June 14, 2011

သူတို့ အကြိုက်

လဲရင်ပြန်ထ ဒါဘဝပဲ လို့ လက်ကိုင်ထားတက်တဲ့ ကျနော့်ညီလေး တစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။ ကျနော့်ညီလေးနဲ့ ကျနော်ခင်မင်လာခဲ့ကြတာ သူဘလောဂ့်စရေးတဲ့နှစ် ၂၀၀၈ ခုနှစ်လောက်ကပေါ့။ ညီလေးနဲ့ ကျနော်ဆုံဖြစ်ကြတော့ ကျနော်သူ့ကိုမေးဖြစ်တယ်။ ညီလေးက ကဗျာရေးတာ ပိုအားသန်တယ်နော်။ ဘာဖြစ်လို့လည်း ဆိုတာပြောပြပါလားလို့ ကျနော်မေးမိလိုက်တယ်။ ညီ ဘလောဂ့်ရေးဖြစ်ရတဲ့ အကြာင်းအရင်းကတော့ တစ်ခြားမဟုတ်ပါဘူးတဲ့။ ရင်ထဲက ခံစားချက်တွေ ပြင်းထန်လွန်းလို့ ရေးဖြစ်သွားတာပါတဲ့။

တစ်ဖြည်းဖြည်း ကျနော်နဲ့သူ ခင်မင်လာကြရာကနေ ကျနော်အကြောင်းတွေ သူ့ကိုပြောပြဖြစ်သလို ညီလေး တစ်ယောက်လိုဖြစ်လာတဲ့ သူ့ကိုလည်း သူ့အကြောင်းနဲ့ သူ့အကြိုက်လေးတွေကို မေးဖြစ်လာခဲ့တယ်။

တစ်နေ့မနက် ကျနော်အလုပ်အားတဲ့ ရက်မှာ သူ့ဆီဖုန်းဆက်ပြီး မနက်စာ ထွက်စားကြတယ်။ သိတဲ့ အတိုင်းပဲပေါ့။ မနက်စာ ဆိုတော့လည်း လဖ္ဘက်ရည်ဆိုင်ပဲပေါ့။

ညီ... စားချင်တာစား... ကိုယ်ကျွေးမယ် ဆိုတော့ ကျနော်အကြိုက်ဆုံး မြန်မာအစားအစာပဲ စားမယ်ဗျာတဲ့.....။ ကျနော်ကတော့ အစားအသောက်သိပ်ရွေးတဲ့ ကောင်မဟုတ်တဲ့ အတွက် အဆင်ပြေရာ မှာစားလိုက်တယ်။ ကျနော့်ညီလေးကတော့ သူ့သိပ်ကြိုက်တဲ့ ဗမာ အစာအစား ဖြစ်တဲ့ ပဲပြုတ် နဲ့ ထမင်းကြော်မှာစားခဲ့တယ်။

မနက်စာ စားပြီးတော့ စိတ်ကူးတစ်ခုရတာနဲ့ သူ့နဲ့ကျနော် ဈေးဝယ်ထွက်ခဲ့ကြပြန်တယ်။ ရေမွှေးဆိုင်ထဲမှာ တစ်မျိုးပြီးတစ်မျိုးရွေးနေတဲ့ ကျနော့်ကို ကြည့်ပြီး သူတစ်ချက်ပြုံးလိုက်တယ်။ မနေနိုင်မထိုင်နိုင် ကျနော်က ညီ ဘာပြုံးတာလဲလို့ ကျနော်ကမေးတော့ .... ဘာမှမဟုတ်ပါဘူး အကိုရာ ရွေးနေတဲ့ အစ်ကို့ကို ကြည့်ပြီး ရယ်ချင်လို့ပါ။ ဘာလည်း မင်းက ရေမွှေးမသုံးဘူးလား.... လို့ ကျနော်ပြန်အမေးမှာတော့..... ကျနော်ရဲ့ ပင်ကိုယ်အနံ့ ကိုကမွှေးနေတာ .... ရေမွှေးမသုံးပါဗျာ... တဲ့။ ကောင်းရောပေါ့.......။

Fancyဆိုင်ရှေ့ရောက်တော့ ဘာမပြောညာမပြောနဲ့ ဆိုင်ထဲဝင်သွားပါတော့တယ်။ နာရီကောင်တာရှေ့မှာ စိတ်ဝင်တစားနဲ့ကြည့်နေတဲ့ ညီလေးကို ဘာလဲဆိုတဲ့ အကြည့်နဲ့ ကျနော်က သူ့ကိုကြည့်လိုက်တော့ .... ကျနော်အကြိုက်ဆုံးက နာရီပဲ တဲ့။ နာရီဆို အရူးအမူးပါပဲ တဲ့လေ။

