆရာပဲ။ ခရီးပန်းလာကျတော့ ဘယ်သူမှလဲ မနိုးဘူး။ ပထမတော့ စဉ်းစားလိုက်သေးတယ်။ မနိုးတော့ဘူးပေါ့။ မနိုးလို့ မသွားရင်လဲ ရောက်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် အားလုံးကို နိုးပြီ မေးရတယ်။ သွားမှာလား မသွားဘူးလားလို့ မေးတော့ အားလုံးပဲ ခေါင်းလေးထောင်လာပြီ “ သွားမယ်” တဲ့လေ။ သူတို့လည်းအေးလွန်လို့ ကွေးနေကြတာ။

သူ့တို့ဆီက သွားမယ်ဆိုတဲ့ စကားလည်းကြားရော ကျနော် က ဂွမ်းကပ်တွေကို ဆွဲလှန်လိုက်ရော လေးယောက်သာ ဘာဖြစ်နေတယ်မှတ်လဲ။ ပေါင်ကြားထဲမှာလက်လေးတွေ ထည့်ပြီး မေးရိုက်သံ ကိုကြားနေရတယ်။ ( တစ်မျိုးမထင်ပါနဲ့ဗျာ အေးလွန်လို့ ကွေးနေကြတာပါ)

ရထားမမှီမဲ့တူတူ ရရာကားနဲ့ သွားမယ် ဆိုပြီး လေးယောက်ပေါင်း တစ်အိပ်ထည့်ပြီ ပင်လောင်း မြို့ထဲကိုလမ်းလျှောက်လာခဲ့ကြတယ်။ ကံကောင်းချင်တော့ အောင်ပန်းသွားမဲ့ ကားကြုံရတယ်။ ကျနော်တို့လည်း ခရီးဖြစ်ဖို့ အရေးကြီးတယ်ဆိုပြီး တက်လိုက်သွားတယ်။ တောင်ကြီးမသွားခင် ကလောကိုအရင်းသွားမှာဆိုတော့ အောင်ပန်းမရောက်ခင် ပင်လောင်း- အောင်ပန်း - ကလော လမ်းဆုံမှာဆင်းလိုက်ကြတယ်။ ဒီလိုနဲ့ ကားစောင့်နေကြတာ ကလောသွားတဲ့ ကားတစ်စီးမှ မလာဘူး။ တောင်ကြီးကိုသွားတဲ့ ကားတွေသာ တစ်စီးပြီးတစ်စီး လာနေကြတယ်။

မထူးပါဘူး။ ရတဲ့ ကားနဲ့လိုက်မယ်လို့ စဉ်းစားလိုက်ကြတယ်။ကံကောင်းချင်တော့ ကျောက်သယ်တဲ့ ကားတစ်စီး ရောက်လာတာကိုတားပြီ ကလောထိလိုက်သွားကြတယ်။ ပထမဆုံး နှီးဘုရားကို အရင်းလိုက်ပို့ပေးလိုက်တယ်။ နှီးဘုရားကနေ မြင်းလှည်းငှားပြီး ရွှေဥမင်သဘာဝဂူ ကိုဆက်သွားကြတယ်။ ကလောမှာပဲ နေ့လည်စာစားပြီး တောင်ကြီးကိုသွားဖို့ ကားတစ်ခါစောင့်နေရပြန်ပါတယ်။ ရောက်လာတဲ့ ကားတွေက စင်းလုံးပြည့် ကုန်တွေ လူတွေနဲ့ ဆိုတော့ ကျနော်တို့ လူငါးယောက်လုံးတစ်ခါတည်းပါဖို့ ဆိုတာဘယ်လို့မှ ကို မလွယ်တာပါ။ ဒါနဲ့ ခေါင်းချင်းဆိုင်လိုက်ကြတယ်။ ကားငှားမယ်ပေါ့။ တစ်သောင်းလောက်ဆို ငှားမယ်ပေါ့ ဆိုပြီးမေးကြည့်တော့ ကိုးထောင်တဲ့။ အိုး.. ဘာပြောကောင်းမလဲ အငှားကားနဲ့ ပဲသွားမယ်ဆိုပြီး တက်လာကြတာ တောင်ကြီးရောက်တော့ ည ၇ နာရီလောက်ရှိပြီ။

အငှားကားဆိုပင်မဲ့ အဲဒီဖက်မှာက ကိုယ်ပိုင်ကားကို ငှားကြတာ။ ဖြစ်ချင်တော့ ကားမောင်းတဲ့ (ကားပိုင်ရှင်) က ကျနော် သူငယ်ချင်းရဲ့ သူငယ်ချင်း ဖြစ်နေတယ်။ (ဈေးတော့ မရှော့ပေးပါဘူး။) ကားပေါ်မှာကလည်း ကျနော့် သူငယ်ချင်းကို ကြိုက်နေတဲ့ ကျနော် သူငယ်ချင်းက ပါနေတယ်။ ဒီလိုနဲ့ ဟိုတယ်ရောက်ပြီး ရေမိုးချိုး အဝတ်လဲပြီး ထမင်းစားဖို့ ထွက်လာခဲ့ကြတယ်။ ထမင်းစားပြီးတော့ ရန်ကုန်မှာ ခေါင်းလျှော်ဆိုင် အမြဲသွားတဲ့ သူငယ်ချင်းက တောင်ကြီးရောက်နေတာတောင် စိတ်က မလျှော့နိုင်ဘူး။ ခေါင်းလျှော်ဆိုင်သွားပြီ ခေါင်းသွားလျှော်လိုက် ကြသေးတယ်။ ပြီးတော့ ဒီကကောင် ကရုပ်ရှင်သွားကြည့်မယ် ပြောတော့ တစ်ယောက်မှ မလှုပ်ကြဘူး။ ဘယ်ရမလဲ ဒီကောင်စိတ်ကြီးတာ ဒီကောင်ပဲသိတယ်။ တစ်ယောက်တည်းသွားကြည့် လိုက်တယ်။

ရုပ်ရှင်ကြည့်ပြီး ပြန်လာတော့ ၁၂ထိုးတော့မယ်။ ကျနော် နှစ်သက်တဲ့ ရာသီလေးကြောင့်မို့လည်း အေးအေးချမ်းချမ်း အပြန်လမ်းမှာ အေးချမ်းလှတဲ့ တောင်ကြီးရဲ့ ညပိုင်းအလှကိုခံစားပြီး ဟိုတယ်ကို ပြန်လာခဲ့တယ်။

ကြာသပတေးနေ့

မနက်စောစောစီးစီးထ ကြပြီး ရေမိုးချိုးအဝတ်လည်ပြီး နံက်စာ စားဖို့ထွက်လာခဲ့ကြတယ်။ ကျနော်တို့ရောက်တဲ့ ရာသီက တောင်ကြီးမှာအလှူ ရာသီ ဆိုတော့ ဆိုင်တွေက သိပ်မဖွင့်ကျဘူး။ အဆင်ပြေမဲ့ အစားကိုစားပြီ ကြိုးတံတားဘက်ကိုထွက်လာခဲ့ကြတယ်။ တံတားပေါ်မှာပဲ ဓါတ်ပုံ ရိုက် ဟိုသွား ဒီသွား ပင်လောင်းကို ပြန်ဖို့ မနေ့ထဲက ကားလက်မှတ်က ဝယ်ပြီးသားဆိုတော့ နေ့လည် (၁) နာရီမှာ တောင်ကြီးကနေ လိုင်းကာနဲ့ ပင်လောင်းကို ပြန်လာခဲ့ကြတယ်။

ပင်လောင်းကိုရောက်တော့ ည ၈ နာရီလောက်တော့ရှိတော့မယ်။ ဒီညမှာတော့ ဟဲဟိုး စစ်တပ်က ဖွင့်တဲ့ တပ်ဆိုင်က ရောင်းတဲ့ အာမီရမ် ကို ဖွင့်လိုက်တော့မှ အတု မိသွားမှန်း သိတော့တယ်။ ညကလည်း မှောင်နေတော့ ပုလင်းကို မကြည့်လိုက်မိဘူးလေ။ စစ်တပ်ဆိုင်က ရောင်းနေမှတော့ အစစ်ပဲထင်နေမိတာ ကျနော်တို့ အမှားပါ။

သောကြာနေ့

မနက်ဖြန် ဆိုရင် ကျနော်တို့ အဖွဲ့ပြန်ကြရတော့မယ်။ ဒီနေ့တော့ အိမ်မှာပဲ နေနေကျတယ်။ ရှမ်းပြည်ရဲ့ အအေးဒဏ်ကို မခံနိုင်ကျတဲ့ ကျနော့် သူငယ်ချင်းတွေတော့ သူ့တို့ ပတ်ကြားအပ်နေကြတဲ့ မျက်နှာကို သနပ်ခါး တွေကို အဖွေးသားလိမ်းပြီ အိမ်ထဲမှာပဲကွေး နေကြတော့တယ်။ ကျနော်က တော့ လိုအပ်တဲ့ လက်ဆောင်ပစ္စည်းများ ဝယ်ရန်နှင့် ကျနော်ရဲ့ ဆရာမကို နှုတ်ဆက်ရန် ရင်းမှီးရွာလေးကိုထွက်လာခဲ့တယ်။

ဒီညတော့ ကျနော်တို့ မိသားစုလေး အတွက် နောက်ဆုံးသော ညစာစားပွဲလေး ဆိုရင်လည်းမှန်တယ်လေ။ အဖေ၊ အမေ ၊ အကိုကြီးတို့ လင်းမယား၊ ကျနော် သူငယ်ချင်းလေးယောက်၊ ညီမလေး၊ မွေးစားအစ်ကို၊ အိမ်မှာ ဝိုင်းလုပ်ပေးတဲ့ အန်တီ မနော်တို့ သားအမိ နဲ့ ကျနော်ပေါ့။ ပျော်စရာကြီးပဲဗျာ။ ကျနော် အတွက်တော့ မိသားစု ထမင်းဝိုင်းလေး ဒါ နောက်ဆုံး အခွင့်အရေး ဖြစ်လာလိမ့်မယ် လို့မထင်ထားခဲ့ဘူးဗျာ။ ဒီလိုမျိုး ကျနော ဘဝမှာ ထပ်မရနိုင်တော့ဘူးဆိုတာ နောက်ပိုင်းမှ ကျနော် သိလိုက်ရတယ်။

စနေနေ့

ဒီနေ့တော့ နောက်ကျလို့ မရတော့ဘူး နောက်ကျခဲ့ရင် ရန်ကုန်ကိုပြန်မဲ့ လက်မှတ်ဆုံးမှာလေ။ ကျနော်တို့ စောစော အိပ်ရာထ ပြင်ဆင်ပြီး အမေ စီစဉ်ပေးတဲ့ မုန့်နဲ့ ကော်ဖီသောက်ပြီး ကျနော်တို့ အဖေနဲ့ အမေကို ထိုင်ကန်တော့ တော့ အမေက သိကျတဲ့ အတိုင်းပေါ့ဗျာ။ မျက်ရည်ကျတော့တာပေါ့။ ပြီးတော့ ကျနော်တို့နေခဲ့တဲ့ ဒီတစ်ပတ်အတွင်းမှာ ကျနော်တို့ ရဲ့ အဝတ်တွေကိုဒိုင်ခံ လျှော်ပေးတဲ့ အန်တီမနော်ကိုလည်း ကျနော်တို့ပိုက်ဆံစုပေါင်းပြီး ကန်တော့ခဲ့ကြတယ်။ အဖေက လွှဲရင်း ကျန်တဲ့ လူတွေအကုန်လုံး ကျနော်တို့ အဖွဲ့ကို ဘူတာရုံထိ လိုက်ပို့ ပေးကြတယ်။

ရထားပေါ်မှာ ဘာကိုလွမ်းလို့ လွမ်းမှန်းမသိဘူးဖြစ်နေကြတယ်။ အောင်ပန်းရောက်တော့ တောင်ကြီးက ဆင်းလာတဲ့ ကားကိုစောင့်ရင်း နေ့လည် ၂ နာရီလောက်မှ အောင်ပန်းကနေ စထွက်လာခဲ့တယ်။ တစ်ညလုံးကားပေါ်မှာပဲ အိပ်ပြီးလိုက်လာခဲ့ရတယ်။ လွမ်းလိုက်တာ အမေနဲ့ အဖေရယ်လို့ တွေးပြီ ကားပေါ်မှာ ကျနော် မျက်ရည်ကျနေမိတယ် ။

