June 19, 2011

ဝဋ် ဆိုတာ လည်တက်ပါတယ်

ဒီနေ့မနက် နယ်မှာရှိတဲ့ အမေနဲ့ ဖုန်းပြောဖြစ်တယ်။ အမေနဲ့ ပြောဖြစ်တဲ့ အကြောင်းအရာကြောင့် လွန်ခဲ့တဲ့ ကျောင်းတုန်းက သူငယ်ချင်း လင်းလင်း ကိုသွားသတိရ မိတယ်။ ကျွန်တော်တို့ ၆တန်းနှစ်တုန်းက ကျွန်တော်တို့ကျောင်းကို ကျောင်းသူအသစ် ရောက်လာတယ်။ သူမ နာမည်က လင်းလဲ့ထွန်း။ ကိုယ်လုံကိုယ်ထည် ကပိန်ပိန်ပါးပါး။ မျက်နှာမှာလဲ မျက်မှန်နဲ့။ ဆံပင်ကလည်း ယောက်ျားကေ။ ကျွန်တော်တို့ အားလုံးကတော့ သူမကို လင်းလင်းလို့ပဲ ခေါ်ကြတယ်။

သူမရဲ့ပုံစံကို ကြည့်လိုက်ရင်တော့ ယောက်ျားလေးတစ်ယောက်ရဲ့ ပုံစံအတိုင်းပဲ။ သူမကိုယ်သူမလည်း သမီးလို့မသုံးပဲ ကျွန်တော် ၊ ကျွန်တော်လို့သာ သုံးတက်တယ်။ ယောက်ျားလေး သူငယ်ချင်းဖြစ်တဲ့ ကျွန်တော်တို့ကိုလည်း မင်းနဲ့ ငါနဲ့ ပဲပြောနေကျ။ သူမကို လင်းလင်းလို့ ခေါ်မှ ကြိုက်တက်တာကလည်း သူမရဲ့ အကျင့်ပဲ။ သူမပေါင်းတဲ့ သူငယ်ချင်းတွေ အားလုံးကလည်း ယောက်ျားလေး သူငယ်ချင်းတွေကြီးပဲ။ ရှင်းရှင်းလင်းလင်းပြောရရင်တော့ သူမဟာ ယောက်ျားစိတ်ပေါက်နေတဲ့ ယောက်ျားရှာ လေးပေါ့။

ကျွန်တော်တို့ ကျောင်းက တောင်စောင်းလေးမှာ တည်ဆောက်ထားတယ်။ ကျောင်းပင်မဆောင်ကလည်း တောင်စောင်ရဲ့ အပေါ်ပိုင်းမှာ တည်ရှိတယ်။ ကျောင်းပင်မဆောင်က ဆင်းလိုက်ရင် တန်စီကွင်းတစ်ခုရှိတယ်။ အဲဒီကွင်းရဲ့အောက်ပိုင်းမှာတော့ ကျောင်းဘောလုံးကွင်း တစ်ခုရှိတယ်။ ဆရာ၊ ဆရာမတွေ နားနေဆောင်က ကြည့်ရင် အောက်ဖက်မှာ ရှိတဲ့ ဘောလုံကွင်းကို ကောင်းကောင်းမြင်နေရတယ်။

တစ်နေ့ အတန်းအားတဲ့ အချိန်မှာ သူငယ်ချင်းတွေ ဘောလုံးကန်ဖို့ ကျောင်းဘောလုံးကွင်းထဲသွားကြတော့ လင်းလင်းလည်း ကျွန်တော်တို့နဲ့အတူ ကွင်းအနားထိလိုက်လာတယ်။ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာလည်း လင်းလင်းကို ကျွန်တော်တို့နဲ့ပေါင်းလို့ ကျွန်တော်တို့ သူငယ်ချင်းသာ ဖြစ်ပင်မဲ့ သူမကို မိန်းကလေးတစ်ယောက်လိုပဲ မြင်နေမိတာပေါ့။ ဒါကြောင့်လည်း လင်းလင်းကို ဘောလုံကန်ဖို့အထိတော့ ကျွန်တော်တို့ မဖိတ်ခေါ်ခဲ့ပါဘူး။ ဒါနဲ့ ကျွန်တော်တို့ ဘောလုံစ ကစားကြတယ်။

ဘယ်လောက်မှ မကြာလိုက်ဘူး။ တောင်စောင်းအပေါ်မှာ ရှိတဲ့ ဆရာ ဆရာမများ နားနေဆောင်မှ ကျွန်တော်တို့ (၆) တန်းအတန်းပိုင်း ဆရာမ ပြေးဆင်းလာတာကို တွေ့လိုက်၇တယ်။ ကျွန်တော်တို့ အားလုံးလည်း ဘာများဖြစ်လို့လဲပေါ့။ ကစားနေတာကို ခဏရပ်လိုက်တယ်။ ဆရာမက ကျွန်တော်ရှေ့ တည့်တည့်ကို လာနေတာ သေချာနေတာကိုး။ ခဏနေတော့ ဘောလုံကွင်းထဲရောက်လာပြီး ကျောင်းသားတစ်ယောက် အနားအရောက်မှာတော့....

ဟဲ့..... မိန်းမလီပေါက်မ .... အခုချက်ချင်း ထမိန်ကို ဆွဲချစမ်း... ဘယ့်နှယ်ဟယ် မိန်းကလေးတန်မဲ့ ယောက်ျားလေးတွေထဲ ဝင်ပြီး ဘောလုံး ဝင်ကန်စရာလား။ သွား သွား အခုအတန်းထဲသွား....

ဆိုပြီး ဆရာမပြောတော့မှ သေချာသတိထားကြည့်လိုက်တော့ ဘယ်သူများလဲ မှတ်ပါတယ်။ ကျွန်တော်တို့ သူငယ်ချင်း လင်းလင်းပေါ့။ ထမိန်ကို ယောက်ျားလေး ကဒေါင်ကျိုက် သလိုမျိုးလုပ်ပြီး ဘယ်အချိန်ထဲက ကွင်းထဲ ရောက်လာမှန်းတောင် ကျနော်တို့လည်း သတိမထားလိုက်မိကြဘူး။ ဆရာမရောက်လာမှပဲ ကျွန်တော်တို့လည်း သိလိုက်ရတော့တယ်။ အဲနောက်ပိုင်းတော့ လင်းလင်းရဲ့ နာမည်လည်း တစ်ခါတည်း ပြောင်းလဲသွားပါတော့တယ်။

မိန်းမလီပေါက်.... တဲ့။

ဒီနေ့မနက် အမေနဲ့ဖုန်းပြောဖြစ်တော့လည်း အကြောင်းအရာခပ်ဆင်ဆင်လေး တူနေတာကြောင့် တစ်ချိန်တုန်းက ခင်ခဲ့ကြတဲ့ သူငယ်ချင်း လင်းလင်း ခေါ် (မိန်းမလီပေါက် ) ကို သွားသတိရလိုက် မိသေးတယ်။ သူမနဲ့ ကျွန်တ်ာတို့လည်း စာသင်နှစ် တစ်နှစ်လောက်ပဲ အတူနေခဲ့ရတယ်။ သူမအဖေ တာဝန်နဲ့ နယ်ပြောင်းသွားတော့ နောက်ပိုင်း အဆက်အသွယ် ပျက်သွားခဲ့ကြတာ ခုချိန်ထိပဲ ဆိုပါတော့။

အမေဆီက ကြားလိုက်တဲ့ အကြောင်းကျပြန်တော့ တစ်မျိုး။

... သားရေ နင်ညီမ အသည်းကွဲနေတယ်... တဲ့။

ဘုရား .. ဘာများဖြစ်လို့လဲပေါ့။ ကျနော်ညီမဆိုပင်မဲ့ အရင်းတော့ မဟုတ်ဘူး။ ဝမ်းကွဲညီမ။ အသက်ကို ကြည့်ပြန်တော့လည်း ၁၈ ၊ ၁၉ ဆိုတော့ ရည်းစာ ပူမိနေတာပဲ ဖြစ်မှာပေါ့လို့ ကျွန်တော်က ကိုယ့်ဟာကို တွေးနေမိတာ။ အမေက ဆက်ပြောတယ်။

..... ဟိုကောင်မက ဘာလုပ်သွားတယ် မသိပါဘူး သားရယ်။ နင်ညီမ မအိပ်နိုင် မစားနိုင်နဲ့ ဖြစ်နေတာ သုံးရက်လောက်ရှိနေပြီ။

ကြာကြာချင်း ကျွန်တော်ကြောင်သွားတယ်။ ဟိုကောင်မက လို့လည်း အမေပြောသေးတယ်။ ကျွန်တော်ညီမကလည်း မိန်းကလေး။ ဟာ ... ဘာတွေလဲပေါ့။ မရှင်းလို့ အမေ့ကို သေသေချာချာ ထပ်မေးမှ ပဲ ကျနော် သဘောပေါက်ရတော့တယ်။ အမှန်က ကျွန်တော် ညီမက ခုနက ကျွန်တော်သူငယ်ချင်း လင်းလင်း လိုမျိုး ယောက်ျားရှာ။ ဟိုကောင်မ ဆိုတာက ကျွန်တော်ညီမ ကို ဇာတ်လမ်းလုပ်သွားတဲ့ သူ။

ယောက်ျား အချင်းချင်း တွေသာ ချစ်ကြ ကြိုက်ကြတာမြင်ဖူး တွေ့ဖူးခဲ့တာပါ။မိန်းမအချင်းချင်း ချစ်ကြတယ်ဆိုတာကို ကြာဖူးပင်မဲ့ မမြင်ဖူးခဲ့တဲ့ ကျွန်တော် ကိုယ့်အမျိုးထဲမှာ ဒါမျိုး ရှိနေပါ့လားဆိုတဲ့ အတွေးကြောင့် ငိုအားထပ် ရယ်ချင်နေမိတဲ့ စိတ်ကသာ ပိုနေမိပါတော့တယ်။

လေးစားစွာဖြင့်
ရီနိုမာန်

စာဖတ်သူများအား ( မိန်းမလီပေါက် ) ဆိုတဲ့ စကားအတွက် ရိုင်းစိုင်းသွားခဲ့ပါက ဒီနေရာလေးကနေ လေးစားစွာ တောင်းပန်လိုက်ရပါတယ်။

June 14, 2011

သူတို့ အကြိုက်

လဲရင်ပြန်ထ ဒါဘဝပဲ လို့ လက်ကိုင်ထားတက်တဲ့ ကျနော့်ညီလေး တစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။ ကျနော့်ညီလေးနဲ့ ကျနော်ခင်မင်လာခဲ့ကြတာ သူဘလောဂ့်စရေးတဲ့နှစ် ၂၀၀၈ ခုနှစ်လောက်ကပေါ့။ ညီလေးနဲ့ ကျနော်ဆုံဖြစ်ကြတော့ ကျနော်သူ့ကိုမေးဖြစ်တယ်။ ညီလေးက ကဗျာရေးတာ ပိုအားသန်တယ်နော်။ ဘာဖြစ်လို့လည်း ဆိုတာပြောပြပါလားလို့ ကျနော်မေးမိလိုက်တယ်။ ညီ ဘလောဂ့်ရေးဖြစ်ရတဲ့ အကြာင်းအရင်းကတော့ တစ်ခြားမဟုတ်ပါဘူးတဲ့။ ရင်ထဲက ခံစားချက်တွေ ပြင်းထန်လွန်းလို့ ရေးဖြစ်သွားတာပါတဲ့။

တစ်ဖြည်းဖြည်း ကျနော်နဲ့သူ ခင်မင်လာကြရာကနေ ကျနော်အကြောင်းတွေ သူ့ကိုပြောပြဖြစ်သလို ညီလေး တစ်ယောက်လိုဖြစ်လာတဲ့ သူ့ကိုလည်း သူ့အကြောင်းနဲ့ သူ့အကြိုက်လေးတွေကို မေးဖြစ်လာခဲ့တယ်။

တစ်နေ့မနက် ကျနော်အလုပ်အားတဲ့ ရက်မှာ သူ့ဆီဖုန်းဆက်ပြီး မနက်စာ ထွက်စားကြတယ်။ သိတဲ့ အတိုင်းပဲပေါ့။ မနက်စာ ဆိုတော့လည်း လဖ္ဘက်ရည်ဆိုင်ပဲပေါ့။