ကျနော့်ဆီလာတိုင် Reebok ဖိနပ်ကို စီးစီးလာတဲ့ သူ့ကို ကျနော်သတိထားမိတယ်။ ဒါလည်း သူ့ ကြိုက်တဲ့ အရာတွေထဲက တစ်ခုပဲဖြစ်မှာသေချာတယ်။ ဒီလိုနဲ့ ကျနော် စင်ကာပူလာခါနီးမှာ ကျနော့်ကို လက်ဆောင်တစ်ခုလာပေးသွားတယ်။ အစ်ကို ဘာကြိုက်လဲတော့ ညီလည်း မသိဘူး။ ဒါပင်မဲ့ ညီ ခရီးသွားရင်း အမြဲမပါမဖြစ် အမြဲယူသွားတက်တဲ့ အကျင့်အတိုင်း အစ်ကို့ကို ဒိုင်ယာရီ စာအုပ်လေးပဲ လက်ဆောင်ပေးလိုက်တော့မယ်။

ညီ မင်းကောင်မလေးနဲ့ အကို့ကို မိတ်ဆက်ပေးအုံးလေကွာ။

..... ဖြည်းဖြည်းပေါ့ အကိုရာ.....။

ကျနော်လေဆိပ်ဆင်းတဲ့ နေမှာတော့ သူ့ကောင်မလေးနဲ့ အတူ ကျနော့်ကိုလေဆိပ်လိုက်ပို့ပါတယ်။ တစ်ခါက ကျနော့်ကို ပြောပြဖူးတဲ့ စိတ်ကူးထဲက ကောင်မလေး ပုံစံနဲ့ တစ်ထပ်တည်း ကျနေလို့ ကျနော်တောင် အံ့သြရပါသေးတယ်။ စိတ်ကူးထဲက ကောင်မလေးရဲ့ ပုံစံက အေးအေးဆေးဆေးနေတက်တဲ့ သူ၊ မြန်မာဆန်တဲ့ စရိုက်ရှိတဲ့ သူလို့ ပြောတဲ့အတိုင်းပါပဲ။

တစ်နေ့က ကျနော်နဲ့သူ အွန်လိုင်းမှာတွေ့ဖြစ်ကြတယ်။
ဘာတွေလုပ်နေလဲ ညီ.....။
အကိုမရှိတော့ ကျနော်လည်း ခရီးမထွက်ခင် မရောက်ဖူးသေးတဲ့ နေရာတွေကို ကျနော်ရဲ့ဝါသနာအတိုင်း လေ့လာရေးခရီး ထွက်ဖြစ်တယ် အကို။ နောက်လလောက်ဆို ကျနော်လည်း လစ်ပြီ အကို... တဲ့။

သူ ခရီးမသွားခင် အပတ်အလိုလောက်မှာ ကျနော်ဖုန်းခေါ်လိုက်တယ်။

ညီ... မင်းအတွက် လူကြုံရှိတာနဲ့ လက်ဆောင်ထည့်ပေးထားတယ်။ မနက်ဖြန်လောက်ဆို လာပေးလိမ့်မယ်။

ဘာလဲ အကို....။

တစ်ခြားတော့ မဟုတ်ပါဘူး။ မင်းကြိုက်တဲ့ အဖြူရောင်လည်းဖြစ်၊ ခရီးသွားရင် မင်းသုံးဖို့အတွက် အဖြူရောင် ဒိုင်ယာရီ စာအုပ်လေးပါကွာ။ ငါ့ညီအတွက် အကို့ရဲ့ လက်ဆောင်ပေါ့ကွာ။

ဝမ်းသာအားရနဲ့....။

ဟာ... ကျေးဇူး အကို ကျေးဇူး ကျေးဇူး။ အရမ်းဝမ်းသာတယ်ဗျာ။ ဟိုးရောက်ရင် ကျနော် အကို့ကို ဆက်သွယ်လိုက်မယ်နော်။

ဖုန်းမချခင်မှာပဲ.....။

ဟေ့ ညီ.... မင်းလေဆိပ်ဆင်းရင်လည်း မင်းကြိုက်တဲ့ အဝတ်အစာ ဒီဇိုင်းတွေ ဝတ်မသွားနဲ့ အုံးနော်။ ကိုယ်သွားရမဲ့ နိုင်ငံက အမေရိကား ဆိုတာလည်း မမေ့နဲ့အုံး......။

ကျနော်ရဲ့ စကားအဆုံးမှာတော့ တစ်ဖက်က ဟက်ဟက်ပက်ပက် ရယ်နေသံကို အတိုင်သာ ကြားနေရပါတော့သည်။

ကျနော်ညီ အကြိုက်နှစ်သက်ဆုံးဖြစ်တဲ့ အဝတ်အစာဒီဇိုင်းက ဘောင်းဘီတို၊ စွတ်ကျယ်၊ ပုဆိုးကွင်းသိုင်းပြီး လက်ထဲမှာလည်း လေးခွတစ်လက်ကိုင်ထားတဲ့ ရွာက ကလေးတွေရဲ့ ပုံစံ ဖြစ်နေလို့ပါပဲ။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်- ညီငယ်တစ်ဦးရဲ့ စိတ်ကြိုက်အရာများကို စိတ်ကူးဖြင့် ဇာတ်လမ်းထွင်ထားခြင်းသာ ဖြစ်ပါသည်။ ညီငယ် ဘယ်သူလဲ ဆိုတာတော့ စိတ်ကူးနဲ့သာ ရှာကြည့်လိုက်ပါတော့ဗျာ။

No comments: