အောင်မြင်ခြင်း - ရှုံးနိမ့်ခြင်း
ဒီကြားမှာ ကျွန်တော် နေခဲ့ရဖူးတယ်။
အချစ် - အမုန်း
ဒီကြားထဲမှာ ကျွန်တော် ကျေနပ်ခဲ့ရဖူးတယ်
ပျော်ရွှင်ခြင်း - စိတ်ပျက်ခြင်း
ဒီကြားထဲမှာ ကျွန်တော်ဟာ ခဏခဏ...။
ရယ်မောခြင်း - ငိုယိုခြင်း
ဒီကြားမှာ ကျွန်တော်ဟာ မက်မက်မောမော နဲ့.........။
ပြိုင်ဆိုင်ခြင်း - သည်းခံခြင်း
ဒီကြားမှာ ပြိုင်ဆိုင်မှုတွေနဲ့ ကျွန်တော်ဟာ သည်းခံခဲ့ရတယ်။
အသက်ရှင်ခြင်း - သေဆုံးခြင်း
ဒီကြားမတိုင်မှီ ကျွန်တော်ဟာ ရှင်သန်ခဲ့ရဖူးတယ်။
အခုတော့ ဒီကြားမှာ ရပ်ပြီး သေဆုံးခြင်းကို ထိုင်စောင့်နေရပြီ။
လေးစားစွာဖြင့်
ရီနိုမာန်
July 5, 2011
July 3, 2011
ဘဝရဲ့ တစ်နေရာမှာ ရှိခဲ့ဖူးသည်
လောကမှာ အမှတ်တရ ဖြစ်စေတဲ့ အကြောင်းအရာတွေ အများကြီးရှိကြ၏။ အမှတ်တရ အများကြီးထဲမှ ကျနော့်အတွက် မှတ်မှတ်ရရ ဖြစ်စေခဲ့သော ကျောင်းဆရာဘဝလေးကိုလည်း မေ့ထားလို့မရနိုင် ဖြစ်ရပြန်ပါသည်။ စာသင်နှစ် တစ်နှစ်ဟုဆိုပင်မဲ့ စာသင်ကာလ ၉လလောက်ဟာ ကျနော်ဘဝရဲ့ မေ့မရတဲ့ အမှတ်တရများလို့ ဆိုလျှင်လဲ မှားနိုင်မည် မဟုတ်ပါ။ တစ်ကြိမ်တစ်ခါသာ ပြုလုပ်ခဲ့ဖူးတဲ့ ကျောင်းဆရာအလုပ်မှ ရယူလိုက်မိတဲ့ ဆရာတစ်ယောက်ရဲ့ ခံစားချက်ကိုလည်း ယခုအချိန်တွင် ပြန်လည်ခံစားပီတိ ဖြစ်ရပါသည်။ ကျွန်တော် စိတ်နှင့်ကျနော်သာဆိုလျှင် ယခုအချိန်တွင် ကျောင်းဆရာဘဝဖြင့် အရိုးထုတ်နေမိမှာ အမှန်ပါ။ သို့သော် မိဘဆန္ဒကို မဆန့်ကျင်လိုသောကြောင့် စာသင်နှစ်တစ်နှစ်အပြီးမှာ ကျနော်ကျောင်းဆရာ အလုပ်မှ အလုပ်ထွက်ခဲ့လိုက်သည်။
ယခုအချိန်မှာ ကျောင်းဆရာအလုပ်နဲ့ အနေဝေးခဲ့ပင်မဲ့ ထိုအချိန် ထိုကာလက အမှတ်တရ အရိပ်လေးတွေက ကျနော့် ရင်ထဲမှာ ယခုအချိန်ထိ ရှင်သန်နေမြဲဖြစ်သည်။ အမှတ်ရစေသော အကြောင်းအရာများထဲမှ ပထမဆုံး အမှတ်၇နေသည့် အချက်မှာ ကျနော်တာဝန်ကျသော မူလတန်းကျောင်းသည် ရပ်ရွာမှ ကိုယ်ထူးကိုယ်ထ ကျောင်းလေးဖြစ်သည်။ ထိုမူလတန်းကျောင်းတွင် ကျောင်းအုပ်လည်း ကျနော်၊ စာပြဆရာလည်း ကျနော်၊ အားကစားဆရာလည်း ကျနော်၊ နောက်ဆုံး သန့်ရှင်းရေး အလုပ်သမားလည်း ကျနော်သာ ဖြစ်သည်။ တစ်ကျောင်းလုံးတွင် ဆရာဆို၍ ကျနော်တစ်ယောက်တည်းသာ ရှိသည်။ မဆီမဆိုင် ကျနော်လေးတန်းကျောင်းသားဘဝက အဖြစ်အပျက်လေး တစ်ခုကို သွာသတိရမိသည်။ ကျနော်တို့ လေးတန်းနှစ်က အစိုးရစစ် ဖြစ်သည်။ အစိုးရစစ်မတိုင်မှီ ပထမအစမ်းနှင့် ဒုတိယအစမ်း ဆိုပြီး စာမေးပွဲဖြေကြရသည်။ ကျနော်တို့ အခန်းမှာ ကျောင်းသား၊ကျောင်းသူပေါင်း ၇၀ကျော် ရှိသည်။ ပထမအစမ်း စာမေးပွဲ၌ တစ်ခန်းလုံးတွင် ဘာသာစုံအောင်မှတ်ဖြင့် အောင်သောသူ ကျောင်းသားတစ်ဦးသာ ရှိခဲ့သည်။ ထိုသူမှာ အခြားသူမဟုတ်ချေ။ ကျနော်သာ ဖြစ်သည်။ ယခုလည်း တစ်ကျောင်းလုံးတွင် ဆရာဆို၍ ကျနော်တစ်ဦး သာရှိသည်။
တစ်ကျောင်းလုံး ကျောင်းသူ ကျောင်းသား အရေအတွက်မှာ ၂၀ပင် မပြည့်ချင်ပါ။ စ ကျောင်းအပ်လက်ခံတုန်းကတော့ ကျောင်းသား အရေအတွက် ၂၀ကျော်ရှိခဲ့သည်။ တကယ့်တကယ်ကျောင်းလာတက်တော့ ၁၈ယောက်မျှသာ လာတက်ကြသည်။ ကျနော့်အတွက် ကံကောင်းသည်မှာ အတန်းကြီးဖြစ်တဲ့ လေးတန်းကျောင်းသား သုံးယောက် ရှိနေခြင်းပင်ဖြစ်သည်။ ကျနော်ရဲ့ စာသင်ချိန်တစ်ချို့နှင့် အားကစားချိန်များမှာ ထိုလေးတန်းကျောင်းသားများ ရှိနေခြင်းကြောင့် ကျနော် အနားရ ရသည်။ စာသင်နှစ်အစတွင်တော့ ကျနော်ကိုယ်တိုင် ကျောင်းဆရာဖြစ်ရသလို၊ ကျောင်းသားတစ်ဖြစ်လည်း ဘာသာစကားကို လေ့လာရပြန်ပါသည်။ ကျနော်တာဝန်ကျသော ဒေသသည် ပအို့ဝ်ဒေသ ဖြစ်သောကြောင့် တစ်ချို့သော ကျောင်းသားလေးများမှာ မြန်မာလို ပြော၍နားမလည်သော အခါမျိုးတွင် သူတို့ ဘာသာစကားဖြင့် ရှင်းပြမှသာ နားလည်ကြတော့သည်။ ဒါကြောင့်လည်း ကျနော့်မှာ ကျောင်းဆရာတစ်ဖြစ်လည်း သူတို့ဘာသာစကားကို သင်ယူလေ့လာရပြန်ပါသည်။
စာသင်နှစ်လယ်လောက်မှာတော့ ကလေးတွေနှင့်ကျနော် အပေးအယူမျှလာ ကြပါသည်။ ကျနော်ပြောချင်တာကို သူတို့လေးတွေ နားလည်လာကြသလို၊ နားမလည်သော မြန်မာစာတစ်ချို့ကိုလည်း ပအို့ဝ်ဘာသာ စကားဖြင့် ပြန်လည်ရှင်းပြ နိုင်ခဲ့သည့်အထိ အဆင်ပြေလာခဲ့သည်။ သူတို့လေးတွေနဲ့ ကျနော် အဆင်ပြေနေတဲ့ အချိန်မှာ အဆင်မပြေဖြစ်နေကြသည်က ကျနော်၏ မိဘများ ပင်ဖြစ်ကြတော့သည်။ ဘာကြောင့်လည်းဆိုတော့ အမေနဲ့အဖေသည် ကျနော်ကို ပြန်ခေါ်နေသောကြောင့် ဖြစ်သည်။ ကျနော်ဒီကျောင်းဆရာ အလုပ်ကို စိတ်ဝင်စားသွားမည်ကို ကျနော့်၏အမေသည် အလွန်မှ စိုးရိမ်ပူပန်နေ၏။ ထိုနောက်မှာတော့ အမေနဲ့ ကျနော် အလဲအလှယ်တစ်ခုကို သားသမီးနှင့် မိဘနှစ်ဦး သဘောတူ ဆုံးဖြတ်လိုက်ပါတော့သည်။
စာသင်နှစ်တစ်နှစ်ရဲ့ နောက်ဆုံးကာလဖြစ်တဲ့ စာမေးပွဲကြီး ပြီဆုံးသွားချိန်မှာတော့ မိဘနှင့် သားသမီးကြားထားရှိတဲ့ ဂတိအတိုင်း ကျောင်းဆရာအလုပ်မှ ကျနော်အပြီးအပိုင်း စွန့်လွှတ်လိုက်ပါတော့သည်။ နောက်နှစ်တွင် ဒီကျောင်းကို ပြန်လာမှာပဲလို့ မျှော်လင့်နေကြမဲ့ ကလေးတွေ အတွက်တော့ ကျနော်ဝမ်းနည်းခံစားခဲ့ရပါသည်။ ကျနော့်၏ ကျောင်းဆရာအလုပ်သည် တရားဝင်အစိုးဝန်ထမ်း မဟုတ်သေးတာကြောင့် လွယ်လွယ်နှင့်ပင် ထွက်လိုရပါသည်။ နောက်နှစ်ဒီရွာလေးကို ကျနော်ပြန်လာနိုင်မှာ မဟုတ်တော့ဘူးဆိုတဲ့ အကြောင်း ရွာလူကြီးကိုပြောပြတော့ ကျနော်ကို ဘာမှ ပြန်မပြောပဲ စိမ့်စိမ့်ကြီးကြည့်နေသော ရွာလူကြီး၏အကြည့်ကို ကျနော် နားလည်လိုရပါသည်။ မြို့နှင့် အလှမ်းဝေးလှတဲ့ ဒီရွာလေးမှာ အစိုးရမှခန့်တဲ့ ဆရာတစ်ယောက်ရဖို့ နေနေ၊ ကျနော်တို့လို့ ဆွဲခန့် ဆရာတစ်ယောက်ရဖို့တောင် မလွယ်ကူပါ။ ဒါကြောင့်မို့ထင်ပါသည်။ ကျနော်ပြန်မလာနိုင်တော့ဘူးလို့ ပြောတော့ စိတ်မကောင်းခြင်းများစွာဖြင့် ကျနော်ကိုကြည့်နေသော အကြည့်ကို နားလည်လို့ရနိုင်ပင်မဲ့ တဖက်မှာ ရှိနေတဲ့ မိဘများကိုတော့ ကျနော်ကြောင့် စိတ်မဆင်းရဲစေချင်ပါ။ ဒါကြောင့်လည်း ကျနော့်စိတ်ကို ပိုင်ပိုင်နိုင်နိုင်ပဲ ဆုံးဖြတ်လိုက်ပါသည်။
သံယောဇဉ်ဖြစ်နေကြပြီးဖြစ်တဲ့ ကျနော့် တပည့်လေးတွေအပေါ်မှာတော့ ကျနော် မရက်စက်ချင်ပါ။ ဒါကြောင့်လည်း နောက်စာသင်နှစ်မှာ ကျနော်ပြန်မလာတော့ဘူး ဆိုတဲ့ အကြောင်းကို ကလေးတွေ မသိအောင်လို့ ရွာလူကြီးများကို မပြောရန် ကျနော်ကပဲ တောင်းပန်ထားလိုက်သည်။ ဒီလိုနဲ့ ကျနော်ပြန်မဲ့ မနက်မှာတော့ ရွာမှ လူကြီးတစ်ချို့နှင့် ကျနော့်တပည့် ၁၈ယောက်စလုံး ကျနော့်ကို ရထားဘူတာရုံလေးသို့ လိုက်ပို့ပေးကြသည်။ ရထားလာရန် နာရီဝက်လောက်လိုသေးတာကြောင့် ကလေးတွေနဲ့ စကားလက်ဆုံကြရင်း စာကြိုးစားဖို့၊ လိမ္မာဖို့၊ လူကြီးမိဘများကို ရိုသေဖို့ မြန်မာလိုတစ်မျိုး ပအိုဝ့်လို တစ်မျိုးနဲ့ ကျနော် ရှင်းပြနေတုန်းမှာ......