ညီ... စားချင်တာစား... ကိုယ်ကျွေးမယ် ဆိုတော့ ကျနော်အကြိုက်ဆုံး မြန်မာအစားအစာပဲ စားမယ်ဗျာတဲ့.....။ ကျနော်ကတော့ အစားအသောက်သိပ်ရွေးတဲ့ ကောင်မဟုတ်တဲ့ အတွက် အဆင်ပြေရာ မှာစားလိုက်တယ်။ ကျနော့်ညီလေးကတော့ သူ့သိပ်ကြိုက်တဲ့ ဗမာ အစာအစား ဖြစ်တဲ့ ပဲပြုတ် နဲ့ ထမင်းကြော်မှာစားခဲ့တယ်။

မနက်စာ စားပြီးတော့ စိတ်ကူးတစ်ခုရတာနဲ့ သူ့နဲ့ကျနော် ဈေးဝယ်ထွက်ခဲ့ကြပြန်တယ်။ ရေမွှေးဆိုင်ထဲမှာ တစ်မျိုးပြီးတစ်မျိုးရွေးနေတဲ့ ကျနော့်ကို ကြည့်ပြီး သူတစ်ချက်ပြုံးလိုက်တယ်။ မနေနိုင်မထိုင်နိုင် ကျနော်က ညီ ဘာပြုံးတာလဲလို့ ကျနော်ကမေးတော့ .... ဘာမှမဟုတ်ပါဘူး အကိုရာ ရွေးနေတဲ့ အစ်ကို့ကို ကြည့်ပြီး ရယ်ချင်လို့ပါ။ ဘာလည်း မင်းက ရေမွှေးမသုံးဘူးလား.... လို့ ကျနော်ပြန်အမေးမှာတော့..... ကျနော်ရဲ့ ပင်ကိုယ်အနံ့ ကိုကမွှေးနေတာ .... ရေမွှေးမသုံးပါဗျာ... တဲ့။ ကောင်းရောပေါ့.......။

Fancyဆိုင်ရှေ့ရောက်တော့ ဘာမပြောညာမပြောနဲ့ ဆိုင်ထဲဝင်သွားပါတော့တယ်။ နာရီကောင်တာရှေ့မှာ စိတ်ဝင်တစားနဲ့ကြည့်နေတဲ့ ညီလေးကို ဘာလဲဆိုတဲ့ အကြည့်နဲ့ ကျနော်က သူ့ကိုကြည့်လိုက်တော့ .... ကျနော်အကြိုက်ဆုံးက နာရီပဲ တဲ့။ နာရီဆို အရူးအမူးပါပဲ တဲ့လေ။

ကျနော့်ဆီလာတိုင် Reebok ဖိနပ်ကို စီးစီးလာတဲ့ သူ့ကို ကျနော်သတိထားမိတယ်။ ဒါလည်း သူ့ ကြိုက်တဲ့ အရာတွေထဲက တစ်ခုပဲဖြစ်မှာသေချာတယ်။ ဒီလိုနဲ့ ကျနော် စင်ကာပူလာခါနီးမှာ ကျနော့်ကို လက်ဆောင်တစ်ခုလာပေးသွားတယ်။ အစ်ကို ဘာကြိုက်လဲတော့ ညီလည်း မသိဘူး။ ဒါပင်မဲ့ ညီ ခရီးသွားရင်း အမြဲမပါမဖြစ် အမြဲယူသွားတက်တဲ့ အကျင့်အတိုင်း အစ်ကို့ကို ဒိုင်ယာရီ စာအုပ်လေးပဲ လက်ဆောင်ပေးလိုက်တော့မယ်။

ညီ မင်းကောင်မလေးနဲ့ အကို့ကို မိတ်ဆက်ပေးအုံးလေကွာ။

..... ဖြည်းဖြည်းပေါ့ အကိုရာ.....။

ကျနော်လေဆိပ်ဆင်းတဲ့ နေမှာတော့ သူ့ကောင်မလေးနဲ့ အတူ ကျနော့်ကိုလေဆိပ်လိုက်ပို့ပါတယ်။ တစ်ခါက ကျနော့်ကို ပြောပြဖူးတဲ့ စိတ်ကူးထဲက ကောင်မလေး ပုံစံနဲ့ တစ်ထပ်တည်း ကျနေလို့ ကျနော်တောင် အံ့သြရပါသေးတယ်။ စိတ်ကူးထဲက ကောင်မလေးရဲ့ ပုံစံက အေးအေးဆေးဆေးနေတက်တဲ့ သူ၊ မြန်မာဆန်တဲ့ စရိုက်ရှိတဲ့ သူလို့ ပြောတဲ့အတိုင်းပါပဲ။

တစ်နေ့က ကျနော်နဲ့သူ အွန်လိုင်းမှာတွေ့ဖြစ်ကြတယ်။
ဘာတွေလုပ်နေလဲ ညီ.....။
အကိုမရှိတော့ ကျနော်လည်း ခရီးမထွက်ခင် မရောက်ဖူးသေးတဲ့ နေရာတွေကို ကျနော်ရဲ့ဝါသနာအတိုင်း လေ့လာရေးခရီး ထွက်ဖြစ်တယ် အကို။ နောက်လလောက်ဆို ကျနော်လည်း လစ်ပြီ အကို... တဲ့။

သူ ခရီးမသွားခင် အပတ်အလိုလောက်မှာ ကျနော်ဖုန်းခေါ်လိုက်တယ်။

ညီ... မင်းအတွက် လူကြုံရှိတာနဲ့ လက်ဆောင်ထည့်ပေးထားတယ်။ မနက်ဖြန်လောက်ဆို လာပေးလိမ့်မယ်။

ဘာလဲ အကို....။

တစ်ခြားတော့ မဟုတ်ပါဘူး။ မင်းကြိုက်တဲ့ အဖြူရောင်လည်းဖြစ်၊ ခရီးသွားရင် မင်းသုံးဖို့အတွက် အဖြူရောင် ဒိုင်ယာရီ စာအုပ်လေးပါကွာ။ ငါ့ညီအတွက် အကို့ရဲ့ လက်ဆောင်ပေါ့ကွာ။

ဝမ်းသာအားရနဲ့....။

ဟာ... ကျေးဇူး အကို ကျေးဇူး ကျေးဇူး။ အရမ်းဝမ်းသာတယ်ဗျာ။ ဟိုးရောက်ရင် ကျနော် အကို့ကို ဆက်သွယ်လိုက်မယ်နော်။

ဖုန်းမချခင်မှာပဲ.....။

ဟေ့ ညီ.... မင်းလေဆိပ်ဆင်းရင်လည်း မင်းကြိုက်တဲ့ အဝတ်အစာ ဒီဇိုင်းတွေ ဝတ်မသွားနဲ့ အုံးနော်။ ကိုယ်သွားရမဲ့ နိုင်ငံက အမေရိကား ဆိုတာလည်း မမေ့နဲ့အုံး......။

ကျနော်ရဲ့ စကားအဆုံးမှာတော့ တစ်ဖက်က ဟက်ဟက်ပက်ပက် ရယ်နေသံကို အတိုင်သာ ကြားနေရပါတော့သည်။

ကျနော်ညီ အကြိုက်နှစ်သက်ဆုံးဖြစ်တဲ့ အဝတ်အစာဒီဇိုင်းက ဘောင်းဘီတို၊ စွတ်ကျယ်၊ ပုဆိုးကွင်းသိုင်းပြီး လက်ထဲမှာလည်း လေးခွတစ်လက်ကိုင်ထားတဲ့ ရွာက ကလေးတွေရဲ့ ပုံစံ ဖြစ်နေလို့ပါပဲ။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်- ညီငယ်တစ်ဦးရဲ့ စိတ်ကြိုက်အရာများကို စိတ်ကူးဖြင့် ဇာတ်လမ်းထွင်ထားခြင်းသာ ဖြစ်ပါသည်။ ညီငယ် ဘယ်သူလဲ ဆိုတာတော့ စိတ်ကူးနဲ့သာ ရှာကြည့်လိုက်ပါတော့ဗျာ။