မအိမ်မြိုင်က မအေကိုမျက်တောင်မခတ်စတမ်း ကြည့်နေ ခဲ့သည်။ မအိမ်ကံက ချက်ချင်းပြန်မဖြေ။ မျက်လုံးတွေကိုသာ မှိတ်ထားခဲ့သည်။ ပိတ်ထားသောမျက်လုံးတွေထဲက မျက်ရည် တွေ သွန်ကျလာခဲ့ပါ၏။ မအိမ်မြိုင်က ဘာမှမမေးဘဲ မိခင်ကို သာ ကြည့်နေခဲ့သည်။ အမေပိန်သွားတာကို သတိထားမိတာ ကြာပြီ။ မျက်ရည်တွေက မိုးရေမ၀သော လယ်ကွင်းတွေလို အကွက်အရေး အကြောင်းတွေ ထနေခဲ့လေပြီ။ ညိုရောင်လုလု မျက်လုံးအိမ်တွေက အသက် လေးဆယ်ကျော်နှင့် မလိုက်အောင် အိတွဲချင်ကြပြီ။ တစ်ခါက သတင်းကြီးခဲ့သော အမေ့အလှက အခုတော့ အမေ့ဆီက ခွာစပြုနေလေပြီ။ ဒါပေမယ့် အမေ လှဆဲပင်။ အသားအရေက ၀င်းစက် နေဆဲပင်။ အမေ့ မာနတွေက အခိုးအလျှံတွေ ထွက်နေသလားထင်ရအောင် ပြင်းပြလွန်းလှ သည်။ မာနဆိုပေသိ တလွဲမာနတော့မဟုတ်။ လောကဓံကိုရဲရဲ ရင်ဆိုင်ဝံ့သော၊ ခံဝံ့သော မိန်းမသား တစ်ယောက်၏ အားမာန် မာနမျိုးသာဖြစ်သည်။ မအိမ်ကံက မျက်လုံးတွေကို ဖွင့်ကာ သမီးကိုကြည့်သည်။ ပြောသင့်တာလောက်တော့ သမီးကြီးကို ပြောရမည်။
“အမေလေး သူစိတ်ဆိုးလို့ ရစ်ရိုးနဲ့ ရိုက်လို့လေ ကျေစိစိ ကြေ ပျိုတို့မောင်လာကာမှ ဒဏ်ရာကို လှန်ကာပြလို့ရယ် ငိုပါ့မယ်လေးတဲ့ အမေတို့ ငယ်ငယ်က ဆိုခဲ့ကြသဲ့ သီချင်းပေါ့ အေ။ မကောင်းမှုဆိုသာ ဆိတ်ကွယ်ရာမရှိဘူး။ သို့ပေသိ အမေမကောင်းမှုလုပ်ခဲ့သာမဟုတ်ဘူး။ သည်ကနေ့သည် အချိန် အထိ အမေ့မေတ္တာ၊ အမေ့သစ္စာတရားဟာ သမီးတို့အဖေ တစ်ဦးတည်းအပေါ်မှာပဲ မယိုင်မလဲ ရှိနေခဲ့တာပါ။ အဲသည် တုန်းက သမီးတို့ ဘကြီးမြတ်သာက အင်္ဂလိပ်ကိုတော်လှန်ရေး လုပ်နေတဲ့ ကာလပေါ့။ တော်လှန်ရေးအတွက် လိုအပ်သဲ့ ရန်ပုံ ငွေကို ဘကြီးမြတ်သာက အမေ့ဆီက သာအောင်က တစ်ဆင့် တောင်းခံခဲ့တယ်။ အမေက အမေပိုင်သဲ့ ရွှေလက်ကောက်တွေကို သာအောင်က တစ်ဆင့် လှူခဲ့သယ်။
ဘကြီးမြတ်သာက လူမသိစေနဲ့ဆိုလို့ လျှို့ဝှက်ပြီး ပေးခဲ့ရသာ၊ အမေက အကြောက် လွန်ပြီး ကျေးဥနဲ့ အတူ ကွင်းထဲက တဲပျက်ထဲမှာ ချိန်းတွေ့ပြီး ပေးခဲ့ရသာပေါ့။ ဖြစ်ချင်တော့ သာအောင်က အမေ့ကို ကြိုက်နေလေတော့ အမေထုပ် ပေးလိုက်သဲ့ ရွှေထုပ်က လက်ကိုင်ပ၀ါကို သာအောင် ယူထားလိုက်သယ်။ ဒါကို သူ့အမေကြီးတော် စံရွှေ တွေ့သွားရာက အမေ့ကို သူ့သားနဲ့ မတူပါဘူး မတန်ပါဘူးနဲ့ လက်ညှိုးငေါက်ငေါက် ထိုးခဲ့သယ်။ သည်တုန်းက အမေ ရှက် လိုက်ရပုံများ”
“သြော် အမေရယ် အမေကြီးစံရွှေက အမေ့ လက်ကိုင်ပ၀ါ မှန်းသိလို့လား”
“အမေက လက်ကိုင်ပ၀ါမှာ အမြဲတမ်း အမေ့နာမည်ကို ပန်းချည်နဲ့ ထိုးလေ့ရှိသယ်။ တချို့အမှားတွေဟာ ကျေပျက် မသွားတတ်ဘူး သမီး။ အမှားရဲ့နောက်မှာ မီးပွားတွေ ပါလာ တတ်သယ်။ အဲသည်က စလောင်လိုက်သဲ့မီး ကြီးတော်စံရွှေ ဆုံးခါနီး အထိပါပဲ။ အမေဆောက်သဲ့ ကျောင်းကို မီးရှို့ပြီး လက်စားချေသွားလိုက်သေးသယ်”
“အမေ့မှာ အပြစ် မရှိဘဲ ရှုံးခဲ့ရသာပေါ့နော် အမေ”
“အရှုံးဆိုသာ အပြစ်ရှိမှရှုံးသာ မဟုတ်ဘူးသမီး။ အပြစ် မရှိဘဲနဲ့လည်း ရှုံးသာရှိသယ်။ မိန်းကလေးဆိုသာ သတိကြီး ကြီးထားရသယ်။ မီးပွားဆိုသာ အမှိုက်တောင်းကိုလည်း လောင်နိုင်သယ်၊ ရွှေနန်းတော်ကြီးကိုလည်း လောင်နိုင်သယ်”
မအိမ်ကံဖြစ်ခဲ့သမျှ သမီးကိုပြောပြဖြစ်ခဲ့ပါ၏။ မအိမ်မြိုင် က မအေ့စကားကို မျက်လုံးကလေးပြူးနေအောင် နားထောင် နေခဲ့သည်။ ကြီးတော်စံရွှေက မမစိမ်းမြတို့ဝိုင်းထဲလိုက်လာပုံ၊ ရန်တွေ့ပုံ၊ အော်ကြီးဟစ်ကျယ်အော်ခဲ့ပုံတွေကို ပြောပြတော့ မအိမ်မြိုင်မျက်ရည်တွေ ၀ိုင်းနေခဲ့သည်။
“ငါ့သားက ကွမ်းတောင်ကိုင်နဲ့ ယူမှာအေ့တဲ့၊ ညည်းရုပ်က ပပ၀တီလောက် ချောတယ်ပဲပြောပြော နဂါးဘုံ ဂဠုန်မကူး နိုင်သလိုပဲတဲ့၊ ညည်း သည်တစ်သက် ကွမ်းတောင်ကိုင် မဖြစ် ဘူးတဲ့၊ ညည်းမိဘက ငယ်လင်ငယ်မယား မဟုတ်လို့ ညည်း ဖြစ်စရာလည်း အကြောင်း မရှိဘူးတဲ့၊ ငါ့သားနဲ့များ ဝေးပါ သေးရဲ့အေတဲ့လေ။ အဲသည်အချိန်တုန်းက အမေ့လက်ထဲ ဓားမ တစ်ချောင်း ရှိနေခဲ့သယ်။ အမေ ခုတ်ဝံ့တဲ့ သတ္တိ ရှိပေမယ့် မခုတ်လိုက်ရဘူး”
“ရွာက သည်ကိစ္စ သိကြသလား အမေ”
“မသိဘဲရှိပါ့မလား သမီးရယ်။ အော်ကြီးဟစ်ကျယ် တမင်လုပ်တဲ့ ကိစ္စပဲဟာ၊ သည်ပွဲမှာ အမေနှစ်ခါ ရှုံးရသယ်။ အမေဟာ ဗိုင်းကောင်းကျောက်ဖိနေခဲ့သဲ့ကြားက ဂုဏ်သိက္ခာ ကျခဲ့ရသယ်။ နောက်တစ်ချက်က အမေ မျှော်လင့်ခဲ့သဲ့ ကွမ်းတောင်ကိုင်ဖြစ်ခွင့် မရတော့ဘူးဆိုသာ သိလိုက်ရသာပါပဲ။ မြားတစ်ချောင်းတည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်သာပေါ့အေ။ အဲသည်ကတည်းက ကြီးတော်စံရွှေကို အမေ အနာကြီး နာကြည်းခဲ့သယ်”
ကြီးတော်စံရွှေကိုယ်တိုင် နောက်ပိုင်းမှာ ကန်တော့ပွဲ ရွက်ပြီး လာတောင်းပန်ခဲ့တာကိုလည်း မအိမ်ကံ ပြောပြခဲ့သည်။ မအိမ်ကံ ရင်ထဲမှာ သည်စကားတွေ ပြောရတာ မမောနိုင်ဘဲ ရှိခဲ့ရပါ၏။ သမီးနှင့်မအေ စကားရောက်တုန်း ရောက်သခိုက် တမင် ပြောစရာမလိုဘဲ အကွက် ဆိုက်လာခဲ့တာကိုလည်း မအိမ်ကံ ၀မ်းသာနေခဲ့သည်။ သည်စကားတွေကို တမင်ထည့်ပေး နေမိခြင်းသည်ပင် မှားလေရော့လား။ အို မမှားဘူး။ မအေ့စိတ်ထဲ အခဲမကျေမှုကို သမီးသိကို သိရမှာပေါ့။ အမေ့ ခံစားမှုဟာ သမီး အတွက်လည်း စိတ်အမွေဖြစ်ရမှာပေါ့။
ကြီးတော်စံရွှေက သူ့တူကိုအဝေးရွာကခေါ်ကာ ကျောင်း မီးရှို့ခဲ့ပုံ၊ အိမ်ဝိုင်းအတွင်း ကြီးတော်စံရွှေသားနှင့်ချွေးမက အစိမ်းတိုက်ခဲ့ကြပုံတွေပါ ပြောပြခဲ့သည်။ သည်က စကားစ လိုက်တာ ရွှေမှုံတို့ မှုံနံ့သာတို့အထိ ရောက်လာခဲ့သည်။ အမေ ရင်နှင့်အမျှ ဖြစ်ချင်ခဲ့သော ကွမ်းတောင်ကိုင် ဘ၀ကို မဖြစ်ခဲ့ရ သည့်အခါ သမီးကိုဖြစ်စေချင်ကြောင်း၊ သမီးကွမ်းတောင်ကိုင် ရပြီဆိုလျှင် အမေ့ရှိခဲ့သမျှစိတ်၏ ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲ ခြင်းတွေ ပြေပျောက်နိုင်မှာဖြစ်ကြောင်း၊ ရုပ်ချော ပညာတတ် သမီးအဖို့ရာ ကွမ်းတောင်ကိုင်ဆိုသော ရွာ့ဂုဏ်ကို ဆောင်နိုင်ပြီ ဆိုလျှင် မြကိုရွှေနှင့်ကွပ်သည့် လည်ဆွဲပမာ ကျက်သရေရှိမှာ ဖြစ်ကြောင်းတွေပါ စိတ်လိုလက်ရ ပြောပြခဲ့သည်။ အဖျားသွေးက မကျချင်သေးသော်လည်း စကားတွေတစ်ဝကြီး ပြော လိုက်ရတော့ ချွေးကလေးစို့လာသည်။ နောက်ဆုံးတော့လည်း ပြောချင်ခဲ့သည့် စကားကို ပြောဖြစ်အောင် ပြောလိုက်ရပါ၏။
“သမီးကို အမေစိုးရိမ်သာ သမီးနားလည်ပါအေ။ အမေ က ညည်းအဖေ မရှိသာလည်း မပူဘူး။ ဥစ္စာ စည်းစိမ်ခြောက် ခန်းမှာလည်း မပူဘူး။ အမေ ပဲနုတ်စားနိုင်သယ်၊ မောင်းထောင်း စားနိုင်သယ်၊ ရက်ကန်း ခတ်စားနိုင်သယ်၊ တောသူ တောင်သားဆိုမှတော့ ကျောအရေပြား လန်အောင်ပူသဲ့ အပူလည်း မကြောက်ပါဘူး သမီးရယ်။ ဘ၀က ကံပါလာလို့ အမေ ပြည့်ပြည့်စုံစုံ နေခဲ့ရသယ်၊ ရုပ်ရည်အဆင်း တင့်ခဲ့ရသယ်။ လှူခဲ့တန်းခဲ့သယ်၊ ပေးခဲ့ ကမ်းခဲ့သယ်၊ ကျွေးခဲ့မွေးခဲ့သယ်။ အမေပြုခဲ့သဲ့ ကုသိုလ် အဖို့ဟာ ညည်းအဖေနဲ့ ညည်းတို့ အတွက်ပဲ။ သမီးတို့ဆီက တစ်ဆုပ်တစ်ခဲ အမေ မမျှော်ဘူး။ တစ်ခုပဲ။ သမီးကိုရွာ့ကွမ်းတောင်ကိုင်ဖြစ်စေချင်သယ်။ အမေ့ ဘ၀ရဲ့ အကြီးမားဆုံး တောင့်တချက်ကြီးပဲ။ အလှူတစ်ပွဲ တစ်ရက်တည်း ကိုင်ရကိုင်ရ၊ ငါ့သမီးကိုင်ပါ အမေမြင်ချင် သယ်။ အမေ့မှာရှိသမျှ အကျိတ်အခဲ ဒါနဲ့ပဲ ချေပါရစေအေ”
“ရွာကသမီးကို ကွမ်းတောင်ကိုင် ရွေးဦးမှကိုး အမေရဲ့။ သမီးကိုရွေးရင် သမီးကွမ်းတောင် ကိုင်ရုံပေါ့ အမေရယ်”
မအိမ်ကံကပြုံးသည်။ သမီးလက်တွေကို ဆုပ်ချေသည်။ လှလိုက်တဲ့ သမီး။ ရွှေရေးမြတင် ရှိလိုက်တဲ့သမီး။ ဘဝေဘ၀က ထူးခြားတဲ့ အခံဓာတ်ကြောင့် ရှုတိုင်းယဉ် ဆင်တိုင်းလှမြင် သူတိုင်း တရတဲ့သမီး။ ဘယ့်နှယ့် ကွမ်းတောင်ကိုင် မဖြစ်ဘဲ ရှိပါ့မလဲအေ ညည်းနှယ်။ မေးမှ မေးရက်ပလေ။ ဇောင်ချမ်း ကုန်းမှာတောင် မကပါဘူး။ မြင်းခြံမြို့ကြီးတောင် တက်ပြိုင် လိုက်ချင်လှပါပကောအေ။ နှစ်ပါးမိဘ စုံတယ်။ ငယ်လင်ငယ် မယားဖြစ်တယ်။ ဥစ္စာရွှေငွေ ပြည့်စုံတယ်။ အကျင့်စာဂ ကောင်း တယ်။ ရုပ်ရည်ရှိရမယ် ဆိုတဲ့ ငါးချက်မှာ ဘယ်အချက်များ လျော့လို့တုံး သမီးရဲ့။ ကြိုက်တဲ့ရာဇူနဲ့ တိုက်စမ်းပါအေ အလေး မကဲတော့ ပြောချင်တိုင်းပြော။ ကြိုက်တဲ့ ကိုက်တံ ယူခဲ့စမ်းပါ အေ တစ်တောင်တစ်မိုက် မပိုတော့ ပြောချင်တိုင်းပြော။ ကြိုက် တဲ့တင်းတောင်းယူခဲ့စမ်းပါအေ စတုတ်တိုက်မချရတော့ ပြော ချင်တိုင်းပြော။
“ငါ့သမီးပဲ ကိုင်ရမှာပေါ့။ သည်တစ်ခါတော့ နတ်နေကိုင်း ပါ ရောချိုင်ချင်လို့ မရနိုင်တော့ ပါဘူး။ မြေကြီးလက်နဲ့ပုတ်တာ ကမှလွဲဦးမယ်။ အမေ့သမီး မလွဲနိုင်တော့ပါဘူး။ သမီးက လွဲလို့ဘယ်သူကိုမှလည်း အဖြစ်မခံနိုင်ပါဘူး။ ကုန်ကုန်ပြော မယ် သမီးရယ်၊ တခြားဘယ်သူပဲဖြစ်ဖြစ် အမေ ကျေနပ်မယ်ဆို ရင် ကျေနပ်နိုင်သေးသယ်။ ရွှေမှုံ့သမီး မှုံ့နံ့သာ မဖြစ်စေရဘူး အမေနှစ်ခါ အရှုံးမခံဘူး”
မအိမ်ကံ အသံတွေ တုန်လှိုက်နေသည်။ မအိမ်ကံက ပြောနေတာနှင့် မတူဘဲ နတ်ဝင်သည် မိန်းမ တစ်ယောက်က နတ်စီး ပြီးပြောနေတာနှင့်ပင် တူသည်။ ကြားဖူးနေကျ အသံမျိုးမဟုတ်။ အသံထဲမှာ လှိုင်းထနေခဲ့ပါ၏။ နက်ရှိုင်းသော ရေတွင်းထဲကို ကျောက်တုံး တစ်တုံး ကျသွားသလို အဆင့်ဆင့် ရိုက်ခတ်လာ သော ပဲ့တင်သံမျိုးဖြစ်သည်။ သမီးဖြစ်သူကတော့ မအေတက် ကြွလှုပ်ရှား နေသလောက် မတက်ကြွဘဲ ရှိနေခဲ့သည်။ မအေ တုန်ခါနေသလောက် မတုန်ခါဘဲ ရှိနေခဲ့သည်။ အမေဘာဖြစ် လို့များ သည်ကွမ်းတောင်ကိုင်ကိစ္စကို အရေးတယူ ရှိနေရတာ လဲဆိုတာ မအိမ်မြိုင် ကိုယ်တိုင် မသိ။ မအိမ်မြိုင် မှတ်မိသလောက် အကြောင်း ရှိတိုင်းသည် စကားမျိုးကိုသာ တဖွဖွပြော နေခဲ့တာ မဟုတ်လား။
ငယ်ငယ်က မြင်းခြံအလှူပွဲမှာ အမေမအိမ်ကံက သမီးကို ကြီးရင် ကွမ်းတောင်ကိုင်ဖို့ ပြောဖူးတာကို မအိမ်မြိုင် မှတ်မိနေသည်။ မအိမ်မြိုင်က အမေမှ မကိုင်ရရင် သမီးလည်း မကိုင်ချင် ပါဘူးလို့ ကလေးပီပီ ရင်ထဲရှိတာ ပြောမိခြင်းကိုလည်း သတိရ မိပါ၏။ အမေ့မျက်နှာ ကွက်ခနဲ ပျက်သွားခဲ့တာကိုလည်း မမေ့ ပါ။ ကွမ်းတောင်ကိုင်ရတော့ ဘာဖြစ်သလဲ။ ကွမ်းတောင် မကိုင်ရတော့ ဘာဖြစ်သလဲ။ မအိမ်မြိုင့် အဖို့ရာ ဘာခံစားမှုမှ မရှိ။ အထူးသဖြင့် မြို့ကျောင်းမှာ နေရပြီဆိုကတည်းက မြို့ စိတ်ပဲ ရှိသည်။ မြို့ကျောင်းမှာ အတူနေရသည့် သူငယ်ချင်း မိန်းကလေးတွေကလည်း ရွာပြန်ပြီး ကွမ်းတောင်ကိုင်ရဦးမယ် လို့ ပြောကြတာ မကြားဖူးခဲ့။ သို့ပေသိ အမေ ဖြစ်စေချင်မှတော့ မငြင်းသာပါ။ အလှူရှိလို့ ကွမ်းတောင် လာကိုင် လှည့်ဆိုတော့လည်း ကိုင်လိုက်ရုံ။ သည်လို စကားတွေကြားရပြန်တော့ သက်ဦးဝေနှင့် ပတ်သက်လို့ အမေ စိတ်ဆင်းရဲသွားတာကို မအိမ်မြိုင် သဘောပေါက်ခဲ့သည်။ အမေ့ကိုကြည့်ရတာ မသက်သာလိုက်တာလောက်သာ တွေးရင်း မအိမ်မြိုင် မအေ့ ဘေးမှာ ၀င်လှဲလိုက်သည်။
“သားအမိတွေ ပြောလိုက်ကြသဲ့ စကားတော်။ ထမင်းစား ကြရအောင်။ မြိုင်ကြိုက်သဲ့ ဟင်းတွေ ကျေးကျေးချက်ထား ပါ့တော်။ မအိမ်ကံရော စားမလား”
မအိမ်ကံက ကျေးဥ အသံကြောင့် မျက်လုံးတွေပြန်ဖွင့် သည်။ အတန်ငယ် မောပန်း သွားသလို ခံစားရသဖြင့် ထမင်း စားချင်စိတ်မရှိ။ ကျေးဥကို ငါးစိုကလေးများရွာထဲက ရှာရ လျှင် ငါးကြော်တစ်ဖဲ့တစ်ရွဲ့စားချင်ကြောင်းသာ ပြောလိုက် သည်။ မအိမ်မြိုင်ကတော့ ထပြေးနှင့်ပြီ။ မြိုင်ဆင်းသွားတော့မှ ကျေးဥက မအိမ်ကံကို မေးသည်။
“မအိမ်ကံ ကလေးကိုဘာတွေပြောနေသာလဲ။ စကားတွေ ပြောလွန်းလိုက်သာအေ။ သည်လောက် ပြောရမယ့် ကလေး မဟုတ်ပေါင်အေ။ မြို့က ပြန်ရတော့မယ်ဟာ စိတ်ချမ်းသာ လက်ချမ်းသာ နေစမ်းပါစီ”
“မပြောပါဘူးအေရယ် ငါ့အဖြစ်တွေကို ပြောနေသာပါ။ အင်းလေ ဟုတ်ပါရဲ့။ သမီးကိုတောင် ပို့ရမယ့်ရက်နီးလာပါ ပကော”
သည်တစ်ခေါက်မြင်းခြံကို မအိမ်ကံနှင့် ကျေးဥတို့ သမီး ပို့ရောက်ခဲ့ကြသည်။ ကျေးဥက နေကောင်းခါစ မအိမ်ကံကို မလိုက်စေချင်။ မအိမ်ကံက လိုက်ချင်လွန်းသဖြင့် မတားသာ ဘဲရှိခဲ့ရပါ၏။ သမီးမြို့ကို မပြန်ခင် ပြောချင်တာတွေ ပြောလိုက် ရသဖြင့် ရင်ချောင် သွားခဲ့ရသည်။ သည်လိုနှင့်မောင်သက်မင်း တို့အိမ်မှာ နှစ်ရက်နေခဲ့သည်။ ကျောင်းမဖွင့်သေး သော်လည်း ဖွင့်ရက်နီးပြီ။ မြင်းခြံကို ရောက်တော့လည်း ကိုပြေသိမ်းကို လွမ်းမိရပါ၏။
“ကျွန်တော်က လူတွေကို လိုက်ပို့တာ မဟုတ်ပါဘူး ဗျာ။ သနပ်ခါး တောင်းကလေးကို လိုက်ပို့တာပါ။ တော်နေ မသူတော် လက် ပါမှာစိုးလို့ပါ”
“မပါစေရပါဘူးရှင်။ သနပ်ခါးလိမ်းမိတိုင်း မေတ္တာပို့ သယ်မှတ်ပါ”
ကိုပြေသိမ်းနှင့် တွေ့စ သနပ်ခါးတောင်း ကလေးလိုက်ပေးရင်း အပျိုလူပျို ပြောခဲ့သည့် စကားတွေကိုပါ သတိရမိပါ ၏။ အခုထိလည်း သနပ်ခါး လိမ်းတိုင်း မေတ္တာ ပို့လျက်ပါ ကိုပြေသိမ်းရယ်။ ကံမပေးလို့ ဝေးကြရပေမယ့် တောသူတွေရဲ့ မေတ္တာဟာ ခန်းခြောက်ရိုး မရှိပါဘူး။ တော်အနေစိမ်းပေမယ့် ကျုပ်စိတ်မတိမ်းပါဘူးတော်။ ချစ်မြဲချစ်လျက် မျှော်မြဲမျှော် လျက်ပါ လူစိမ်းကားကြီးရေ့။ မအိမ်ကံ ရင်ထဲ မချိတော့။ ဘယ်သူမှ မကြားနိုင်သည့်စကားတွေက ရင်ထဲမှာ စီကာစဉ် ကာရှိနေကြသော်လည်း မျက်နှာကတော့ တင်းမာနေခဲ့ပါ၏။ ကိုပြေသိမ်းကို သတိရမိတော့လည်း မြင်းခြံနှင့် ဇောင်ချမ်းကုန်း သွားချည်ပြန်ချည်ရက်တွေကို အောက်မေ့မိရပြန်သည်။
မြင်းခြံက ပြန်ခါနီးရက်တွင်ဖြစ်၏။ ကျေးဥနှင့် မအိမ်မြိုင် ဈေးဘက်လျှောက်ကြသခိုက် မောင်သက်မင်းကို မအိမ်ကံ မရှင်းသည့် ကိစ္စ ထုတ်မေးဖြစ်ခဲ့သည်။ မအိမ်ကံ သမီးစာအုပ် တွေရှင်းရာက အော်တိုစာအုပ် တွေ့ခဲ့ပုံကအစ ရင်ထဲမှာ စနိုး စနောင့်ဖြစ်ရတာ အဆုံး ပြောပြဖြစ်ပါ၏။ မောင်သက်မင်းဇနီး က တစ်လုံး တစ်ပါဒ ၀င်မပြောသော်လည်း မောင်သက်မင်းက တော့ ဝေခွဲရခက်နေပုံမျိုးဖြင့် မယုတ်မလွန်ဖြေသည်။ မောင်သက်မင်းက မအိမ်ကံထက် ငယ်သဖြင့် မမကံ ခေါ်လေ့ရှိသည်။
“မြိုင်က ကျွန်တော့်တူမ အရင်းပဲ မမကံ။ အစ်ကိုသက် နှင်းမရှိတဲ့ အခါ ကျွန်တော်က ဖခင်နေရာက စောင့်ရှောက်နေတာ ပါ။ မိန်းကလေး သူငယ်ချင်း ယောက်ျားလေး သူငယ်ချင်း ဆိုတာတွေတော့ မြို့မှာက ရှိကြတာပါပဲ။ ကျောင်းအတူသွား ထမင်းအတူစားလည်း ရှိကြတယ်၊ ဒါက မဆန်းဘူး။ ဒါပေမယ့် သက်ဦးဝေဆိုတဲ့ ကောင်လေးနဲ့တော့ အသွားအလာ များတယ်။ ကောင်လေးက လူကောင်း မျိုးရိုးကောင်းပါ။ မမကံ သိမှာပေါ့။ ပွဲစားကြီးကတော်ရဲ့တူ ကိုဝေဠုရဲ့သားလေ”
“သြော် ကိုဝေဠုရဲ့သားလား။ ဒါဆိုရင်တော့မမှားတန် ကောင်းဘူးတွက်ရမှာပေါ့ မောင်သက်မင်းရယ်။ မမကံက အရွယ်မတိုင်ခင် မဖြစ်သင့်သာဖြစ်မှာစိုးသာပါ။ သစ်သီးများ နေလောင် မှည့်ရသာမျိုးမဖြစ်စေချင်ဘူး။ မောင်သက်မင်းတို့ကို မယုံလို့ မဟုတ်ပါဘူးကွယ်။ ခေတ်ကာလက အရွယ်ကလေးရ လာတာနဲ့ စိတ်ကစားကြရာက မှားတတ်ကြလို့ စိုးရိမ်သာပါ”
“ခက်သာက ကျွန်တော်တို့ကလည်း အလုပ်တစ်ဖက်နဲ့ ဆိုတော့ အိမ်မှာပဲကြည့်နိုင်ကြတာပါ။ ကျောင်းသွားနေတဲ့ အချိန်မှာတော့ မစောင့်ရှောက်နိုင်တာလည်း အမှန်ပဲ။ ကျောင်းပိတ်ရက်တွေမှာတော့ သည်ကိုလာတတ်ကြတယ်။မရိုးမသားတော့ တွေ့ပါဘူး”
“အေးကွယ် ဘာပဲဖြစ်ဖြစ် မင်းတူမ စောင့်ရှောက်လိုက် ကြပါဦး”
မအိမ်ကံ စိတ်တွေပေါ့ပါးသွားခဲ့ရပါ၏။ သက်ဦးဝေဆို တာ ကိုဝေဠုရဲ့သားကိုး။ ကိုပြေသိမ်းနှင့် ဂျပန် တော်လှန်ရေး အတူပါသွားသည့် ကိုဝေဠုကို မအိမ်ကံ ကောင်းကောင်းသိသည်။ ကိုပြေသိမ်း တော်လှန်ရေးက ပြန်မရောက်သော်လည်း ကိုဝေဠုတို့က တော်လှန်ရေးပြီးသည်နှင့် မြင်းခြံကိုပြန်ပေါက် လာကြသူတွေဖြစ်သည်။ ဇောင်ချမ်းကုန်းအိမ်ကို နှစ်ခေါက်သုံး ခေါက် ရောက်ဖူးတာကိုလည်း မအိမ်ကံ မှတ်မိပါ၏။ ကျောင်းနေ အရွယ်ဆိုတော့ အိမ်ထောင်ပြုရန်မြိုင်ကလေးကလည်း စိတ် ကူးဝံ့စရာမရှိ။ လူငယ်သဘာဝ မေတ္တာရှိကြသည်ဆိုဦးတော့ ပညာစုံလျှင် မပေးစားနိုင်စရာလည်း မရှိ။ ဆွေကောင်းမျိုး ကောင်းတွေမှန်း မအိမ်ကံ သိထားသည်။
သည်လိုနှင့် မြင်းခြံက ပြန်ခဲ့ရသည်။
လေးစားစွာဖြင့်
ရီနိုမာန်
No comments:
Post a Comment