" .... ကဲ ....ကဲ... ကလေးတို့ ရထားလာတော့မယ်။ မင်းတို့ ဆရာလေးကို ထိုင်ပြီး ကန်တော့လိုက်ကြအုံး "
ကျနော် ဟန့်တားချိန်မရလိုက်။ ကလေးများ အားလုံး ကျနော်ရှေ့သို့ရောက်လာကြသည်။ ဒီအခြေအနေကို ကျနော် လက်မခံချင်ပါ။ ကလေးတွေအပေါ် ကျနော်ရက်စက်ရာ ကျနေမည်ဟု ထင်မိသည်။ တဆက်တည်းမှာပဲ "ငါက သူတို့လေးတွေရဲ့ ဆရာဖြစ်ခဲ့ဖူးတာပဲ။ ဆရာဆိုတဲ့ နာမနဲ့ အညီ ငါခံယူထိုက်ပါတယ်။" ဘယ်လိုအတွေးကြောင့်မှန်း ကျနော်မပြောတက်။ ၇င်ထဲမှာ အလိုလိုစို့တက်လာခဲ့သည်။ မျက်ဝန်းအိမ်မှာလည်း ပြည့်လျှံလာတဲ့ မျက်ရည်တွေ။ ဒါ ဆရာတစ်ယောက်ရဲ့ ပီတိ မျက်ရည်တွေလား။ ရင်ထဲမှာ စိတ်မကောင်းခြင်းများစွာဖြင့် ကျနော်ရထားပေါ်တက်လာခဲ့သည်။
ရထားထွက်ခါးနီးကျောင်းသား တစ်ဦးရဲ့ အော်ပြောလိုက်တဲ့ အသံကိုကြားလိုက်ရတဲ့ အချိန်မှာတော့ ကျနော်ရဲ့ မျက်ဝန်းအိမ်ထဲမှ မျက်ရည်များဟာ ဒုတိယအကြိမ် ပြည့်လျှံလို့ သွားပါတော့သည်။
" ဆရာ...ဆရာ့ကို သားတို့ နောက်နှစ် မျှော်နေမယ်နော်...." တဲ့။

June 19, 2011
ဝဋ် ဆိုတာ လည်တက်ပါတယ်
ဒီနေ့မနက် နယ်မှာရှိတဲ့ အမေနဲ့ ဖုန်းပြောဖြစ်တယ်။ အမေနဲ့ ပြောဖြစ်တဲ့ အကြောင်းအရာကြောင့် လွန်ခဲ့တဲ့ ကျောင်းတုန်းက သူငယ်ချင်း လင်းလင်း ကိုသွားသတိရ မိတယ်။ ကျွန်တော်တို့ ၆တန်းနှစ်တုန်းက ကျွန်တော်တို့ကျောင်းကို ကျောင်းသူအသစ် ရောက်လာတယ်။ သူမ နာမည်က လင်းလဲ့ထွန်း။ ကိုယ်လုံကိုယ်ထည် ကပိန်ပိန်ပါးပါး။ မျက်နှာမှာလဲ မျက်မှန်နဲ့။ ဆံပင်ကလည်း ယောက်ျားကေ။ ကျွန်တော်တို့ အားလုံးကတော့ သူမကို လင်းလင်းလို့ပဲ ခေါ်ကြတယ်။
သူမရဲ့ပုံစံကို ကြည့်လိုက်ရင်တော့ ယောက်ျားလေးတစ်ယောက်ရဲ့ ပုံစံအတိုင်းပဲ။ သူမကိုယ်သူမလည်း သမီးလို့မသုံးပဲ ကျွန်တော် ၊ ကျွန်တော်လို့သာ သုံးတက်တယ်။ ယောက်ျားလေး သူငယ်ချင်းဖြစ်တဲ့ ကျွန်တော်တို့ကိုလည်း မင်းနဲ့ ငါနဲ့ ပဲပြောနေကျ။ သူမကို လင်းလင်းလို့ ခေါ်မှ ကြိုက်တက်တာကလည်း သူမရဲ့ အကျင့်ပဲ။ သူမပေါင်းတဲ့ သူငယ်ချင်းတွေ အားလုံးကလည်း ယောက်ျားလေး သူငယ်ချင်းတွေကြီးပဲ။ ရှင်းရှင်းလင်းလင်းပြောရရင်တော့ သူမဟာ ယောက်ျားစိတ်ပေါက်နေတဲ့ ယောက်ျားရှာ လေးပေါ့။
ကျွန်တော်တို့ ကျောင်းက တောင်စောင်းလေးမှာ တည်ဆောက်ထားတယ်။ ကျောင်းပင်မဆောင်ကလည်း တောင်စောင်ရဲ့ အပေါ်ပိုင်းမှာ တည်ရှိတယ်။ ကျောင်းပင်မဆောင်က ဆင်းလိုက်ရင် တန်စီကွင်းတစ်ခုရှိတယ်။ အဲဒီကွင်းရဲ့အောက်ပိုင်းမှာတော့ ကျောင်းဘောလုံးကွင်း တစ်ခုရှိတယ်။ ဆရာ၊ ဆရာမတွေ နားနေဆောင်က ကြည့်ရင် အောက်ဖက်မှာ ရှိတဲ့ ဘောလုံကွင်းကို ကောင်းကောင်းမြင်နေရတယ်။
တစ်နေ့ အတန်းအားတဲ့ အချိန်မှာ သူငယ်ချင်းတွေ ဘောလုံးကန်ဖို့ ကျောင်းဘောလုံးကွင်းထဲသွားကြတော့ လင်းလင်းလည်း ကျွန်တော်တို့နဲ့အတူ ကွင်းအနားထိလိုက်လာတယ်။ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာလည်း လင်းလင်းကို ကျွန်တော်တို့နဲ့ပေါင်းလို့ ကျွန်တော်တို့ သူငယ်ချင်းသာ ဖြစ်ပင်မဲ့ သူမကို မိန်းကလေးတစ်ယောက်လိုပဲ မြင်နေမိတာပေါ့။ ဒါကြောင့်လည်း လင်းလင်းကို ဘောလုံကန်ဖို့အထိတော့ ကျွန်တော်တို့ မဖိတ်ခေါ်ခဲ့ပါဘူး။ ဒါနဲ့ ကျွန်တော်တို့ ဘောလုံစ ကစားကြတယ်။
ဘယ်လောက်မှ မကြာလိုက်ဘူး။ တောင်စောင်းအပေါ်မှာ ရှိတဲ့ ဆရာ ဆရာမများ နားနေဆောင်မှ ကျွန်တော်တို့ (၆) တန်းအတန်းပိုင်း ဆရာမ ပြေးဆင်းလာတာကို တွေ့လိုက်၇တယ်။ ကျွန်တော်တို့ အားလုံးလည်း ဘာများဖြစ်လို့လဲပေါ့။ ကစားနေတာကို ခဏရပ်လိုက်တယ်။ ဆရာမက ကျွန်တော်ရှေ့ တည့်တည့်ကို လာနေတာ သေချာနေတာကိုး။ ခဏနေတော့ ဘောလုံကွင်းထဲရောက်လာပြီး ကျောင်းသားတစ်ယောက် အနားအရောက်မှာတော့....
ဟဲ့..... မိန်းမလီပေါက်မ .... အခုချက်ချင်း ထမိန်ကို ဆွဲချစမ်း... ဘယ့်နှယ်ဟယ် မိန်းကလေးတန်မဲ့ ယောက်ျားလေးတွေထဲ ဝင်ပြီး ဘောလုံး ဝင်ကန်စရာလား။ သွား သွား အခုအတန်းထဲသွား....
ဆိုပြီး ဆရာမပြောတော့မှ သေချာသတိထားကြည့်လိုက်တော့ ဘယ်သူများလဲ မှတ်ပါတယ်။ ကျွန်တော်တို့ သူငယ်ချင်း လင်းလင်းပေါ့။ ထမိန်ကို ယောက်ျားလေး ကဒေါင်ကျိုက် သလိုမျိုးလုပ်ပြီး ဘယ်အချိန်ထဲက ကွင်းထဲ ရောက်လာမှန်းတောင် ကျနော်တို့လည်း သတိမထားလိုက်မိကြဘူး။ ဆရာမရောက်လာမှပဲ ကျွန်တော်တို့လည်း သိလိုက်ရတော့တယ်။ အဲနောက်ပိုင်းတော့ လင်းလင်းရဲ့ နာမည်လည်း တစ်ခါတည်း ပြောင်းလဲသွားပါတော့တယ်။
မိန်းမလီပေါက်.... တဲ့။
ဒီနေ့မနက် အမေနဲ့ဖုန်းပြောဖြစ်တော့လည်း အကြောင်းအရာခပ်ဆင်ဆင်လေး တူနေတာကြောင့် တစ်ချိန်တုန်းက ခင်ခဲ့ကြတဲ့ သူငယ်ချင်း လင်းလင်း ခေါ် (မိန်းမလီပေါက် ) ကို သွားသတိရလိုက် မိသေးတယ်။ သူမနဲ့ ကျွန်တ်ာတို့လည်း စာသင်နှစ် တစ်နှစ်လောက်ပဲ အတူနေခဲ့ရတယ်။ သူမအဖေ တာဝန်နဲ့ နယ်ပြောင်းသွားတော့ နောက်ပိုင်း အဆက်အသွယ် ပျက်သွားခဲ့ကြတာ ခုချိန်ထိပဲ ဆိုပါတော့။
အမေဆီက ကြားလိုက်တဲ့ အကြောင်းကျပြန်တော့ တစ်မျိုး။
... သားရေ နင်ညီမ အသည်းကွဲနေတယ်... တဲ့။
ဘုရား .. ဘာများဖြစ်လို့လဲပေါ့။ ကျနော်ညီမဆိုပင်မဲ့ အရင်းတော့ မဟုတ်ဘူး။ ဝမ်းကွဲညီမ။ အသက်ကို ကြည့်ပြန်တော့လည်း ၁၈ ၊ ၁၉ ဆိုတော့ ရည်းစာ ပူမိနေတာပဲ ဖြစ်မှာပေါ့လို့ ကျွန်တော်က ကိုယ့်ဟာကို တွေးနေမိတာ။ အမေက ဆက်ပြောတယ်။
..... ဟိုကောင်မက ဘာလုပ်သွားတယ် မသိပါဘူး သားရယ်။ နင်ညီမ မအိပ်နိုင် မစားနိုင်နဲ့ ဖြစ်နေတာ သုံးရက်လောက်ရှိနေပြီ။
ကြာကြာချင်း ကျွန်တော်ကြောင်သွားတယ်။ ဟိုကောင်မက လို့လည်း အမေပြောသေးတယ်။ ကျွန်တော်ညီမကလည်း မိန်းကလေး။ ဟာ ... ဘာတွေလဲပေါ့။ မရှင်းလို့ အမေ့ကို သေသေချာချာ ထပ်မေးမှ ပဲ ကျနော် သဘောပေါက်ရတော့တယ်။ အမှန်က ကျွန်တော် ညီမက ခုနက ကျွန်တော်သူငယ်ချင်း လင်းလင်း လိုမျိုး ယောက်ျားရှာ။ ဟိုကောင်မ ဆိုတာက ကျွန်တော်ညီမ ကို ဇာတ်လမ်းလုပ်သွားတဲ့ သူ။
ယောက်ျား အချင်းချင်း တွေသာ ချစ်ကြ ကြိုက်ကြတာမြင်ဖူး တွေ့ဖူးခဲ့တာပါ။မိန်းမအချင်းချင်း ချစ်ကြတယ်ဆိုတာကို ကြာဖူးပင်မဲ့ မမြင်ဖူးခဲ့တဲ့ ကျွန်တော် ကိုယ့်အမျိုးထဲမှာ ဒါမျိုး ရှိနေပါ့လားဆိုတဲ့ အတွေးကြောင့် ငိုအားထပ် ရယ်ချင်နေမိတဲ့ စိတ်ကသာ ပိုနေမိပါတော့တယ်။
လေးစားစွာဖြင့်
ရီနိုမာန်
စာဖတ်သူများအား ( မိန်းမလီပေါက် ) ဆိုတဲ့ စကားအတွက် ရိုင်းစိုင်းသွားခဲ့ပါက ဒီနေရာလေးကနေ လေးစားစွာ တောင်းပန်လိုက်ရပါတယ်။

June 14, 2011
သူတို့ အကြိုက်
လဲရင်ပြန်ထ ဒါဘဝပဲ လို့ လက်ကိုင်ထားတက်တဲ့ ကျနော့်ညီလေး တစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။ ကျနော့်ညီလေးနဲ့ ကျနော်ခင်မင်လာခဲ့ကြတာ သူဘလောဂ့်စရေးတဲ့နှစ် ၂၀၀၈ ခုနှစ်လောက်ကပေါ့။ ညီလေးနဲ့ ကျနော်ဆုံဖြစ်ကြတော့ ကျနော်သူ့ကိုမေးဖြစ်တယ်။ ညီလေးက ကဗျာရေးတာ ပိုအားသန်တယ်နော်။ ဘာဖြစ်လို့လည်း ဆိုတာပြောပြပါလားလို့ ကျနော်မေးမိလိုက်တယ်။ ညီ ဘလောဂ့်ရေးဖြစ်ရတဲ့ အကြာင်းအရင်းကတော့ တစ်ခြားမဟုတ်ပါဘူးတဲ့။ ရင်ထဲက ခံစားချက်တွေ ပြင်းထန်လွန်းလို့ ရေးဖြစ်သွားတာပါတဲ့။
တစ်ဖြည်းဖြည်း ကျနော်နဲ့သူ ခင်မင်လာကြရာကနေ ကျနော်အကြောင်းတွေ သူ့ကိုပြောပြဖြစ်သလို ညီလေး တစ်ယောက်လိုဖြစ်လာတဲ့ သူ့ကိုလည်း သူ့အကြောင်းနဲ့ သူ့အကြိုက်လေးတွေကို မေးဖြစ်လာခဲ့တယ်။
တစ်နေ့မနက် ကျနော်အလုပ်အားတဲ့ ရက်မှာ သူ့ဆီဖုန်းဆက်ပြီး မနက်စာ ထွက်စားကြတယ်။ သိတဲ့ အတိုင်းပဲပေါ့။ မနက်စာ ဆိုတော့လည်း လဖ္ဘက်ရည်ဆိုင်ပဲပေါ့။
ညီ... စားချင်တာစား... ကိုယ်ကျွေးမယ် ဆိုတော့ ကျနော်အကြိုက်ဆုံး မြန်မာအစားအစာပဲ စားမယ်ဗျာတဲ့.....။ ကျနော်ကတော့ အစားအသောက်သိပ်ရွေးတဲ့ ကောင်မဟုတ်တဲ့ အတွက် အဆင်ပြေရာ မှာစားလိုက်တယ်။ ကျနော့်ညီလေးကတော့ သူ့သိပ်ကြိုက်တဲ့ ဗမာ အစာအစား ဖြစ်တဲ့ ပဲပြုတ် နဲ့ ထမင်းကြော်မှာစားခဲ့တယ်။
မနက်စာ စားပြီးတော့ စိတ်ကူးတစ်ခုရတာနဲ့ သူ့နဲ့ကျနော် ဈေးဝယ်ထွက်ခဲ့ကြပြန်တယ်။ ရေမွှေးဆိုင်ထဲမှာ တစ်မျိုးပြီးတစ်မျိုးရွေးနေတဲ့ ကျနော့်ကို ကြည့်ပြီး သူတစ်ချက်ပြုံးလိုက်တယ်။ မနေနိုင်မထိုင်နိုင် ကျနော်က ညီ ဘာပြုံးတာလဲလို့ ကျနော်ကမေးတော့ .... ဘာမှမဟုတ်ပါဘူး အကိုရာ ရွေးနေတဲ့ အစ်ကို့ကို ကြည့်ပြီး ရယ်ချင်လို့ပါ။ ဘာလည်း မင်းက ရေမွှေးမသုံးဘူးလား.... လို့ ကျနော်ပြန်အမေးမှာတော့..... ကျနော်ရဲ့ ပင်ကိုယ်အနံ့ ကိုကမွှေးနေတာ .... ရေမွှေးမသုံးပါဗျာ... တဲ့။ ကောင်းရောပေါ့.......။
Fancyဆိုင်ရှေ့ရောက်တော့ ဘာမပြောညာမပြောနဲ့ ဆိုင်ထဲဝင်သွားပါတော့တယ်။ နာရီကောင်တာရှေ့မှာ စိတ်ဝင်တစားနဲ့ကြည့်နေတဲ့ ညီလေးကို ဘာလဲဆိုတဲ့ အကြည့်နဲ့ ကျနော်က သူ့ကိုကြည့်လိုက်တော့ .... ကျနော်အကြိုက်ဆုံးက နာရီပဲ တဲ့။ နာရီဆို အရူးအမူးပါပဲ တဲ့လေ။
ကျနော့်ဆီလာတိုင် Reebok ဖိနပ်ကို စီးစီးလာတဲ့ သူ့ကို ကျနော်သတိထားမိတယ်။ ဒါလည်း သူ့ ကြိုက်တဲ့ အရာတွေထဲက တစ်ခုပဲဖြစ်မှာသေချာတယ်။ ဒီလိုနဲ့ ကျနော် စင်ကာပူလာခါနီးမှာ ကျနော့်ကို လက်ဆောင်တစ်ခုလာပေးသွားတယ်။ အစ်ကို ဘာကြိုက်လဲတော့ ညီလည်း မသိဘူး။ ဒါပင်မဲ့ ညီ ခရီးသွားရင်း အမြဲမပါမဖြစ် အမြဲယူသွားတက်တဲ့ အကျင့်အတိုင်း အစ်ကို့ကို ဒိုင်ယာရီ စာအုပ်လေးပဲ လက်ဆောင်ပေးလိုက်တော့မယ်။
ညီ မင်းကောင်မလေးနဲ့ အကို့ကို မိတ်ဆက်ပေးအုံးလေကွာ။
..... ဖြည်းဖြည်းပေါ့ အကိုရာ.....။
ကျနော်လေဆိပ်ဆင်းတဲ့ နေမှာတော့ သူ့ကောင်မလေးနဲ့ အတူ ကျနော့်ကိုလေဆိပ်လိုက်ပို့ပါတယ်။ တစ်ခါက ကျနော့်ကို ပြောပြဖူးတဲ့ စိတ်ကူးထဲက ကောင်မလေး ပုံစံနဲ့ တစ်ထပ်တည်း ကျနေလို့ ကျနော်တောင် အံ့သြရပါသေးတယ်။ စိတ်ကူးထဲက ကောင်မလေးရဲ့ ပုံစံက အေးအေးဆေးဆေးနေတက်တဲ့ သူ၊ မြန်မာဆန်တဲ့ စရိုက်ရှိတဲ့ သူလို့ ပြောတဲ့အတိုင်းပါပဲ။
တစ်နေ့က ကျနော်နဲ့သူ အွန်လိုင်းမှာတွေ့ဖြစ်ကြတယ်။
ဘာတွေလုပ်နေလဲ ညီ.....။
အကိုမရှိတော့ ကျနော်လည်း ခရီးမထွက်ခင် မရောက်ဖူးသေးတဲ့ နေရာတွေကို ကျနော်ရဲ့ဝါသနာအတိုင်း လေ့လာရေးခရီး ထွက်ဖြစ်တယ် အကို။ နောက်လလောက်ဆို ကျနော်လည်း လစ်ပြီ အကို... တဲ့။
သူ ခရီးမသွားခင် အပတ်အလိုလောက်မှာ ကျနော်ဖုန်းခေါ်လိုက်တယ်။
ညီ... မင်းအတွက် လူကြုံရှိတာနဲ့ လက်ဆောင်ထည့်ပေးထားတယ်။ မနက်ဖြန်လောက်ဆို လာပေးလိမ့်မယ်။
ဘာလဲ အကို....။
တစ်ခြားတော့ မဟုတ်ပါဘူး။ မင်းကြိုက်တဲ့ အဖြူရောင်လည်းဖြစ်၊ ခရီးသွားရင် မင်းသုံးဖို့အတွက် အဖြူရောင် ဒိုင်ယာရီ စာအုပ်လေးပါကွာ။ ငါ့ညီအတွက် အကို့ရဲ့ လက်ဆောင်ပေါ့ကွာ။
ဝမ်းသာအားရနဲ့....။
ဟာ... ကျေးဇူး အကို ကျေးဇူး ကျေးဇူး။ အရမ်းဝမ်းသာတယ်ဗျာ။ ဟိုးရောက်ရင် ကျနော် အကို့ကို ဆက်သွယ်လိုက်မယ်နော်။
ဖုန်းမချခင်မှာပဲ.....။
ဟေ့ ညီ.... မင်းလေဆိပ်ဆင်းရင်လည်း မင်းကြိုက်တဲ့ အဝတ်အစာ ဒီဇိုင်းတွေ ဝတ်မသွားနဲ့ အုံးနော်။ ကိုယ်သွားရမဲ့ နိုင်ငံက အမေရိကား ဆိုတာလည်း မမေ့နဲ့အုံး......။
ကျနော်ရဲ့ စကားအဆုံးမှာတော့ တစ်ဖက်က ဟက်ဟက်ပက်ပက် ရယ်နေသံကို အတိုင်သာ ကြားနေရပါတော့သည်။
ကျနော်ညီ အကြိုက်နှစ်သက်ဆုံးဖြစ်တဲ့ အဝတ်အစာဒီဇိုင်းက ဘောင်းဘီတို၊ စွတ်ကျယ်၊ ပုဆိုးကွင်းသိုင်းပြီး လက်ထဲမှာလည်း လေးခွတစ်လက်ကိုင်ထားတဲ့ ရွာက ကလေးတွေရဲ့ ပုံစံ ဖြစ်နေလို့ပါပဲ။
လေးစားစွာဖြင့်
ရီနိုမာန်
မှတ်ချက်- ညီငယ်တစ်ဦးရဲ့ စိတ်ကြိုက်အရာများကို စိတ်ကူးဖြင့် ဇာတ်လမ်းထွင်ထားခြင်းသာ ဖြစ်ပါသည်။ ညီငယ် ဘယ်သူလဲ ဆိုတာတော့ စိတ်ကူးနဲ့သာ ရှာကြည့်လိုက်ပါတော့ဗျာ။

May 15, 2011
ပြည်တော်ပြန် ( ၂ )
ပြည်တော်ပြန် အပိုင်း (၁) ရေးပြီးတော့ အပိုင်း ( ၂ ) ကိုရေးဖို့ ကျွန်တော် အကြိမ်ကြိမ် ကြိုးစားပါသေးတယ်။ သိစိတ်က ဆက်ရေးဖို့ နိုးဆော်ပင်မဲ့ မသိစိတ်ကတော့ အပိုင်း ( ၂ ) ဆက်ရေးဖို့ရန် အားမပေးခဲ့ပါ။ အပိုင်း ( ၂ ) ကိုရေးမယ်လုပ်လိုက် စိတ်ကူးတွေ ပျောက်သွားလိုက်နဲ့ အဆင်မပြေ ဖြစ်နေခဲ့ပါတော့သည်။
မြန်မာလူမျိုးဖြစ်တဲ့ ကျွန်တော်တို့ မိသားစုအတွက် ရှေ့ထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ ဆိုတဲ့ စကားလေးအတိုင်း အမေ မှာလိုက်တဲ့ စကားလေးကို အသိနဲ့သတိကပ်ပြီး ကျွန်တော်တို့ ထွက်လာခဲ့ကြပါတယ်။ အရာရာ သတိထားရင် ဘယ်အရာမှ လွန်လွန်ကျွံကျွံ မဖြစ်ဘူးဆိုတာ မှန်ပါတယ်။ အိမ်ကို ပြန်ရောက်တဲ့ အချိန်က ညနေ ရ နာရီကျော်နေပြီး ဖြစ်တာကြောင့် အိမ်မှာ မျှော်နေတဲ့ ကျွန်တော့်အမေ ဆိုင်ကယ်သံ ကြားလိုက်မှပဲ သက်ပြင်းရှည်ရှည် တစ်ချက်ချလိုက်နိုင်မှန်း ကျွန်တော် နားလည်လိုက်ပါတယ်။
ဒီလိုနေ့ ဒီလိုရက်ကို ရောက်ဖို့ ကျွန်တော် စောင့်လာခဲ့တာ ကြာခဲ့ပါပြီ။ ဒီရက်လေး ဖြစ်လာခဲ့ဖို့ အတွက် ကျွန်တော်ရင်ထဲက ဆန္ဒတွေကို ထိန်ချုပ်ခဲ့တာလည်း နှစ်နဲ့ချီနေပါပြီ။ ကျွန်တော်လိုပဲ အမေလည်း ဖြစ်နေမယ်ဆိုတာ ကျွန်တော် ခံစားနားလည်ပေးလို့ ရနိုင်ပါတယ်။ မိဘကျေးဇူးကို တနည်းအားဖြင့် ဆပ်ရာလည်း ရောက်သလို အမေ့အတွက် တစ်ဦးတည်းသာ ရှိတော့တဲ့ သားတစ်ယောက်ကို သာသနာ့ဘောင် သွတ်သွင်းပေးရခြင်းမှာလည်း ထူးမြတ်လှတဲ့ ကုသိုလ်ပဲ ဖြစ်ပါတော့သည်။
မျက်နှာအောက် တည့်တည့်မှာရှိနေတဲ့ သဘတ်အဖြူရောင်ကို ကြည့်ပြီး အဖေဆုံးတုန်းကတောင် မကျမိခဲ့တဲ့ မျက်ရည်တွေ ဘယ်ကဘယ်လို ရောက်လာမှန်းမသိ စီးကျလို့လာပါတော့တယ်။ ကျွန်တော် ဝမ်းနည်း၍ကျတဲ့ မျက်ရည်မဟုတ်ပါ။ လူ့လောကကြီးထဲကိုရောက်အောင် ပို့ပေးခဲ့တဲ့ အဖေနဲ့အမေကို တစ်နည်းအားဖြင့် ကျေးဇူးဆပ်နိုင်ခဲ့လို့ပါပဲ။ အမေ့နို့တစ်စက်ရဲ့ ဆယ်ပုံတစ်ပုံလောက်တော့ ကျေနိုင်ကောင်းပါရဲ့ဗျာ။
မြန်မာပြည်မပြန်တာ ၊ တစ်နည်းအားဖြင့် အမေ့အိမ်နဲ့ဝေးနေခဲ့တာ လေးနှစ်လောက်ရှိနေပြီဖြစ်တာကြောင့် အမေ့အနားမှာ နေလိုရသလောက်နေချင်မိတဲ့ ဆန္ဒကြောင့်ရယ်၊ ရတဲ့ခွင့်ရက် တလထဲရတာကြောင့်ရယ်၊ ကိုယ့်စိတ်တိုင်းကျ ခရီးလေး ထွက်ချင်တာကြောင့် ငါးရက်မြောက်တဲ့ နေ့မှာပဲ ကျွန်တော် လူထွက်လိုက်ပါတယ်။ ကျွန်တော်နဲ့ အတူတူပြန်လာတဲ့ သူငယ်ချင်းကတော့ တစ်ရက်နဲ့လူထွက်ပြီး မြိတ်ကို ဆင်းသွားပါတော့တယ်။ မပြန်ခင်ကတည်းက ကြိုစီစဉ်ထားတာကြောင့် သူလည်း မြိတ်မှာ ကြာကြာမနေရပဲ ရန်ကုန်ကို ပြန်တက်လာခဲ့ပါတော့တယ်။
၂၀၀၀ - ၂၀၀၄ လောက်က တစ်နှစ်ကို အနည်းဆုံး တစ်ခေါက်လောက်ရောက်ဖြစ်ခဲ့တဲ့ နေရာလေး တစ်ခုရှိပါတယ်။ ဘယ်အချိန်သွားသွား မရိုးနိုင်ခဲ့တဲ့ နေရာလေးပါ။ သဘာဝအလှနဲ့ ပင်ကိုယ်စတိုင်ရှိနေတဲ့ နေရာလေး တစ်ခုပါ။ သူငယ်ချင်းတွေ ဆုံမိလို့ပဲ ဖြစ်ဖြစ်၊ ရုံးရက်ရှည်ပိတ်ရက် ရှိလိုပဲဖြစ်ဖြစ်၊ လက်ထဲမှာ ပိုက်ဆံ ပိုပိုလျှံလျှံလေး ရှိနေလို့ပဲ ဖြစ်ဖြစ် ခဏခဏ ရောက်ဖြစ်ခဲ့တဲ့ နေရာလေးပါ။ အခုတစ်ခေါက် ပြည်တော်ပြန် ခရီးမှာလဲ ကျွန်တော် သတိတရနဲ့ သွားချင်နေမိတဲ့ ခရီးစဉ်လေးလည်း ဖြစ်သလို၊ ကျွန်တော် နဲ့အတူတူပြန်တဲ့ သူငယ်ချင်းကလည်း တစ်ခေါက်မှ မရောက်ဖူးလို့ သွားချင်တာကတစ်ကြောင်း၊ မိသားစုနဲ့လည်း အိမ်မှာနေရတာထက် ပျော်ပျော်ရွှင်၇ွှင် ခရီးလေး ထွက်ချင်တာကြောင့် ဒီခရီးစဉ်လေးကို ကျွန်တော့် အသိအမတစ်ယောက်ရဲ့ အကူအညီနဲ့ သွားရေး၊လာရေး၊ နေရေး တို့ကိုစီစဉ်ခိုင်းလိုက်ပြီး စားရေးကိုတော့ အဖွဲ့တောင့်တာကြောင့် အခြောက်အခြမ်း အကြော်အလှော်ကိုတော့ အိမ်မှာလုပ်ပြီး ထည့်သွားခဲ့ကြပါတယ်။ အဲဒီနေရာလေးကတော့ ချောင်းသာ ပဲဖြစ်ပါတယ်။
နှစ်ညအိပ် သုံးရက်ဆိုပင်မဲ့ စိတ်ထဲကျေနပ်လောက်အောင်ဖြစ်ခဲ့ရပါတယ်။ လမ်းခရီးမှာလည်း စိတ်အနှောက်အယှက်ဖြစ်စရာ ဘာတစ်ခုမှ မရှိပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ပြန်ရောက်လာခဲ့ပါတယ်။ ကျွန်တော်ပျော်တယ်ဆိုတာထက် အမေပြုံးပျော်နေတာကို ကြည့်ပြီး ကျွန်တော်ကျေနပ်ဝမ်းသာဖြစ်ရတယ်။ အမေကတော့ ကျနော်ပိုက်ဆံကုန်တာကြည့်ပြီး စိတ်မကောင်းဖြစ်လို့ ကျွန်တော်ကပဲ ပြန်ပြီး အားပေးခဲ့ရပြန်ပါတယ်။ ပိုက်ဆံပဲ ကုန်မှာပေါ့ အမေရယ်။ သားရှိနေသေးတာပဲ ဘာလိုသေးလဲ။ သားရှိရင် ပိုက်ဆံရှိ တာပဲပေါ့ ဟုတ်ဖူးလား.........။
ကျွန်တော်တို့ရဲ့ခွင့်ရက်လေး ၁၅ဟာ ကုန်မှန်းမသိကုန်သွား လိုက်တာ စိတ်ထဲ နှမျောနေမိပြန် ပါတော့တယ်။ ဒီလိုနဲ့ အမေဆီမှာ ခွင့်တောင်းပြီး ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ကျောပိုးအိတ် ခရီးစဉ်လေးကို စတင်လိုက်ပါတော့တယ်။
ကျောပိုးအိတ်တစ်ယောက် တစ်လုံးစီဖြင့် ရန်ကုန် အဝေးပြေးလမ်းမကြီးဆီမှ အေးချမ်းလှပြီးဖြစ်တဲ့ ရာသီမှာ အေးချမ်းလွန်းတဲ့ ဒေသဆီသို့ ခရီးဆက်ခဲ့ကြပါတော့တယ်။ ဒီတစ်ခါမှာတော့ စိတ်တူကိုယ်တူ ဖြစ်တဲ့ သူငယ်ချင်း တစ်ယောက်သာ ပါလာပါတော့တယ်။ တစ်ခါမှ မရောက်ဖူးသေးတဲ့ ဒေသဖြစ်တာကြောင့် သူငယ်ချင်းက သွားချင်ပင်မဲ့ ကျွန်တော်နဲ့ကတော့ တစ်ချိန်တုန်းက ရင်းနှီးဖူးခဲ့ပြီး ဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဒေသလေးပဲ ဖြစ်ပါတယ်။
ကြိုတင်ဆွဲထားးခဲ့ကြတဲ့ အတိုင်း တောင်ကြီးမှာ တစ်ည၊ ပင်လောင်းမှာ တစ်ည၊ အောင်ပန်းမှာ တစ်နေ့နှင့် ကျွန်တော်နှစ်သက်လှတဲ့ မြို့လေးဖြစ်တဲ့ ကလောမှာတော့ နှစ်ညအိပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကိုယ် ကျွန်တော် မြို့ခံ တစ်ယောက်လိုမျိုးအဖြစ်နဲ့ တစ်ခါမှ မရောက်ဖူးသေးတဲ့ ကျွန်တော့်သူငယ်ချင်းကို ဆရာကြီးလုပ်ပြီး ကျွန်တော်ရောက်ဖူးခဲ့ပြီးပြီ ဖြစ်တဲ့ နေရာတော်တော်များများကို အိပ်ချိန်စားချိန်မှလွဲ၍ မနားရအောင် ကျွန်တော်လိုက်ပို့ပေးဖြစ်ခဲ့ပါတယ်။
လက်ထဲမှာလည်း ပိုက်ဆံက ရှိနေသေးတာကြောင့် အချိန်ကို ထပ်ခိုးလိုက်ပီး ကျွန်တော်တို့ နှစ်ယောက် ပြင်ဦးလွင်ကို ခရီးဆက်လိုက်ကြပါတော့တယ်။ ပြင်ဦးလွင်ကို ရောက်တယ်ဆိုရင်ပဲ ရာသီဥတု အခြေအနေ၊ ပတ်ဝန်းကျင် အေးချမ်းမှု၊ စိတ်လက်ပေါ့ပါလန်းဆန်းသွားအောင် ဆွဲဆောင်နိုင်လှတဲ့ သဘာဝ အလှများကြောင့် ကျွန်တော်တို့နှစ်ယောက် ခရီးပင်ပန်းခဲ့သမျှ စိတ်ရှိလက်ရှိ အနားယူလိုက်ကြပါတော့တယ်။
ခွင့်ရက် ၁၀ရက်တောင် မကျန်တော့တာက တစ်ကြောင်း၊ မပြန်ခင် အမေနဲ့ အေးအေးဆေးဆေး စကားတွေပြောပြီး နေချင်တာကြောင့် ပြင်ဦးလွင်ရောက်ပြီး နှစ်ညအိပ်ရက်မြောက်မှာပဲ ကျွန်တော်တို့ရဲ့ ကျောပိုးအိတ်ခရီးစဉ်လေးကို အဆုံးသတ်လိုက်ကြပါတော့တယ်။ အသွားတုန်းက ကျောပိုးအိတ် တစ်ယောက် တစ်လုံးစီဆိုပင်မဲ့ အပြန်ခရီးမှာတော့ လက်ဆောင်ပစ္စည်းများဖြင့် အထုပ်အပိုးကိုယ်စီ ဖြစ်သွားကြပါတယ်။
တစ်ဖြည်းဖြည်းနဲ့ ရက် ၃၀ ခွင့်လည်းကုန်လို့ တစ်ကျွန်းပြန်ဖို့ လက်မှတ်၊ စာအုပ်လေးကိုင်ပြီး တစ်ကျွန်းပြန်ခဲ့ရပါတော့တယ်။ ဒီလိုနဲ့ ကျွန်တော်ရဲ့ ပြည်တော်ပြန် အပိုင်း(၂)ကို အဆုံးသတ်ရင်း ၂၀၁၂ ဇန်နဝါရီလမှာ ပြန်ဖို့ ရည်ရွယ်ထားတဲ့ ကျွန်တော်ရဲ့ စိတ်ကူးလေးကို စိတ်ကူးယဉ်ပြီး ရေးဖွဲ့ထားတာ ဖြစ်ပါကြောင်း လေးစားစွာဝန်ခံလိုက်ရပါတယ်။

May 7, 2011
ရောက်တက် ရာရာ အတွေးများ
ရင်တွင်း ခံစားချက်ကို
ရေတွင်း အတိမ်အနက်နဲ့
နှိုင်း လို့ ရနိုင်ပါ့မလား။
မေတ္တာဆိုတဲ့ ရောင်ပြန်ဟပ်မှုကရော
အဝေးပြေးလမ်းမကြီးအတိုင်း
အသွား၊ အပြန်ရှိတယ်လို့
သက်မှတ်လို့ရ ရဲ့ လား။
အချစ်... အချစ်လို့သာ ပြောနေကြတာ
သူနဲ့တွေ့တော့လည်း
ဘာများပြောနိုင်သေးလို့လဲ။
အတ္တကို အဖော်ပြု၊
မာနကို ဖင်ခုထိုင်နေကြတာ
နောက်ဆုံးတစ်နေ့တော့ ဒီလမ်းပဲ
သွားကြရမှာ မဟုတ်လား။
ဘာဖြစ်လဲ၊ ဘာဖြစ်ချင်လဲ၊
ဖြစ်ချင်တာထက်၊ ဖြစ်သင့်တာကိုပဲ
လုပ်နေကြရတာပဲ မဟုတ်လား။
ဘာများထပ်ဖြစ်ချင်သေးလို့လဲ....
တစ်နေ့တစ်နေ့ ကုန်သွားလိုက်တဲ့အချိန်တွေ
နာရီတံ နောက်ပြန်လှည့်လို့ရမယ်ဆို
လွန်ခဲ့တဲ့ နှစ်၂၀ကို ပြန်သွားလိုက်ချင်တယ်။
အခုလည်း မသွားချင်လို့ မဟုတ်ပါဘူး။
သွားချင်လို့ရတဲ့ အခြေအနေပါ။
ဒါပင်မဲ့ ရောက်နေတဲ့ နေရာကို ရပ်ကြည့်လိုက်တော့
ခြေတစ်လှမ်းက သင်္ချိုင်း နယ်နိမိတ်ထဲမှာ။
တပည့်ဝတ် ဆိုတာလည်း ယူခဲ့ပြီးပြီ။
သားသမီးဝတ်ဆိုတာလည်း ပုခုံးပြောင်း ထမ်းတင်ထားစဲ။
ဆရာဝတ်ကတော့ လိုအပ်တဲ့ အချိန်တိုင်းမှာ ထုတ်သုံးမိမြဲ။
မိဘဝတ်တော့ ကျန်ရှိနေသေးတဲ့ ခြေတစ်လှမ်းနဲ့ ကြိုးစားနေတုန်း။

Subscribe to:
Posts (Atom)