February 7, 2010

မအိမ်ကံ ( For Feb)

( ဒီလမှာတော့ ဆရာမ ခင်ခင်ထူးရဲ့ ဝတ္ထုကို အပိုင်းခွဲ ပြီးမတင်တော့ပဲ ဆရာမရေးထားတဲ့ တစ်လစာအတိုင်း အကုန်လုံးကို တင်ပေးလိုက်ပါတယ်။ )

ယခင်လမှ အဆက်...

“ရာသီ ချိန်ခါ ရောက်လို့၊ လဲပေါက်ကယ်တဲ့ ပွင့်ညီ၊ ရွှေဖီနံ့သာနှင့်၊ ခြောက်ရောင်ဝါ စေတီရင်း မှာလ၊ ဆယ်ဖြာငုံ လက်စုံပူး၊ ဦးမြှောက် လို့ချီ” ၁၃၂၃ ခုနှစ် တပို့တွဲ လထဲပင် ရောက်ခဲ့လေပြီ။ လဲနှင့် ပေါက်တို့ ကွင်းခြေမြေ အနှံ့ ရဲမှည့်နေအောင် ပွင့်ကြရုံမက မြေတစ်ပြင် လုံး လဲ ပွင့်တွေ ကောက်လို့ သိမ်းလို့ပင် မနိုင်နိုင်။ လက်ပံပွင့် ခေါ်ကြသည့် လဲပွင့်တွေက ပင်မြင့် ပင်အိုကြီး တွေပေါ်က ပေါင်းလန်အောင် ချာလည် ချာလည် နှင့် ကျလာကာ မြေခ သက်ဆင်း ကြရသည်။ လဲပွင့် တွေကို သုံးစိတ်ဝင် ထန်းလျှော်တောင်းနှင့် ကောက်ကြသူတွေ ကလည်း များလှ၏။ လက်ပံခေါင်း ချဉ်ရည်ချက် ကလည်း ရာသီက ပေးသော တောဟင်း ဖြစ်ရတာ မဟုတ်လား။ ပေါက်ပင်ရဲရဲ တွေက ကျီးအာချုံ များ အထွေးလိုက် တက်နေကြသည့် ကြားက ပန်းနီတွေ ရဲနေ အောင် ပန်ကြ လေ၏။

ရွာ့ပြင် ထုံးစေတီ ကလေး တစ်ဆူ ရှိရာကို မအိမ်ကံ တစ်ခါ တစ်ရံ စိတ်ပြေ လက်ပျောက် တစ်ယောက်တည်း လျှောက်လာ တတ်သည်။ ထုံးစေတီ ကလေးသည်ပင် သည်ရာသီ ရောက်ပြီ ဆိုလျှင် နှစ်စဉ် ထုံးသင်္ကန်း တဖွေးဖွေးဖြင့် ရောင်တော် ပွင့်နေလေ့ ရှိ၏။ တပို့တွဲ လပြည့် ထမနဲပွဲ နီးလာခဲ့ပြီ မဟုတ်လား။ စေတီ ထုံးသင်္ကန်းကပ် အလှူကို တစ်ဦးမဟုတ် တစ်ဦးက ကုသိုလ်ယူလေ့ ရှိကြရာ နှစ်စဉ်ထုံး သင်္ကန်းရောင်ဖြင့် သပ္ပာယ် လှသည်က တစ်ကြောင်း၊ လူခြေ တိတ်ဆိတ် ရွာရိပ်နှင့် လှမ်းသည်က တစ်ကြောင်းကြောင့် မအိမ်ကံ သည်နေရာကို မကြာခဏ ရောက်ခြင်း ဖြစ်၏။ အိမ့်ဗာဟီရတွေ၊ အပူတွေ၊ သားရေး သမီးရေးတွေကို မြွေများ အခွံချွတ်သလို ချွတ်ထားခဲ့ကာ ပကတိ အေးချမ်းသော စိတ်ဖြင့် ရောက်ရောက် လာတတ်ခြင်း ဖြစ်သည်။


စေတီနှင့်ဝေးဝေးမှာ လက်ပံပွင့် ကောက်သူတွေကို မြင်နေရသည်။ ရွာထဲက မိန်းမသား အချို့နှင့် ကလေးတွေဖြစ်၏။ ဟေးဟေးဝါးဝါး အော်ကြရင်း အလုအယက် ကောက်နေကြတာ ပျော်စရာ။ မအိမ်ကံ ငယ်ငယ်တုန်းက လက်ပံပွင့် ကောက်ခဲ့တာကို သတိရမိပြန်၏။ ဘာရယ်မဟုတ်။ တောင်းကြီးတောင်း ငယ် ပေါင်းလန်အောင် ကောက်နိုင်တာကိုပဲ ဂုဏ်လုပ်ရခြင်းဖြစ် သည်။ မလှအုံက လိုသလောက်သာ ခြွေကာ နှစ်ပေါက်စာ အခြောက်လှန်းသည်။ ဖျာကြမ်း တစ်ချပ်စာလောက် ရပြီဆိုသည်နှင့် ကျန်တာတွေ လက်သင့်ရာ ပေးပစ်တတ်သည်။

“မလှအုံ ကလည်း ဘာဖြစ်လို့ ပေးပစ် ရသာလဲ။ မအိမ်ကံဖြင့် ကောက်လိုက်ရသာ ခါးတောင် ညောင်းသယ်”

ကလေးပီပီ နှမြောစိတ်ဖြင့် ပြောခဲ့ဖူးသည့်စကားကို မအိမ်ကံ မှတ်မိသည်။ မလှအုံ ပြန်ပြောသည့် စကားကိုလည်း မှတ်မိပါသည်။
“မအိမ်ကံရယ်၊ လိုသလောက် ကောင်းပါသယ်အေ။ ပိုရင် အမှိုက် ဖြစ်သယ်အေ့။ လိုသဲ့လူ ပေးလိုက်တော့ မအိမ်ကံ ကုသိုလ် ရသာပေါ့။ အခုကိုပဲ သူများ မျှလိုက်တော့ ကုသိုလ် ရလှ ပေါ့အေ။ ငါ့ညီမနှယ်”

အခုတော့လည်း မလှအုံ ပြောခဲ့သည့် စကားကို တရားနှင့် ကပ်မိပြီ။ ပိုရင် အမှိုက် ဖြစ်သတဲ့။ မှန်လိုက်တာ။ လူ့ဘ၀မှာ တော့ကော ဘာထူးလို့တုံး။ လူရယ်လို့ဖြစ်ပါပြီဆိုကတည်းက ရှိခဲ့ရသည့် သံယောဇဉ်တွေ၊ တွယ်တာမှုတွေ၊ အစွဲအလမ်း တွေ၊ တပ်မက်မှုတွေ။ သိမ်းလိုက်ရသာ၊ ပိုက်ပွေ့လိုက်ရသာ၊ အထုပ်လို ထမ်းလိုက်ရသာ ဘယ်နည်းလို့တုံး။ ပိုသမျှ မစွန့် နိုင်၊ မပစ်နိုင်၊ မနိုင်ဝန်ဖြစ်ကာမှ ဖြစ်ကရော။ ရွတ်ထားလိုက် ရတဲ့အပူ၊ ပိုးထားလိုက်ရတဲ့သောက၊ ထမ်းထားလိုက်ရတဲ့ ဗျာပါရတွေ။ လေးသည်ထက်သာ လေးတော့သည်။ ဇက်ကျိုး အောင်ရွက် ထားရတာကိုပဲ လေးသည်မထင်ခဲ့။ ဘ၀အကြောင်း ကံနှင့် ကံကြမ္မာက ဆွဲဆွဲချတော့မှ လျော့တန်သလောက် လျော့ ရပါ၏။ ဒါတောင် ပိုးတက် လာသည့် ဘ၀ ၀န်ထုပ် တွေက ဆင့်ကာ ဆင့်ကာ တိုးချင် နေသေးသည်။ ပိုသမျှ အမှိုက်ဖြစ်ရသာ အမှန်ပါပဲလား။

တပို့တွဲလ ရောက်လျှင် မလှအုံ၏ လက်ရာ ထမနဲကို မအိမ်ကံ နှစ်စဉ် စားခဲ့ရသည်။ ထမနဲနှင့် ပတ်သက်သည့် မလှအုံ ၏ ရှေး အစပ်အဟပ် တွေကို ကြားနာ ရတတ်သည်။ မအိမ်ကံ ကလေးတုန်းက ထမနဲ ထိုးနည်းတွေ သင်ပေး နေလို့ အမေပန်းရုံ က “မလှအုံရယ် ငါ့သမီးငယ် ပါသေးအေ။ ထမနဲ ထိုးဖို့ အဝေးကြီး လိုပါသေးသယ်” လို့ ဟန့်ခဲ့ ဖူးတာ သတိရ မိ၏။ အခုတော့ ထမနဲ ထိုးနိုင်သည့် အရွယ်တောင် လွန်ခဲ့ ပါရောလား။ မအိမ်ကံ အသက် လေးဆယ်ကျော်လို့ တစ်နှစ်စွန်းခဲ့ပြီ။ တစ်နေ့တစ်နေ့ လျှောက်ခဲ့ရသည့်ဘ၀ ခြေလှမ်းတွေ မနည်း တော့ပြီ။ မလှအုံ လက်ရာ ထမနဲ ကလေးကိုတော့ ငယ်ငယ်တုန်း ကလို တောင့်တ မိဆဲ ဖြစ်သည်။ မလှအုံ လက်ရာက နာမည်ရသည်။ အခုတော့ အမေ ပန်းရုံရော၊ မလှအုံပါ မရှိရှာ ကြတော့ပြီ။ တပို့တွဲလ ရောက်လျှင် ဘုရားပွဲနှင့် ထမနဲ တွေကတော့ မပျောက်မပျက် ရှိသေးသည်။ သို့သော် မလှအုံ လက်ရာ မဟုတ်တော့။ မလှအုံ မရှိမှတော့ မလှအုံ၏ လက်ရာဆိုတာ ဇောင်ချမ်းကုန်းမှာ နောက်ထပ် ဘယ်တော့မှ မရနိုင်ပြီ။

သည်ကနေ့ လည်း မအိမ်ကံတို့ အိမ်မှာ ရွာ ထမနဲပွဲ အတွက် မိုးပြဲဒယ်ကြီး နှစ်ဒယ်စာ ထိုးကြသည်။ ရွာဦးကျောင်းကို ကျေးဥတို့ သွားရောက် ကပ်လှူကြသည်။ ရွာထဲကို ဝေသည်။ သူများ အိမ်က ထမနဲတွေလည်း မအိမ်ကံတို့ အိမ်ကို ရောက်သည်။ ဆီတွေ နစ်နေအောင် ထိုးထားသော ထမနဲ လက်ကြားယိုကို မြင်ရတော့ အဖေ့ကို သတိရသည်။ အမေ့ကို သတိရသည်။ မလှအုံကို သတိရသည်။ တစ်အိမ်သားလုံး မျက်နှာ မကောင်းကြ။ ကိုဖိုးငွေဆိုလျှင် အိမ်နောက်ဖေး နွားစာစဉ်း ခုံနားမှာ ပုဆိုး ခါးပုံစကိုဖြုတ်ပြီး မျက်ရည် သုတ်တာကို မအိမ်ကံ မြင်လိုက် ရတော့ ရင်ထဲမှာ ကျင်ခနဲ နာရပါ၏။ ဇနီးသည်ကို လွမ်းရှာ လိမ့်မည်။ ခံစားမှု မဲ့သလို အမြဲတမ်း မထုံတက်သေး ရှိတတ်သော ကျေးဥ ပင်လျှင် မျက်ရည် ကလေး အမ်းနေ ရှာသည်။ သူလည်း ငိုထားပုံ ရပါ၏။

“ငါက ညည်းတို့ထက် ဆိုးတော့မပေါ့ ကျေးဥရယ်။ ငါ့မှာက သေကွဲရော ရှင်ကွဲရော ပါအေ။ ညည်းက နှစ်လမြူ တစ်လက်မျက် ဆိုရင် ငါက နှစ်လမျက် တစ်လမယ်ပါအေရဲ့။ အခုတော့ ငါ့ကိုယ်ငါ တရားရှိသယ် မပြောဝံ့ပါဘူး။ ဒါပေသိ ပိုရင် အမှိုက်ဖြစ်သယ် ဆိုသာ ငါနားလည်ပြီ”

မအိမ်ကံ ရင်ထဲက ပြောဖြစ်သည့် စကားတွေပင်။ အစ်ကိုလေး ကိုစံကောင်းတို့ပဲ ထမနဲတွေ ထိုးကြခြင်း ဖြစ်၏။ ရွာက ရပ်က ကာလသား၊ ကာလသမီးတွေ တရုန်းရုန်း ရှိခဲ့သည်။ သည်လို ပွဲမျိုးမှာ ထမနဲ တိုက်ပန်းကန် တစ်ချပ်စာတော့ ဘယ်လောက် ဆင်းရဲဆင်းရဲ ရွာကျောင်းကို ရောက်အောင် ပို့လှူကြ သူတွေချည်း။ ညဘက် ထမနဲ ထိုးပွဲ အတွက် တတ်နိုင်သူက တတ်နိုင်သလို ကောက်ညှင်းဆန်၊ အုန်းသီး စသဖြင့် ပို့ကြတာ များလည်း ရှိပါ၏။ သူ့အိမ်၊ ငါ့အိမ်ပို့ကြ ကမ်းကြနှင့် မအိမ်ကံ တို့အိမ်ကို လာပို့ကြတာလည်း မနည်းပါ။ ကျေးဥက မြင်းခြံတောင် ပြေးပို့ လိုက်ချင်သေး ဟု ဆိုသည်။

ထမင်း စားသောက် ရေမိုးချိုး ပြီးတော့ ဖျင်ချောထည် ထူထူကလေး ၀တ်ပြီး ရွာစေတီဘက် မအိမ်ကံ ထွက်လာခဲ့ခြင်း ဖြစ်၏။ ခိုင်ကလေး တို့တစ်တွေ ကတော့ ခြံထဲက ပန်းတွေ ဆန်ခါခုံး တစ်လုံးနှင့် လည်ခူး နေကြသည်။ ဇလပ်ဖြူတွေက အူအူထအောင် ပွင့်နေကြလေ၏။ ညဘက် ဘုရားကုန်းသွား ပြီးပန်းတွေ သီကုံးကာ ပန်းကပ် လှူကြဖို့ ဖြစ်သည်။ မအိမ်ကံ ငယ်ငယ်ကလို သည်လို တပို့တွဲ ထမနဲပွဲ ရောက်တိုင်း ပန်းသီကုံးဖို့ စိတ်စော နေမိတာ အမှတ်ရ မိ၏။ မအိမ်ကံ၏ ငယ်ဘ၀တွေ ပျောက်ပျက် သွားခဲ့သော်လည်း ပန်းကုံးကြသည့် ဓလေ့ ကလေးက အခုတိုင် ထင်ကျန် ရစ်နေဆဲ။ ခိုင်ကလေးတို့ အလှည့် ရောက်ကြပြီ။

မအိမ်ကံ စေတီဘက် သွားချေဦးမယ်လို့ မပြောခဲ့ သော်လည်း ကျေးဥက သိထားသူ ဖြစ်သည်။ ခုတစ်လော မအိမ်ကံ သည်လို တစ်ယောက်တည်း တိတ်တိတ် ဆိတ်ဆိတ် နေချင်သည့် စိတ်ကလေး ၀င်နေခဲ့သည်။ အသက်အရွယ် ကလည်း လေးဆယ်ကျော်လို့ ငါးဆယ်တွင်း ခေါ်ကြသည့် အရွယ်။ သည် စေတီကလေး ဘေးမှာ ၀ါးကပ်မိုး အာရုံခံ တန်ဆောင်း ကလေး ရှိတော့ အေးအေး လူလူ ထိုင်နိုင်ပါ၏။ မအိမ်ကံနှင့် မနီးမဝေးမှာ နွားကျောင်းသား သုံးလေးယောက် ဖက်နှင့် ထုပ်ထားသော ထမနဲ တွေကို ပလုတ်ပလောင်း စားနေကြသည်။ စားပြီးတော့ နွားတွေ လွှတ်ကျောင်း ထားရာဘက်ကို ထွက်သွားကြသည်။ သူများ ပဲခင်းတွေ ထဲဝင်မှာ စိုးကြပုံပေါ်သည်။

ထုံးစေတီတော်မှ ဆည်းလည်းသံ ကလေးတွေ တောင် တောင်တင်တင်။ ပဲခင်းဆီကသီချင်းသံတစ်သံ လွင့်လာပါ၏။ ဇာတ်ထဲ ပွဲထဲမှာ ဆိုကြသည့် ငိုချင်း တစ်ပုဒ်ပင်။
“လွမ်းမကြုံ ပန်းတစ်ငုံ စံပယ်ဥကိုလ မရှုချင်ဘူး။ မှာရက်ကယ်လွန် ၀ါချက်ကို ဒီမယ်ရွံလို့၊ စံမလွန်ကြာညောင် ရိပ်မှာလ(မောင်ကြီးရေ) လွမ်းစိတ်နှင့်ကူး...ဟူးဟူ...”

