March 17, 2010

မအိမ်ကံ ( for Mar ) အပိုင်း ၃

၁၃၂၅ ခုနှစ်။
အစ်ကိုမောင်မြတ်သာ ရွာကို တစ်ခေါက် ရောက်လာခဲ့ သည်။ အစ်ကို ရောက်လာတော့လည်း အားရှိရသား။ သည် တစ်ခေါက် အစ်ကိုတို့ ဇနီးမောင်နှံ လာကြတာ သမီးငယ်ခိုင်ကို လာခေါ်ကြခြင်းဖြစ်၏။ ခိုင်ကလေးကလည်း ပျော်နေသည်။ မအိမ်ကံကတော့ အစ်ကိုနှင့်ယောက်မ ရွာကိုရောက်သခိုက် အဖေနှင့် အမေတို့ ပိုင်ဆိုင်ခဲ့သမျှ ပစ္စည်းစာရင်းကိုချပြသည်။ အစ်ကိုက ထန်းတောနှင့် ယာတောတွေကို မအိမ်ကံကိုပဲ ပေးရှာ သည်။ အတွင်းပစ္စည်းအချို့ကိုလည်း မအိမ်ကံဖြစ်စေချင်သလို လက်ခံခဲ့ပါ၏။ မအိမ်ကံကလည်း မရိုးမသားမရှိ။ ရှိသမျှ ချပြခြင်းဖြစ်သလို မောင်မြတ်သာကလည်း နှမ၏သီလကို ယုံကြည်သည်။

“အစ်ကို ဒါတွေလာယူသာ မဟုတ်ပါဘူး ငါ့နှမရယ်။ညည်းက ယူပါတော့ ယူပါတော့ဆိုလို့သာပါ။ ဘာတွေရှိမှန်း လည်း အစ်ကိုမသိဘူး။ မြေတွေထန်းတောတွေ အိမ်ခြံဝိုင်းတွေ အစ်ကို စာချုပ်စာတမ်း လုပ်ပေးထားခဲ့မယ်။ အစ်ကို လာမနေဖြစ် တော့ပါဘူး။ မြို့မှာပဲ ခြံကလေးတစ်ခြံဝယ်ထားပြီးပြီ။ အခု တော့ စစ်ရုံးကပေးတဲ့ အိမ်မှာနေတာဆိုပေသိ မြိုင်တို့ ခိုင်တို့နဲ့ အတူနေဖို့ အိမ်ဆောက်မယ်”




“စာချုပ်စာတမ်း မလိုပါဘူး အစ်ကိုရယ်။ သည်မောင်နှမ ရှိသာပဲဟာ။ အစ်ကို လာနေတော့လည်း မအိမ်ကံ ၀မ်းတောင် သာရဦးမှာပါ”

“မဟုတ်ဘူး ကံကလေးရဲ့။ တို့ကအရွယ်ရကြပြီ။ နောင် လာနောက်သားတွေက တို့လို စိတ်ရှိချင်မှ ရှိမှာကိုး။ စာချုပ်စာတမ်းနဲ့ တရားဝင်အောင် လုပ်ကြရသယ်”

“အစ်ကို့သဘောပါ အစ်ကိုရယ်။ အားလုံး ခွဲစိတ်ပြီးကြရင် မအိမ်ကံ ရက်ကန်းရုံဖြုတ်တော့မယ်။ သမီးနှစ်ယောက် အစ်ကို့ ဆီမှာ နေကြရင် မအိမ်ကံ တစ်ယောက်တည်းကျန်မှာပဲ။ ကျေးဥ တို့တစ်တွေနဲ့ မအိမ်ကံ ယာခင်းကိုင်းခင်းက ထွက်သာနဲ့စား လောက်ပါသယ်။ အစ်ကို့ တူမနှစ်ယောက် အစ်ကိုတာဝန်ယူ တာကိုပဲ မအိမ်ကံ ၀မ်းသာလှပါပြီ”

“ကောင်းတာပေါ့ ငါ့နှမရာ။ အပင်ပန်း မခံပါနဲ့တော့။ အစ်ကိုလည်း သွားသွားလာလာ ရှိမှာပါ။ သည်တစ်ခေါက် ခိုင် ကလေးကို အစ်ကိုတို့နဲ့ တစ်ပါတည်း ခေါ်သွားမယ်။ မြိုင်စာမေး ပွဲပြီးရင်တော့ ညီအစ်မ နှစ်ယောက်စလုံး အစ်ကို စောင့်ရှောက် ထားမှာပါ။ အစ်ကို့ တူမတွေ တက္ကသိုလ် ကျောင်းသူကြီးတွေ ဖြစ်လို့ ပညာစုံသွားရင် အစ်ကိုလည်း နားမယ်”

သည်လိုနှင့်ပင် မအိမ်ခိုင်မြို့ကို ပါသွားခဲ့သည်။ ကျေးဥ ကတော့ ငိုလို့ပင် မဆုံးနိုင်။ မအိမ်ကံကလည်း တစ်ယောက် ပဲ့ရပြန်ပြီဆိုသည့်စိတ်ဝင်လာ တော့ ရင်မှာနာလှပါ၏။ သမီးငယ် ခိုင်ကတော့ မြို့ကျောင်း သွားတက်ရမှာကို ၀မ်းသာနေ ရှာသည်။ တစ်ချက်ကလေး မျက်နှာ မညှိုးတာကိုပဲ မအိမ်ကံ ရင်အေးရသေးသည်။ ခိုင်ကလေး တငိုငိုတရယ်ရယ် ဆိုလျှင် စိတ်မကောင်းဖြစ်ရဦး မည်။ မျက်ရည်လည်ရွဲ ဖြစ်နေသည့် ကျေးဥကတော့ မအိမ်ခိုင် သွားခါနီးမှာပင် ထမင်း ခွံ့နေရှာပါ၏။

“ဒါကျေးကျေး နောက်ဆုံးခွံ့တဲ့ ထမင်းပေါ့အေ။ ကျေး ကျေးတော့ ထမင်းစားတိုင်း မျက်ရည်ကျရတော့မယ်နဲ့ တူပါရဲ့။ ငါတို့မှာတော့ ပညာမတတ်လို့လည်း ဘာပြဿနာမှ မရှိပါဘူး။ ငါ့သားနှစ်ယောက်လည်း ယာထဲကိုင်းထဲ လှည်းထဲ လှေထဲ သူ့အဘိုး သူ့အဖေတို့လိုကြီးကြဖို့ပါပဲ။ ညည်းတို့သာ ခွဲကြရ ခွာကြရ သံယောဇဉ် မရှိခဲ့ရင် ကောင်းသား။ ခုတော့ ကျေးကျေး ရင်နာလှသအေ”

ကျေးဥစကားကြောင့် မအိမ်ကံပင် မျက်ရည်တွေတွေ ကျခဲ့ရသည်။ ဟုတ်ပါရဲ့။ ဖအေကျောင်းဆရာ ပညာတတ်ရဲ့ သမီးတွေဆိုတော့ ပညာရှိရာ လိုက်ကြရတာပါလားလို့ တွေးမိ သည်။ နောင်နှစ်ဆိုလျှင် မအိမ်မြိုင်ပါ လိုက်ရတော့မည်။ အစ်ကို မောင်မြတ်သာက မြိုင့်ကိုလည်း ရန်ကုန် တက္ကသိုလ်မှာပဲ ကျောင်းထားမည်ဆို၏။ အတန်းတွေပြီးတော့ကော သမီးတွေက တောကိုပြန်လာကြမှာတဲ့လား။ မအေ့ ရင်ခွင်ကို ပြန်ခိုကြပါ ဦးမလား။ မြို့မှာပဲ အိမ်ထောင်ရက်သားတွေကျကြလို့ မြို့မှာပဲ အလုပ်တွေ အကိုင်တွေနဲ့နေကြလေမလား။ သူတို့ဘ၀ သူတို့ အခြေ ရေမြင့်သလို ကြာလည်းမြင့်ကြပြီဆိုရင်တော့ ထမြစ် (ထန်းမြစ်)စားချင်လို့ ရွာပြန်နေကြမှာ မဟုတ်တော့။ လှည်း စီးချင်လို့ ရွာ စိတ်ရောက်စရာမရှိ။ မအေတောသူမကြီးက ကော။ သည်အိမ်သည်ဝိုင်း သည်ရွာကလေးကို ခွာပြီး မြို့ဆို တာကြီးကို စမ်းတ၀ါးဝါးလိုက်နေမည့်သူမဟုတ်။ သည်က တည်းက ဝေးကြရပြီဆိုတာ မအိမ်ကံသိနှင့်ပြီ။
သည်အိမ်ကြီးက လူတွေ တစ်ယောက်စီ တစ်ယောက်စီ ခွာကြရပြီ။ အဖေဆုံးသည်။ အမေဆုံးသည်။ မလှအုံဆုံးသည်။ ကိုပြေသိမ်းရှင်ကွဲကွဲရပြီ။ အခုသမီးငယ် ခိုင်ပါရပြန်ပြီ။ နောင်နှစ် သမီးကြီးမြိုင်ပါလိမ့်ဦးမည်။ ဟိုတစ်ချိန်က မီးခိုးမစဲ မီးမစဲ ရှိခဲ့သည့်အိမ်ကြီးမှာ အခုတော့ အခန်းလွတ်တွေများခဲ့ပြီ။ နေ့မီး ညမီး မဆက်တော့ပြီ။

“သမီးဘကြီးနဲ့ ကြီးကြီးစိမ်း ပြောသဲ့စကားကို အမေပြော သဲ့စကားလို အောက်မေ့ပါ။ ပညာကို စိတ်နှစ်ပြီးသင်။ အမေ့ကို မငဲ့နဲ့နော်သမီး။ အမေ နေတတ်သယ် ကျေးကျေးလည်း ရှိသယ်။ သမီးအတွက်စားဖို့ သောက်ဖို့ သုံးဖို့စွဲဖို့အမေပို့ပေးမယ်။ အမေလည်းလာမှာပေါ့။ သမီးလည်းလာခဲ့ပေါ့။ အမေမေတ္တာပို့ နေမယ်။ သမီးလေးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့် တစ်လုံးတစ်ဝတည်းပြည့်စုံပါစီတော်”

မအိမ်ကံစကားတွေကို အားတင်းပြီးတုန်တုန်ရီရီပြောခဲ့ ရသည်။ ခိုင်က ထိုင်ကန်တော့သည့်အခါ သည်စကားတွေကို အားတင်းပြီးပြောရ၏။ လှိုက်တက်လာသော ဝေဒနာကကြီး မားလွန်းသဖြင့် ဆုကိုပင် မနည်းပြီးအောင် ပေးခဲ့ရသည်။
ခိုင်တို့လှည်းထွက်သွားတော့ မအိမ်ကံ ခြံဝအထိလိုက်ပို့ သည်။ ရွာအထွက်အထိ လိုက်ပို့ချင်သော်လည်း မအိမ်ကံ ဒူး မခိုင်ချင်တော့။ အိမ်ကြီးဘက်ကို ပြန်အလှည့်မှာတော့ အိမ်ကြီး က အခွံချည်း ကျန်ရစ်ခဲ့သလို မအိမ်ကံ ခံစားလိုက်ရသည်။ အိမ်ကြီးထဲမှာ ကျေးဥ၏ ငိုသံသာ ရှိတော့၏။ မအိမ်ကံက ပဲမှော် တိုက်နှင့် အိမ်မကြီးကြားက ထန်းပက်လက် ကုလားထိုင်တွေဆီ ရောက်လာခဲ့ရပြန်ပြီ။
မအိမ်ကံလည်း ငိုခဲ့ရသည်ပင်။

၁၃၂၅ ခုနှစ်အတွင်း အစိုးရ အပြောင်းအလဲဖြစ်ခဲ့သည့် နောက်ပိုင်း ရပ်ရွာ အုပ်ချုပ်ရေးတွေကလည်း ပြောင်းလဲသွားခဲ့ သည်။ မြို့မ ကျေးရွာ ရပ်ကွက်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ ဆိုသည့်အဖွဲ့တွေမှာ သာအောင်ပါ မလာနိုင်တော့။ ရွာက လူရေးလူစွာရှိသော ကိုစံကောင်းကို ရွာဥက္ကဋ္ဌတင်မြှောက်ခဲ့ ကြသည်။ ကိုစံကောင်း ရပ်ရွာကို ချုပ်ကိုင်ခွင့်ရလာသည့် အခါ မအိမ်ကံအဖို့ အားကိုးခဲ့ရသည်။ ကိုစံကောင်းက လူဖြောင့် လူမှန်ဆိုတော့ အများ၏ကိုးစားခြင်းခံရသူ ဖြစ်သည်။ ၁၃၂၅ ခုနှစ်အတွင်း ဇောင်ချမ်းကုန်းမှာ အလှူကြီးတစ် လှူရှိသည်။ ကိုစံကောင်းတို့ကိုယ်တိုင် ၀ိုင်းကြ၀န်းကြရှိရပြီ။ အလှူကတောင်သူကြီးဖြစ်သော ကိုမောင်သိန်းနှင့် မချောရင် တို့အလှူ။ တောင်သူကြီးဆိုတော့ အလှူကြီး ပေးနိုင်ကြသူတွေမို့ ၀က်ဝက်ကွဲစည်မည့် အလှူလည်းဖြစ်၏။ အလှူမတိုင်ခင် တရားပွဲ သုံးညကျင်းပမည်။ အလှူအ၀င်ညမှာ မန္တလေးဆိုင်း ငှားထားသည်။ အလှူက လေး၊ ငါးလလောက် လိုသေးသော် လည်း ရွာရပ် ထုံးစံတာဝန်တွေ အသီးသီးခွဲဝေနှင့်ကြပြီ။

ထူးခြားသည်မှာ ရွာ့ကွမ်းတောင်ကိုင်ချောညို အိမ်ထောင် ပြုခဲ့သည့် နောက်ပိုင်း ရွာ့ကွမ်းတောင်ကိုင် အသစ်ရွေးဖို့ ရွာက ရွာ့အပျိုတွေကို အကဲခတ် နေကြချိန်ဖြစ်၏။ ဇောင်ချမ်းကုန်းသူ ကလေးတွေက ပင်ကိုအားဖြင့် ရုပ်ရည်ရူပကာ တင့်တယ် လှပကြသူများ ဖြစ်၍ ခေါင်ကောက်ရွေးနိုင်သော်လည်း ကွမ်း တောင်ကိုင်ဖြစ်ဖို့ဆိုတာ လွယ်လှသည်မဟုတ်ပါ။

“ကျော်တင့်သမီးကလေး ချောပါ့အေ။ ခမျာ နွမ်းပါးရှာ လို့သာ”

“တောကျော်တို့၊ ငှက်မတို့သမီး စိန်သွယ်လည်း မဆိုးပါဘူး”

“တောကျော်နဲ့ ငှက်မက ကြီးပေါင်းတွေ။ ငယ်လင် ငယ် မယားမှ မဟုတ်သာ”

“ကျုပ်မျက်စိထဲမတော့ ရွှေမှုံတို့ သာအောင်တို့သမီး မှုံနံ့သာကိုပဲ မြင်သတော်”

“ခင်ဗျားက စပ်ရင် အမျိုးကိုးဗျ။ သဟာက ဘက်လိုက်လို့ ဖြစ်သာမှုတ်ဘူး”

“မအိမ်ကံ သမီးထက်များ ဘယ်သူကသာဦးမှာတုံးတော့်။ ရုပ်ရည်တော်၊ စည်းစိမ်တော်၊ ပညာတော်၊ မိဦးဘဦးတော်၊ မိဘတွေက ငယ်လင်ငယ်မယားတော်၊ အကျင့်စာဂကောင်းသ တော်”

“မအိမ်ကံသမီး မအိမ်မြိုင်လား။ သည်ကလေးမဆိုလို့ ကတော့ သည်နားရွာတွေ နောက်ကောက်ကျရုံပေါ့။ ရေ သောက်သာတောင် လည်ချောင်းထဲ ဆင်းသဲ့ရေ မြင်ရသဲ့ မိန်းမ မျိုး”

“မအိမ်မြိုင်က မြို့နေ မြို့ကြီး ပညာတတ်နေပြီဟဲ့။ တောကိုလာပြီး ကွမ်းတောင်ကိုင်ပါ့မလား”

“သြော် မြို့က ဆယ်တန်းဖြေပြီးလို့ ရွာရောက်နေသယ် တော်။ ညည်းဘယ်အိပ်ပျော်နေသာတုံး။ ရွာက ကောက်ရင် နေရမလားဟဲ့”

ရွာ့အသံတွေက တစ်ယောက်တစ်ပေါက်ပင်။ ရွာအပျိုတွေ အားလုံး စေ့ငှအောင် အကဲခတ်ကြသည်။ ရွာအပျိုကချည်း သုံးလေးဆယ် ရှိနေသဖြင့် သူ့ဘက်ကိုယ့်ဘက် ဆွဲကြတာလည်း ရှိ၏။ သူ့အမျိုး ကိုယ့်အမျိုး ကွမ်းတောင်ကိုင်ဖြစ်စေရေး ဆွယ်တရား ဟောကြတာတွေကလည်း ကွမ်းတောင်ကိုင်ရွေးရမည် ဆိုတိုင်းကြားရသည့် အသံတွေ ဖြစ်သည်။ ရွာ့ကွမ်းတောင်ကိုင် လက်စ ချောညို အိမ်ထောင်ကျပြီဆိုတော့ လာမည့် အလှူမှာ ကွမ်းတောင်ကိုင်ရှိမှ ဖြစ်တော့မည်။ မရွေးမဖြစ် ရွေးရတော့မည်။ ရွာဥက္ကဋ္ဌ ကိုစံကောင်းကတော့ သည်ကိစ္စကို ခပ်ရှောင်ရှောင် နေခဲ့သည်။ မအိမ်မြိုင်က သူ့တူမ ၀မ်းကွဲဆိုတော့ ရွာကရွေး ကြသည့် ကိစ္စမှာ သူ့ပယောဂ မပါချင်။ တစ်ရက် မအိမ်ကံတို့ အိမ်ကို ရောက်သဖြင့် သူ့သဘောထားကို ပြောဖြစ်ခဲ့သည်။

“ငါကြားရသလောက်တော့ ငါ့နှမရဲ့၊ မှန်သာပြောသာ နင့်သမီးပဲ မဲပေးနေကြသာပဲ။ ဒါပေသိ”

“ဘာ ဒါပေသိလဲ အစ်ကိုလေးရဲ့။ ရွေးစရာ မလိုသဲ့ဟာ ရွေးနေကြရော့လား။ ထောပတ်တင်လဲ အိုးတွေ့နေသာတောင် ထမင်းအိုးချိုး ခြစ်နေကြသာများ အစ်ကိုလေးရယ်”

“သူ့ဘက်ကိုယ့်ဘက် ဆွဲကြသာပေါ့ဟာ။ မြောက်ပိုင်းက မြောက်ပိုင်းသူ ဖြစ်စေချင်သယ်။ တောင်ပိုင်းက တောင်ပိုင်းသူ ဖြစ်စေချင်သပေါ့ဟာ။ အများကတော့ မအိမ်မြိုင်ကို အသံမြည် ကြသာပဲဟ”

“အစ်ကိုလေးတို့ ရွာသူကြီးတွေ သဘောကကော”

“တို့ကတော့ ထမင်းရည်စည်းပေါ် ခွနေကြရသာပေါ့ဟာ။ အများက ရွေးကြမယ့်ဟာ ပယောဂပါမှာ စိုးသယ်”

တစ်ရွာလုံးက သည်အလှူကြီး အကြောင်းသာ ပြောနေ ကြလေသည်။ ယာခင်းပဲခင်း၊ ရေတွင်းရေကန်၊ ပဲရွေးမောင်း ထောင်းစသည်ဖြင့် လူစုမိသည်နှင့် ဘယ်သူဘယ်ဝါတော့ အတော်သား၊ ဘယ်သူဘယ်ဝါတော့ ဘယ်လိုတဲ့ ပြောကြမြဲ ဖြစ်သည်။ အချင်းချင်းတီးခေါက်ကြသည်။ လူ့သဘာဝ ကိုယ့်လူကိုယ့် အပိုင်းက ဖြစ်စေချင်ကြသော်လည်း နောက်ဆုံး တော့ ရွာ့ကွမ်းတောင်ကိုင်မိန်းမချောကို သဘောညီသွားကြ တာကလည်း ထူးဆန်းလှပါ၏။ ဒါကြောင့်လည်း ဖက်စိမ်း ကွမ်းတောင်ကို ကိုင်ရမည့် မိန်းမသားသည်လည်း ဘုန်းကံကြီး သော မိန်းမသား အဖြစ် မှတ်ယူကြလေသည်။ မအိမ်ကံ မက်မောသော အချက်ကလည်း သည်အချက်ပဲဖြစ်၏။

ကာရန်သင့်ချင်တော့ ကွမ်းတောင်ကိုင် လစ်လပ်သည့် အချိန်နှင့် သမီးကြီးမြိုင်ရွာကို ပြန်ရောက်သည့်အချိန်က တစ်ထပ်တည်း ကျနေသည်။ မအိမ်ကံကတော့ သည်တစ်ချီသည် တစ်မောင်းဆွမ်းကြီးလောင်းရပြီ တွက်ခဲ့ပါ၏။ ရွှေမှုံသမီး မှုံနံ့သာကလည်း ညိုညက်ညက်လှရှာသည်သာ။ မအိမ်မြိုင်သာ မရှိလျှင် မှုံနံ့သာ ကွမ်းတောင်ကိုင်ဖြစ်ဖို့ သေချာသည်။ မှုံနံ့သာကလည်း လိမ္မာရေးခြား ရှိပုံကအစ ရပ်ရေးရွာရေး၊ ဗျိုရေးဗျာရေးတွေမှာ လက်ကြောတင်း သူကလေး အဖြစ် သတင်းပြေးလှသည်။ သည်အကြောင်းတွေကိုလည်း မအိမ်ကံ ကြားရပါ၏။ မြိုင်ကတော့ ယဉ်ယဉ်နွဲ့နွဲ့၊ ဣနြေ္ဒ ကျက်သရေ၊ ပညာ၊ ရုပ်အဆင်းမယှဉ်သာအောင် အထက်တန်းကျသူ ကလေးလို့ ရွာကမြင်ကြသည်။

သည်ရက်တွေထဲမှာ မအိမ်ကံက သမီးမြိုင်ကို ဖြီးလိမ်း ပြင်ဆင်ခြယ်သစေပြီး ရွာကို လူလုံးပြတော့သည်။ အ၀တ် အမျိုးမျိုး၊ ရှိုးအသွယ်သွယ် ထုတ်စေကာ သားအမိနှစ်ယောက် ရွာလှည့်ကြသည်။ ခါတိုင်း မရောက်ဖူးသည့် ချောင်တွေအထိ သွားကာ မြိုင့်အလှကို ရွာက မြင်စေသည်။
“ရှင်အိမ်ကံ့ သမီးများ သင်္ကြန်တွင်း အပြင်ထွက်ရင် သိကြားမင်းကတောင် ကောက်လောက်သယ်။ ကောင်းလိုက် သဲ့ပါရမီနှယ်တော်။ ဘဝေဘ၀က ဘာများ လှူခဲ့လို့ပါလိမ့်။ မအေလှသာ ချောသာ ဘာဟုတ်သေးတုံး”