ကျနော်တို့ရဲ့ ရှမ်းပြည်ခရီးစဉ်ကတော့ ဒီမှာ ပြီဆုံးပါတယ်။ ပျော်စရာကောင်းတဲ့ ဒီခရီးစဉ်လေးကို ကျနော်ရဲ့ ဘဝမှာ ထာဝရ အမှတ်ရနေမှာပါ။ ကျနော်ရဲ့ ခရီးစဉ် တစ်ချို့ကို လည်း အခွင့်သာရင် သာသလို ကျနော် ဖေါ်ပြပေးပါ့မယ်။

ခုလိုလာရောက်အားပေးတဲ့ မောင်နှမတွေကို ကျေးဇူးတင်ပါတယ်ဗျာ။ အားလုံးပျော်ရွှင်နိုင်ကျပါစေဗျာ။

လေးစားလျှက်
ရီနိုမာန်


August 14, 2009

မအိမ်ကံ ( for Aug ) အပိုင်း - ၅

“ဖဆပလ အစိုးရကကော ဘာထူးတုံး။ အိမ်ကလေးရယ်၊ ယာသမားကိုင်းသမားများခမျာ အေးအေးမနေကြရဘူး။ ရေကန်တူးလိုက်ရ၊ ကန်ဆည်လိုက်ရ၊ ကဆိုလို့ကကြရ၊ တီးဆိုလို့ တီးကြရ။ စိတ်မချမ်းသာဘဲ လုပ်နေကြရတာနဲ့ ပြီးနေရတယ်။ စပါးရောင်းပြီးတော့လည်း သူခိုးဓားပြဘေးက မလွတ်တော့ ကိုယ့်ရွာကိုယ် ကင်းစောင့် နေကြရတာက ပိုသေး”

သည်စကားမျိုး ကိုပြေသိမ်း မကြာခဏ ပြောတာကို လည်း မအိမ်ကံ သတိရသည်။ စပါးဈေး၊ ပဲဈေး၊ ၀ါဈေးတွေ ကျလာလို့ လုပ်ငန်းကိုင်ငန်း မကောင်းတာတွေ ကြုံရပါ၏။ သီးနှံပေါ်ချိန်မို့ အလှူကြီး ပေးရာမှာတောင် ဓားပြအတိုက်ခံ ရတာတွေလည်းများပြီ။ မြို့ကရဲသားတွေ အစောင့်ခေါ်ပြီး အလှူလုပ်ရတာမျိုးအထိ ဖြစ်လာခဲ့သည်။ မအိမ်ကံက နိုင်ငံရေး နားမလည်သော်လည်း စီးပွားရေးတော့ တီးမိခေါက် မိရှိပါ၏။ နေမြဲတိုင်းနေ၊ လုပ်မြဲတိုင်း လုပ်နေကြရသော်လည်း မဖူလုံကြသည့် ဘ၀တွေကို မအိမ်ကံ မြင်ခဲ့ရလှပြီ။ ကြုံခဲ့ရလှပြီ။

အိမ်ကြီးပေါ်မှာ တစ်ယောက်တစ်ပေါက်စကားတွေ ပြောကြတာ မောလာတော့မှ လူစုကွဲတော့သည်။ ကိုကံကြီးမောင် ကတော့ သူတကာ ပြန်လို့တောင်မပြန်။ ကိုပြေသိမ်းအဖေက ဆွဲထားတတ်သလို ကိုပြေသိမ်းကလည်း ကိုကံကြီးမောင်နှင့် ဆိုလျှင် လေပေးဖြောင့်သည်။ များသောအားဖြင့် မအိမ်ကံ သဘောပေါက်သလောက်တော့ ကွန်မြူနစ်ဝါဒအကြောင်းတွေ များသည်။ မအိမ်ကံကတော့ ဖဆပလလည်း မသိ။ ကွန်မြူ နစ် အဖြူအနီဆိုတာလည်း မသိ။

ပြည်သူ့ရဲဘော်တို့ ဆိုရှယ်လစ်တို့ ဆိုတာတော့ ဝေးလာဝေးကရော။ မအိမ်ကံ နားလည်တာ တစ်ချက်ပဲရှိသည်။ ကိုပြေသိမ်း အချိုးပြောင်းလာတာကိုဖြစ်ပါ၏။ ထနောင်းတိုင်ရောက်နေသည့် လေး၊ ငါးရက် အတွင်း ကိုပြေသိမ်းစကားတွေ ပြောလွန်းသည်။ ပြောသမျှလည်း အေးအေးသက်သာမရှိ။ တစ်ခါတစ်ရံ အခန့်မသင့် သူနှင့်တွေ့ လျှင် ပို၍ပင် ဆိုးတော့သည်။ အော်ကြီးဟစ်ကျယ် ရှိလာတာကို မအိမ်ကံ အံ့သြရသည်။ ကိုယ့်အိမ်ကိုလာသည့် ဧည့်သည်ကို မအော်စေချင်ကြောင်း ပြောရသည်အထိပင်။ ကိုကံကြီးမောင် နှင့်တော့ အဆင်ပြေပါ၏။ တစ်သဘောတည်း ရှိပုံရသည်။

“ကိုယ့်ကိုယ်ကိုလည်း ကျောင်းအုပ်ဆရာကြီး ဆိုတာ သတိရပါဦးမှပေါ့ အစ်ကို။ ပြီးတော့ ကိုယ့်အိမ်မှာ ကိုယ်ကဖိ ပြောနေတာကျတော့ မကောင်းဘူးပေါ့။ အစ်ကိုတို့ဟာက ကနေ့ ငြင်းခုန်အော်ဟစ်။ နောက်မနက်ကျတော့ အကောင်း။ ဒါနဲ့များ အစ်ကိုရယ် ဖြည်းဖြည်းသက်သာရှိပါမှပေါ့”

သည်လိုဆိုပြန်တော့ ကိုပြေသိမ်းကခေါင်းတညိတ်ညိတ် ရှိရှာပါ၏။ ညပိုင်း ဧည့်သည်တွေ မရှိတော့လည်း သားအဖ နှစ်ယောက် စကားကောင်းနေတတ်ကြသည်။ ဇောင်ချမ်းကုန်း ကိုပြန်ကြမည့်ရက်က ကိုကံကြီးမောင်နှင့် နှစ်ယောက် အိမ်ကြီး ပေါ်ကမဆင်း တိုးတိုးတိုးတိုး လုပ်နေလို့ မအိမ်ကံကိုယ်တိုင် စကား ၀င်ဖြတ်ရပါ၏။ ဒါတောင် ကိုကံကြီးမောင်က ကိုပြေသိမ်းကို တစ်ရက်၊ နှစ်ရက် နေခဲ့ပါဦးလုပ်နေလို့ တောင်းပန်ရသည်။ မအိမ်ကံတို့ သားအမိချည်း ရွာပြန်လွှတ် ရန်ဖြစ်၏။ ကိုပြေသိမ်းအမေက လက်မခံပါ။ သားဖြစ်သူကို မိသားစုနှင့် ပြန်စေချင်သည်။

“မင်းတို့သားအဖမလည်း ကံကြီးမောင်ကို ဓာတ်စာလုပ် နေကြသာပေါ့လေ။ မောင်နှင်းရေ ငါရင်လေးသေးသယ်။ မင်းပြန်သွားရင်မင်းအဖေ လူတရုန်းရုန်းနဲ့ ကျန်ရစ်မှာ”

မိခင်ဖြစ်သူက ကိုပြေသိမ်းကို မောင်နှင်း(သက်နှင်း)ဟု ခေါ်ခြင်းဖြစ်၍ ကျန်လူစုကတော့ သခင်နာမည် မောင်ပြေသိမ်း လို့ပဲခေါ်တာ မအိမ်ကံ သတိထားမိသည်။ ကိုကံကြီးမောင်က ကိုပြေသိမ်းကို တားမရတော့ ကျုပ်ဇောင်းချမ်းကုန်းကို လာခဲ့မယ် ဆိုလေ၏။ မအိမ်ကံပင် ပြုံးမိရသည်။ အတော်ဇွဲကြီးတဲ့ လူ။ ကိုကံကြီးမောင် ထည့်ပေးလိုက်သော အင်္ဂလိပ်စာအုပ်တွေ ပါလာတာကိုလည်း ကိုပြေသိမ်းကျေနပ်နေပုံရပါ၏။ အပြန် လှည်းပေါ်မှာပင် ဖတ်လိုက်လာခဲ့သည်။ စာအုပ်ထဲ စိတ်ပါနေတော့ ဇနီးကိုလည်းမေ့၊ သမီးတွေကိုလည်း သတိမရတော့။ စက္ကူတွေ ၀ါးစားတော့မည့်အတိုင်း မျက်လုံး စိုက်ထားလိုက်တာ စကားရယ်လို့လည်း မထွက်၊ ဘေးဘီကိုလည်း မကြည့်။