ဇာတ်စင်ပေါ်က မင်းသမီးကလေး၏ ခံစားမှုကို ယောက်ျားသားကြီး တစ်ယောက်က လွမ်းလွမ်း ဆွေးဆွေး ဟစ်လိုက်ခြင်း ဖြစ်သည်။ မှာထားသည့် ရက်လွန်ပြီ ဖြစ်သော်လည်း မောင်မလာသည့် အကြောင်း၊ ၀ါချက်ကို သည်မယ်ရွံလို့ ဆင်ခြင်ဖို့ အကြောင်း၊ မယ့်မှာတော့ နန်းဆောင်ကြာညောင်ရိပ်က လွမ်းစိတ်နှင့် ကူးနေ ရကြောင်းကို လွမ်းသံ နှောနေခြင်းဖြစ်၏။ ၀ါချက်ကို သည်မယ်ရွံလို့တဲ့လား။ ကြွားဝါတာကို မယ်မကြိုက် ပါဘုရှင်၊ လာနိုင်မှလာနိုင်တယ် ပြောပါ။ အခုတော့ မှာတဲ့ရက် တောင်လွန်နေပြီပေါ့ဟာလို့ ရန်တွေ့သံပါပါ ငိုလိုက်ခြင်းဖြစ်ပါ ၏။ ကိုပြေသိမ်းကတော့ မှာရက်ကိုလွန်သည်လို့ မဆိုနိုင်။ ထွက်သွားတာတောင် မသိလိုက်ရမှတော့ မှာရက် ဆိုတာလည်း မရှိ။ သည်တော့လည်း ကြာညောင်ရိပ်က လွမ်းစိတ် ကလေး ကူးစရာပင် မရှိ။

အခုကော သည်စေတီ ကလေးဆီ ရောက်ရောက် လာတာ လွမ်းစိတ်နှင့် ကူးနေမိတာ များလား။ မအိမ်ကံ မဲ့ပြုံးတစ်ချက် ပြုံးလိုက်မိသည်။ ဘယ့်နှယ်ကြောင့် သည်လို တွေးမိရတာပါလိမ့်။ လူက မလွမ်း စိတ်ကများ လွမ်းမိရော့လား။ မြန်မာတွေ ဆိုတော့ သားသမီး မွေးရင်တောင် ပထမဆုံး မေးသည့် မေးခွန်းက ခြေစုံလက်စုံ ကလေးလားလို့ မေးတတ်ကြသည်။ သည်သား၊ သည်သမီး မိစုံဖစုံနှင့် အေးအတူပူ အမျှ ရိုးမြေကျ နေနိုင် ပါရစေလို့ ဆုတောင်း တတ်ကြသည်။ မိစုံဖစုံဆိုသည့် စကားကို အခုမှ လေးနက်မှန်း မအိမ်ကံ သိခဲ့ရသည်။

ဒါကြောင့်ပဲ “လင်စုံမယားဖက်”၊ “မိစုံဖစုံ”၊ “အသိုက် အမြုံမပျက်”ဆိုသည့် စကားတွေ ရှိလာရခြင်းပင်။ မအိမ်ကံ အဖို့တော့ သိုက်မြုံပျက်ရပြီ။ သိုက်မြုံ ပျက်ရပြီဆိုပြန်တော့ မိစုံဖစုံ မဟုတ်တော့ပြီ။ လင်စုံမယားဖက် မမည်တော့ပြီ။ သေကွဲ မဟုတ်သော်လည်း ရှင်ကွဲကပို၍ပင် ရင်နာစရာ ကောင်းပါ၏။ သေကွဲက ဖြေလို့ရသော်လည်း ရှင်ကွဲက ဖြေသာစရာ မရှိပြီ။

“သမီးနှစ်ယောက် အဖို့ရာ ဒါလည်း မိစုံဖစုံပါပဲလေ။ မိဝေးဖဝေးမှ မဟုတ်သာ။ မအေနဲ့ ရင်အုပ်မကွာ ရှိကြသဲ့ ဘ၀တွေပဲ။ ဖအေနဲ့ အနေဝေးရသယ် ဆိုပေသိ သူအသက်ရှင် နေသရွေ့ မိစုံဖစုံပဲပေါ့။ မိဘနှစ်ပါး ရှင်ကွဲ ကွဲနေကြရသာ ကတော့ ကိုယ့်ကုသိုလ်ပေါ့လေ”

သည်လိုဖြေမိပြန်တော့လည်း မအိမ်ကံ နေသာသလို ရှိရပြန်သည်။ နေကလေး စောင်းကျသွားခဲ့ပြီ။ ငှက်တွေတောင် အိပ်တန်း ပြန်ကြပြီ။ တစ်ခါတစ်ခါ ကောင်းကင်က အိပ်တန်းပြန် ငှက်အုပ်တွေလို မအိမ်ကံ ထိုင်လျက် ငေးနေတတ်ပါ၏။ အကြောင့်ကြမဲ့ကြသည့် ငှက်တွေကို မအိမ်ကံ အားကျမိသည်။ အချိန်တန် အိပ်တန်း ပြန်ကြသည့် ငှက်တွေကို စိတ်ရောက်တိုင်း မအိမ်ကံ ကြည်နူးသည်။ သူတို့မှာတော့ သောက မရှိကြပါလား။ အချိန်တန်တော့ ငှက်တွေတောင် အိမ်ပြန်ကြသည်ပဲ။

ပွေခန်းငယ်လျှံ ရွှေနန်းစံ ကိုယ်တော်မြတ်မှာဖြင့် သည်းစပ် တွင်လောင်စံရှို့သည်သို့ ပူဖို့ပေပဲ။ ယှဉ်တုငယ်ပြိုင် တစ်နည်း စီဗျာပါလှိုင်လို့ မဟာမြိုင်ဟေ၀န် ကျေးတွင်ဖြင့် အမှုအို ကုသိုလ် မှေး သူတို့ကို ဆွေးဖို့ဖက်တွဲ...အဲ...ဟဲဟဲ...”

ငိုချင်းသံက ဝေး၍ဝေး၍ ကျန်ခဲ့သည်။ ဘယ်သူကများ လွမ်းလွမ်းဆွေးဆွေး ဆိုနေတာပါလိမ့်။ သစ်ခင်းယာခင်းထဲမှာတော့ ကြည့်ဖူးသည့် ဇာတ်ထုပ်တွေထဲက နောက်ပိုင်း သီချင်းတွေ သည်လိုပဲ ဆိုနေကျဆိုတာ မအိမ်ကံ သိပါ၏။ သို့သော် သီချင်းတွေက မအိမ်ကံကိုများ စောင်းမြောင်းဆိုနေကြသလို ဖြစ်နေတာကိုတော့ မအိမ်ကံ အံ့သြရသည်။ တစ်နည်းစီဗျာပါ လှိုင်လို့ ဆိုတာကတော့ ဟုတ်မထင်ပေါင်။ ကိုပြေသိမ်းမှာ ဗျာပါ မရှိနိုင်သလို မအိမ်ကံမှာလည်း ဗျာပါမရှိ။ မအိမ်ကံ ကိုယ်တိုင်က သူ့ကိုယ်သူ ကုသိုလ်မှေးမှိန်သူရယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့။

“မအိမ်ကံကတော့ လင်သေ မုဆိုးမ မဟုတ်ရပေါင်ရှင်။ လင်ရှင် မုဆိုးမပါ။ ရှင်လျက်နဲ့ တစ်ခြမ်း သေနေရသဲ့ ဘ၀ပါ။ အမှုအိုကို ကုသိုလ်လည်း မှေးသယ် မထင်ပေါင်။ ဆွေးစရာ လွမ်းစရာကိုလည်း အဖက် မတွဲရပေါင်။ ရှင်အိမ်ကံတို့က တက်ကောင်းသရွေ့ လှေပြေးမယ့် မိန်းမ တော်ရေ့”

ဘယ်သူဘယ်ဝါမှန်း မသိရသည့်သီချင်းရှင်ကို စိတ်နှင့် ရန်တွေ့ရင်း မန်ကျည်းစဉ် ရွာလမ်းအတိုင်း ပြန်လာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားရိပ်၊ ဇရပ်ရိပ် ရောက်ရတော့လည်း အပူဗျာပါရ တဒင်္ဂသိမ်းနိုင်ခဲ့ပါ၏။ ညဘက် ထမနဲထိုးပွဲ အတွက် တစ်ပိုင်တစ်နိုင် လာရောက် လှူဒါန်းကြသူတို့ ဘုရား ကုန်းဆီ လာနေကြပြီ။ မအိမ်ကံကို တွေ့တော့ နှုတ်ဆက်ကြသည်။ သည်လူတွေလွန်သွားတော့ လင်လွမ်းလို့များ စေတီ ကလေးဘက် ညနေတိုင်းလာလေရော့သလား ထင်ကြမှာ လည်း စိုးခဲ့သည်။ ပြောချင်တာ ပြောကြပါစေလေ။ ဆင်တစ်စ မြင်းတစ်စ သည်လို ရှိတတ်ကြတာ ဓမ္မတာပဲ ဥစ္စာ။
မအိမ်ကံ အိမ်ဝင်းဝ ရောက်တော့ မှောင်လှပြီ။

သည်နှစ်ထဲမှာပဲ သမီးကြီးမအိမ်မြိုင် ဆယ့်ရှစ်နှစ်တင်း တင်းပြည့်သည်။ တပေါင်းလထဲမှာ သမီးကြီးမြိုင် ဇောင်ချမ်း ကုန်းကို ပြန်ရောက်လာခဲ့သည်။ သည်နှစ် မြိုင်က မြို့မှာ ကိုးတန်းစာမေးပွဲဖြေခဲ့ပြီ။ သမီးကြီးပြန်လာမည့် နေ့ကို မအိမ်ကံ အမျှော်ကြီး မျှော်ခဲ့ရသည်။ စာမေးပွဲမတိုင်ခင်ရက်တွေတုန်းက မြင်းခြံကို တစ်ခေါက်လားရောက်ခဲ့ပြီး နောက်ထပ် မရောက် ဖြစ်တော့။ စာမေးပွဲရက်ထဲတုန်းကလည်း မအိမ်ကံ စိတ်ရောက် သော်လည်း လူမရောက်နိုင်။ ကိုယ်သွားကာမှ သမီးကြီး စာဘက်လျော့မှာ စိုးတာလည်း ပါပါသည်။ သမီးကြီးစာတော် လေသလား၊ မတော်လေသလားဆိုတာကို မအိမ်ကံမသိ။ စာကြိုးစားတာတော့ မောင်သက်မင်းတို့ ပြောသလောက် သိခဲ့ ရသည်။ စာမေးပွဲပြီးမည့် ရက်မှာ မောင်သက်မင်းတို့ကို အလုပ် မပိုစေချင်သဖြင့် ကျေးဥနှင့် ဖိုးတုတ်တို့ကိုပဲ လှည်းနှင့် အကြို လွှတ်လိုက်ရသည်။ သမီးတို့ လှည်းပြန်ရောက်တော့ မိုးကြီးပင် ချုပ်လေပြီ။

မအိမ်ကံ ရွာလှည်းလမ်းဆီ မျှော်ရင်း အကြိုလှည်းကို ကြည့်ရတာ အမော။ အိမ်က လှည်းအီသံကို မအိမ်ကံ မှတ်မိသည်။ ကိုဖိုးငွေကပင် လှည်းမမြင်ရခင်က အိမ်က လှည်းသံ ဟ...ဟုဆိုသည်။ အိမ်ကြီး လေသာဆောင်က မျှော်ရတာအား မရနိုင်တော့ မအိမ်ကံ အောက်ထပ်ကို ဆင်းလာခဲ့ကာ ၀ိုင်းဝဆီ ပြေးသည်။ တံခါးကြီးကို လှပ်ကာ ရွာလမ်းအတိုင်း ဆံပင်ထုံးရင်းက ပြေးသည်။ အမေကြီးစောတို့အိမ်ကွေ့လောက်မှာရှိမည် မှန်းကာ နေလုံးပျောက်လုပျောက်ခင် အလင်းထဲ ပြေးထွက်လာခဲ့သည်။

ဟုတ်ပါ့တော်၊ အိမ်ကလှည်း။
သမီးကြီးမြိုင်က ၀ိုးဝိုးဝါးဝါး အလင်းထဲက မအေကို မြင်သွားတော့ “အမေ”လို့ လှမ်းအော်လိုက်သည်။ မအိမ်ကံ ရင်ထဲ လှိုက်ခနဲဖြစ်ရပါ၏။ လှည်းဆီကို အပြေးလာခဲ့သည်။ ဖိုးတုတ် က လှည်းကို စုတ်သပ်ရင်း ရပ်ပေးပါ၏။ အိမ်နှင့် မနီးမဝေး လမ်းတစ်ကွေ့လောက်ခရီးကို စိတ်မရှည်နိုင်သည့် မအိမ်ကံကို ကြည့်ရင်း ကျေးဥက အကဲပိုရန်ကောဆိုသည့် သဘောဖြင့် ငေါက်လေ၏။
“မအိမ်ကံရယ်၊ ဖိနပ်ကောပါရဲ့လားအေ။ ညည်းဟာ တစ်ကွေ့ပဲ ကျန်တော့သဲ့ဟာကို”

“မစောင့်နိုင်လို့ပေါ့အေရဲ့။ ငါဖြင့် ညနေစောင်းပါပြီဆို ကတည်းက မျှော်ရသာ။ ညည်းတို့များ ကြာလွန်းလိုက်သာ။ ဘာတွေများ လုပ်နေကြသာတုံး”

“မြိုင်ကလေးပါအေ။ သူက ပစ္စည်းတွေ သိမ်းရသေးသာ ကိုး။ သူဆင်းလာမှ လှည်းကောက်ရသာ။ ထမင်းတောင် အလုအယက် စားရသာပါအေ။ ညည်းနှယ်”

နေ၀င်ရိုးရီလှည်းလမ်းမှာ လှည်းရံတိုင်ကို ဆုပ်ကိုင်ရင်း စကားတွေပြောနေသည့် မအိမ်ကံနှင့် လှည်းပေါ်က ကျေးဥတို့ ကိုမြင်သူတွေက အံ့သြနေကြသည်။ မအိမ်ကံက လှည်းနောက် မြီးပေါ် စွေ့ခနဲ တင်ပါးလွှဲ တက်လိုက်တော့မှ ဖိုးတုတ်က ဇောင့်ခနဲ လှည်းထွက်လာခဲ့သည်။ မကြာခင် ၀ိုင်းဝကိုရောက်တော့ ပွင့်နေသည့်တံခါးကပဲ လှည်းဝင်လာခဲ့သည်။ ကိုဖိုးငွေနှင့် ဖိုးကူးက လှည်းပေါ်က ပစ္စည်းတွေ ချသည်။ ဖိုးတုတ်က နွားတွေဖြုတ်ပြီး နွားတင်းကုပ်ထဲ ဆွဲသွားသည်။ နွားတွေရေငတ် နေမှန်းသိလို့ဖြစ်၏။ သမီးငယ်ခိုင်က မအိမ်မြိုင်ကို ဆီးကြိုရင်း ညီအစ်မနှစ်ယောက် ဖက်ထားကြသည်။

သမီးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖက်ထား ကြတာကိုမြင်ရတော့ မအိမ်ကံ ရင်ထဲ ဆို့ဆို့နင့်နင့်ကြီးခံစားရ ပါ၏။ သမီးတွေ အရွယ်ရောက်ကြပြီ။ တစ်ယောက်က ဆယ့် ရှစ်နှစ် အပျိုဖားဖား၊ တစ်ယောက်ကဆယ့်ငါးနှစ် အပျိုဖော် ၀င်စ။ ညီအစ်မနှစ်ယောက် ရုပ်ချင်းတစ်မျိုးစီဆိုပေသိ လှကြတာချင်းတော့ တူကြသည်။ ကြည်ကြည်စင်စင် သန့်ရည်ပြန့် ရည်ရှိကြသည့်အပြင် အပျိုရည်အပျိုသွေးကလေးတွေ စိုစို လူးလူး ရှိကြသဖြင့် ဖန်မီးအိမ်မီးရောင် အောက်မှာ ဘော်ကြယ် ပွင့်ကလေးတွေလို တဖျတ်ဖျတ် တောက်နေကြသည်။ မအိမ်ခိုင် ကလည်း သည်တစ်နှစ်ကျောင်းနားရင်း မအေ့ ရက်ကန်းရုံကို ၀ိုင်းကူ နေရတာဆိုတော့ ညီအစ်မချင်း မတွေ့ရတာကြာပြီ။ သမီးနှစ်ယောက် ချစ်ချစ်ခင်ခင် ရှိကြတာကိုကြည့်ရင်း မအိမ်ကံ အားတွေဖြစ်ရပြန်ပါ၏။

“မြိုင် ခဏနားပြီးရင် ရေချိုးမလား သမီး။ ထမင်း ဆာပြီလား”

“ရေချိုးလိုက်ချင်သယ် အမေ၊ ညကျမှ စားတော့မယ်”

“ကောင်းပါပြီတော်။ ခိုင် ကရော အမေတို့နဲ့ စားနှင့်မလား”

“မမမြိုင်နဲ့မှပဲ စားတော့မယ် အမေ၊ သမီးလည်း မဆာလို့”

ထိုညက မအိမ်ကံတို့ အိမ်ကြီးမှာ မီးရောင်တွေ ညီးညီး ထိန်ထိန် ရှိလှသည်။ သည်တစ်ခေါက် သမီးမြိုင်ပြန်လာတာ နွေကျောင်းပိတ်ရက်ဆိုတော့ အိမ်ကြီးမှာ ရက်ကြာကြာ နေရမည်။ ကျောင်းတွေ ဖွင့်လျှင်တော့ မြိုင်က မြင်းခြံကိုပြန်၊ ခိုင်က အစ်ကိုမောင်မြတ်သာတို့၊ မမစိမ်းမြတို့နှင့် ရန်ကုန်လိုက်။ နောက် တစ်နှစ် ကုန်လျှင်တော့ မြိုင်ပါ ရန်ကုန် တက္ကသိုလ်ကို သွားရတော့မည်။ မအိမ်ကံကတော့ မန္တလေး တက္ကသိုလ်မှာ တက်စေ ချင်သော်လည်း အစ်ကို မောင်မြတ်သာက ညီအစ်မ နှစ်ယောက်စလုံး သူ့ဆီပဲပို့ဖို့ စီမံ ပေးထားခဲ့သည်။ ညီအစ်မ အတူ နေရတာ ပေါ့တဲ့။ အစ်ကိုလည်း နောက်သုံးလေး နှစ်လောက်ဆိုလျှင် အလုပ်က အနားယူကာ ရွာမှာပဲ အပြီး နေတော့မှာဆိုတော့ သည်ကျမှ အစ်ကိုတို့ရော၊ သမီးတွေရော မအိမ်ကံ အနားမှာ လူစုံ တက်စုံ ခိုနားကြလိမ့်မည်ထင်၏။ ခွဲရလှ သုံးလေးနှစ်ပေါ့။ ကိုပြေသိမ်းကရောတဲ့။ ကိုပြေသိမ်းအကြောင်းရောက်တော့ မအိမ်ကံ ရင်မော သွားရပါ၏။ သမီးတွေကို တစ်ပြည်တစ်ရွာ ပို့ကာ မအိမ်ကံရင်ခွင်နှင့် ဝေးသော တစ်နေရာမှာ သွားထားရ တာကိုက ကိုပြေသိမ်းလို ပညာတတ်ကြီး ဖြစ်စေချင်လို့ဖြစ် သည်။ ဖအေပညာတတ်ကမွေးတော့ သမီးပညာတတ်တွေ ဖြစ်တာပေါ့ဆိုသည့် ဂုဏ်ကိုတော့ မအိမ်ကံ မက်စက်လှပါ၏။ ကိုယ်တိုင်က တောသူဆိုပေသိ လင်ပညာတတ်ကို ချစ်သည့် စိတ်ဖြင့်သာ ရင်စည်းခံ ခါးစည်းခံ ဘ၀ဖြင့် မအိမ်ကံ ရုန်းကန်နေ ခြင်းပဲ မဟုတ်လား။ ဒါတွေ တော်သိရဲ့လား ကိုပြေသိမ်းရေ့ လို့သာ ပြေးပြေး ရန်တွေ့လိုက်ချင်တော့၏။
ညဘက်မှာ မြိုင့်ကိုလာနှုတ်ဆက်ကြသော ဆွေဆွေမျိုးမျိုး ရွာသူရွာသားတွေကြားမှာ မှုံနံ့သာလည်းပါလေသည်။ မအိမ်ကံက သမီးနှစ်ယောက်နှင့် မှုံနံ့သာကို ယှဉ်ထိုးကြည့်ရင်း တခြားစီပါပဲလား ဆိုသည့် စိတ်ဖြင့် ကျေနပ်နေမိပါ၏။ မှုံနံ့သာနှင့် မြိုင်တို့က မိဘမျိုးရိုးချင်းလည်း တခြားစီ၊ ရုပ်ရည်ရူပကာ ချင်းလည်း တခြားစီ၊ ပညာတတ်ပုံချင်းကရော တခြားစီ။ မှုံနံ့သာသည် တောသွေး တောမွေးကလေးဖြင့် ရိုးရိုးယဉ်ယဉ် ဖြူစင်သော မိန်းမသူကလေး တစ်ယောက်မို့ သည်ကလေးမ ကလေး အပေါ်မှာ မအိမ်ကံ ဘာမှ မဥပဒ်မိရိုး အမှန်ပင်။ သို့သော် ကြီးတော်စံရွှေ၊ သာအောင်၊ ရွှေမှုံတို့နှင့် ပတ်သက်သော အကျိတ်အခဲကတော့ မအိမ်ကံရင်ထဲ ကျေပဲ မကျေနိုင်။ ချေသော်လည်း ကျေစရာ မရှိ။

ညဥ့်ကြီးနက်အောင် စကားတွေ ပြောကြရင်းက ကျေးဥက သားအမိတစ်တွေ အိပ်ကြဖို့ ၀င်သတိ ပေးရတော့၏။ ခိုင်နှင့် ကျေးဥတို့ အိပ်ရာ ၀င်ကြသည့်တိုင် မအိမ်ကံနှင့် မြိုင်တို့ သားအမိ စကားလက်စ မသတ်နိုင်ကြသေး။ မြိုင်က မြင်းခြံ အတွေ့အကြုံတွေ မေးသမျှ ဖြေနေခဲ့သည်။ သံစုံနာရီကြီးက ဒင်ခနဲနှစ်ချက် ထိုးမှ စကားဝိုင်းသိမ်းဖို့ ပြင်ရပါ၏။

“အဖေ့ဆီက လူတစ်ယောက် သမီးဆီ ရောက်လာသေး တယ် အမေ”

“ဟဲ့ ဟုတ်ကဲ့လား။ ဘယ်သူတုံး။ သမီးနဲ့ ဘယ်မှာ တွေ့ ကြသာတုံး”

မအိမ်မြိုင်က ထိုတစ်ရက်က အတွေ့အကြုံကို ပြောပြ သည်။ မအိမ်ကံ ရင်တွေ တလှပ်လှပ်ခုန်ရင်း နားထောင်နေခဲ့ သည်။ သည်စကား ဘာလို့များ စောစောစီးစီး မပြောပါလိမ့်။ လှည်းတစ်စီးက ကိုသက်မင်းတို့ အိမ်ရှေ့လာရပ်ပြီး လူတစ်ယောက် ဆင်းလာခဲ့သည်။ လှည်းက ဆက်ထွက်သွားတော့ ထိုလူက ကိုသက်မင်းတို့ အိမ်ဝင်းထဲ စွတ်ခနဲ ၀င်လာခဲ့၏။ ကိုသက်မင်းက ဘယ်သူနဲ့ တွေ့ချင်လို့လဲမေးတော့ ထိုလူက စကားကို နှစ်ကိုယ်ကြားလောက်ရုံသာ ပြောခဲ့သည်။ ကိုသက် မင်းက မအိမ်မြိုင်ကို ခေါ်ပေးကာ အိမ်အောက်က အေးခုတင် ကြီးပေါ်မှာ တွေ့ပေးသည်။ အနားမှာ ကိုသက်မင်းရှိသည် ဆို ၏။ ထိုလူက မအိမ်မြိုင်ကို စာတစ်စောင်ပေးသည်။ မအိမ်မြိုင်က စာဖတ်ရင်းငိုသည်။

“အဲသည်စာကော၊ မကြံကြီးမစည်ရာ သမီးရယ်၊ ညည်း အဖေများ ကလေးကိုဒုက္ခရောက်အောင်... အဲသည့်တစ်ခါ တည်းလာသာလား သမီး။ ဘာတွေ ရေးထားသာလဲ”

“အဲသည်တစ်ခါတည်းပါ အမေရဲ့။ သမီးကိုစာကြိုးစား ဖို့၊ ဘွဲ့ရအောင် စာသင်ဖို့၊ ညီမလေးခိုင်ကိုလည်း သတိရကြောင်း ပါသယ်။ အဖေကတော့ ရိုးမဘက် ရောက်နေသတဲ့။ ဘယ်မှာလို့ မပါဘူး။ ကျန်းမာသယ်တဲ့။ သတိရလွန်းလို့ ရေးသာပါတဲ့”

“အေးပါ၊ စာကောလို့၊ အမေ့ကိုပြစမ်း”

“ဘထွေးသက်မင်းက မီးရှို့လိုက်ပြီ။ အဲသည် လူကြီးက ရှို့ခိုင်းလို့”

ကိုသက်မင်းက ရိုးရိုးအအ။ အစိုးရလူတွေ ခြေချင်းလိမ် နေကြသည့် မြင်းခြံလိုမြို့မှာ အချိန်မရွေး ဒုက္ခရောက်သွားနိုင် သည်။ ကြားထဲက ကိုသက်မင်းတို့ပါ ဒုက္ခ ရောက်နိုင်သည်။ ကိုပြေသိမ်းနှင့် ပတ်သက်သည့် လူရင်းတွေကို စောင့်မကြည့်ဘူး မပြောနိုင်။ ဇောင်ချမ်းကုန်း၊ ထနောင်းတိုင်နှင့် မြင်းခြံမှာ သတင်းပေးတွေ ထားနိုင်သည်။ မသင်္ကာစရာ ရှိလျှင် ချက်ချင်း ဖမ်းဆီးနိုင်သည်။ ဘာပဲဖြစ်ဖြစ် မအိမ်ကံက အရွဲ့တိုက်ပြီး စာမရေးဖို့၊ မဆက်သွယ်ဖို့ ပြောလိုက်တော့ သမီးကြီးဆီ လူကြုံ လွှတ်တာ ဖြစ်လိမ့်မည်။ သတိရလွန်းလို့ ရေးသာပါတဲ့ဆိုသည့် စကားကြောင့် မအိမ်ကံ နင့်ခနဲ ခံစားလိုက်ရသည်။ ဝေ့၀ဲလာ သည့်မျက်ရည်ပူတွေကို မျက်တောင်နှင့် ဆီးခံသော်လည်း မရတော့ပြီ။ လှိုက်တက်လာသည့် ခံစားမှုက ရှိုက်သံတစ်ချက် ထွက်စေခဲ့သည်။ သမီးက မအေကို ငေးကြည့်နေသည်။ အမေ ဘာဖြစ်လို့ ငိုတာပါလိမ့်။ အဖေ့ကို လွမ်းလို့လား။ ဒါမှမဟုတ် အမေ ဘာကို ကြောက်လန့်နေတာပါလိမ့်။

“အဲသာ ဘယ်တုန်းလောက်ကလဲ သမီး”

“စာမေးပွဲ မဖြေခင်က အမေ၊ သမီး စာမေးပွဲဖြေမှာ သိသယ်နဲ့တူသယ်”

“သြော် ကျောင်းဆရာပဲ သမီးရယ်၊ မသိရှိပါ့မလား။ အေး အေး အိပ်တော့၊ သမီး ပင်ပန်းလာသယ်။ ခိုင်နဲ့သမီးပဲ အိပ်လိုက်တော့နော်။ အမေ အပြင်မှာ အိပ်မယ်။ သွားသွား...အမေ မီးတွေ ငြှိမ်းခဲ့မယ်”

သမီးမြိုင် ထသွားခဲ့သည့်တိုင် မအိမ်ကံ မီးတွေ မငြှိမ်းဖြစ် ခဲ့။ နေရာက မထဖြစ်ခဲ့။ မျက်ရည်များပင် မသိမ်းနိုင်ခဲ့။ သံစုံနာရီထိုးသံလေးချက်။ ဒင်...ဒင်...ဒင်...ဒင်။
မအိမ်ကံ မီးတွေငြှိမ်း၊ ပြတင်းတံခါးတွေပိတ်၊ သင်ဖြူး ဖျာကို လိပ်ပြီး အိပ်ရာဝင်မည်ပြင်တော့ မနက်ငါးနာရီ ထိုးပြီ။ ဖန်တွတ်နေသော မျက်လုံးများဖြင့် လှေကားဝက အိမ်တံခါးကို ဖွင့်သည်။ နှုတ်က တတွတ်တွတ် မေတ္တာပို့ရင်း ခြံဝိုင်းထဲ ဆင်းကာ ဖွေးနေအောင် ပွင့်နေသည့်ပန်းတွေကို ခူးသည်။ ခဏနေလျှင် ကျေးဥ နိုးတော့မည်။ ပန်းတွေမြင်လျှင် ဘုရား ကပ်လိမ့်မည်။ မအိမ်ကံက မျက်နှာကို အကြမ်းသစ်ပြီးမှ အိပ်ရာထဲ ၀င်ခဲ့သည်။ မျက်လုံးတွေ ညောင်းကြလှပြီ။ ခဏတော့ လှဲလိုက်ချင်သည်။ တကယ်တမ်း အိပ်လိုက်တော့လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
သည်တစ်ခဏမှာပင် ထူးဆန်းသော အိပ်မက်ကို မက်ခဲ့ ခြင်းဖြစ်၏။ နံနက်ခင်း မိုးစင်စင်လင်းမှ မက်သည့် အိပ်မက်ပင်။

အလွန် ညစ်ထေးလှသည့် စုတ်ပေပေ အ၀တ်အစားများနှင့် မိန်းမတစ်ယောက် အနောက်တန်း ရွာတွေဘက်ကို လျှောက်သွားနေသည်။ နေ့ခင်းမွန်းတည့်ချိန်ဆိုတော့ နေက အရိုးကွဲ လောက်အောင် ပူပြင်းလျက်ရှိ၏။ တဘက်မပါ၊ ခေါင်းဆောင်း မပါတာ ထားတော့။ ဖိနပ်ပင်မပါသော ခြေထောက်များဖြင့် ခြေပူပူ ရွာလမ်းတစ်လျှောက် တလှုပ်လှုပ် သွားနေခြင်းဖြစ်၏။ ညောင်ပင်ကြီး တစ်ပင်ကို အဝေးမှာ မြင်နေရသဖြင့် ထိုမိန်းမသည် ညောင်ပင်ရိပ်တွင် ခေတ္တ နေခိုရန် စိတ်ကူးမိသည်နှင့် ခပ်သုတ်သုတ် လျှောက်နေခဲ့သည်။ မျက်နှာပေါ်တွင် နေလောင် ကွက်များ၊ တင်းတိပ်များ ကွက်ချင်းထိုးလျက် ညိုမည်းနေ သည့်အပြင် သနပ်ခါးနှင့် ဖုန်တို့ ချွေးလူးကာ စီးကြောင်းများပင် ထနေပါ၏။