“မအိမ်ကံက အရွယ်ရပါပြီ ကြီးတော်ရယ်။ အခုက သမီး တွေ အလှည့်ပါ။ မိန်းကလေးဆိုသာ ပန်းများလို ဖုံရာကငုံ၊ ငုံရာကဖူး၊ ဖူးရာကပွင့်ရသာမျိုး ပါ။ သည်အရွယ်လှရသာမှုတ် လား။ မြိုင်က ပညာတတ်ဆိုပေ သိလို့ တောစိတ် တောင်စိတ် ရွာစိတ်ရပ်စိတ်ရှိလို့ ၀မ်းသာရ သေး ကြီးတော်ရေ”
ရပ်ရွာက ချီးမွမ်းကြတိုင်း သမီးအကြောင်းစကားထည့်ရ တာ အမော။ မအိမ်ကံကိုကြည့် ကာ ကျေးဥပင် အံ့သြရတော့သည်။ တစ်လောက ရွာပြင်စေတီ ဘက်ကို စက်ကျရာက ခုတော့ ရွာထဲရပ်ထဲခြေစကြာလှည့်နေ တာကို အံ့သြရခြင်းဖြစ်၏။ မအိမ်ကံ ဘာကိစ္စသည်လို လှည့်နေတာလဲ ဆိုတာကို သိသူပီပီ ဘာတစ်ခွန်းမှဝင် မပြောခဲ့ပါ။ ကျေးဥကြားရသလောက် ရွာကမြိုင့်ကို မဲပေးထားကြပြီး သား။ မြိုင်ပဲ ကွမ်းတောင်ကိုင်ဖြစ်ဖို့ရှိသည်။ သည်ကိစ္စက အရေးကြီးသည်လို့ ဆိုနိုင်သလို အရေးမကြီးပါလို့လည်း ပြောနိုင်ပါ၏။ ဖြစ်တော့လည်း ကိုင်လိုက်ရုံပင်။ မဖြစ်တော့ လည်း နေလိုက်ရုံပင်။ ဘယ်သူမှ မအိမ်ကံလို ယောက်ယက် ခတ်နေတာမျိုး မရှိ။ မအိမ်ကံ၏တစ်သက်လုံးက ခံစားနေ ရသော ဝေဒနာကိုသိထားတော့လည်း အတွင်းသိတစ်ဦးအနေ ဖြင့် ကိုယ်ချင်းစာမိသည်။ သနားမိသည်။ မအိမ်ကံမှာ သည်ဝေဒနာက မွေးရာပါ နာတာရှည်ရောဂါလို အမြစ်တွယ်နေ တာကိုလည်း သိပါ၏။ သည်ချင်ခြင်းသာ ပြေလျှင်ပြီးပြီ။ အခြား တောင့်တစရာ၊ ကြောင့်ကြစရာ မရှိ။

အလှူပွဲကြီးနီးလာခဲ့ပြီ။ အလှူသံတွေလည်း ညံနေခဲ့ပြီ။ ရွာမောင်းဆိုင်း၊ ရွာဒိုးဝိုင်းများပင် အသံ တစာစာ ပေးကြပြီ။ သီချင်းတွေ တိုက်ကြဆိုကြပြီ။ အ၀တ်အစားတွေ ချုပ်ကြ လုပ်ကြပြီ။ အလှူ့ဝေယျာဝစ္စတွေမှာ ကိုယ်စီကိုယ်င တတ် အားသရွေ့တာဝန်တွေ ခွဲဝေယူကြပြီ။ သည်ရက်ထဲမှာ မအိမ်ကံ ကိုယ်တိုင် သမီးကိုမြင်းခြံလွှတ်လိုက်ရသည်။ မြင်းခြံကတစ် ဆင့် ဘကြီးမြတ်သာရှိရာရန်ကုန်ကို တယ်လီဖုန်း ဆက်ရန်ဖြစ် သည်။ မအိမ်မြိုင် တက္ကသိုလ် ပထမနှစ် တက်ရန် ရန်ကုန်ကို သွားရတော့မည်ဖြစ်၍ အကျိုးအကြောင်းသွားမေးဖို့လိုအပ် တာကိုလည်းသိပါ၏။

“တစ်ညအိပ်ပြီး ပြန်ခဲ့ သမီး။ ထနောင်းတိုင်ဘက် မကူးနဲ့ တော့။ သမီး ရန်ကုန်သွားရင်းနဲ့မှ အမေနဲ့ အတူ ၀င်ကန်တော့ကြ ရအောင်။ ဘကြီးကို သေသေချာချာမေးနော်။ လာခေါ်မယ့် ရက်၊ ကျောင်းတက်ရမယ့်ရက်၊ ဘယ်သူလာခေါ်မှာလဲ၊ ဘာတွေ ယူခဲ့ရမှာလဲ၊ အကုန်မေးခဲ့။ ရန်ကုန်ကို အမေပါလိုက် မှာလို့ပါထည့်ပြော”

မအိမ်မြိုင် မျက်နှာ မကောင်းတာကိုမြင်တော့ မအိမ်ကံ စိတ်မချမ်းသာ။ ရန်ကုန်က ချက်ချင်း လာခေါ်မည် ဆိုလျှင် သမီး လိုက်ရတော့မည်။ ဘာပဲဖြစ်ဖြစ် အလှူပွဲကြီးပြီးမှ ထည့်မည်။ အလှူက နှစ်လလားလိုတော့တာ မဟုတ်လား။ မအိမ်မြိုင် ဒါကို စိတ်မကောင်း ဖြစ်တာများလား။ မအိမ်မြိုင် မြင်းခြံသွားမည့်နေ့က တစ်ရက်စာ အ၀တ်အစားအိတ် တစ်အိတ် သာပါသည်။ ဖိုးကူး လှည်းကောက်ပြီးသည်နှင့် မအိမ်မြိုင် လှည်းပေါ်ရို့ခနဲ တက်လိုက်သည်။

“အမေ သွားပြီနော်၊ ကျေးကျေးသွားပြီ”

“အေးအေး၊ မြန်မြန်ပြန်ခဲ့နော် သမီး”

ထိုနှုတ်ဆက်ခြင်းသည် တစ်ဘ၀စာ ဖြစ်ရတော့မည်ဆို တာကို မအိမ်ကံရော မအိမ်မြိုင်ပါ မသိကြပြီ။ ရွာလမ်းကွေး မှာ လှည်းပျောက်သည်အထိ မအိမ်ကံလိုက်ကြည့်နေခဲ့ရှာပါ ၏။ သို့သော် နောက်သုံးလေးရက်။ ထိုလမ်းကွေးက ဖိုးကူး ၏ လှည်းပြန်ပေါ်လာချိန်မှာတော့ မအိမ်မြိုင် ပါမလာခဲ့။ တစ်ည အိပ်ဆိုပြီး လွှတ်လိုက်သော သမီးမြိုင် တစ်ရက်၊ နှစ်ရက်၊ သုံးလေးရက်။ မအိမ်ကံ လှည်းကို အကြိမ်ကြိမ် ထွက်မျှော်ခဲ့ရ သည်။ ရောက်သင့်သည့်ရက်မှာ ရောက်မလာတော့ စိတ်ပူရပြီ။ မြင်းခြံမှာ အလုပ်ကိစ္စ မပြီးပြတ်လို့ တယ်လီဖုန်းစောင့်ဆက် နေရသည်ပဲထားပါဦး။ တစ်ည နှစ်ညပေါ့။ သုံးလေးည ကြာ နေတာကို မအိမ်ကံ နားမလည် နိုင်ရှိခဲ့ရသည်။

“ကျေးဥရယ်၊ မြိုင်တို့ပြန်လာဖို့ ကောင်းပြီ။ ဘယ့်နှယ့် ကြောင့်ပါလိမ့်”

“ဟုတ်ပါ့။ သာလီဖောင်းများ ဆက်မရလို့လားအေ”

“အိုအေ၊ ဆက်မရမရှိပါဘူး။ သည်လောက် ကြာရမယ် လို့”

လေးစားစွာဖြင့်
ရီနိုမာန်


No comments: