March 12, 2012

တောင်ကြီး ဖဝါးအောက် ( ၂ )


မြစိမ်းတောင်၊ ရွှေဘုန်းပွင့်၊ စူဋ္ဌာမုနိလောက ချမ်းသာစေတီတော် နှင့် တောင်ကြီးကြိုးတံတား။ ထိုလေးနေရာအတွက် ကားခ တစ်သောင်းခွဲ ပေးရပါတယ်။ ကျနော်တို့ သူငယ်ချင်းနှစ်ယောက် တတိယနေရာဖြစ်တဲ့ စူဋ္ဌာမုနိလောက ချမ်းသာစေတီတော် ကိုအရောက်မှာတော့ မနက်ကတည်းက ဘာမှမစားရသေးတာကြောင့် မုဒ်ဦးဝမှာ ဆိုင်တွေ တွေ့တာကြောင့် အပြန်ကျမှ မနက်စာစားမယ်လို့ ကားဆရာကြီးကို ပြောတော့ သူက ဒီမှာ မစားနဲ့။ ရှမ်းစာစားချင်တယ်ဆိုရင် ကောင်းတဲ့ နေရာ လိုက်ပို့ပေးမယ်တဲ့။ ဒါနဲ့ ကျနော်တို့လည်း စိတ်ရှိတိုင်း ဘု၇ားဖူးခဲ့ကြပြန်ပါတယ်။
 
ဒီမုဒ်ဦးကတော့ ကားလမ်းက ဝင်လာတုန်း လှမ်းရိုက်တဲ့ ပုံပါ။
ဒီမုဒ်ဦးကတော့ တစ်ဖက်ခြမ်းမှာ ရှိတဲ့ လူတက်လမ်းက မုဒ်ဦးပါ။
အမှန်တကယ်တော့ မုဒ်ဦးကို ရိုက်ချင်လို့ မဟုတ်ပါဘူး။ ရောက်တဲ့နေရာ ဘယ်နေရာမှန်း စာအုပ်လည်း မပါတာကြောင့်  လွယ်လွယ်မှတ်မိအောင် ရိုက်ထားးခြင်းပါ။  

ရင်ပြင်တော်မှ ရိုက်ထားခြင်း
အတွင်းပိုင်းမှ ဘုရား လေးဆူ ရပ်တော်မှု ( ၁)


အတွင်းပိုင်းမှ ဘုရား လေးဆူ ရပ်တော်မှု ( ၂ )


အတွင်းပိုင်းမှ ဘုရား လေးဆူ ရပ်တော်မှု ( ၃ )


အတွင်းပိုင်းမှ ဘုရား လေးဆူ ရပ်တော်မှု ( ၄ )


 စေတီအတွင်းသို့ အဝင်ပေါက် တစ်နေရာ


ဘုရားက ပြန်ဆင်းတော့ ကျနော်တို့နှစ်ယောက် တော်တော်လေး ဗိုက်ဆာနေကြပါပြီ။ ဒါနဲ့ ကားဆရာကိုပဲ ဆိုင်တစ်ဆိုင်ဆိုင်ကို အရင်မောင်းပေးပါ။ စားပြီးမှပဲ ကြိုးတံတား သွားတော့မယ်လို့ ပြောလိုက်၇ပါတယ်။ ကားဆရာကလည်း ဘာစားချင်တာလဲ။ ရှမ်းခေါက်ဆွဲလား၊ တို့ဟူးနွေးလားတဲ့။ ကျနော်က တို့ဟူးနွေးပိုကြိုက်တော့ တို့ဟူးနွေးဆိုင်ပဲ သွားခဲ့ကြပါတယ်။
ဒါတောင်ကြီးမှာ စားခဲ့တဲ့ တို့ဟူးနွေးပါ 
စားနေရင်းနဲ့ အိုက်ခီလောက် ကို သွားသတိရလိုက်ပါသေးတယ်။ သူတောင်ကြီးကို မပြန်ခင် မလေးရှားမှာ ကျနော်နဲ့တွေ့တုန်းက တောင်ကြီးရောက်ရင် အိုက်ခီလောက်စားသောက်ဆိုင် ဖွင့်မယ်တဲ့။ တောင်ကြီးရောက်ရင် လာခဲ့ပါဆိုလို့ ကျနော်မေးကြည့်ပါသေးတယ်။ အဲ့နာမည် မကြာဖူးသေးဘူးတဲ့။
မနက်စာ စားသောက်ပြီးတော့ ကြိုးတံတားသွားဖို့ ထွက်လာခဲ့ကြပါတယ်။ ကျနော်တို့ စားတဲ့ မနက်စာကို ကားဆရာ ဦးလေးမှ ရှင်းပေးခဲ့ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

တောင်ကြီး ဖဝါးအောက် ( ၁ )

ရွှေဘုန်းပွင့်ဘုရား

ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် မြစိမ်းတောင်ကနေ တောင်ကျော တစ်ကျောထဲမှာပဲ တည်ရှိနေတဲ့ ရွှေဘုန်းပွင့်စေတီ ရှိတဲ့ နေရာကို ရောက်လာခဲ့ကြပါပြီ။ ဘုရားရိပ် တရားရိပ်က အေးချမ်းတယ်ဆိုတာ တကယ်ပါပဲ။ သန့်ရှင်းသပ်ရပ်ပြီး မောနေတဲ့ အမောတွေ ပြေပျောက်သွားစေခဲ့ပါတယ်။ တောင်ကြီးမြို့ရဲ့ ရှုခင်းကတော့ မြစိမ်းတောင်ကနေကြည့်ရင် တစ်မျိုးလှသလို့ ရွှေဘုန်းပွင့်ကနေ ကြည့်ပြန်တော့လည်း တစ်မျိုးလေး လှနေပြန်ပါတယ်။
တောင်ပေါ်မှာ ရှိတဲ့ ကိုးမြို့ရှင် နတ်နန်း

ကျွန်တော်တို့ကို လိုက်ပို့ပေးတဲ့ ကားဆရာကလည်း သဘောကောင်းလှပါတယ်။ ရောက်တဲ့နေရာမှာ အလောသုံးဆယ် မရှိပဲ အေးအေးဆေးဆေး ဘုရားဖူးဖို့ အခွင့်အရေးပေးခဲ့ပါတယ်။ ရောက်တဲ့နေရာမှာ အမှတ်တရ ဓါတ်ပုံတွေ ရိုက်ခဲ့ပင်မဲ့ ကိုယ်ကိုတိုင်ပါတဲ့ အမှတ်တရ ဓါတ်ပုံတွေတော့ မရိုက်ဖြစ်ခဲ့သလောက်ပါပဲ။  
အပေါ်က ပုံနှစ်ပုံကတော့ ရွှေဘုန်းပွင့် ဘုရားဖြစ်ပေါ်လာအောင် စတင်ခဲ့တဲ့ ယက္ကန်းစင်တောင် ဆရာတော်ရဲ့ ရုပ်တုနှင့် ဆရာတော် သီတင်းသုံးရာ ကျောင်းတော်ပါ။

ရွှေဘုန်းပွင့် တောင်ပိုင်ဘိုးဘိုးကြီး 
ရွှေဘုန်းပွင့် စေတီအား အနီးကပ် ဖူးတွေ့ရခြင်း
ရွှေဘုန်းပွင့်တောင်ပေါ်မှ မြင်တွေ့ရတဲ့ တောင်ကြီးမြို့ရဲ့ အလှ
တောင်ပေါ်မှာ တွေ့ရတဲ့ ဘု၇ားခန်းပါ။ အထဲဝင်လိုက်တာနဲ့ စိတ်ထဲအလွန် ကြည်နူးလှတာကြောင့် မနေနိုင်ပဲ ရိုက်မိလိုက်ပြန်ပါတယ်။
အမြင်မှာ တော်တော်လေး လှတာကြောင့် ရိုက်ဖြစ်သွားပါတယ်။ ဘာအပင်လဲလို့တော့ လာမမေးပါနဲ့။ ဘာအပင်မှန်း မသိခဲ့သလို၊ မေးမြန်းခြင်းလည်း မလုပ်မိခဲ့ပါဘူး။ သိသူများ ပြောသွားပေးကြပါ။
ရွှေဘုန်းပွင့်တောင် အဝင် မုဓ်ဦးပါ

 
တောင်ရဲ့ အောက်နားမှာ  သဘာဝလိုင်ဂူ ရှိနေတာကြောင့် ကားဆရာကိုပဲ မောင်းပို့ခိုင်းလိုက်ပါတယ်။ ၄င်းဂူမှ ပြန်တက်ရင် တောင်တက်လမ်း မက်စောက်တာကြောင့် ကားဆရာက သိပ်ပို့ပေးချင်ပုံ မရပင်မဲ့ ဘုရားဖူး ခရီးသွား သူငယ်ချင်းနှစ်ယောက်တည်းမို့ ကားဆရာ ပို့ပေးခဲ့ပါတယ်။
ဂူကို မဆင်းခင် အပေါ်မှ ရိုက်ထားတဲ့ ပုံပါ။
ဂူထဲမှာ ရှိနေတဲ့ အဘဘိုးမင်ခေါင်နှင့် အဘ ဘိုးဘိုးအောင် ရုပ်တု
ဒါကတော့ နဂါးမယ်တော်ပါ။

အပေါ်စီမှ မြင်တွေ့ရတဲ့ ပုံပါပဲ။

ဆက်လက်ပြီးတောင်ကြီးမှ နာမည်ကြီးတဲ့ ဘုရားတစ်ဆူကို ကျွန်တော်တို့နှင့် အတူ ဖူးမျော်ဖို့အတွက် ဓါတ်ပုံနှင့်တကွ ဖေါ်ပြနိုင်ရန် တောင်ကြီး ဖဝါးအောက် ( ၂ ) ကို စောင့်မျှော်ပေးကြပါအုံးလို့ လေးစားစွာဖြင့် ပြောကြားရင်........။

လေးစားစွာဖြင့်
ရီနိုမာန်

March 3, 2012

တောင်ကြီး ဖဝါးအောက်

မြန်မာပြည် မပြန်ခင်က မြန်မာပြည် ပြန်ရောက်ရင် သွားချင်တဲ့ နေရာလေးတွေကို ရောက်အောင်သွားမယ်လို့ စိတ်ကူးထားခဲ့ပါတယ်။ စိတ်ကူးအတိုင်း သွားချင်မိတဲ့ နေရာလေးတွေကို စာအုပ်တစ်အုပ်မှာ အကြမ်းချရေးလိုက်ပါတယ်။ ( တောင်ကြီး၊ ကလော၊ မန္တလေးနှင့် ပြင်ဦးလွင်) ကျွန်တော်တို့ ပြန်တဲ့အချိန်ကလဲ ဆောင်းရာသီဆိုတော့ ခရီးသွားလို့ အကောင်းဆုံး အချိန်ပဲ မဟုတ်လား။ သွားချင်တဲ့ နေရာတွေကို ကြည့်လိုက်တော့လဲ မန္တလေးကလွဲရင် အားလုံးအေးချမ်းလွန်းလှတဲ့ နေရာတွေကြီးပဲ။ ဆောင်းတွင်းဆိုတော့ မန္တလေးလည်း ပူလွန်းပင်မဲ့ အေးသင့်သလောက်တော့ အေးမှာပါပဲ။

ဒီလိုနဲ့ ကျွန်တော် မပြန်ခင် သူငယ်ချင်းတစ်ယောက်နဲ့ ချိတ်မိသွားပါတယ်။ ကျွန်တော် ပြောပြတဲ့ နေရာတွေကို သူကိုယ်တိုင်ကလည်း မရောက်ဖူးသေးတာကြောင့် သွားချင်တယ်ဆိုတာကြောင့် အဆင်သင့် ဖြစ်သွားပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကို ၁၀သိန်းနှုန်းနဲ့ သုံးမယ်လို့ အကြမ်းဖျင်း တွက်ထားလိုက်ကြပါတယ်။ အမှန်တကယ် ထင်ထားသလောက် မကုန်တာ ခရီးလမ်း တစ်ဝက်မှာတင် သိနေခဲ့ပီး ဖြစ်ပါတယ်။

ကျွန်တော်က ဇန်နဝါရီလ (၆) ရက်နေ့မှာ မြန်မာပြည်ကို ပြန်ရောက်နှင့်ပါတယ်။ ကျွန်တော်နှင့် အတူသွားမဲ့ သူငယ်ချင်းက ဇန်နဝါရီလ (၁၈) ရက်နေ့ နေ့လည် ၁၂ လောက်မှ ရန်ကုန်ကို စင်ကာပူကနေ ပြန်ရောက်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ကျောပိုးအိတ် ခရီးစဉ်ကို လည်း  ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ သုံးနာရီမှာ စတင်လိုက်ပါတယ်။ သူငယ်ချင်း မရောက်ခင် တစ်ရက်က ကျွန်တော် ရန်ကုန်ကို ကြိုရောက်နေခဲ့ပါတယ်။ ကားးလက်မှတ်ကိုလည်း ကျွန်တော် ရန်ကုန် ရောက်တဲ့ နေ့မှာပဲ ကြိုဝယ်ထားလိုက်တယ်။ ရန်ကုန် - တောင်ကြီး ကားလက်မှတ်ခ ( ၁၀၉၀၀) ကျပ်ပေးရပါတယ်။ 
ရန်ကုန် - တောင်ကြီး ကား
         ညနေသုံးနာရီမှာ ကျွန်တော်တို့ရဲ့ ခရီးစဉ်ကို ရွှေတောင်ရိုး ခရီးသွားယာဉ် နှင့်စတင်ထွက်လာခဲ့ပါတယ်။ စစထွက်ချင်းမှာပဲ ကျွန်တော်နဲ့ အတူသွားတဲ့ သူငယ်ချင်းက အိပ်ပြီး လိုက်ပါလာခဲ့ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ရန်ကုန်က ထွက်ထွက်ချင်းတော့ မအိပ်ပဲ နေနိုင်ပင်မဲ့ ကားပေါ်ရောက်ရင် အိပ်တက်တဲ့ အကျင့်ကြောင့် သိပ်မကြာခင်မှာပဲ အိပ်ပျော်သွားခဲ့ပါတယ်။



ဒီနေရာအရောက်မှာတော့ ကျွန်တော်တို့ရဲ့ ညလယ်စာကို သုံးဆောင်ဖြစ်ခဲ့ပါတယ်။ သို့သော် ညနေကားမထွက်ခင်မှ စားထားခဲ့အတွက်ကြောင့် ဘာမှကောင်းကောင်း မစားဖြစ်ခဲ့ပါဘူး။ ဆိုင်ရဲ့ အပြင်အဆင်နဲ့နေရာလေးကို သဘောကျမိလို့  ဓါတ်ပုံရိုက်ဖြစ်သွားခြင်းပဲ ဖြစ်ပါတယ်။ သပ်သပ်ရပ်ရပ် ရှိလှတာကြောင့် သဘောကျမိသလို၊ ငါတို့ မြန်မာပြည်မှာလည်း ဒီလောက်သန့်ရှင်းသပ်ရပ်ပြီး ဒီဇိုင်းဆန်းဆန်းလေးတွေ ရှိနေတာ အားကျမိပြန်ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မနက် ၆ နာရီလောက်မှာ အေးချမ်းလှတဲ့ တောင်ကြီးကို ရောက်ခဲ့ပါပြီ။ အေးမယ်ဆိုတာ သိနေတဲ့ ကျွန်တော် အတွက်တော့ ကြိုတင်ယူလာတဲ့ အနွေးထည်ကို ထုတ်ပြီး ဝတ်လိုက်ယုံပါပဲ။ မြန်မာပြည် ပြန်မရောက်ခင် စင်ကာပူမှာ ကတည်းက ကြိုပြောထားခဲ့တဲ့ ကျွန်တော် သူငယ်ချင်းကတော့ အနွေးထည်ကို ယူတော့ ယူလာပါရဲ့။ ရန်ကုန်လေဆိပ်အရောက်မှာ ပူလွန်းလို့ဆိုပြီး ရန်ကုန်က သူ့ပစ္စည်းအပ်တဲ့ အိမ်မှာ ထားခဲ့တယ်တဲ့။ ကျွန်တော် ကြိုပြောထားရဲ့နဲ့ ထားခဲ့ရမလာဆိုပြီး ကျွန်တော် ပြုံးယုံပြုံးပြီး ကြည့်နေလိုက်ပါတော့တယ်။ သူက ရှမ်းပြည်ကို အထင်သေးတာတော့ မဟုတ်ဘူး။ တစ်ခါမှ မရောက်ဖူးတဲ့ အတွက် မသိလိုပဲလို့ ကျနော် နားလည်လိုက်ပါတယ်။ ရှမ်းပြည်ကို ရောက်ဖူးတဲ့ သူတွေ၊ နေဖူးတဲ့ သူတွေကတော့ ရှမ်းပြည်ရဲ့ ဆောင်းရာသီကို ကောင်းကောင်းကြီး သိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

 မြစိမ်းတောင် ပေါ်က မြင်ရတဲ့ မြင်ကွင်းတွေပါ။



၁၉ ရက်နေ့မှာ တောင်ကြီးမှာ မအိပ်ပဲ ကလောမှာ ဆင်းအိပ်ဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒါကြောင့်လည်း တောင်ကြီးကို ရောက်ရောက်ချင်းပဲ ကျွန်တော်တို့ တောင်ကြီး - မန္တလေးကားလက်မှတ် ကို (၆၀၀၀) ဖြင့်ဖြတ်ရပါတယ်။ တောင်ကြီး မြို့အတွင်းမှာလည်း များများစားစား လည်စရာ နေရာ သိပ်မရှိပါဘူး။ အရင်ဆုံး မြစိမ်းတောင်ကို သွားခဲ့ကြတယ်။
 အထွဋ်အထိပ်လာဘသုခအောင်ချမ်းသာ စေတီတော်ကြီး

 မြစိမ်းတောင် မုဒ်ဦး

မြစိမ်းတောင်မှ တဆင့် ရွှေဘုန်းပွင့်ဘုရား၊ စူဋ္ဌာမုနိလောက ချမ်းသာစေတီတော် နှင့် တောင်ကြီးကြိုးတံတား တို့ကို ဓါတ်ပုံနှင့်တကွ နောက်ပိုစ့်တွင် ဖော်ပြပေးသွားပါမယ်။ ခရီးစဉ် တစ်လျှောက်လုံး ကုန်ကျစရိတ်ကိုလည်း ဖော်ပြပေးသွားပါမယ်။ ခုတော့ဖြင့် တောင်ကြီး ဖဝါးအောက် ပိုစ့်လေးကို ဒီမှာပဲ ရပ်နားခွင့် ပြုပါလို့ ပြောရင် တောင်ကြီးဖဝါးအောက် ပိုစ့် အပိုင်းဆက်များကို အမြန်ဆုံး ပိုစ့်တင်နိုင်အောင် အားထုတ်ရင်း.......။


လေးစားစွာဖြင့်
ရီနိုမာန်

February 27, 2012

အမေ့အိမ်လေး နှင့် ကျွန်တော်

လေးနှစ်ဆိုတဲ့ အချိန်ဟာ ကုန်မြန်လွယ်လိုက်တာလို့ ပြောလို့ရသလို၊ လေးနှစ်ပြည့်ဖို့ အတွက် စောင့်လိုက်ရတဲ့ အချိန်တွေကလည်း တော်တော်လေး ကြာမြင့်သွားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် လေးနှစ်တော့ ပြည့်သွားခဲ့ပါပြီ။ လေးနှစ်ပြည့်ရင် လုပ်ချင်တဲ့ အလုပ်လေး တစ်ခုကတော့ အမေ့အိမ်ကို လွမ်းတဲ့ စိတ်လေးပြည့်သွားဖို့ အတွက် ကျွန်တော် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ ကြိုတင်စီစဉ်ရင် လွဲတက်တဲ့ ဓါတ်ခံကြောင့် အမေ့အိမ် မရောက်မချင်း ကျွန်တော့်ရဲ့ စိတ်တွေ မအေးနိုင်သေးပါဘူး။ 

အမေ့အိမ်ကို ပြန်ဖို့အတွက် ၂၀၁၂ ဇန်နဝါရီလ ၆ ရက်နေ့ကို ကျနော် ရွေးချယ်ထားခဲ့ပါတယ်။ သို့သော် ၂၀၁၁ ဒီဇင်ဘာလ ကတည်းက အင်ဒိုနီးရှာကို အလုပ်ကိစ္စနဲ့ ရောက်နေခဲ့ပြန်ပါတယ်။ ပြန်ရမဲ့ရက်နီးလာလေ လုပ်လက်စအလုပ်က မပြီးနိုင်ဖြစ်လေနဲ့ ကျွန်တော်မှာ စိတ်ပူပင်ခဲ့ရပြန်ပါတယ်။ ကျွန်တော့် ရဲ့ Supervisor က ကျွန်တော်ကို နှစ်ရက်ကြိုပြီး လူလဲပေးခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်တော် စင်ကာပူကို ၂၀၁၂ ဇန်နဝါရီလ ၄ရက်နေ့ညပိုင်း ၁၀နာရီလောက်မှာ ချန်ဂီလေဆိပ်ကို ပြန်ရောက်လာခဲ့ပါတယ်။ ကျွန်တော့်မှာ ပြင်ဆင်ချိန် တရက်သာ ကျန်ပါတော့တယ်။ အခုထိလည်း အမေအတွက် ညီမအတွက် ဆွေမျိုးမိတ်သင်္ဂဟ တွေအတွက် ဘာလက်ဆောင်မှ မဝယ်ရသေးသလို၊ ဝယ်ဖို့ ပိုက်ဆံလည်း ၅ ရက်နေ့ ရုံးသွားမှ သွားထုတ်ရမှာ ဆိုတော့ စင်ကာပူကို ပြန်ရောက်တဲ့ ညမှာ ကျွန်တော် အိပ်ဖို့ရန် မေ့လျော့သွားခဲ့အထိပါပဲ။ အိပ်မယ်လုပ်တော့ အချိန်က ၅ ရက်နေ့ မနက် ၆ နာရီထိုးနေပါပြီ။ အိပ်များပျော်သွားခဲ့ရင်တော့ ကျွန်တော် ဘယ်အချိန်မှ နိုးမယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း သိဖို့ မလွယ်ပါဘူး။ ဒါနဲ့ ကျနော် မအိပ်တော့ပဲ အချိန်ထပ်ဖြုန်းနေခဲ့ပါတယ်။ 

မနက် ၈ နာရီလောက်မှာ ကျွန်တော် ရေမိုးချိုး အဝတ်လဲပြီး ရုံးကိုထွက်လာခဲ့ပါတယ်။ ရုံးရောက်တော့ အင်ဒိုကပေးလိုက်တဲ့ စာရွက်စာတမ်းတွေကို အပ်ပြီး၊ ကျွန်တော် ရစရာရှိတဲ့ လစာချက်လက်မှတ်ကို ထုတ်လာခဲ့ပါတယ်။ လက်ထဲတော့ ချက်လက်မှတ်ရပြီ။ အရင်းဆုံး ချက်လက်မှတ်ကို ငွေသားပြောင်းရမယ်။ ဒါနဲ့ ကျနော် ဘဏ်ကို သွားတယ်။ ဘဏ်ကထွက်တော့ ကျွန်တော် ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။ အမေ့အတွက် ဘာဝယ်သွားသင့်သလဲ။ ကျွန်တော် မစဉ်းစားတက်တော့ဘူး။ အမေ့ကိုလှမ်းမေးလိုက်တော့လည်း အမေက ဘာလိုချင်မှန်း မပြောတက်ပြန်ဘူး။ ကဲ... ရှိစေတော့... မျက်စိထဲ မြင်တာပဲ ဝယ်သွားတော့မယ်လို့ စိတ်ကူးပြီး လျှောက်ကြည့်လိုက်တယ်။ မထင်မှတ်ပဲ မျက်စိကျတာ ပစ္စည်းတစ်ခုနဲ့ သွားတွေ့လိုက်တော့ အဲ့ပစ္စည်းပဲ ဝယ်ဖြစ်သွားတယ်။ 

တော်ပြီ... ဘာမှ ... ဘယ်သူအတွက်မှ မဝယ်တော့ဘူးလို့ စိတ်ထဲတွေးပြီး သွေးသွားလှူဖို့ အတွက် သွေးလှူဘဏ်ကို  ကျွန်တော် ရောက်သွားခဲ့ပြန်ပါတယ်။ ကံကောင်းတယ်ပဲ ပြောရမလား၊ ကံမကောင်းဘူးပဲ ပြောရမလား မပြောတက်ပါဘူး။ ကျွန်တော် သွေးပေါင်ချိန်တော့ အောက်သွေးက ၁၃၀ ကျော်နေလို့ သွေးလှူခွင့် မရပါဘူး။ ဘာဖြစ်လို့လဲလို့ ဆရာဝန်မကို မေးကြည့်တော့ အိပ်ရေးပျက်ထားလားတဲ့...။ ဟုတ်တာပေါ့...။ ကျွန်တော် ညက တစ်ရေးမှ မအိပ်ရသေးပဲကိုး။ နောက်တစ်ခါက်ထပ်စစ်ဖို့ မိနစ်၂၀လောက် နားခိုင်းတယ်။ နောက်တစ်ခေါက်ပြန်စစ်ကြည့်တော့လည်း ၁၀၅ ရှိနေသေးတယ်။ ဒါနဲ့ နောက်တစ်ခေါက်  ပြန်စောင့်ကြည့်မယ်လို့ ပြောကြည့်တော့ ဆရာမက လက်မခံတော့ပါဘူး။ နှစ်ခါချိန်ကြည့်လို့မှ ၁၀၀ အောက်မရှိရင် အဲနေ့အတွက် သွေးလှူခွင့် မရှိတော့ပါဘူးတဲ့လေ။ ဒါနဲ့ ကျွန်တော်လည်း အိမ်ပြန်ပြီး မနက်ဖြန် မနက်ခရီးစဉ်အတွက် ပြင်ဆင်ဖို့ ပြန်လာခဲ့ပါတယ်။ 

ညနေပိုင်းမှာတော့ မြန်မာပြည်ကို လူကြုံပေးမဲ့ အမတစ်ယောက်ဆီမှာ ပစ္စည်းသွားယူပြီး ပြန်လာတော့ ည ၁၀နာရီ ကျော်နေပါပြီ။ ဒီညကော အိပ်လိုက်ရင်း မနက်နိုးပါ့မလားဆိုတဲ့  စိတ်နဲ့ မအိပ်ပဲ နေခဲ့တာ မနက် ၄ နာရီလောက်မှာ မှေးကနဲ အိပ်ပျော်သွားခဲ့တယ်။ သတိရလို့ နာရီကို လှမ်းယူကြည့်လိုက်တော့ မနက် ၆ နာရီ ခွဲနေပြီ။  ချက်ချင်းထ ပြင်ဆင်ပြီး လေဆိပ်ကို ပြေးရပါတော့တယ်။ သူငယ်ချင်းတစ်ယောက်က လိုက်ပို့လို့ တောာ်သေးတာပေါ့။ မဟုတ်ရင် ကျွန်တော်တစ်ယောက်တည်း အိတ်က နှစ်လုံး .....။

ဒီလိုနဲ့ ကျွန်တော့်ရဲ့ အမေ့အိမ် ခရီးစဉ်လေး စတင်ခဲ့ပါပြီ။ ၂၀၁၂ ဇန်နဝါရီလ ၆ရက်နေ့ နေ့လည် ၁၁ လောက်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်လာခဲ့ပါပြီ။ မဖြတ်မနေရ အင်မီဂရေးရှင်းကို ဖြတ်ရပါပြီ။ အစကတည်းက စကားများများ မပြောချင်တဲ့ အတွက် စာအုပ်ကြားမှာ စင်ကာပူပိုက်ဆံ ၁၀  ထည့်ပေးဖို့ စိတ်ကူးးလိုက်ပါသေးတယ်။ ဒါပင်မဲ့ ဒီမို နိုင်ငံဖြစ်နေပြီ ဆိုတဲ့ စိတ်ကြောင့် ဘာများပြောင်းလဲမှုများ ရှိမလဲလို့ သိချင်တာကြောင့် ထည့်ထားတဲ့ ပိုက်ဆံကို ဘောင်းဘီအိတ်ထဲ ပြန်ထည့်လိုက်ပါတယ်။ ကျွန်တော့်စာအုပ်ကို ကြည့်ပါတယ်။ အခွန်ဆောင်ထားလို့ မေးပါတယ်။ ဆောင်ထားတဲ့ စာရွက် ပြပါလို့ ပြောပါတယ်။ ဘာနဲ့ အလုပ်သွားလုပ်လဲလို့ ထပ်မေးပါတယ်။ ကျွန်တော်က WP လို့ ပြောတော့ အဆင်ပြေရင် ကြည့်လုပ်ပေးသွားပါအုံးတဲ့။ ဒါနဲ့ ခုနက ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့ ပိုက်ဆံကို သူ့စားပွဲပေါ် တင်ပေးလိုက်ရပါတော့တယ်။

ကြိုတင်စီစဉ်ထားတဲ့ အတိုင်းပဲ  အကို ရန်ကုန်တက်ပြီး လာကြိုပါတယ်။ ရန်ကုန်ရောက်ရောက်ချင်း အချိန်ကလည်း ရှိသေးတာကြောင့် ပါလာတဲ့ ပစ္စည်းတွေကို အောင်မင်္ဂလာအဝေးပြေးနဲ့ နီးတဲ့ တည်းခိုခန်းတစ်ခုမှာ အပ်ပြီး ပိုက်ဆံလဲဖို့အတွက် Summit Parkview Hotel ကို သွားခဲ့ပါတယ်။ အဲ့မှာ ပိုက်ဆံသွားလဲပြီးတော့ ဗိုက်ဆာတာကြောင့် YKKO မှာ ကြေးအိုးသွားသောက်ခဲ့ပါတယ်။ ကြေးအိုး နှစ်ပွဲနဲ့ အအေးနှစ်ခွက်ကို မြန်မာငွေကျပ် နှစ်သောင်းနီးပါးလောက် ရှင်းလိုက်ရတော့ ကျွန်တော် နည်းနည်း မျက်လုံးလေး မပြုးယုံတမယ်ပါပဲ။ ရှိပါစေ ဘာဖြစ်လဲ ... ကျွန်တော်မှာ ပိုက်ဆံပါတာပဲပေါ့။

ပထမဆုံး အမတစ်ယောက်လို ချစ်ခင်နေတဲ့ စာရေးဆရာမ အမတစ်ယောက်နဲ့ အရင်သွားတွေ့ဖြစ်ပါတယ်။ လမ်း၃၀မှာ ကဗျာရွတ်ပွဲ ရှိတာကြောင့် ကျွန်တော်နဲ့ အမ ဆရာမတို့ ၃ နာရီလောက်မှာ လမ်းခွဲခဲ့ပြီး ကျွန်တော်လည်းတွေ့စရာ ရှိသေးတဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ သွားတွေ့လိုက်ပါတယ်။

ည ၇ နာရီလောက်မှာတော့ ဘားအံကို ထွက်မဲ့ သာမည အဝေးပြေးကားကြီးနဲ့  အောင်မင်္ဂလာအဝေးပြေးကနေ စတင်လို့ ထွက်ခဲ့ပါပြီ။ နောက်ထပ် ၆ နာရီလောက်ဆိုရင် အမေ့အိမ်ကို ရောက်တော့မှာပါ။ လေးနှစ်လောက် မတွေ့တာကြာပြီးဖြစ်တဲ့ အမေ၊ အရင်လိုပဲ ဝနေမှာလား၊ ကျန်းမာရေးမကောင်းလို့ ပိန်များသွားပြီးလား ဆိုတဲ့ အမေ့ကို တွေ့ချင်နေမိတဲ့ ကျွန်တော့်ရဲ့ စိတ်တွေကတော့ အမေ့ရဲ့ အိမ်ပေါက်ဝကိုရောက်နှင့်လို့ နေပါပြီ။ အမေ ကျွန်တော့်ကို မျှော်နေမလား။ ဒါမှ မဟုတ် ကားဂိတ်မှာပဲ လာစောင့်နေမလား။ ကျွန်တော် ထင်တဲ့ အတိုင်းပါပဲ။ အမေ ကျွန်တော့်ကို ကားဂိတ်မှာ လာစောင့်နေတယ်တဲ့။ ကျွန်တော်တို့ စီးလာတဲ့ ကားက မနက်၂ နာရီလောက်မှ စိုက်ရောက်ပါတယ်။ ကားပေါ်က ဆင်းဆင်းချင်း ကိုသူရိန် ( ကျွန်တော် အကို နာမည်ပါ ) တို့အမေ စောင့်နေတာ။ ခုနကမှ ပြန်သွားတာတဲ့။ 

ကားဂိတ်မှာတောင် လာစောင့်နေတယ်ဆိုတော့ အမေ နေကောင်းတယ်ဆိုတာ မေးစရာမလိုပဲ ကျွန်တော် သိလိုက်ပါပြီ။ မြန်မာပြည်ကို ပြန်ရောက်တဲ့ ဒုတိယနေ့ရဲ့ မနက်စောစောပိုင်းမှာပဲ ကျွန်တော်ချစ်တဲ့ ကျွန်တော်အမေရဲ့ မျက်နှာကို တွေ့လိုက်ရပါပြီ။ လေးနှစ်အတွင်းမှာ အမေ့ ဘာမှ မပြောင်းလဲဘူး။ အသက် ၅၄နှစ်ဆိုပင်မဲ့ အရွယ်မကျသေးဘူး။ ကျွန်တော် ကိုတွေ့လို့ ဝမ်းသာသွားတဲ့ အမေ့မျက်နှာကို ကျွန်တော် ခုချိန်ထိ လွမ်းနေတုန်းပါ။ ကျွန်တော်ချစ်တဲ့ အမေနဲ့ အတူ၊ အမေ့အိမ်လေးထဲမှာ စကားတွေ ပြောနေခဲ့တာ မနက် ၇ နာရီထိုးသွားခဲ့ပါတယ်။ ကျွန်တော် မြန်မာပြည်ပြန်ရောက်ပြီး နှစ်နှစ်ခြိုက်ခြိုက် ပထမဆုံး အိပ်ပျော်သွားခဲ့မိတာ ကျွန်တော့်ကို နွေးထွေးမှုတွေပေးပြီး အေးချမ်းစေခဲ့တဲ့  အမေ့အိမ်လေး ပဲဖြစ်ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

February 13, 2012

ကမ္ဘာကြီးက ကမ္ဘာကြီးကို.......။

နေရဲ့ အလင်းရောင်ကလည်း လင်းထိန်နေပါသည်။

လရဲ့ အလင်းရောင်ကလည်း ကြည်လင်အေးမြနေပါသည်။

လူသားရဲ့ စိတ်တွေကလည်း ရှင်းလင်းနေပါသည်။

သို့သော်...... ပန်းတွေပွင့်ဖို့အတွက် ကမ္ဘာကြီးကို နိုးရအုံးမည်။



လူယောင်္ကျားရဲ့ ပုံသဏ္ဍာန်က တည်ငြိမ်လှသည်။

လူမိန်းမရဲ့ ပုံသဏ္ဍာန်ကလည်း လှပကျော့ရှင်းနေသည်။

နှစ်ယောက်စလုံးရဲ့ စိတ်တွေကလည်း ပြတ်သားနေကြသည်။

ထိုသူနှစ်ဦး အဆင်ပြေဖို့ ကမ္ဘာကြီးကို ပုတ်နိုးခိုင်းရအုံးမည်။



ဝမ်းနည်းမှုတိုင်းမှာ မျက်ရည်တွေ ပါနေသည်။

ပျော်ရွှင်မှုတိုင်းမှာလည်း မျက်ရည်တွေ ပါနေပြန်သည်။

ရင်ခုန်မှုတိုင်းမှာလည်း မျက်ရည်တွေ ပါနေအုံးမည်။

သို့သော်... မျက်ရည်ပါတိုင်း မကောင်းဆိုတာကိုတော့ ကမ္ဘာကြီးကို အသိပေးရလိမ့်အုံးမယ်။


အတိတ်မှာ ကျန်ခဲ့တဲ့ ကိစ္စတွေကို သတိရနေမိသည်။

အနာဂတ်မှာ ဖြစ်လာမဲ့ ကိစ္စတွေကို စောင့်နေမိသည်။

ပစ္စုပ္ပန်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို ဖြေရှင်းရအုံးမည်။

သို့သော်.... ပစ္စုပ္ပန်သည်သာ အဓိကဆိုတာ ကမ္ဘာကြီးက သင်ပေးလိမ့်အုံးမည်။


အနီရောင်ဟာ ရဲရင့်ခြင်းဟု ဆိုကြသည်။

အပြာရောင်ကို ငြိမ်းချမ်းခြင်းဟု ဆိုကြသည်။

အနက်ရောင်ကိုကျပြန်တော့ ပူဆွေးမှုဟု ဆိုကြပြန်သည်။

သို့သော် .... ကမ္ဘာကြီးက လူသားတိုင်းကို အဖြူရောင်အဖြစ် ဖန်ဆင်းပေးထားခဲ့သည်။


လေးစားစွာဖြင့်
ရီနိုမာန်

December 16, 2011

ဆောင်းညစိတ်ကူး

ဒီနေ့တော့ ကျွန်တော့်ရဲ့ ဒိုင်ယာရီ စာအုပ်လေး အသက်ဝင် လာခဲ့ရပါပြီ။
ပိတ်ထားခဲ့တဲ့ ကာလတစ်ခုအတွက်  စာအုပ်လေးကို ကျွန်တော် ကိုယ်တိုင် သနားမိနေပါရဲ့။
ကိုယ့်ကိုကိုယ် ..... ငါတော်တော် ရက်စက်ခဲ့ပါလား လို့ မပြောမိယုံ ပါပဲ။

စာအုပ်လေးရေ..... မင်းအပေါ်မှာ တင်နေတဲ့ အကြွေးတွေ၊
မင်းကို ရက်ရက်စက်စက် ဆက်ဆံခဲ့တာတွေ၊ ငါ့ဘေးမှာ အမြဲရှိနေတက်တဲ့
မင်းကို ဂရုမစိုက်မိခဲ့တာတွေအတွက် .. ခွင့်လွှတ်ပေးပါလို့ ငါပြောပါရစေ။

စာအုပ်လေးရေ.... အမှန်တော့ မင်းကို ငါ ဘယ်လောက်ထိ ချစ်ခဲ့မိမှန်း
ငါကိုယ်တိုင် မသိလိုက်တဲ့ အထိပါပဲ။ ငါ့အနားက မင်းထွက်ပြေးတော့မဲ့ အချိန်ကျမှ
ငါ မင်းကို လက်လွှတ်ဆုံးရှူံးမခံနိုင်လောက်အောင် ချစ်သွားမိခဲ့ပြီ ဆိုတာကိုတော့
ဝန်ခံပါရစေ.....။

ငါ့မှာ မာနရှိတယ်။ မင်းမှာလည်း မာန ရှိမှန်း ငါသိတယ်။
အချိန်တွေသာ ကုန်သွားခဲ့တယ်။ ငါ့ မာနကတော့ ခုထိ မျောလွင့်နေတုန်းပဲ။

ဒီဇင်ဘာဆိုတဲ့ အချိန်ကိုရောက်ရင် ငါ ဘာတွေပဲ လုပ်လုပ်.....၊
ငါ ဘယ်ကိုပဲ သွားသွား.....၊ မင်းက ငါ့ရဲ့ အရိပ်တစ်ခုဆိုတာ .....
အလိုလို ငါနားလည်လာတယ်။ ဒါ မင်းအပေါ်မှာ ထားတဲ့ ငါ့ရဲ့ မာနပဲ ဖြစ်မယ်ထင်တယ်။

ပတ်ဝန်းကျင်မှာ အေးခဲနေခဲ့ပြီ စာအုပ်လေးရယ်.....။ မင်းရဲ့ ကိုယ်သင်းရနံ့လေးကတော့
ဆောင်းလေးအေးအေးလေးနဲ့အတူ ငါ့ရှေ့က ဖြတ်လျှောက်သွားတာကို တွေ့လိုက်ရတယ်။
မင်း ငါ့ကိုနှုတ်ဆက်သွားတာပဲ ဖြစ်မယ်လို့ တွေးမိလို့ တစ်ချက်လောက် ပြုံးပြလိုက်တာ
မင်းတွေ့မှ တွေ့ရဲ့လား.....။


လေးစားစွာဖြင့်
ရီနိုမာန်