“သားအဖတစ်တွေ ခရီးသွားရတုန်း ပျော်ပျော်ပါးပါး မရှိဘူး။ ဖတ်လိုက်ရသဲ့စာ။ သည်လိုမှန်းသိ ထနောင်းတိုင် မှာထားခဲ့ရ အကောင်းသား”
မအိမ်ကံ ခနဲ့တော့မှ စာအုပ်ကို ပိတ်ကာပြုံးပြသည်။

မအိမ်ကံ ပါးကလေးကို ဆွဲလိမ်သည်။
“မအိမ်ကံကို အင်္ဂလိပ်စာသင်ပေးစမ်းပါ အစ်ကို။ ငယ်ငယ်တုန်းက အစ်ကိုမောင်မြတ်သာ သင်ပေးဖူးလို့ အနည်း အကျဉ်းတော့တတ်ပါရဲ့။ အဲသလို အင်္ဂလိပ်ဘိုးအုပ်ကြီးတွေ ဖတ်ကြည့်ချင်လို့။ ဘာတွေများကောင်းလို့လဲဆိုတာ ဖတ်လိုက် ချင်စမ်းလို့ပါ”

“၀တ္ထု မဟုတ်ပါဘူး အိမ်ကလေးရဲ့။ နိုင်ငံရေး စာအုပ်တွေပါ”

“နိုင်ငံရေးစာအုပ်တွေ၊ ဟုတ်လားအစ်ကို”

ဆင်ပေါက်ကောက် ရိုးခိုးစားပြန်ပါပကောလား။ သည်ဘ၀နိုင်ငံရေးက လွတ်ပါဦးမလား။ မင်းတိုင်း ဆယ့်နှစ်မှုပွေလို့ ရေထမ်းကာမှ ရေအိုးကွဲရသည့် အဖြစ်မျိုးကို မအိမ်ကံ ကြောက်လှပြီ။ ကိုပြေသိမ်းက လွတ်လပ်ရေးရပြီး နောက်ပိုင်း အစိုးရ အသိအမှတ်ပြု မူလတန်း ကျောင်းအုပ် ဖြစ်လာခဲ့ပါ၏။ မအိမ်ကံ ကျောင်းကလေးသည်ပင် အစိုးရကျောင်းစာရင်းဝင် ခဲ့ပြီ။ ကျောင်းအုပ်ကြီးကတော်ဆိုသည့်ဂုဏ်၊ စာသင်ကျောင်း အစ်မဆိုသည့် ဂုဏ်ဖြင့် အေးအေးလူလူ ရှိချင်လှပြီ။ သမီးကြီးပင် ခြောက်နှစ်ရှိခဲ့ပြီ။ မအိမ်ကံတို့ ကိုယ်တိုင်ပင် အသက်တွေ မငယ်ကြတော့။ နောက်ဆယ်နှစ်ဆိုလျှင်ပင် သမီးကြီးအရွယ် ရောက်ပြီ။ သည်သမီးနှစ်ယောက်ကို ဂွမ်းလိုနု၊ ဆီလို အုရုံသာရှိတော့တာ မဟုတ်လား။

မအိမ်ကံက စာအုပ်တွေကို တစ်အုပ်ချင်းကောက်ကိုင် ကြည့်သည်။ စာအုပ်တွေက လေးသားပါလား။ အားလုံး ခြောက်အုပ်။ အဖုံးမှာ နှုတ်ခမ်းမွေးနှင့် လူပုံတစ်ပုံပါသည်။ ကျန်တာ ဘာမှန်းမသိ။ မအိမ်ကံက စာအုပ်တွေကိုပြန်ချလိုက် ရင်းသက်ပြင်းတစ်မချမိရပါ၏။

“မမကံ အင်္ဂလိပ်စာသင်ရင် ကျုပ်ပါရောသင်လိုက်ချင် စမ်းဗျာ။ ကျုပ်ဆရာလေးလို အင်္ဂလိပ်ဘိုးအုပ်တွေ ဖတ်ချင်သာ မမကံရ”

ဖိုးကူးက ဘာမှန်း ညာမှန်းမသိ ၀င်ပြောလိုက်သဖြင့် မအိမ်ကံက ဖိုးကူးခေါင်းကို ဒေါင်ခနဲ ခေါက်လိုက်လေ၏။ ကိုပြေသိမ်းက တဟားဟား ရယ်လေသည်။

ထနောင်းတိုင်က ပြန်ရောက်ကတည်းက မအိမ်ကံ မနားရတော့ပါ။ ထွန်ချိန်၊ ယက်ချိန်၊ မျိုးရွေးကြချိန်ဆိုတော့ တောအလုပ်ထဲလည်းပါရ၊ ရက်ကန်းရုံလည်း ၀င်ရနှင့် ဖတ်ဖတ် မောရတော့သည်။ ကိုပြေသိမ်းကတော့ ကျောင်းပိတ်ထားချိန်မို့ သမီးနှစ်ယောက်ထိန်းရင်း စာအုပ်ဖတ်ရင်း အချိန်ကုန်နေတော့ ၏။ ၀ါဈေးတွေ ကျသော်လည်း ရက်ကန်းထည်တွေက ရက်မ နိုင်လောက်အောင် အမှာအယူများသည်။ စစ်ကြီးပြီးတာ ငါးနှစ်ခန့် ကြာပြီဆိုသော်လည်း အရောင်းအ၀ယ် ဈေးကွက်တွေ ကတော့ မငြိမ်သေး။ သည်ဘက်တစ်နှစ် နှစ်နှစ်ကျမှ ဈေးစည်လာခဲ့သည်။ စစ်ကြီးအတွင်း အစစအရာရာ ရှားပါးခရာမှ အနယ်နယ် အရပ်ရပ်မှ ကုန်ပစ္စည်းတွေ အရောက်အပေါက် အကူးအလူးများလာခဲ့သည်။ မြင်းခြံဆိပ်ကမ်းတွင် ဆိုက်ကပ် လာကြသော အနယ်နယ်မှကုန်များ အရောင်းအ၀ယ် လိုက်လာ သကဲ့သို့ မြင်းခြံနယ်ထွက်ကုန်တွေကလည်း အထွက်အပြု ကောင်းလှသည်။ လွတ်လပ်ရေးရပြီး ဖြစ်၍ နိုင်ငံရပ်ခြားမှ အထည်အလိပ်မျိုးစုံတွေ ၀င်ကြပြီဆိုသော်လည်း မြန်မာ ချည်ထည်တွေကတော့ အသုံးတွင်နေတုန်းပင်။ အထူးသဖြင့် ဖျင်ပင်နီချောတွေဆိုလျှင် မအိမ်ကံ ကိုယ်ပိုင် တံဆိပ်ထိုးကာ ရောင်းချရာမှ မအိမ်ကံထည်ဟူ၍ နာမည်ရလာခဲ့သည်။

သည်ရက်တွေထဲမှာ ကိုပြေသိမ်းကလည်း မန္တလေးကို ချည်ခင်တွေ၊ ဆိုးဆေးတွေ အ၀ယ်ထွက်ရတာတွေ ရှိလာပါ၏။ ကျောင်းတစ်ဖက်နှင့်ဆိုတော့ အခါခပ်သိမ်းတော့ လုပ်မပေးနိုင်။ ကျောင်းပိတ်ရက်ကလေးမှာ လှစ်ခနဲ ပြေးရခြင်းမျိုး ဖြစ်သည်။ မန္တလေးအထိ တက်ရမှာဆိုတော့ လည်လည်ဝယ်ဝယ် ရှိသူကို လွှတ်ရခြင်းဖြစ်၏။ ကိုပြေသိမ်းက မန္တလေးစာပုံနှိပ် စက်တစ်ခုတွင် မအိမ်ကံ၊ ဇောင်ချမ်းကုန်း၊ မြင်းခြံ ဆိုသည့် တံဆိပ်ကလေးတွေ ရိုက်လာခဲ့ခြင်းဖြစ်၏။ စာတန်းအောက်က ပင်ဖြူချည်ချောထည်၊ ပင်နီချည်ချောထည်၊ ဆေးခိုင်အာမခံသည် စသည်ဖြင့် ရိုက်ထားသေးသည်။ တံဆိပ်ကလေးပါ တော့ အထည်တွေမှာ အာရုံတစ်မျိုးရသွားသလို ခံစားရသည်။


လေးစားစွာဖြင့်
ရီနိုမာန်