မိန်းမလည်း ညောင်ပင်ရိပ်ကို ၀င်မိသည်နှင့် ရေအိုးစင်မှ ရေကိုသောက်ဖို့ပြင်သည်။ ရေအိုးပေါ် ကန့်လန့်ဖြတ်တင်ထား သော အရိုးတပ်အုန်းမှုတ်ဖြင့် ရေအိုးထဲက ရေကို နှစ်ခပ်လိုက်ပြီး ရေ၀အောင် သောက်လိုက်၏။ ရေအိုးစင်မှာ ဒေါင်းရုပ်ကြီး အမောက်သဖွယ်တပ်ထားသည့် အုတ်ရေအိုးစင်ဖြစ်သည်။ ပဲ့သည့် နေရာကပဲ့၊ လပ်သည့်နေရာက လပ်နေသော်လည်း ရေအိုးစင်ကလေးက သန့်သန့်ရှင်းရှင်းတော့ ရှိပါ၏။ ရေအိုးက တစ်လုံးတည်း။ သဲအိုးဆိုတော့ ရေဓာတ်ကလေး စိမ့်နေသဖြင့် စိုဖန့်လျက်ရှိသည်။ ရေအိုးနောက်တွင် ပြဒါးတွေ ပါးလျားလှပြီ ဖြစ်သော ကြည့်မှန်တစ်ချပ် အင်္ဂတေထဲ မြှုပ်ကာ တပ်ထားသည်။ ရေသောက်ပြီးသည်နှင့် ရေမှုတ်ကို အိုးဖုံးပေါ် တင်လိုက် သည်တွင် မှန်ပေါ်မှာ ထိုမိန်းမ၏ ရုပ်ဆင်းသဏ္ဌာန် ထင်ဟပ် လျက်ရှိ၏။ မှန်ထဲက မိန်းမသည် ရေအိုးစင်ဝတွင် ရပ်နေသည့် မိန်းမ၏ ပုံရိပ်ပင်ဖြစ်သော်လည်း တစ်ဦးကို တစ်ဦး အံ့သြဟန်နှင့် ကြည့်နေကြသည်။ ခရီးသည် မိန်းမလည်း ရေသောက်ပြီး ချက်ချင်းပြန်ထွက်ရန်ဖြစ်သော်လည်း မထွက်ဖြစ်ဘဲ မှန်ထဲက ပုံရိပ်ကိုသာ ငေးနေခဲ့သည်။

“ညည်း ဇောင်ချမ်းကုန်းက မအိမ်ကံ မှုတ်လား။ ငါလည်း မအိမ်ကံပါပဲအေ။ မှန်ထဲမှာ ပေါ်နေလို့ ညည်းရယ်လို့တော့ မထင်လိုက်လေနဲ့။ ငါက သတ်သတ် တစ်ယောက်အေ့။ ငါက ညည်းကို စောင့်နေသာရယ်။ ငါသည် မှန်ထဲမှာ နေရတာ ကြာပြီ။ မျှော်လိုက်ရသာအေ”

မှန်ထဲက မိန်းမက ပြောနေခြင်းဖြစ်၏။ မှန်ထဲက မိန်းမ မျက်နှာက ကြောက်စရာ ကောင်းလှသည်။ မျက်နှာဖွေးဖွေး၊ မျက်ကွင်းညိုညို၊ မျက်နှာထားဆိုးဆိုးနှင့်။ လူတစ်ယောက်၏ မျက်နှာနှင့်ပင် မတူ။ ဒါပေမယ့် မအိမ်ကံမှ မအိမ်ကံပါပဲ။ မအိမ်ကံလည်း သည်တော့မှ လန့်ဖျပ်သွားကာ ရေအိုးစင် ကလေးကို ဝေ့၀ိုက်ကြည့်မိသည်။ ဒေါင်းရုပ်ကြီး အောက်နားမှာ ပန်းချီဆရာက သံချွန်နှင့် နှိုက်ရေးထားသော စာတန်းရှိသည်။

“ဦးသာထန်၊ ဒေါ်ပန်းရုံ မိသားစုကောင်းမှု”

ဦးသာထန်၊ ဒေါ်ပန်းရုံ...။ မအိမ်ကံမှာ အံ့သြခြင်းကြီးစွာဖြင့် ရပ်မိနေဆဲဖြစ်သည်။ အဖေတို့၊ အမေတို့သည် ဘယ်တုန်းက ရေချမ်းစင် ဆောက်လှူခဲ့တာပါလိမ့်။ ဒါဘာရွာလဲ။ ဘယ်ရွာက ဘယ်ရွာကို ကူးတဲ့ လမ်းပါလိမ့်။ သည်ရေအိုးစင် မျိုး မအိမ်ကံတစ်ခါမှ မတွေ့ ဖူးခဲ့ပါလား။

“ညည်း မဟုတ်သာ မပြောနဲ့။ မအိမ်ကံ နှစ်ယောက် မရှိဘူး။ မအိမ်ကံ တစ်ယောက် တည်းရှိသယ်။ ဦးသာထန်၊ ဒေါ်ပန်းရုံဆိုသာ မအိမ်ကံ အဖေနဲ့ အမေ။ ညည်းက ဘယ်သူတုံး။ ဘာကိစ္စများနဲ့များ မအိမ်ကံကို စောင့်နေရတာပါလိမ့်။ ညည်းနဲ့ငါ တွေ့စရာ ဘာအကြောင်းမှလည်း မရှိဘူး။ ညည်းမျက်နှာလည်း မအိမ်ကံ မကြည့်ချင်ဘူး”

“မကြည့်ချင်လို့ ရမလားအေ့။ ငါ့မျက်နှာကလည်း ညည်းမျက်နှာပဲဟာ။ ငါ့ကို မကြည့်ချင်ရင် ညည်းမျက်နှာလည်း ညည်းမကြည့်နဲ့တော့ပေါ့အေ့။ ညည်းနှယ်ဖြစ်ရလေ။ ငါက ညည်းကို ဒုတ်ဒုတ်ထိ စောင့်ရတာ ကြာကြာလှပေါ့။ တစ်နေ့ ညည်းလာကို လာရမယ်”

“မလာဘူးအေ။ သွား...သွားစမ်း”

မအိမ်ကံ ရေအိုးပေါ်က အုန်းမှုတ် ရေမှုတ်ရိုးကို ကျစ်ကျစ်ကြီး ဆုပ်ကိုင်လိုက်ပြီး အုန်းမှုတ်နှင့်မှန်ကို ခွမ်းခနဲ ရိုက်ချလိုက် သည်။ မှန်လည်းတစ်စစီ ကွဲကြေသွားခဲ့လေသည်။ မအိမ်ကံ ကရေအိုးကိုပါ ရိုက်ခွဲမည်ပြုပြီးမှ အဖေတို့၊ အမေတို့လှူထား သည့်ကုသိုလ်ကို သတိရ သွားခဲ့သည်။ ရေမှုတ်ကို အိုးပေါ် ပြန်တင်ခဲ့ကာ ညောင်ပင်ရိပ်က ထွက်ခဲ့သည်။ ပူပြင်းလှသော နေရောင်ကြောင့် မအိမ်ကံ ကျောပင်တွန့်သွားလေသလား ထင်မှတ်ခဲ့သည်။ လမ်းက ဝေးလှ၏။ မျက်စိတစ်ဆုံး ဖြောင့်နေသဖြင့် လမ်းတစ်လျှောက်လုံးကို မြင်နေရသည်။ သစ်ပင်မရှိ၊ ဇရပ်မရှိ၊ နားနေစရာချုံရိပ်ပင်မရှိ။ လမ်းနှင့်ပူပြင်းသော နေရောင်သာရှိသည်။ မအိမ်ကံ ဆက်လျှောက်လာခဲ့၏။

ထိုစဉ်မှာပင် မျက်နှာချင်းဆိုင်ဘက်မှ မြင်းတစ်ကောင် ဖုန်တထောင်းထောင်းထအောင် စိုင်းလာတာ မြင်ရလေပြီ။ ဘယ်နေရာကို မျှော်ကြည့်ကြည့် လူသူဆိုလို့တစ်ယောက်မျှပင် မမြင်ရသောနေပူကျစ်ကျစ်၊ ကုန်းခြောက်ခေါင်ခေါင်မှာ တစ်ယောက်တည်းသွားနေရသူ မအိမ်ကံ အဖို့ရာ မြင်း တစ်ကောင်၊ လူတစ်ယောက် လှမ်းမြင်လိုက်ရသည်ကို ၀မ်းသာ သွားခဲ့ရသည်။ ဖုန်တွေက တလိမ်းလိမ်း။ တစ်ခါတစ်ရံ ဖုန်တွေက အူအူကြီးထလျက်ရှိရာ မြင်းနှင့်လူက သူဖွခဲ့သော ဖုန်ထဲက ပြန်တိုးထွက်နေသည်နှင့်ပင် တူသည်။ နီးသည်ထက် နီးလာပြီ။ မြင်းက လမ်းအလယ် တည့်တည့်မှာ မိန်းမသား တစ်ယောက် ရပ်နေတာကို မမြင်လို့ပဲလား၊ မြင်လျက်နှင့် တိုး တိုက်သွားရန် ရည်ရွယ်သလားမသိရဘဲ မြင်းဇက်မသတ်ဘဲ အပြင်းနှင်လာခဲ့ ခြင်းဖြစ်သည်။

ဝါးဆယ်ရိုက်၊ ၀ါးကိုးရိုက်၊ ၀ါးငါးရိုက်၊ ၀ါးနှစ်ရိုက်။
ဝေါခနဲ ဖြတ်သွားသြော မင်းနှင့်လူက မအိမ်ကံကို လှည့်၍မျှ မကြည့်။ သူ့ခရီးထက် ဘယ်အရာကိုမှအရေးတယူရှိချင်ပုံ မရ။ ရိပ်ခနဲ အဖြတ်တွင် မအိမ်ကံ ရှောင်နိုင်လို့သာ လွတ် လေ၏။
“ရက်စက်လိုက်သယ့် လူ့နှယ်နော်။ တစ်အိုးတစ်အောင့်များ ရပ်ပါဦးတော့”

မအိမ်ကံက စိုင်းသွားသော မြင်းကို သမင်လည်ပြန်လှည့် ကြည့်တော့ မြင်းနောက်မြီးကို သီသီပင်မြင်ရတော့သည်။ ဖုန် တွေကြားက လွင့်လာသော အရာကိုမြင်လိုက်ရသဖြင့် မအိမ်ကံ နောက်ကြောင်းပြန်လှည့်ခဲ့သည်။ ထိုအရာကလေမှာ လွင့်နေ သဖြင့် မြေပေါ်ကို မကျဘဲ လေမိသော လေတံခွန်ကဲ့သို့ ကျ လိုက်၊ ထိုးတက်လိုက်ဖြစ်နေသည်။ ဖုန်နှင့် ကျောက်စရစ်မှုန့် များပါးသွားတော့မှ ထိုအရာသည် မြေပေါ်ကို တအိအိ ကျလာ ခဲ့သည်။
ပ၀ါ။ အဖြူပြောက်ကလေး ထိုးထားသော အနက်ခံပ၀ါ ပါးတစ်ထည်။ ယောက်ျားသားများ လည်ပင်းတွင် ပတ်သည့် လည်ပတ်ပ၀ါစ။ ထောင့်မှာ စာတန်းကလေးတစ်တန်းပါ သည်။ ပိုးချည်နှင့် ရေးထားသည့် ပိုးချည်ထိုးစာ ဖြစ်၏။

“ချမ်းသာ”
မအိမ်ကံက စာကိုဖတ်မိမှ ကိုပြေသိမ်းမှန်း သိတော့သည်။ အလို...။ မြင်းနှင့် ဖြတ်သွားသူက ကိုပြေသိမ်းပါလား။

“ကိုပြေသိမ်းရေ၊ ကိုပြေသိမ်းရေ”

“ကိုပြေသိမ်းရေ”

“မအိမ်ကံ၊ ဟဲ့ မအိမ်ကံ... ညည်းနှယ် နေကြီးပြူးပြူး ထွက်နေပြီအေရဲ့။ ဆွမ်းခံကိုယ်တော်တွေတောင် ပြန်ကြွကြပြီ။ ထ ထ၊ ရေချိုးလိုက်ဦး”

မအိမ်ကံနားထဲမှာ ကြားနေရသည့်အသံက ကျေးဥ၏ အသံ။ မျက်လုံးတွေကို ဖွင့်မရချင်။ ရင်ထဲမှာ မောဟိုက်လွန်း လှပါ၏။ ၀မ်းနည်းလွန်းလှသဖြင့် လက်ထဲက ပ၀ါစကို ဆုပ်စမ်းကြည့်သည်။ မရှိ။
“ပ၀ါကော၊ ပ၀ါကော၊ ကိုပြေသိမ်းပ၀ါ”

“ဘာပ၀ါလဲ မအိမ်ကံ။ ညည်းယောင်နေလို့ ငါနှိုးသာ၊ ထ ထ၊ ရေတစ်ပေါက် သောက်လိုက်ဦး။ ကြည့်စမ်းပါဦး။ ချွေးတွေများ ပြန်လို့အေ”

ကျေးဥ အသံကြားရပြန်ပြီ။ သည်တော့မှ အသိကလေး ပြန်ကပ်လာကာ မျက်လုံးတွေ ဖွင့်ကြည့်လိုက်သည်။ ကျေးဥ က ခုတင်ဘေးတွင် ရပ်လျက်ရှိ၏။ မအိမ်ကံ ဘယ်လောက်တောင် လန့်အော်လိုက်သည်မသိ။ ကျေးဥပင်ကြားရသည်ဆိုတော့ အသံကျယ်လို့ ဖြစ်လိမ့်မည်။ ဟုတ်ပါရဲ့။ မိုးကြီးစင်စင် လင်းကာမှမက်သည့် အိပ်မက်က ဝေေ၀၀ါးဝါး မဟုတ်။ ရှင်းရှင်းလင်းလင်းကြီး ဖြစ်သည်။ မအိမ်ကံ ရင်ထဲမှာ မှန်ထဲက မိန်းမနှင့် အချီအချ ပြောသည့်စကားတွေ ကြားယောင်နေမိဆဲ ဖြစ်၏။ ရေအိုးထဲကရေ အေးမြမြပင် ခံစားနေရတုန်းဖြစ်၏။ ဖုန်ခိုးတွေကကော။ အိပ်မက်နှင့် ပတ်သက်၍ မလှအုံပြောခဲ့ဖူး သည့်စကားရှိသည်။ ညဦးတစ်နှစ်ဆောင်၊ သန်းခေါင်လခွဲ၊ သန်းလွဲခုနစ်ရက်၊ မိုးသောက်မက်တစ်လကြာ မှတ်ပါအိပ်မက် အကျိုးတည်းတဲ့။

“ငါတို့တော့ ညဘက် ဘုရားရှိခိုးရင် စည်ကြီးခွက်ခွင်း နရီပတ်သာ ခရာခေါင်းလောင်းသံကြား မက်ပါရစီ။ မြင်းမိုရ် တောင်ခေါင်းအုံးမက်ပါရစီ။ သမုဒ္ဒရာသင်ဖြူးခင်း မက်ပါရစီ။ ရေအိုးထဲ နေနဲ့လတွေ့သာ မက်ပါရစီ။ နေအိမ်ဖွဲ့လအိမ်ဖွဲ့ မက်ပါရစီ ဆုတောင်းသာ။ အသက်ကလေး ရလာတော့ တချို့ အိပ်မက်က စင်းသာ မှတ်မှတ်သားသားရှိသယ်။ သွေးလေ ချောက်ချားလို့ မက်သာလည်း ရှိသာပါပဲ။ ဒါပေသိ အိပ်မက် တိုင်းသာ နိမိတ်ဖြစ်ရရင် ခက်ခက်ရချေရဲ့”

ကျေးဥဆင်းသွားတော့ အိပ်ရာက ချက်ချင်းမထသေးဘဲ မလှအုံ စကားတွေကို မအိမ်ကံ စဉ်းစားနေခဲ့မိသည်။ သမီး နှစ်ယောက်အသံ မကြားရ။ ညီအစ်မနှစ်ယောက်တွေ့ကြသခိုက် စကားတွေပြောလို့ ကုန်နိုင်ကြအံ့မထင်။ ညက သမီးမြိုင် ပြောခဲ့သည့် စကားကို သတိရမိပြန်သည်။ ကိုပြေသိမ်းဆီကို မအိမ်ကံ နာနာကြည်းကြည်း ရေးလိုက်သည့်စာ ရောက်သွားပုံ ပေါ်ပါ၏။ သည်တစ်ခါတော့ သမီးကြီးဆီပဲ ရေးပေးလိုက်ပုံ ရသည်။ ကိုပြေသိမ်း ဘယ်မှာလဲ။ သမီးပြောသလောက်တော့ ရိုးမတွေ ပေါ်မှာဟု ဆိုသည်။ ဘယ်ရိုးမတွေ ပေါ်မှာပါလိမ့်။ သူတို့ဘာတွေ လုပ်နေကြတာလဲ။ စာပဲ သင်ပေးနေရတာလား။ အစ်ကို မောင်မြတ်သာကတော့ အယူအဆ ပြဿနာတွေပေါ့ ငါ့နှမရာလို့ ပြောဖူးသည်။ ဘာအယူအဆတွေမို့ပါလိမ့်။ ကိုယ့် ကိုယ်ကို တောကြီးတောင်ကြီးတွေထဲ ရောက်အောင်၊ မိကွဲဖကွဲ လင်ကွဲမယားကွဲ ဖြစ်အောင် ဘယ်လို အယူအဆတွေကများ တွန်းပို့လိုက်ပါလိမ့်။

ကိုပြေသိမ်းကို မအိမ်ကံ မလွမ်းမဟုတ်၊ လွမ်းမိပါသည်။ သတိမရတာမဟုတ်။ နေ့စဉ်နှင့်အမျှ သတိရလှပါ၏။ ငယ်က ပေါင်းသင်းသည့် ချစ်ရသူဆိုတော့လည်း ရင်နှင့်အမျှရှိရပါ၏။ သည်ထန်းစေ့မှုတ်မျိုးတော့ ဘယ်ထန်းပင်အောက်ကောက် ကောက် ရသားဆိုသည့် လင်မျိုးမဟုတ်။ ပညာရှိသူတော် ကောင်းဖြစ်သည်။ တိုင်းချစ်၊ ပြည်ချစ်စိတ်ရှိသည်။ အေးချမ်း နူးညံ့သည်။ သို့သော် တစ်ဖက်ကလည်း မအိမ်ကံ နားမလည် နိုင်တာတွေရှိနေပြန်သည်။ ငါးစိမ်းသည်အလေး ဘယ်လောက် မှန်တယ်ပြောပြော နှစ်ချင်ရွေးတော့ လျော့တာပဲဆိုသည့် စကားလို ကိုပြေသိမ်း ကိုယ်တိုင် နှစ်ချင်ရွေးလျော့တာကိုလည်း မအိမ်ကံ နားမလည်နိုင်။ သနပ်ခါးတောင်းတစ်တောင်း လှည်းပေါ်တင် ပေးခဲ့ရာက စခဲ့သည့်မေတ္တာ။ အခုတော့ သမီး တွေပဲ အပျိုစာရင်း ပေါက်ကြပြီ။ သည်တစ်သက်တော့ ကောက်ကာငင်ကာ ပျောက်စရာ မရှိတော့လို့ ထင်ခဲ့ရာက ပျောက်ခြင်းမလှ ပျောက်ရပြန်တော့ မအိမ်ကံမှာ မတွေးတတ် နိုင်အောင်ရှိရပါ၏။
ကျေးဥ ပြန်တက်လာပြန်သည်။

“ဟဲ့ ရေချိုးတော့လေ။ မယ်မင်းကြီးမ ထမင်း စားကြ ရအောင်”

“သမီးတွေကော”

“စားပြီးကြပေါ့။ ဖိုးကူးနဲ့ ရွာထဲ လျှောက်လည်နေကြ သယ်။ အမေကြီး ပုမုန့်ပေါင်းနဲ့ အကြော်သွားစားကြဦးမလို့သဲ့”

မအိမ်ကံ ပြုံးသည်။ အမေကြီးပု မုန့်ပေါင်းနှင့် အကြော်က ဇောင်ချမ်းကုန်းမှာ နာမည်ရသည်။ ဆွေတကာ မျိုးတကာတို့ အိမ်လည်ရာပတ်ရာက ညနေစောင်းလျှင် မုန့်ပေါင်းနှင့် အကြော်ဆိုင် ၀င်ကာ စားကြဦးမတဲ့။ သွားကြပါစေလေ။ ကိုယ့်ရွာနှင့် ကိုယ်ဆိုတော့ စောင့်ရှောက်မည့် သူတွေများသည်။ သမီး နှစ်ယောက် ချောကြောင်းလှကြောင်း ရွာကို မောင်းခတ်ပြီးသား ဖြစ်တာပေါ့။

“မအိမ်ကံဖြင့် တစ်သက်လုံး ၀ိုင်းတိုက်ထဲက ခြေတစ်လှမ်း မထွက်ခဲ့ပေါင်အေ။ သူတို့ကျမှ ထွက်ကြသာ”

“သြော် သူတို့ခေတ်က တစ်မျိုးကိုးအေ့။ တို့နဲ့ မတူတော့ဘူး။ မြိုင်ကလေးပဲ ကြည့်လေ။ ငူတူတူ မဟုတ်တော့ပေါင် အေ။ သွက်လိုက် ချက်လိုက်သာမှ မြို့စကားတွေ တတ်လာ ချက်တော့”

မအိမ်ကံ ရေချိုး ထမင်းစားသည်။ ထမင်းစားပြီးတော့ မအိမ်ကံက သမီးကြီးမြိုင် ညက ပြောခဲ့သည့်စကားတွေကို ကျေးဥအား ပြန်ပြောပြခဲ့သည်။ ဖအေက လူကြုံလွှတ်ပြီး စာပေးလိုက်ကြောင်း၊ စာထဲမှာ ပါသည့် အကြောင်းအရာက အစ၊ မအိမ်ကံ စိုးရိမ်မိပုံ အဆုံး ပြောပြလိုက်ခြင်းဖြစ်သည်။ မအိမ်ကံ စိုးရိမ်တာ တစ်ချက်ပဲရှိသည်။ စာက တစ်ခါတည်း လာတာကော ဟုတ်ရဲ့လား။ သမီးကများ ထိမ်ချန်ထားတာ လား။ မောင်သက်မင်း သိတာ ရှိသလို မသိတာလည်း ရှိနိုင် သည်။ စွတ်ကယ်စွတ်ကယ် စာရေးပေးနိုင်တာမျိုး မဟုတ်ပေ သိ၊ အကြောင်းကြုံတိုင်း သမီးဆီကို စာရေးနေတာမျိုးကော မဖြစ်နိုင်ဘူးလား။

“ငါတော့ အဲသာစိတ်ပူသာ။ ဖအေက သမီးတွေကို သည်းသည်းနဲ့။ လူကြုံရှိတိုင်း စာရေးပေးနေမှာ စိုးသာ”

“သမီးနဲ့ဖအေ၊ မာကြောင်းသာကြောင်း ရေးသာ အန္တရာယ် ရှိလို့လား”

“တောတွင်းနဲ့ ဆက်သာ ဆိုတော့ အစိုးရက ဘယ်ကြည် သာပါ့မလဲ၊ ကျေးဥရယ်”

“အိုအေ ငါဖြင့် ဘာမှ နားမလည်ပေါင်။ သမီးကို ချော့မေးပေါ့အေ။ အကျိုးအကြောင်းလည်း ကလေးကို ပြောပြမှ သိမှာပေါ့”

မနက်ခင်းက ချောက်ချောက်ချားချား မက်ခဲ့သည့်ထူး ဆန်းသောအိပ်မက်ကိုလည်း ကျေးဥအား ပြောပြဖြစ်သည်။ သည်ရက်တွေထဲမှာ မလှအုံကို အိပ်မက်မက်ခဲ့သည်။ မနက် ကလည်း မိုးကြီးပြဲပြဲစင်လင်းတော့မှ ကိုပြေသိမ်းကို အိပ်မက် မက်ပြန်သည်။ တိုက်ဆိုင်တာတွေပါလို့ တွက်ချင်တွက်နိုင် သော်လည်း ထူးဆန်းတာကအိပ်မက်ထဲမှာ မအိမ်ကံနှစ် ယောက် ဖြစ်နေခြင်းပင်။ အပြင်မှာ ရပ်နေသည့် မအိမ်ကံနှင့် မှန်ပုံရိပ်ထဲက မအိမ်ကံ။ အပြင်နှင့်အတွင်းစကားတွေတောင် ပြောခဲ့ကြတာကိုလည်း နားမလည်နိုင်။ မအိမ်ကံ၏ အိပ်မက်ကို ကျေးဥက အကြားနှင့်ပင် ကြောက်လန့်နေပုံ ရ၏။

“နေပူကျက်ကျက်ကြီးထဲမှာ မအိမ်ကံ တစ်ယောက်တည်း လမ်းအတိုင်း လျှောက်သွား နေသာတဲ့။ လမ်းကလည်း ဖုန်လမ်းပါ။ သစ်ပင်သစ်ရိပ် မရှိဘူး။ အဝေးကြီးမှာ ညောင်ပင်ရိပ်တွေ့လို့ ၀မ်းသာအားရ ရောက်အောင် သွားခဲ့သယ်။ ရောက်လည်း ရောက်ပါရဲ့။ ရေအိုးစင်က ရေတစ်ပေါက်လည်းသောက်ရပါ ရဲ့။ ရေအိုးစင်က မှန်ကို ကြည့်တော့မှ”

မအိမ်ကံက အိပ်မက်ကို အသေးစိတ် ပြောပြသည်။ မအိမ်ကံ နှစ်ယောက် အချီအချ စကားပြောကြပုံ၊ မအိမ်ကံ မျက်နှာတစ်ပြင်လုံး ရစရာ မရှိအောင် ပေရေ ညစ်ပတ်နေပုံ၊ မှန်ကို ရေမှုတ်ဖြင့် ရိုက်ခွဲခဲ့ပုံ၊ မြင်းတစ်စီး ရောက်လာပုံ၊ ပ၀ါ တစ်စလွင့်ကျလာပုံ။
“ကိုပြေသိမ်းက လှည့်တောင် မကြည့်ပါဘူးအေ။ မအိမ်ကံသာ မရှောင်ရင် မြင်းနဲ့တောင် တိုက်ချသွားမလား မှတ်ရသယ်။ ရက်စက်လိုက်ပုံများ ကျေးဥရယ်။ ကိုပြေသိမ်းနဲ့ ပတ်သက်ရင် ခင်ပုပ်ငှက် ပျံနိုင်သလောက်တော့ ဘုတ်ငှက်လည်း ပျံနိုင်သယ် သဘော ထားခဲ့သာပါ။ အခုတော့ လမ်းမှာ စင်စင်ကြီး ပက်ပင်းတိုးသာတောင် တစ်ချက် လှည့်မကြည့်သာတော့ ရင်ထဲ မကောင်းလိုက်သာအေ”

“သြော် အိပ်မက်ပဲအေ။ အထအနကောက်ချင်လို့ ရပါ့ မလား မအိမ်ကံရဲ့။ လွင့်ကျလာသဲ့ ပ၀ါကြည့်ပြီး ကိုပြေသိမ်းပဲ ရယ်လို့ မှတ်ရသာကိုးအေ့။ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ ညည်းနှယ် မဟုတ်သာ ခံစား နေရသယ်လို့”

“ဟုတ်လိုက်သာမှအေ။ လူနာမသည်း လက္ခဏာသည်း။ မအိမ်ကံက ပိုသိတော့မပေါ့။ ပ၀ါမှာတောင် ချမ်းသာလို့ထိုး ထားသကော။ သည့်ထက် သေချာရဦးမလား”

“အဲသာ ပြောသာပေါ့။ ချမ်းသာဆိုမှတော့ ဆရာလေး ဟုတ်ပါတော့မလား”

“ဆရာလေးနဲ့ ချမ်းသာ အတူတူပဲအေ့”

ကျေးဥလည်း အူကြောင်ကြောင်ဖြစ်သွားရာက ငြိမ်ကျ သွားခဲ့သည်။ မအိမ်ကံကို သနားလှစွာ ငေးကြည့်နေခဲ့သည်။ ကျေးဥ ကိုယ်တိုင်က ဆင်းရဲသည် မှန်သော်လည်း ဘ၀တွင် အတက်အကျ မရှိ။ လေးမတတ်သူက နှံစုတ်ငှက်ကို ထိအောင် ပစ်နိုင်သကဲ့သို့ပင်။ မအိမ်ကံခမျာတော့ လေးအတတ်တွင် ကျွမ်းကျင်ပါလျက် စပါးပုတ် တစ်လုံးလုံး မြားချက် လွဲရသည့် အဖြစ်။ တစ်ခါတလေ ဘ၀ချင်းပင် လဲလို့ရလျှင် လဲလိုက်ချင် ပါ၏။ ကြုံသမျှ ကျသမျှ ဘ၀ လောကဓံကို သူသာခံလိုက်ချင် သည်။ မအိမ်ကံ စိတ်ဆင်းရဲနေတာကို သူပါစိတ်ဆင်းရဲသည်။ မအိမ်ကံကို စိတ်လက်ချမ်းသာ စေချင်လှပါ၏။ သည်အိမ်ကြီး မှာ ကျေးဥပင် တိုင်ပင်ဖော်၊ တိုင်ပင်ဖက်ဆိုတော့ မအိမ်ကံခမျာ ပြောစရာ ရှိတော့လည်း သူ့ကိုသာ ပြောရတာ မဟုတ်လား။ သူကိုယ်တိုင်ကလည်း ပြေရာ ပြေကြောင်းလောက်သာ ပြောနိုင် သည်။ အကျိုးနှင့် အကြောင်းနှင့် ပြောတတ်တာ မဟုတ်။

“ညည်း စိတ်စွဲနေလို့ပါ သူငယ်ချင်းရယ်။ မအိမ်မြိုင် ရောက်လာတော့ ညည်းရင်ထဲ အသစ်ဖြစ်ရလို့ပါ။ ငါကတော့ ညည်းကို မဥပဒ်စေချင်ပါဘူး။ တောခွေး ကျားမကြောက် နေခဲ့သဲ့ မိန်းမပဲဟာ”

“မဥပဒ်ပေါင်အေ။ မအိမ်ကံနေတတ်လိုက်သာမှ တစ်ခုပဲ ပူသာပါ။ မြိုင့်အတွက် ဖအေနဲ့ မအေ မိစုံဖစုံ ရှိစေချင်သာပါ။ တစ်ချက်က ပေါင်းခဲ့သဲ့ လင်သားဆိုတော့လည်း မမေ့ပျောက် နိုင်ဘူး။ ပျောက်စေဆရာ အောက်ပြည် ပြန်သာအကြောင်း မဟုတ်ပေါင်အေ။ လူနာချည်မန်းကွင်း တန်းလန်းနဲ့ ဖြစ်နေလို့ ပြောရသာပါ”

“ညည်းသမီးကို ကွမ်းတောင် ကိုင်စေချင်သာ မှုတ်လား။ ဆရာလေးက ဖွဟဲ့။ သေရွာသွားသာမှ မဟုတ်ဘဲ။ တစ်ရွာလုံး ကျွက်ကျွက် ရိုက်လို့ပါအေ။ ညည်းသမီးမှ ကွမ်းတောင် မကိုင်ရ ဘယ်သူ ကိုင်ရမှာတဲ့တုံး။ တစ်ရွာလုံးက မအိမ်ကံ သမီးတွေ ဘုန်းနဲ့သမ္ဘာ ကပ်လျက်ပါသယ်လို့တောင် ပြောနေ ကြသဲ့ဟာ။ ပူစရာ မဟုတ်သာအေ”

“ဟုတ်ကဲ့လား အေရယ်”

“ရော် ညည်းနှယ်၊ ငါ့တူမတွေပါအေ။ မဟုတ်သာပြော ပါ့မလား။ မနေ့က ငါပဲ ခွဲသွားတော့ ပဲခွဲသဲ့အိမ်မှာ မိန်းမတွေ စုပြောနေကြသာ ကြားခဲ့ပ။ ရှင်အိမ်ကံသမီး ရှင်အိမ်ကံထက် ချောသေးသတဲ့။ ဆီများလက်ကြား ယိုသလို အလှတွေ တစ်ပေါက်ပေါက် ယိုကျနေသဲ့ကလေးတွေတဲ့။ တိမ်ညွန့်စားတွေ တဲ့တော်”

ညနေစောင်းမှအိမ်လည်လွန် သမီးနှစ်ယောက် ဖိုးကူးနှင့် အတူ ပြန်ရောက်လာကြသည်။ ရွာထဲ အိမ်ပေါက်စေ့ ရောက်ခဲ့ ကြသတဲ့။ ရောက်သမျှ အိမ်တွေက ကျွေးကြ မွေးကြသတဲ့။ အမေကြီးပု မုန့်ပေါင်းဖိုမှာ အကြော်နဲ့ မုန့်စားခဲ့ကြသတဲ့။ ဖိုးကူးက မုန့်တွေ အိမ်ထုပ်ခဲ့ကြဖို့ ပြောသော်လည်း ဆိုင်မှာပဲ ဖုန်ထဲ ဖင်ချထိုင်ကာ စားကြသတဲ့။ ဒါကိုရွာက သဘောတွေ ကျကြ လွန်းလို့တဲ့။ ဖိုးကူးကတော့ ကြိုက်ပုံမရ။ မအိမ်ကံကို တိုင်နေသေးသည်။

“မမကံ သမီးတွေက ပြောမနိုင်၊ ဆိုမနိုင်လေးတွေပါဗျာ။ မေကြီးပုဆိုင်က ညစ်ပတ်လိုက်သာမှ၊ အဲသာ ပယ်ပယ်နယ်နယ် ထိုင်စားကြသာများ။ လူတွေ ထွက်ကြည့်ကြသာ အုန်းလို့”

မအိမ်ကံနှင့် ကျေးဥတို့ကတော့ တပြုံးပြုံး။ သည်လို စိတ်ရှိတာကိုပဲ ၀မ်းသာရပါ၏။ တောစိတ် ရွာစိတ်ရှိကြလို့ တော်သေးရဲ့အောက်မေ့ရသည်။
“မေကြီးပုက ၀မ်းသာလို့ဗျ။ ညည်းအမေ ရှင်အိမ်ကံ လင်သာရကရော ငါ့ဆိုင်ရှေ့ မရောက်ဖူးပေါင်အေသဲ့။ ရှင်အိမ်ကံ့ သမီးတွေကျမှ ရောက်ကြလို့ ၀မ်းသာပါ့။ လှလိုက် ကြသာများ ဥစ္စာစောင့် ညီအစ်မျလို့တဲ့”

ဖိုးကူးက ပြောနေသော်လည်း မအိမ်ကံ စိတ်က တခြား ရောက်နေခဲ့သည်။ သမီးတွေ ရွာကို လူလုံး ပြသလို ရှိခဲ့ကြပြီ။ ရွာကပဲ ချောင်းသွယ်ရေချ ကောင်းသတင်းတွေ ရေလို စီးဆင်း လာကြပါပကော။ ရွာမှာ ကြိတ်ကြိတ်ကြီး စည်ကားခဲ့သော အလှူတုန်းက ကွမ်းတောင်ကိုင် ညိုချောကို မဏ္ဍပ်အတွင်းထိ လိုက်ပို့ခဲ့တာ မအိမ်ကံ သတိရလိုက်သည်။ သည်တုန်းကကော ဘာထူးလို့လဲ။

“ကျေးဥရယ်၊ ညိုချောကို မဏ္ဍပ်အထိ လိုက်ပို့ရသာ အရသာ ရှိချက်တော့။ ညိုချောကို မအိမ်ကံ ပြင်ပေးသတဲ့ ဆိုသဲ့ နာမည်ကြီး ဟုန်းဟုန်းထခဲ့သာ ထားတော့။ ညိုချောကို လှအောင်ပြင်နိုင်ပါရဲ့။ ရွာမှာရှိဖူးသမျှ ကွမ်းတောင်ကိုင်တွေထဲမှာ အသာဆုံးဖြစ်အောင် ပြင်နိုင်ပါရဲ့ဆိုသဲ့စကားက ရွာတွေမှာ ပြောမဆုံးကြဘူး။ တစ်ခါ ကွမ်းတောင်ကိုင် မှိုင်ကရောဆိုသဲ့ စကားက တစ်ချီထ လှုပ်လိုက်သာ ရွာတုန်ကရော။ သည်ကြားထဲ မဏ္ဍပ်ထဲမှာ ရှိနေကြသဲ့ ရွှေမှုံတို့ သားအမိက တို့သားအမိကို မျက်လုံးဝင်းဝင်းကြီးတွေနဲ့ ပြူးကြည့်နေလိုက်ကြသာအေ။ ကျေးဥနှယ်၊ နဂါးသာဆို ပြာကျလောက်သယ်”

ထိုနေ့က ရွှေမှုံတို့ သားအမိကြည့်နေကြသည့် မျက်လုံးစိမ်း ကြီးတွေကို သတိရတိုင်း မအိမ်ကံ ကျေနပ်ခဲ့ရပါ၏။ မလို တမာကြည့်ကြသည့်မျက်လုံးများ၊ အမုန်းအာဃာနှင့် ကြည့် ကြသည့်မျက်လုံးများ၊ ရန်လိုခြင်း၊ ငြူစူခြင်း၊ အမျက်ကြီးခြင်း တို့ဖြင့် ရှိန်ရှိန်ထသေ မျက်လုံးများ ဆိုပေသိ ထိုမျက်လုံး များ၏ နောက်ကွယ်က မတုပနိုင်ခြင်း၊ အရှုံးပေးခြင်း၊ လက်လှမ်းမမီခြင်း၊ ခေါင်းငုံ့ခံရခြင်း၊ ချိုးနှိမ်ခံရခြင်းစသော သိမ်ငယ်ခြင်း ပေါင်းစုံ ယှက်သန်း နေတာကို မအိမ်ကံ ဖျတ်ခနဲ မိလိုက်သည်။ တောဆင်ရိုင်းကို ကျုံးသွင်းသလို သွင်းနိုင်ခဲ့ လေခြင်း။ မြွေဆိုးကို ပခြုပ်ထဲ ထည့်သလို ထည့်နိုင်ခဲ့လေခြင်း။ ဒါကိုပင် မအိမ်ကံ ကျေနပ်ခဲ့ခြင်း ဖြစ်သည်။

ကျေးဥကတော့ အရိပ်နှင့်ပြိုင်ကာ တစ်ယောက်တည်း ကြက်ဖခွပ် နေပါပကောဆိုသည့် မျက်လုံးများဖြင့်သာ မအိမ်ကံ ကို ငေးကြည့်နေခဲ့သည်။ ညည်းတစ်ယောက်တည်း ပြိုင်ပြီး ညည်းတစ်ယောက်တည်း မောနေတာမျိုးပါလား ဆိုသည့် မျက်ဝန်းများဖြင့် ကျေးဇူးရှင် သူငယ်ချင်းမအပေါ် ကရုဏာ သက်မိရုံက လွဲ၍ တခြား ဘာမှမပြောသာ။ အခုလည်း အမေ ကြီးပု ပြောလိုက်သည့် စကားအပေါ် ခမျာဝမ်းသာရှာတော့လည်း ပြီးတာပါပဲလေလို့သာ သဘောထားခဲ့ပါ၏။
ထိုညက မအိမ်ကံ မဆိုစဖူး သီချင်းကလေး တအေးအေး ညည်းနေခဲ့သေးသည်။

ပဲသိမ်းချိန် လှည်းမအားသည့်ကြားက သမီးမြိုင်ရောက် တုန်းရောက်သခိုက် အနောက်တန်းရွာတွေဘက် တစ်ညအိပ် ပြေးလိုက်သေးသည်။ မိဘများ မရှိကာမှ ဆွေမျိုးချင်းစိမ်းရက် လေခြင်း အထင်ခံရမှာ စိုးတာလည်း ပါပါသည်။ သမီးနှစ်ယောက် လှည်းပေါ်တင်ကာ ကျေးဥပါခေါ်၍ လာခဲ့ခြင်းဖြစ်၏။ အိမ်ကြီးမှာ ကိုဖိုးငွေတို့ သားအဖ မြေးအဘိုးတစ်တွေ ကျန်ရစ် ခဲ့ကြသည်။ ထုံးစံအတိုင်း လူပျိုသိုးကြီး ဖိုးကူးက လှည်းမောင်း။ မအိမ်ကံက ဖိုးကူးကို ထနောင်းတိုင်သူ ခင်သီနှင့် နေရာချထားပေးဖို့ တီးခေါက် ကြည့်ခဲ့ဖူးပါ၏။ ကောက်ညှင်း ကမစေး ဆန်ကြမ်းက စေးကာ ဖိုးကူး ငြင်းခဲ့လေသည်။ သူ့ အကြောင်းပြချက်ကတော့ ဇောင်ချမ်းကုန်းနှင့် မမကံတို့ မိသားစုကို မခွဲနိုင်ဟု ဆိုပါ၏။ ခင်သီကလည်း ဇောင်ချမ်းကုန်း မပါနိုင်လေတော့ အခက်သား။

“မမကံကလည်း မမကံတောင် ထနောင်းတိုင်သား ဆရာလေးကို ရွာပါအောင် ခေါ်လာနိုင်သေးသာ။ ကျုပ်ကျမှ ရွာက ပဲ့ရမယ်လို့ မဟုတ်လား”

သည်လိုဆိုတော့လည်း ကိုပြေသိမ်းကို အောက်မေ့ရပြန် ပါ၏။ ခမျာ မအိမ်ကံကို ချစ်ရှာလွန်းလို့ ရွာကျောင်းဆရာ အဖြစ် ဇောင်ချမ်းကုန်းကို ပြောင်းရွေ့ လာခဲ့ရှာသာပဲ။ အခုတော့ ဘယ်လို ပယောဂများ မအိမ်ကံတို့ သားအမိတစ်တွေကို ပစ်ထားရက်ခဲ့တာပါလိမ့်။ တစ်နေ့တော့ သူပြန်လာမှာပါလေ။ မအိမ်ကံမှာ စိတ်ကို ဖြေရင်း တစ်ရက်ပြီးတစ်ရက်၊ တစ်လ ပြီးတစ်လ ကျော်လွှားခဲ့ရတာ နှစ်တောင် ကျူးပါပေါ့လား ကိုပြေသိမ်းရယ်။ မအိမ်ကံက အသည်းမာသူ ပီပီ သမီးနှစ်ယောက် ရှေ့မှာ ဖအေ အကြောင်းတစ်ခွန်း မဟနေခဲ့ရသည်။ သမီးတွေက လည်း အကင်းအညှာ ရှိကြသူ တွေမို့ မအေစိတ် ဆင်းရဲစေမည့် စကား မဆိုခဲ့ကြရှာပါ။ ညီအစ်မချင်းတော့ ဖအေ့ အကြောင်း ပြောဖြစ်ကြလိမ့်မည်။ ဖအေချစ်တွေကိုး။

အနောက်တန်း ရွာတွေ ရောက်တော့ ဆွေမျိုးတွေက သားအမိတစ်တွေကို ဖူးဖူး မှုတ်ထားကြသည်။ အိမ်ပေါက်စေ့ မျက်နှာပြရောက်ရတာကပင် ချွေးပေါက်ပေါက် ကျယူရပါ၏။ မြိုင်နှင့် ခိုင်တို့ညီအစ်မကို ငယ်ငယ်က မြင်ဖူးကြသူတို့ အံ့သြ ကြသည်။ အရွယ်ကြီး ဖားဖားရှိလာတာကတ စ်ကြောင်း၊ ရုပ်အဆင်း လှပတင့်တယ်တာက တစ်ကြောင်းဆိုတော့ ဆွေရွာ မျိုးရွာမှာလည်း မျက်နှာပြ လှကြလေ၏။

တိုက်တိုင်ဆိုင်ဆိုင်ပင် ထိုရွာမှာ အမေ ပန်းရုံဘက်က မိဆိုင်နတ်ကွန်း ရှိနေသဖြင့် မအိမ်ကံတို့ သားအမိတွေနှင့် ကျေးဥ တို့က ရွာခံ ဆွေမျိုးအချို့နှင့် အတူ နတ်ကွန်းကို သွားရောက် ပသ ခဲ့ကြသည်။ နတ်ကွန်းကို မအိမ်ကံတို့ တစ်ခါ ရောက်စဉ်က ခပ်ငယ်ငယ် ဆိုသော်လည်း သည်တစ်ခေါက် ရောက်တော့ ဆယ်ပေနှစ်ခန်း နတ်စင်ကြီးဖြစ်နေလေပြီ။ မိဆိုင်နတ်ဆိုတော့ မအိမ်ကံက နတ်ကတော်ကို ငွေတော်ဆက်သည်။ နတ်ကတော်က အမေပန်းရုံကို သိသော်လည်း သူကြီးကတော် ဖြစ်သွားကတည်းက ကောင်းကောင်း မဆုံဖြစ်ကြတော့ဟု ဆိုသည်။ “ပန်းရုံသမီးဆိုလို့ ဆုတွေပေးလိုက်ရမဦး” ဆိုကာ ဆုတွေ ပေးတာ မဆုံးနိုင်တော့။ နတ်ကတော်ကြီးက အသက်ကြီး လှရှာပြီ။ ပါးရေနားရေများပင် တွန့်နေပြီ။ အသံက အက်ကွဲကွဲ၊ ရှတတ။ ခေါင်းမှာ သပြေခက်ကလေး ထိုးထားပြီး နံ့သာဖြူ ရေကျဲကလေး ပွတ်ထားတာ သင်းလို့။ သွားတွေ မရှိတော့ စကားပြောတိုင်း ရှဲရှဲ ရှဲရှဲ မြည်နေတတ်သည်။ နတ်ပူးနေတာတော့ မဟုတ်။ တတွတ်တွတ် ပြောနေခြင်းသာ ဖြစ်သည်။

“အချောတွေပါလားဟဲ့။ ညည်းတို့ အမျိုးထဲက ကွမ်းတောင်ကိုင် ထွက်ဦးမှာပါအေ။ နတ်ဝင်သည် စကား လွဲခဲလှပေါ့။ ညည်းတို့ အိမ်မှာ ခွေးနက်၊ ဒါမှမဟုတ် ကြက်နက်၊ ဒါမှမဟုတ် ငှက်နက်၊ မဟုတ်ရင်လည်း ကြောင်နက် အင်းတစ်ကောင်ကောင် ရှိနေသယ်အေ့၊ ငါမြင်ရသယ် ရှိသလား ဟဲ့”

“မရှိပါဘူး အမေကြီး”

“ရှိပါ့အေ။ ညည်းတို့ကို ကြည့်နေသာ၊ ညည်းတို့နောက်ကို တကောက်ကောက် လိုက်နေသာ။ အတိုက်အခိုက်များ သဟဲ့။ အိမ်မှာသည်က ပြန်ရင် ပွဲထိုးစမ်း၊ အိမ်တွင်း အဖေကြီးထိုး ဆုတောင်း၊ သွားသူကတော့ ပြန်မလာတော့ဘူး”

မအိမ်ကံက နတ်ဝင်သည် အမေကြီး ပြောသမျှ ခေါင်းငုံ့ နားထောင်နေရသည်။ တချို့စကားတွေက တိမ်ဝင်သွားသဖြင့် မကြားတစ်ချက် ကြားတစ်ချက်။
“လုပ်စရာရှိသာ အမေကြီးသုန်ပဲ ကုန်စင်အောင် လုပ်ပေးပါ။ လူငယ်တွေပဲ ရှိကြတာပါ၊ လူကြီးတွေ မရှိကြတော့ ဘူး အမေကြီးရဲ့”

ရွာခံကြီးတော် ၀မ်းကွဲက တောင်းပန်နေခြင်းဖြစ်သည်။
“ကောင်းပါပြီလေ၊ သည်နေ့သည် ရက်ကစလို့ မိဆိုင် ဖဆိုင်နတ်များက စောင့်ရှောက်ကြပါပြီ၊ လာမယ့်ဘေးဝေးပါ စီ၊ တိုက်မယ့် ခလုတ် မြုပ်ပါစီ၊ ကျမယ့် အန္တရာယ်ကွယ်ပါစီ”

မအိမ်ကံတို့ပြန်တော့ သပြေတစ်ခက် ပေးလိုက်သည်။ မအိမ်ကံကို ပန်ခိုင်းသဖြင့် မအိမ်ကံလည်း ယုံယုံကြည်ကြည် ပန်ရပါ၏။ နတ်ကွန်းကထွက်တော့ ညနေစောင်းခဲ့ပြီ။ ထိုညက ရွာမှာ ဆီထမင်း ထိုးကြသည်။ စားတော်ပဲ၊ ကြက်သွန်ဆီ မွှေးအိအိနှင့် စားလို့ ကောင်းလှသည်။ သမီးတွေ အိပ်သော်လည်း မအိမ်ကံနှင့် ရွာဆွေ ရွာမျိုးတွေ မအိပ်နိုင်။ မအိမ်ကံက လာမည့်နှစ်မှာ သမီးတွေကို ရန်ကုန် ပို့မှာ ဖြစ်ကြောင်း၊ အစ်ကိုမောင်မြတ်သာနှင့် မမစိမ်းမြတို့က စောင့် ရှောက်ကြမှာ ဖြစ်ကြောင်း၊ သမီးတွေ ပညာစုံလို့ ရွာပြန်လာ ကြလျှင်တော့ မအိမ်ကံ အလုပ်တွေ နားကာ အေးအေးလူလူ နေတော့မှာ ဖြစ်ကြောင်း၊ ကျေးဥတို့ သားအမိ သားအဖတစ်တွေ အားကိုးရကြောင်းတွေ ပြောပြနေခဲ့သည်။ ကိုပြေသိမ်း အကြောင်းကိုတော့ ဆွေမျိုးတွေကလည်း မမေးဝံ့ကြသလို မအိမ်ကံကလည်း တစ်ခွန်း မဟခဲ့ပါ။

ဥာဥ့်နက်လို့ အိပ်ကြတော့ သမီးနှစ်ယောက်နှင့် အတူ မအိမ်ကံရော ကျေးဥပါ အပြင်တွင် ပြားအိပ်ကြသည်။ ဖိုးကူးက တစ်နေရာ။ တစ်ရွာလုံး အိပ်မောကျသည်အထိ မအိမ်ကံနိုး နေဆဲဖြစ်၏။ မအိမ်ကံက နတ်ကတော် အမေကြီးသုန်ကို သတိရ နေသည်။ သွားလေသူပြန်မလာတော့ဘူးဆိုတာ ဘာကို ပြောချင်တာပါလိမ့်။ ကိုပြေသိမ်းကို ပြောတာများလား။ အို မဟုတ်နိုင်ပါဘူး။ ကိုပြေသိမ်း တစ်ရက် ပြန်ကိုပြန်လာမှာ မအိမ်ကံ ယုံကြည်သည်။ ညည်းတို့ အမျိုးထဲက ကွမ်းတောင်ကိုင် ထွက်ဦးမှာပါအေတဲ့။ ဒါကတော့ သမီးကြီးမြိုင်ပဲ ဖြစ်ရလိမ့်မည်။ ညရိပ်မည်းမည်း သရက်ပင်အိုကြီးပေါ်မှာ ငှက်မည်းကြီး တစ်ကောင် ရှိနေတာကိုတော့ မအိမ်ကံ မမြင်ဘဲ ရှိလေသည်။ ရွာကလေး၏ ညသည် ဂီးခနဲ အော်လိုက်သော ငှက်တစ်ကောင်၏ အာခြစ်သံကြီး တစ်ချက် ပေါ်လာခဲ့ပြီး ပြန်လည်ငြိမ်သက် သွားပြန်လေ၏။ မအိမ်ကံပင် ကြက်သီးတွေ ထသွားခဲ့သည်။

နောက်တစ်နေ့ မနက်စာစားပြီး ဇောင်ချမ်းကုန်းကို အပြန် လှည်းပေါ်မှာ မအိမ်ကံက ထိုအကြောင်းကို သတိတရပြောပြ ဖြစ်ခဲ့သည်။
“ကျေးဥရယ် ညက ညည်းတို့လည်း အိပ်ကြပြီ၊ မအိမ်ကံဖြင့် အိပ်မပျော်နိုင်သေးဘူး၊ စိတ်တွေက ဟိုရောက်သည် ရောက်နဲ့။ ငှက်ကြီး တစ်ကောင်အေ သရက်ပင် ပေါ်ကနေ ဂီးခနဲ အော်လိုက်သာ လိပ်ပြာစင်ရော့ မှတ်သယ်။ မအိမ်ကံတို့ ၀ိုင်း တိုက်ထဲက ငှက်ကြီးနေမှာပဲ”

ကျေးဥက ရယ်သည်။ သမီးတွေကလည်း မအေ့စကား ကို ပြုံးကြသည်။ ဘယ့်နှယ့် အနောက်တန်း ရွာတွေဘက် ဇောင်ချမ်းကုန်းက ငှက်က လိုက်လာပါ့မလဲ။
“တို့ဝိုင်းထဲ ငါလည်းနေလာသာ ကြာပါပြီအေရယ်၊ ငှက် ဆိုးမရှိဘူး။ ညဘက် ထွက်သဲ့ ငှက်တွေပါအေ၊ အသံဆိုးလို့ ငှက်ဆိုးဖြစ်ရရှာသာပါ။ ငှက်က ဆိုးသယ် ကောင်းသယ် မရှိလောက်ပါဘူးအေ”

“ညည်းသာမတွေ့နေ ငါဖြင့် ငှက်ရှောင်နေရသာချည်းပဲ”

“ဘာငှက်တုံး”

“သိပါ့မလားအေ့၊ ငှက်မည်းမည်းကြီးရယ်။ ကိုပြေသိမ်းတောင် တွေ့ဖူးသယ်”

ကျေးဥလည်း နှုတ်ဆိတ် သွားခဲ့သည်။ သည်စဉ်မှာပင် သမီးငယ်ခိုင်က မထင်မှတ်သော စကားကို ဆိုပါ၏။ မအိမ်ကံ မကြားဖူးသည့် စကားပင်။ သမီး စကားကြောင့် မအိမ်ကံ သမီးကိုပင် လှည့်ကြည့်လိုက်မိသည်။
“သမီးတွေ့ဖူးသယ်အမေ၊ တစ်ရက် သမီးဝိုင်းထဲက ပဲစင်းငုံခင်းထဲ ကစားနေတုန်း ငှက်ကြီးက ဆပ်သွားဖူးရုံထဲက ထွက်လာသာ၊ ငှက်က အကြီးကြီး ကျေးကျေးရဲ့”

မအိမ်ကံက နတ်ကတော် အမေကြီး ပြောခဲ့သည့် ငှက်နက် ဆိုတာ သည်ငှက်ကြီးကို ပြောတာများလား တွေးမိခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် သည်ခရီးကို မအိမ်ကံ ပျော်ပါသည်။ သမီး နှစ်ယောက်နှင့် နေရတုန်း နေရသခိုက် သည်လိုသာ သွားနေချင် တော့သည်။ သမီးတွေ အခြေတကျ လူတစ်လုံး သူတစ်လုံး ဖြစ်ကြပြီ ဆိုလျှင်တော့ မအိမ်ကံ လူမောစိတ်မောတွေ ဖြေချင် လှတာလည်း အမှန်ပင်ဖြစ်၏။ လှည်းပေါ်မှာ ငြိမ်သက်လျက်။ တအီအီနှင့်ပင် လှည်း သည်လည်း ဇောင်ချမ်းကုန်း ရွာရိပ်ကို ၀င်လေပြီ။

ဘာလိုလိုနှင့် ကျောင်းတွေပြန်ဖွင့်တော့မည်။ သမီးကြီး မြိုင်ရောက်လာကတည်းက အ၀တ်အစားဟောင်းတွေကိုထုတ် ပြီး လျှော်ဖွပ်၊ သံမီးပူတိုက် လုပ်ခဲ့သော်လည်း အ၀တ်အစား လတ်လတ်လောလောတွေက ကြိမ်သေတ္တာထဲမှာသည်အတိုင်း ရှိနေကြသည်။ သမီးအ၀တ်အစားတွေ ထုတ်ပြီး နေပြရန်ပြင် ရပြီ။ ကြိမ်သေတ္တာနှစ်လုံးစလုံး ပြောင်စင်အောင် သုတ်ပြီး နေပြသည်။ ကျောင်းစာအုပ်တွေက အိတ်ကြီးတစ်လုံး။ ကိုး တန်းစာအုပ်တွေ အကုန် ပြန်သယ်ခဲ့ခြင်းဖြစ်၏။ သမီးကြီးပင် ဆယ်တန်း ကျောင်းသူကြီးဖြစ်တော့မှာပါလား။ သည်နှစ်ဆယ် တန်းအောင်သည်နှင့် ရန်ကုန် တက္ကသိုလ် ပို့ရတော့မည်။ မြင်းခြံ မှာနေရမည့် တစ်နှစ်စာ အတွင်းတော့ ရွာနှင့် ကူးချည်သန်းချည် ရှိရဦးမည်။ ကွမ်းတောင်ကိုင်ရန် အလှူပွဲရှိလျှင် ရွာပြန်။ အလှူ ပြီးတော့ မြို့ပြန်။

မအိမ်ကံနားထဲမှာ အလှူသံတွေကြားနေရသည်။ ဒိုးသံ ရှိုးသံတွေညံညံစီစီ။ ရွာပေါင်းစုံကလူတွေ တကျိတ်ကျိတ်။ အလှူထမင်း အလှူဟင်းနံ့တွေ တလှိုင်လှိုင်။ ဖက်စိမ်းကွမ်းတောင်မှာ ငှက်ပျောဖက်စိမ်းဖက်ဝါတွေ လက်ခုပ်လက်ယှက် ထိုးထားတာဆိုတော့ ဒေါင်းစိမ်းရောင်ချိတ်နှင့် ပိတောက်ရောင် ချိတ်နှစ်ထည် ၀ယ်ရမည်။ ကတ္တီပါပုံတော် ဖိနပ်စိမ်း၊ ဖိနပ်ဝါ ၀ယ်ရမည်။ ပြောင်ခေါင်းစိမ်း ဘယက်တစ်ကုံး၊ ပယင်း ဘယက်တစ်ကုံးနှင့် ဆိုလျှင် အ၀တ်အစားနှင့် လိုက်ဖက်မည်။

မအိမ်ကံ တွေးရင်းက စာအုပ်ထုပ်ကို သွန်ချလိုက်သည်။ ကတိုက်ကရိုက် သိမ်းလာရဟန် တူပါ၏။ စာအုပ်တွေ ထိုးသိပ် ထည့်လာခြင်း ဖြစ်သည်။ တူရာတူရာ ထပ်သည်။ အင်္ဂလိပ်စာ အုပ်တွေ သတ်သတ်စီသည်။ သည်အထဲက စာအုပ်သေးသေး ကလေး ထွက်ကျလာခဲ့၏။ စာအုပ်ကလေးက အနီရောင် ကလေးဖြစ်၍ အထဲမှာ ဓာတ်ပုံကလေးတွေ ကပ်ထားသည်။ ဓာတ်ပုံကလေးတွေက သေးသေးကလေးတွေ။ အချို့ဓာတ်ပုံ တွေက ကော်တောင်ကွာကျနေပြီ။ ဖျောခနဲထွက်ကျလာလို့ အသာပြန်ညှပ်ရပါ၏။ ဘာပုံတွေပါလိမ့်။ ဘယ်သူ့ ဓာတ်ပုံတွေ လိမ့်။ မိန်းကလေး ပုံတွေချည်း ဖြစ်သည်။ သမီးနှင့် ရွယ်တူ ကလေးတွေဆိုတော့ အတန်းဖော်တွေ ဖြစ်လိမ့်မည်။

မအိမ်ကံ စာအုပ်ကိုပြန်ဖွင့်သည်။ တစ်မျက်နှာချင်း လိုက်ဖတ်သည်။

မြိုင်
တို့တစ်တွေ ကျောင်းတော်မှာ ဆုံရတဲ့အခိုက် ချစ်ခင် ကြသလို ကျောင်းက ထွက်ကြလို့ ဝေးရတော့လည်း မမေ့ကြေးနော်။
မမြသန်း
အေးကျင်းရပ်။

မြိုင်ရေ
မြိုင်က စာလည်းတော်တယ်၊ ရုပ်လည်းလှတယ်၊ ဆုတောင်း ကောင်းလိုက်တာ၊ ခင်မင်ရတာ ၀မ်းသာပါတယ် သူငယ်ချင်း။
ခင်မူထား
ကွေ့ကြီးရပ်။

သူငယ်ချင်း မအိမ်မြိုင်
ဘ၀ခရီးလမ်းမှာ သာယာဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ပါစေ။
စိန်စိန်
ကန်ဦးရပ်။

မအိမ်ကံက တစ်ရွက်ချင်း ဖတ်ကြည့်ရင်း ပြုံးသည်။ သည်ခေတ်ကလေးတွေက သည်လို ရေးကြတာပါလားဆိုတာကို တွေးမိတော့ စိတ်ချမ်းသာရသည်။ သူငယ်ချင်းတွေ အချင်း ချင်းရေးကြတာ ဖြစ်မည်။ သမီးမှာ ခေတ်ပညာတတ်သူငယ် ချင်းမတွေ အများကြီးပါပဲလား။ ပထမဆုံးစာမျက်နှာမှာ သမီး ကြီးက“မအိမ်မြိုင်၏ အော်တိုစာအုပ်” လို့ ရေးထားသဖြင့် သည်စာအုပ်ကို အော်တို စာအုပ်ခေါ်မှန်း သိလိုက်ပြီ။ စာမျက်နှာ ထောင့်တွေမှာ ဓာတ်ပုံကလေးတွေ ပါသူက ပါပြီး မပါသူက မပါ။ မအိမ်ကံ မပျင်းမရိ ထိုင်ဖတ်နေမိပါ၏။

မြိုင်တို့ရွာ ဇောင်ချမ်းကုန်းကို တို့သူငယ်ချင်းတွေ အားလုံး အလည်လိုက်ခဲ့မယ်။ ဘာကျွေးမှာလဲ။ မြိုင်တို့မှာ ထန်းတော တွေရှိတယ်ဆို၊ ထန်းရည်နဲ့ ပဲလှော်ဆိုရင်တော်ပါပြီဟာ...။
မောင်မောင်ညွှန့်၊ သိန်းမင်း၊ သံဒိုင်၊ ပေါက်ကြီး၊ ဗျစ်ထူ။

ဒါကတော့ ယောက်ျားလေးသူငယ်ချင်းတွေ ဖြစ်လိမ့်မည်။ ကိုယ်တော်တွေ အလည်လိုက်ခဲ့မယ်ဆိုပြီး မလိုက်လာခဲ့ ကြပါလား။ လာရင်တော့ ကျွေးရချေသေး။ သမီးကိုမြို့ ကျောင်းထားရတာ သည်တစ်ခုတော့ ၀မ်းသာသည်။ သူငယ်ချင်းတွေ ရှိလာသလို လူရေးလူရာ ၀င်လာတာ အမှန်ပင်။ ငယ် ငယ်ကလို ငေးငေးငေါင်ငေါင်မဟုတ်တော့။ သွက်သွက်လက် လက်ရှိလာတာ မအိမ်ကံမြင်နေရပြီ။ ကျေးဥကတောင် “မြိုင် ကလေး သွက်လာသယ်နော်”လို့ ဆိုခဲ့သည်။ တစ်မျက်နှာလှန်လိုက်သည်။

မြိုင်
ကျောင်းရက်ရှည်ပိတ်တော့ ရည်ရှည်ရှည်ဝေးရတာ ပေါ့။ ကျောင်းဖွင့်ရင် မြန်မြန်ပြန်လာခဲ့နော်။ လွမ်းရတယ်။
သက်ဦးဝေ
ပြောင်းပြာရပ်။

အလို။ ဘယ်နှယ့်ပါလိမ့်။ သက်ဦးဝေဆိုတာ ယောက်ျား လေးလား၊ မိန်းကလေးလား။ မြန်မြန်ပြန်လာခဲ့နော်၊ လွမ်းရ တယ် ဆိုတာကကော ရိုးရိုးသားသား ဟုတ်ရဲ့လား။

သက်ဦးဝေ။ မအိမ်ကံ စာရွက်တွေကို ဆက်မလှန်နိုင်တော့။ သက်ဦးဝေဆိုမှတော့ မိန်းကလေးပဲ ထင်ပါရဲ့။ မိန်းကလေး သူငယ်ချင်းချင်း လွမ်းတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။ သည်စာအုပ်တွေကို မအိမ်ကံ ရှင်းရခြင်းမှာ သပ်သပ် ရပ်ရပ် သိမ်းဆည်း ထုပ်ပိုးချင်တာ ပါသလို ကိုပြေသိမ်းနှင့် သမီးတို့ အဆက်အသွယ် ရှိကြရော့လား သိချင်တာလည်း ပါပါ၏။ သမီးက တစ်ခါတည်းပါ ဆိုသော်လည်း မအိမ်ကံ ရင်ထဲမှာ စနိုးစနောင့်ဖြစ်နေရသည်။ ဖအေက သမီးဆီကို အကြောင်း သင့်တိုင်း စာပို့နေကျ ဖြစ်နိုင်သလို ရသမျှ စာတွေကို သမီးက သိမ်းထားချင်လည်း သိမ်းထားနိုင်သည်။ မအေ မသိအောင် လျှို့ဝှက်ဆက်သွယ်နေတာမျိုးလည်းဖြစ်နိုင်သည်။ ဒါကို မအိမ်ကံ တွေးမိကတည်းက သမီး ပါလာသော အထုပ်တွေကို ရှင်းချင်နေခဲ့သည်။ အခုတော့ ဖအေ့ဆီက စာကိုမတွေ့။ အော်တို စာအုပ်ဆိုတာကိုသာ တွေ့ရသည်။

“ကျေးဥရယ် ဆန်ခိုးမမိ ဖွဲခိုးမိရယ်လို့ ပြောရအောင် ကလည်း ပြောမဖြစ်ပြန်ဘူး။ ကိုပြေသိမ်းကများ သူ့သမီးဆီ အဆက်အသွယ်လုပ်နေလေသလား တွေးမိလို့ မအိမ်ကံစိတ်ထဲ ရှင်းသွားအောင်ရှာသာပါ။ မတွေ့ပေါင်အေ။ ဖအေကတစ်ခါ တည်းဆက်သွယ်သယ်ဆိုသာ ဟုတ်လောက်ပါရဲ့။ ဒါပေသိ အော်တိုစာအုပ်ဆိုသာတွေ့တော့ မအိမ်ကံဖြင့် ခေါင်းကြီးသွား ရသယ်။ ညည်းတူမ ရည်းစားများရှိရော့လားအေ”

ကျေးဥကို ကမန်းကတန်းခေါ်ကာ မအိမ်ကံခံစားရသမျှ ပြောပြခဲ့သည်။ ကျေးဥကလည်း မဖြေရှင်းတတ်ပါ။ အော်တို စာအုပ်ဆိုတာတောင် ဘာမှန်းမသိ။ ခေတ်ကာလ ကလေးတွေ ဆိုတော့ မဝေဖန် တတ်တာလည်း ပါပါ၏။ မြို့ကျောင်းနေသူ ရုပ်ရည်ချောမောသည့် မိန်းကလေးတစ်ယောက် အဖို့ရာ သည် အရွယ်သည် အသက်ချစ်သူ ရည်းစားထားချင်လည်း ထားနိုင်သည်။ သို့သော် ရည်းစားစာမိတာမျိုး မဟုတ်တော့လည်း ပြောရခက်သားပင်။
“ငါတော့ သက်ဦးဝေဆိုသာ မိန်းကလေး ထင်ပါရဲ့ အေ၊ မိန်းကလေး နာမည် ဘယ်ယောက်ျားက မှည့်မှာတုံး။ ကိုသက်မင်းတို့လည်း ရှိသားဥစ္စာ၊ မေးစမ်းများကြည့်ပါဦး အေ”

မအိမ်ကံ ချက်ချင်း မမေးဖြစ်ပါ။ စကားကျွံမှာ စိုးသည်။ ဆင်အိပ်ရာ ဆိတ်နှိုးဖြစ်မှာလည်းစိုးရသည်။ မအိမ်မြိုင်ကို တစ်အိမ်လုံးက ကလေးလိုမြင်ကြသော်လည်း ဆယ့်ရှစ်နှစ်ရှိပြီ။ မအိမ်ကံတုန်းက အသက် နှစ်ဆယ်ကျော်ကျော်မှာ အိမ်ထောင် ကျခဲ့တာ မဟုတ်လား။ သမီးကြီး အဖို့ရာ ဆယ့်ရှစ်နှစ်ဆိုတာ ပန်းတစ်ပွင့်နှင့် နှိုင်းလျှင် အပွင့်လှသည့်အရွယ်ပင်။ မိနီးဖနီး မဟုတ်တော့လည်း စိတ်ကစားချင်တာလည်း ဖြစ်နိုင်သည်။ မျက်စိအောက် ရောက်နေသည့် သမီးကို ကြည့်ပြန်တော့လည်း မှုန်မှုန်ဆန်ဆန် မရှိ။ ပကတိရိုးသားဖြူစင်စွာ နေသည်။ ထိုင်သည်။ ပြောသည်။ ဆိုသည်။ ကလေးဆန်လို့ပင် အချစ်ပိုရ သေးသည်။ ဝေခွဲရခက်လှသည်။

တစ်ရက်တော့ မြိုင် ရေချိုးခါနီး မအိမ်ကံက ကောက်ကာငင်ကာ မေးလိုက်သည်။
“သမီး အထုပ်အပိုးတွေ အမေ ရှင်းလိုက်သယ်။ သမီးလည်း မြင်းခြံပြန်ဖို့ရက် နီးလာလို့ ရှင်းလိုက်သာ။ သမီးအော်တို စာအုပ်ဆိုသာ တွေ့လို့ အမေ ဖတ်ကြည့်သေးသယ်၊ သူငယ်ချင်း တွေက ချစ်ကြရှာသားပဲ၊ တစ်ယောက်ကဆိုရင် ကျောင်းတွေ ပိတ်ရင် လွမ်းရမှာဆိုလား”

“သူငယ်ချင်းတွေပါ အမေရယ်၊ အမေ ဘာတွေ လျှောက် ဖတ်တာလဲ၊ မဖတ်ရဘူး အမေရဲ့။ သူတစ်ပါး ကိစ္စဆိုရင် ခွင့်မပြုရင် ကိုင်မကြည့်ရဘူး၊ မမေးရဘူး”

“အလိုတော် ငါမအေပါဟဲ့၊ သမီး ကိစ္စဆိုသာ သူတစ်ပါး ကိစ္စလား။ မအေက သမီးကိုခွင့်တောင်းရမှာလား။ မိဘဆိုသာ မိုးဝေးပေမယ့် ထီးမဝေးရဘူးအေရဲ့။ ညည်းတို့ ပညာတတ်ကာ မှ ပညာသင်ပေးသဲ့မိဘကို ပညာနည်းရန်ကောလို့ ပြောချင်ပြီ လား၊ ညည်းလည်း ညည်းအဖေလို”

“ဟဲ့ ဟဲ့ မအိမ်ကံ၊ ညည်းကလည်းအေ၊ သွား သွား မြိုင်၊ ရေမိုးချိုးချေ”

ကျေးဥ တက်လာပြီး မအိမ်မြိုင်ကို ရေချိုး ဆင်းခိုင်းလို့သာ စကားပြတ်ခဲ့ရသည်။ နောက်ထပ် ဘယ်လောက်တောင် စကား လုံးတွေ တောက်လောင်ခဲ့လေမလဲဆိုတာ မအိမ်ကံ မသိနိုင်။ မအိမ်ကံ အိမ်ပေါ်က ဆင်းလာခဲ့သည်။ ပဲမှော်စင်လေးက ထန်း ကုလားထိုင် နှစ်လုံးထဲက တစ်လုံးမှာ သွားထိုင်သည်။ မိုးချုပ်ရာက မှောင်၊ မှောင်ရာမှ သန်းခေါင်ချဉ်းခါနီးအထိ ထိုင်နေခဲ့ခြင်းဖြစ်၏။

ညသည် တိတ်ဆိတ်လျက်ရှိ၏။ လကွေးကွေးကလေး သာရှိသဖြင့် မှောင်လွန်းသည်လို့ မဆိုနိုင်သော်လည်း အလင်း မရှိတော့။ ကျေးဥသည်လည်းကောင်း၊ မအိမ်မြိုင်သည်လည်း ကောင်း ငြိမ်ချက်သား ကောင်းနေကြသလို မအိမ်ကံကလည်း တစ်ယောက်တည်း ထိုင်နေခဲ့ခြင်းဖြစ်၏။ သည်အသက်၊ သည်အရွယ်အထိ သမီးကိုစိတ်အနာတရ၊ ကိုယ်အနာတရ မဖြစ်စေခဲ့။ မအိမ်ကံ သမီးကိုမြို့ကျောင်းပို့ထားကာမှ ရည်းစား နှင့် ရှုပ်နေသတဲ့ဆိုသည့်စကား ရွာကိုအပါမခံနိုင်။ ရိုးပုံရိုးပါးနဲ့ ဗျိုင်းမမှန်လို့ ခြေမ စိမ်းတာပေါ့ဆိုသည့် စကား အရောက်မခံ နိုင်။ သည်သမီးနှစ်ယောက်ကို မအိမ်ကံမှာ ပိုးမွေးသလိုမွေးခဲ့ ရသည်။ ချည်ဝင်အူပေါက် အစမပျောက်အောင် ထိန်းခဲ့ရသည်။

“အမေ”

ထန်းကုလားထိုင်တစ်လုံးပေါ်မှာ မအိမ်မြိုင် လာထိုင်တော့ မှ မအိမ်ကံ အတွေးပြတ်တော့သည်။ ကျေးဥက မတ်တတ်။ ခိုင်ကလေးက နောက်က။ ကျေးဥက အနားကတုံးတစ်တုံး ဆွဲထိုင်သည်။

“ကလေးကို စွပ်စွပ်စွဲစွဲ ပြောတော့ စိတ်မကောင်းဖြစ်နေရှာ သယ်။ တစ်ညနေလုံး ငိုနေလို့ ငါလည်း တတ်နိုင်သမျှ ဖျောင်းဖျနေသာပါအေ”

မအိမ်ကံက သမီးကြီး လက်ကလေးကို လှမ်းကိုင်လိုက် သည်။ သွန်ကျလာသော မျက်ရည်တွေက မအိမ်မြိုင့် လက်ဖမိုး အစုံပေါ် တပေါက်ပေါက်ကျလျက်ရှိ၏။ မအိမ်မြိုင်က ထိုင်နေသည့် ကုလားထိုင်မှထကာ မအေ့ခြေထောက်နား ဒူးထောက် ချလိုက်သည်။ သားအမိနှစ်ယောက် ဖက်ထားကြတာကို ကြည့်ရင်း ကျေးဥ မျက်ရည်ကျရပါ၏။ ခိုင်ကလေးလည်း ငိုလို့။ စိတ်ကြီးသော သူတို့ အမေအကြောင်း သူတို့ အသိဆုံး မဟုတ်လား။ မအိမ်ကံက မြိုင့်ပါးကလေးတွေကို ဖျစ်သည်။ ဆံစတွေကို ပွတ်သပ်ပေးသည်။

“သမီး စိတ်မကောင်းဖြစ်သွားသလား။ အမေက မစွပ် စွဲပါဘူး သမီးရယ်။ အမေလည်း မှားပါသယ်လေ။ အမေ စိတ်ပူသွားသာလည်း ပါမှာပေါ့။ သမီးပညာသင်ဖို့ နှစ်ကာလတွေ အများကြီး ကျန်သေးတယ်။ ညည်းဖအေ မရှိပေမယ့် သူဖြစ်စေချင်သာ အမေဖြစ်အောင် လုပ်ပါ့မယ်လို့ ကတိပေး ထားသယ်။ အမေနဲ့သမီးတို့ နောက်ထပ် နေရလှ ရက်ပိုင်းပေါ့။ ပြီးရင် သမီးကလည်း မြင်းခြံသွားမယ်။ ညီမလေးကလည်း ရန်ကုန်သွားမယ် မဟုတ်လား။ သမီးတို့ ပညာရေးအတွက် ရန်ကုန်က ဘကြီးမြတ်သာဆီမှာ နောက်ထပ် လေးငါးနှစ် သွားနေကြရဦးမယ်။ အမေ့အတွက် ရက်မရှိပါဘူး သမီးရယ်။ အမေဟာ သစ်ကိုင်း နှစ်ကိုင်းနဲ့ သစ်ပင် လုပ်နေရသူပါ။ ဓမ္မ သတ် မသင်ခဲ့ရပေမယ့် တရား မစောင်းခဲ့သူပါ သမီးရယ်”

“အမေရယ်၊ အမေနားမလည်လေခြင်းလို့ သမီး ပြောချင်သာ မဟုတ်ရပါဘူး။ အမေ သမီးကို မယုံသင်္ကာ ဖြစ်နေသာကို သမီး ပြောတတ် သလို ပြောမိသာပါ။ သမီးကို အမေ ယုံပါနော်။ သမီးမှာ...”

“ယုံပါတယ် သမီးရယ်။ အမေ့ကို စိတ်ဆိုး နေရင်လည်း ပြေပါတော့။ အမေ့မှာ ဆေးလည်းမူး ထုံးလည်းပေါက် အဖြစ် မျိုးဖြစ်ရမှာ ကြောက်လွန်း လှသယ်ကွယ်။ ကျေးဥရေ သမီးကို ခေါ်သွားတော့။ အေးလာပြီ”

“ညည်းလည်း ထတော့လေ မအိမ်ကံရဲ့”

“အေးပါအေ။ ခဏကလေး ထိုင်ချင်သေးလို့ပါ။ လာပါ့ မယ်”

ကျေးဥနှင့် သမီးတွေ ထသွားကြသည်။ မအိမ်ကံ မထနိုင်သေး။ ညသည်ပြန်လည် တိတ်ဆိတ် သွားပြန်လေ၏။ လကွေးကွေးကို မအိမ်ကံ မော့ကြည့် နေမိခဲ့သည်။ ထိုစဉ်မှာပင် ထူးဆန်းသော အဖြစ်ကို ရုတ်ခနဲ မြင်လိုက်ရသဖြင့် မအိမ်ကံမှာ အံ့သြ ထိတ်လန့်စွာ ပါးစပ် အဟောင်းသား ပွင့်သွားရလေ၏။
(ဆက်လက်ဖော်ပြပါမည်)

လေးစားစွာဖြင့်
ရီနိုမာန်

No comments: