November 18, 2012

ပန်းကြာဝတ်မှုန်ရုပ်ရှင်အား ပြန်ခံစားခြင်း

ဒီနေ့ စင်ကာပူမှာ ပြတဲ့ ပန်းကြာဝတ်မှုန်ရဲ့ နောက်ဆုံးပွဲကို သွားရောက်ကြည့်ရှုဖြစ်ခဲ့ပါတယ်။ လိုချင်တဲ့ နေရာမရပင်မဲ့ ရတဲ့နေရာကပဲ အားပေးကြည့်ဖြစ်ခဲ့ပါတယ်။ ဝတ္ထုကို အကြိမ်ကြိမ်ဖတ်ထားမိတဲ့ အတွက် ဝတ္ထုထဲကအတိုင်း အကုန်ပါအောင် မရိုက်ပြနိုင်ခဲ့ပင်မဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်း တစ်ပုဒ်လို့ မှတ်ချက်ပေးလိုက်မိပါတယ်။ 

ပန်းကြာဝတ်မှုန်ဝတ္ထုကို ဖတ်ထားတဲ့ သူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဝတ္ထုလောက် အရသာမရှိဘူးလို့ တွေးမိကြမယ်လို့ ထင်ပါတယ်။ ဝတ္ထုကို ရေးထားတဲ့ ဆရာမခင်ခင်ထူး ကိုယ်တိုင်က အားရမှုမရှိပင်မဲ့ ရုပ်ရှင်သရုပ်ဆောင် အဖွဲ့သူ၊သားတွေ ပင်ပန်းတာကိုကြည့်ပြီး ကျေနပ်ပါတယ်လို့ ပြောထားမှတော့ ကျနော်ကိုယ်တိုင်လည်း ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် လက်ခံထားမိလျှက်သားပါပဲ။

ဝတ္ထုကို ဖတ်ပြီးတဲ့ အချိန်မှာ ကျန်ခဲ့တဲ့ စိတ်ခံစားမှုမျိုးကို ဒါရိုက်တာ အနေနဲ့ ဘယ်လိုများ အဆုံးသတ်မလဲဆိုတဲ့ စိတ်ကြောင့် ဒီနေ့ ဒီပွဲကို သွားကြည့်ဖြစ်စေခဲ့တာပါ။ စိတ်ထဲမှာတော့ ဆရာမရဲ့ ဇာတ်သိမ်းအတိုင်း မသိမ်းပါစေနဲ့လို့ ဆုတောင်းမိခဲ့တာတော့ အမှန်ပါ။ တကယ်သွားကြည့်ဖြစ်လိုက်တဲ့ အချိန်မှာတော့ ကြည့်ရကျိုးနပ်တယ်လို့ပဲ ယူဆလိုက်မိပါတယ်။ ဝတ္ထုထဲမှာ ပါတဲ့ဇာတ်ဝင်ခန်း တော်တော်များများ ရုပ်ရှင်မှာ မပါဝင်တာကလွဲလို့ ဇာတ်လမ်းရဲ့ဇာတ်ကွက် အချိတ်အဆက်မိပါတယ်။ ဇာတ်သိမ်းမှာ မင်းသားနဲ့ မင်သမီးကိုပေးပေါင်းထားတဲ့ အတွက်လည်း ဇာတ်ရှိန်ကို အကောင်းဆုံးနဲ့ အဆုံးသတ်တယ်လို့ ယူဆမိပါတယ်။

အောင်နိုင်သူရဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်သွားတဲ့ နိုင်းနိုင်း အနေနဲ့ ဘာမှ ပြောစရာမရှိပင်မဲ့ သီရိမေနေရာမှာ သရုပ်ဆောင်တဲ့ သက်မွန်မြင့်ကိုတော့ ပြောစရာနည်းနည်းလေးရှိနေပါတယ်။ အကယ်ဒမီရပြီးသားသူ တစ်ယောက်မို့ သရုပ်ဆောင်မှုအပိုင်းမှာ ပြောစရာမရှိပင်မဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်တဲ့အချိန်မှာ ဝတ်ဆာဆင်ယင်မှုအနေနဲ့ မြန်မာဆန်သောလည်း သိပ်မလိုက်ဖက်ဘူးလို့ ကျနော့်အနေနဲ့ မြင်မိပါတယ်။ နောက်တစ်ခုက ထွေးထွေးသိန်းနဲ့ ပတ်သက်လို့ ဟာသတွေ အခန်းတော်တော်များများ ရှိနေပင်မဲ့ ရုပ်ရှင်မှာတော့ တစ်ခန်းစ၊ နှစ်ခန်းစလောက်ပဲ ပါတာကို တွေ့ရပြန်ပါတယ်။

ပန်းကြာဝတ်မှုန် ဇာတ်ကားမှာ ကြည့်ရတာ အတန်းဆုံးကတော့ ရှုခင်းတွေရဲ့ အလှပါပဲ။ ရိုက်ကွင်းရိုက်ကွက်တွေ အခန်းတိုင်းလိုလို လှတယ်လို့ ပြောရင် မှားမယ် မထင်ပါဘူး။ မူရင်းဝတ္ထုကို မဖတ်ထားပဲ ကြည့်မယ်ဆိုရင်တော့ တော်တော်လေး ကောင်းမဲ့ ဇာတ်လမ်းလို့ ပြောလို့ရပါတယ်။ ဝတ္ထုဖတ်ထားတဲ့ သူတစ်ယောက် အနေနဲ့ကတော့ ကောင်းတယ်လို့ ပြောလို့မရပင်မဲ့ နောက်ဆုံးဇာတ်သိမ်းကြောင့် ကျေနပ်မှု  ဖြစ်ခဲ့ရပါတယ်။

ဝတ္ထုကို ဖတ်ပြီးတဲ့ အချိန်မှာ စိတ်မှန်းနဲ့ အကယ်ဒမီ ပေးဖြစ်ခဲ့ပါတယ်။ 
ဇာတ်ကောင် သီရိမေ နေရာ အကယ်ဒမီရနိုင်တယ်လို့....ပြီးတော့
ဒါရိုက်တာ၊ ဇာတ်ညွန်း၊ ဇာတ်လမ်းလို့ စိတ်မှန်းနဲ့ ပေးထားခဲ့ပါတယ်။

ရုပ်ရှင် ကြည့်ပြီးတဲ့ အချိန်မှာတော့ ဓါတ်ပုံ၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ လောက်သာရနိုင်တော့မယ်လို့ စိတ်ထဲ အလိုလို သိလာပါတယ်။ ဘယ်သူတွေ ဘာဆုရကြမလဲဆိုတာတော့ နောက်လ ( ဒီဇင်ဘာလ) ၃၀ရက်နေ့မှာ ကျင်းပမဲ့ အကယ်ဒမီပေးပွဲတွင် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ကျနော့်ကိုယ်ပိုင် အတွေးနဲ့ကတော့ အကယ်ဒမီဆု တစ်ခုလောက်တော့ ရကောင်းပါရဲ့...လို့တွေးရင်းးးးးး။


လေးစားစွာဖြင့်
ရီနိုမာန် 

မှတ်ချက် -
စာဖတ်ပရိသတ် တစ်ယောက်အနေနဲ့ ခံစားရေးဖွဲ့ခြင်း ဖြစ်ပါတယ်။ ဆရာမ၏ ဝတ္ထုအား တစ်စုံတစ်ရာ ဝေဖန်ခြင်း မဟုတ်ပါ။ 
ရုပ်ရှင်ကြည့် ပရိသတ်တစ်ယောက်အနေနဲ့ ခံစားမိသမျှ ရေးဖွဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒါရိုက်တာ၏ ပညာအား တစိုးတစိမျှ စော်ကားလိုခြင်း မရှိပါကြောင်း လေးစားစွာ အသိပေးအပ်လိုက်ရပါတယ်။
 



November 17, 2012

အစားအသောက်များနှင့် ကျနော်

၂၀၀၄ မတိုင်ခင် ရန်ကုန်မှာ အလုပ်လုပ်တုန်းက ရုံးကအဖွဲ့နဲ့၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အမြဲတမ်းလိုလို သွားစားဖြစ်ခဲ့ပါတယ်။ ကိုယ်တိုင်က ကြိုက်နှစ်သက်တာဆိုတော့ မကြာခဏဆိုသလို သွားစားဖြစ်ခဲ့ပါတယ်။ ခုတစ်ခေါက် မြန်မာပြည်ပြန်တုန်းကလည်း မှတ်မှတ်ရရ သူငယ်ချင်းတစ်ယောက်နဲ့ အတူတူ သွားစားဖြစ်ခဲ့ပြန်ပါတယ်။ ပထမတော့ မစားခင် မှတ်မှတ်ရရ ဓါတ်ပုံ အရင်းရိုက်ယူလိုက်မယ်လို့ စိတ်ကူးထားခဲ့ပင်မဲ့ ကိုယ့်ရှေ့မှာ ရောက်လာတဲ့ ခေါက်ဆွဲပုဂံကို မြင်ပြီး ဓါတ်ပုံရိုက်ဖို့ မေ့သွားတဲ့ အထိပါပဲ။ ပထမ တစ်ပုဂံကုန်သွားမှပဲ ဓါတ်ပုံရိုက်ဖို့ သတိရသွားတယ်။ ဒီပုံလေးကတော့ ဒုတိယအခေါက် မစားခင်မှာ ရိုက်ယူထားလိုက်တဲ့ ပုံလေးပါ။ ပုံကို မြင်ရင်တော့ သိကြလိမ့်လို့ ထင်ပါတယ်။ ရွှေတောင်ခေါက်ဆွဲ... ပါ။ ပုဇွန်တောင်မြို့နယ် ရေကျော်ဖက်လို့ ပဲမှတ်မိပါတယ်။ လိပ်စာကတော့ သေသေချာချာ မမှတ်မိတော့ပါဘူး။ 

ရွှေရင်အေး... ပါ။ ကာလာစုံတဲ့ မြန်မာ့မုန့်လို့ ပြောရင်လည်း ရနိုင်မယ် ထင်ပါတယ်။ ဆိပ်ကမ်းသာလမ်း အလယ်ဘလောက်မှာ အဲဆိုင်လေး တည်ရှိပါတယ်။ မြင်ရရင်ကို စိတ်ထဲမှာ အလိုလို နှစ်သက်နေမိခဲ့တာပါ။ ဒါလည်း မြန်မာပြည်ပြန်တုန်း ဝင်စားရင် ရိုက်ခဲ့တဲ့ ပုံပါပဲ။ လမ်းဘေးမှာ ရောင်းတယ်ဆိုပင်မဲ့ အော်ဒါမှာရင်လည်း လက်ခံတယ်လို့ သိရပါတယ်။ ဆိုင်အတွက် ကြော်ငြာဝင်ပေးနေသလိုမျိုးများ ဖြစ်နေပြီလား မသိ။ 

တရုတ်တန်းကို ရောက်တော့ ဝက်သားတုတ်ထိုး သွားစားကြမယ်လို့ သူငယ်ချင်းနဲ့ အတူတူ စဉ်းစားထားကြတာပါ။ ဝက်သားတုတ်ထိုးဆိုင် မရောက်ခင်မှာပဲ ဝက်ခေါင်းသုပ်ဆိုင်နဲ့ မြေးအိုးမြီးရှည်ဆိုင်ကို တွေ့တော့ စားကြမယ်ဆိုတာနဲ့ ဝင်စားလိုက်တာ ဝက်သားတုတ်ထိုး စားမဲ့ အစီအစဉ်လည်း ပျက်သွားရပါတော့တယ်။ ဗိုက်ပြည့်သွားတာ ဘယ်လိုမှ ဘာမှ ဆက်မစားနိုင်တော့တဲ့ အထိပါပဲ။ မှာစားကြတာကတော့ သုံးလေးပွဲလောက် ရှိပါတယ်။ ဓါတ်ပုံ ရိုက်ဖြစ်တော့ ဒီအပေါ်က ဝက်ခေါင်းသုပ် ပုံတစ်ပုံပဲ ပါလာတော့တယ်။
မိသားစု ဆိုတဲ့ ဝေါဟာရကို အဓိပ္ပါယ် ဖွဲ့ဆိုတဲ့ အခါ မပါမဖြစ် ထမင်းဝိုင်းဟာလည်း အဓိက နေရာကနေပါဝင်နေခဲ့ပါတယ်။ ကျနော်တို့ အိမ်မှာတော့ များသောအားဖြင့် အဖေရှိစဉ်ကရော၊ အဖေ မရှိတော့တဲ့နောက်ပိုင်းရော မိသားစု စုံစုံညီညီနဲ့ အမြဲလိုလို ထမင်းစားဖြစ်ခဲ့ကြပါတယ်။ တစ်ခါတစ်လေ အိမ်နီးနားချင်း မိတ်ဆွေတစ်ချို့လည်း သူတို့အိမ်က ချက်တဲ့ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဘာဟင်းချက်ချက် အိမ်မှာ စုပြီး စားတက်ကြပြန်ပါတယ်။ နေ့လည်ပိုင်းတွေဆိုရင်တော့ အိမ်မှာ ရှိတဲ့ မိသားစုနဲ့ အတူတူစားဖြစ်ကြပင်မဲ့ ညနေပိုင်းဆိုရင်တော့ ကျနော်တို့အိမ်မှာ လူစုံတက်စုံပါပဲ။ ဟင်းလည်းစုံတယ်လို့ ပြောလို့ရပါတယ်။ ပုံထဲက ထမင်းဝိုင်းကတော့ ကျနော်တို့ နေ့လည်စာစားဖို့ ပြင်ဆင်ထားခြင်းပဲ ဖြစ်ပါတယ်။ ဘာရယ်မဟုတ် စိတ်ထဲမှာ ဓါတ်ပုံရိုက်ချင်လာတာကြောင့် ရိုက်လိုက်မိတာပါ။ ၂၀၁၂ ဇန်နဝါရီလ မြန်မာပြည်ပြန်တုန်းက ရိုက်ဖြစ်ခဲ့တဲ့ ဓါတ်ပုံလေးတွေပါ။ ခရီးထွက်တာ တစ်နှစ်ပြည့်ပါတော့မယ်။ ခရီးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကတော့ မပြီးနိုင်မစီးနိုင်ပါပဲ။ 

လေးစားလျှက်
ရီနိုမာန်

November 10, 2012

ပန်းကြာဝတ်မှုန်

ဝတ္ထုကို ဖတ်ပြီးကတည်းက နောက်တစ်ခေါက်ပြန်ဖတ်ချင်ရလောက်အောင် ကျနော် စွဲလမ်းမိခဲ့ပါတယ်။ ပထမတစ်ခါ ဖတ်တုန်းက အွန်လိုင်းကနေ ဒေါင်းပြီး ဖတ်ရတာကို အားမရနိုင်ဖြစ်ခဲ့ရတာမို့ စာအုပ်ဝယ်ပြီး အိမ်မှာ နောက်တစ်ခေါက် ပြန်ဖတ်ခဲ့ရ ပြန်ပါတယ်။ စာအုပ်ကို ဖတ်ပြီး စိတ်ထဲမှာ မချင့်မရဲဖြစ်နေတဲ့ အချိန်မှာပဲ ဒါရိုက်တာ ဇင်ယော်မောင်မောင်က ဒီစာအုပ်ကို ရုပ်ရှင်ရိုက်နေပြီဆိုတဲ့ သတင်းကြောင့် အရမ်းကို ကြည့်ချင်တဲ့ စိတ်ဖြစ်နေခဲ့တာ ကြာခဲ့ပါပြီ။ စိတ်ထဲထင်ထားတာက မြန်မာပြည်မှာ ရုံတင်တဲ့ ကြည့်နိုင်သလို၊ ဗွီဒီယိုအခွေ ထွက်လာတဲ့ အခါမှာမှပဲ ကြည့်ရတော့မယ်လို့ ထင်ထားခဲ့တာပါ။ အခုတော့ ကံကောင်းတယ်( ကျနော် တစ်ဦးတစ်ယောက်ထဲ) လို့ပဲ ပြောရမယ်ထင်ပါတယ်။ စင်ကာပူမှာ ကြည့်ဖို့ အတွက် အခွင့်အရေး ရခဲ့ပါပြီ။

လာမဲ့ အပတ် ( နိုဝင်ဘာလ ၁၇ ၊ ၁၈ ) စနေနဲ့ တနင်္ဂနွေမှာ Cathay ရုပ်ရှင်ရုံမှာ ပြမယ်ဆိုတာကို ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ သေသေချာချာ သိခဲ့ရပါတယ်။ ဒါကြောင့် ကျနော့်လိုပဲ ဒီဝတ္ထုလေးရဲ့ ဇာတ်သိမ်းကို ဘယ်လိုများ ဇာတ်သိမ်းသွားမလဲဆိုတာ သိချင်တဲ့ သူများ ရှိခဲ့မယ်ဆိုရင် အောက်ဖေါ်ပြပါ အချိန်အတိုင်း သွားရောက် ကြည့်ရှုအားပေးနိုင်ပါပြီ။ ကြိုတင်လက်မှတ်တွေကိုတော့ စီးတီဟောမှာ ရောင်းတယ်လို့တော့ ကြားမိပါတယ်။ ရုပ်ရှင်ရုံမှာ ပြတာ ဖြစ်တဲ့ အတွက်ကြောင့် ရုပ်ရှင်ရုံမှာတော့ လက်မှတ်ဝယ်ယူနိုင်မယ်လို့ ထင်မိပါတယ်။ 

ပြမဲ့ အချိန်တွေကတော့ .....

စနေနေ့မှာ  ညနေ ၅နာရီ ၁၀ မိနစ် တစ်ပွဲ
တနင်္ဂနွေနေ့မှာတော့ မနက် ၁၀ နာရီ တစ်ပွဲနဲ့ နေ့လည် ၂ နာရီခွဲ တစ်ပွဲရှိပါတယ်။
အော်ချက်က Cathay ရုံမှာ ပြမှာ ဖြစ်ပါတယ်။

ကျနော့်လိုပဲ ရူးသွပ်သူ တစ်ဦးတစ်ယောက်လောက်များ ရှိခဲ့မယ်ဆိုရင်တော့ .....
ဒီဇာတ်လမ်းအပေါ်မှာ ရူးသွပ်သူ ကျနော် တစ်ဦးထဲသာ ရှိခဲ့မယ် ဆိုရင်လဲ..... ကျေနပ်နေပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန် 

October 14, 2012

ငယ်...သူငယ်ချင်း ဆီသို့ စာတစ်စောင်

သို့

သူငယ်ချင်း နှင်းမေ

ငါတို့တွေ မတွေ့ဖြစ်ခဲ့ကြတာ နှစ်ပေါင်း ၂၀လောက် ရှိတော့မယ် သူငယ်ချင်း။ မထင်မှတ်ပဲ နင့်ကို မျက်နှာစာအုပ်ပေါ်မှာ ပြန်ရှာတွေ့ခဲ့တယ်။ နှစ်တွေ ဘယ်လောက်ပဲ ကြာနေပါစေ နင့်အပေါ်မှာ ရှိတဲ့ ငါ့ရဲ့ ခင်မင်မှုကတော့ အရင်တိုင်းပါပဲ သူငယ်ချင်း။ ငါတို့မိဘတွေက အစိုးရဝန်ထမ်းတွေဆိုတော့ သိတဲ့ အတိုင်းပဲပေါ့ သူငယ်ချင်း။ သူတို့ ပြောင်းတဲ့ နေရာ ငါတို့လည်း လိုက်ပြောင်းခဲ့ရတာပဲ မဟုတ်လား။ ငါတို့တွေ အလယ်တန်းပြီတဲ့ အထိ ကျောင်းအတူတူသွား၊ စာအတူတူကျက်ခဲ့ကြတာကို ခုချိန်ထိ သတိယနေတုန်းပဲ။ ကလေးဘဝက တကယ့်ကို ပျော်ဖို့ကောင်းခဲ့ကြတယ်နော်။ ငါတို့ သူငယ်ချင်းနှစ်ယောက် တစ်ခါတစ်ခါလည်း စိတ်ကောက်ခဲ့ကြသေးတယ်နော်။ များသောအားဖြင့် ယောက်ျားလေးဖြစ်တဲ့ ငါက နင့်အပေါ်မှာ အမြဲစိတ်ကောက်ခဲ့ရတာပါ။ နင်က ငါ့အပေါ် အမြဲကောင်းခဲ့တာ ငါမှတ်မိပါသေးတယ်။

အထက်တန်း စတက်တဲ့ အချိန်မှာတော့ ငါတို့ နယ်ပြောင်းခဲ့ရတယ်။ အထက်တန်းစတက်တဲ့ အချိန်က စပြီး ငါ့မှာ နင်လောက်ခင်ဖို့ ကောင်းတဲ့ သူငယ်ချင်း မရှိခဲ့ဘူး။ ငါ ဘွဲ့သာ ရသွားတယ်။ ကျောင်းနေဖက် သူငယ်ချင်းကောင်းဆိုတဲ့ ဝေါဟာရကို သိပဲ သိခွင့်ရလိုက်တယ်။ ပိုင်ဆိုင်ခွင့် မရခဲ့ဘူး သူငယ်ချင်း။ သူငယ်ချင်းကောင်းတွေ မပိုင်ဆိုင်ခဲ့ပင်မဲ့ မိတ်ဆွေကောင်းတွေတော့ ငါရလိုက်တယ် သူငယ်ချင်း။ ၁၀တန်းအောင်ပြီးတာနဲ့ ငါ အလုပ်ဝင်ခဲ့တယ် သူငယ်ချင်း။ အဲသည့်အချိန်ကစပြီး ပတ်ဝန်းကျင် အသစ်မှာ လူတွေ တော်တော်များများရဲ့ စိတ်ကို လေ့လာနိုင်ခဲ့တယ်။ လူတွေနဲ့ အဆင်ပြေပြေနေနိုင်အောင်လည်း ငါကြိုးစားနိုင်ခဲ့တယ်။ ဒါပင်မဲ့ သူငယ်ချင်း.... အသက်တွေက သုံးဆယ်သာ ကျော်သွားတာ။ ကောင်းကောင်း မရင့်ကျက်သေးဘူး။ 

၂၀၀၂လောက်မှာ ငါ့အဖေဆုံးတယ်။ အဖေဆုံးတော့ အိမ်ရဲ့ တာဝန် ( အဓိက ဝင်ငွေ) က ငါ့အပေါ်ကို အလိုလို ကျလာခဲ့တယ်။ ငါက ငါ့မိသားစုကို ရှာကျွေးချင်နေတဲ့ ကောင်ဆိုတော့ သိတဲ့ အတိုင်းပဲလေ။ ငါ ပျော်ပျော်ကြီး လက်ခံလိုက်တယ်။ အဲသည်အချိန်မှာ ငါရဲ့ စိတ်ကူးတွေလည်း ပြောင်းလဲလာခဲ့တယ်။ သိတဲ့ အတိုင်းပဲ သူငယ်ချင်းရယ်။ မြန်မာပြည်မှာ ရိုးရိုးမေဂျာဘွဲ့လေးနဲ့ လစာ ကောင်းကောင်း အလုပ်တစ်ခုကို ဘယ်လိုလုပ် ရှာနိုင်မှာတဲ့လဲ။ လက်ရှိလုပ်နေတဲ့ အလုပ်ကလည်း သုံးသောင်းမပြည့်ချင်ဘူး။ ဒါနဲ့ နိုင်ငံခြားထွက်ဖို့ အကြောင်းက ပေါ်လာတယ်လို့ပဲ ပြောရတော့မယ်။

အဝေးသင်နောက်ဆုံးနှစ် စာမေးပွဲပြီးတော့ ငါ မလေးရှားကို ထွက်လာခဲ့တယ်။ မလေးရှားကို မထွက်လာခင်အထိ အိမ်မှာ အဆင်ပြေနေသေးတယ်လို့ ပြောလို့ရတဲ့ အခြေအနေပေါ့ဟာ။ အဖေဆုံးတော့ အစိုးရက ထောက်ပံ့တဲ့ နစ်နာကြေးနဲ့ အမေစုထားတဲ့ ငွေက လက်ထဲမှာ ကျန်နေသေးတော့ သိပ်ပူပန်နေစရာ မလိုသေးတဲ့ အချိန်ပေါ့။ ဒါပင်မဲ့လည်း သူငယ်ချင်းရယ် ကံကြမ္မာက ငါကို မျက်နှာသာ မပေးခဲ့ဘူးလို့ပဲ ပြောရမလားပဲ။ ဒါမှမဟုတ် သည်လိုဖြစ်ဖို့ အတွက် ငါ့ကိုများ စောစောစီးစီးနေရာချထားပေး လိုက်သလားလို့တောင် ထင်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုနကပြောတဲ့ ငါ့အမေလက်ထဲမှာ ကျန်နေသေးတယ်ဆိုတဲ့ ငွေတွေ အကုန်လုံးနီပါး လူလိမ်ခံလိုက်ရတယ် သူငယ်ချင်း။ 

ငါ အမေ့ကို အပစ်မပြောရက်ပါဘူး။ သူလည်း ငါရှာရတာ သက်သာလို သက်သာကြောင်း တစ်ဖက်ကနေ ကြိုးစားကြည့်တာပဲလေ။ ကံကိုက သည်လိုပါလာမှာတော့ ဘာတက်နိုင်တော့မှာလဲ။ ငါအမေကို အားပေးခဲ့တယ်။ သူ့မှာ ပိုက်ဆံတွေကုန်လို့ စိတ်ဆင်းရဲနေရတာက တစ်ကြောင်း၊ တကယ်လို့များ ငါကပါ အပစ်ပြောနေမယ်ဆိုရင် ငါ့လောက်မိုက်တဲ့ သား သည်လောကမှာ ရှိနိုင်ပါ့အုံးမလား။ မလေးရှားမှာ နေခဲ့တဲ့ သုံးနှစ်အတွင်းမှာ ငါ့အတွက် စားပြီးသောက်ပြီး တစ်သိန်းတော့ ငါရအောင် ပို့ပေးနိုင်ခဲ့တယ်။ တစ်ချို့လတွေမှာ တစ်သိန်းနဲ့ မလောက်မှန်း ငါသိပင်မဲ့ အမေက ငါ့ကို ဘယ်တော့မှ မလောက်ဘူး ဆိုတဲ့စကားကို မပြောခဲ့ဖူးဘူး။ အဲသည့်အတွက်လည်း အမေ့ကို ငါ အခုချိန်ထိ ကျေးဇူးတင်နေမိတယ်။

သုံးနှစ်ပြည့်တော့ ငါ မြန်မာပြည်ကို ပြန်လာခဲ့တယ်။ ဆက်နေဖို့တော့ စဉ်းစားကြည့်ပါသေးတယ်။ စားပြီးသောက်ပြီး တစ်သိန်းလောက်ရနေရုံလောက်နဲ့ ငါမကျေနပ်သင့်သေးဘူးလို့လဲ ငါ့ကိုယ်ငါ အားပေးခဲ့ဖူးတယ်။ မြန်မာပြည်ပြန်ပြီး စင်ကာပူကို ထွက်နိုင်ဖို့ ငါ အမျိုးမျိုးကြိုးစားခဲ့တယ်။ အင်တာဗျူးတွေလည်း ခဏခဏ ဝင်ခဲ့တယ်။ အဆင်မပြေချင်ရင် ဘယ်လိုပဲ လုပ်လုပ် အဆင်မပြေဘူး သူငယ်ချင်း။ ဒါပင်မဲ့ ငါ ဇွဲမလျော့ခဲ့ဘူး။ ကံကောင်းချင်တော့ မလေးရှားမှာ အတူတူ အလုပ်လုပ်ခဲ့တဲ့ အဖွဲ့ခေါင်းဆောင် တစ်ယောက်နဲ့ အဆက်အသွယ်ရခဲ့တယ်။ သူ့ အကူအညီနဲ့ပဲ ငါ ၂၀၀၈ ခုနှစ် မေလဆန်းလောက်မှာ စလုံး( စင်ကာပူ) ကိုရောက်ခဲ့တယ် သူငယ်ချင်း။

အဆင်မပြေတော့လဲ ဘာလုပ်လုပ် အဆင်မပြေသလို၊ ကံကောင်းချင်ပြန်တော့လည်း စင်ကာပူကိုလာဖို့ အလုပ်ရဖို့ ဘာအေ့ဂျင့်ဖီမှ မပေးခဲ့ရဘူး။ မြန်မာပြည်မှာ တက်ရမဲ့ သင်တန်းတစ်ခုအတွက်လည်း အခုငါအလုပ်လုပ်နေတဲ့ ကုမ္ပဏီကပဲ စိုက်ထုတ်ပေးခဲ့တယ်။ သင်တန်းအောင်တော့ လေယာဉ်လက်မှတ်က အစ ငါဘာမှ မကုန်ခဲ့ဘူး သူငယ်ချင်း။ သည်ကိုရောက်ပြန်တော့လည်း လုပ်ရတဲ့ အလုပ်က ငါအတွက် အစိမ်းသက်သက်ဖြစ်မနေပြန်ဘူး။ မလေးရှားမှာ သုံးနှစ်လုံးလုံး လုပ်ခဲ့တဲ့ အလုပ်ဖြစ်နေပြန်တယ်။ ငါတို့ မြန်မာတွေရဲ့ အလုပ်ကြိုးစားချင်တဲ့ စိတ်ကြောင့်ပဲ ရောက်ပြီး သိပ်မကြာခင်မှာပဲ မထင်မှတ်လောက်အောင် လစာတိုးပေးခြင်း ခံခဲ့ရတယ်။ အခုဆို ငါဒီမှာရောက်နေတာ ငါးနှစ်ပြည့်တော့မယ် သူငယ်ချင်း။ 

ဘယ်တော့ ပြန်မလဲလို့တော့ မမေးနဲ့အုံး သူငယ်ချင်း။ တော်တော်နဲ့ပြန်ဖြစ်အုံးမယ် မထင်ဘူး။ ပျော်လို့နေနေတယ်လို့တော့လဲ မထင်နဲ့ သူငယ်ချင်း။ ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရဆိုတဲ့ ငယ်ငယ်တုန်းက အမေပြောပြောနေကျ စကားဟာ ငါ့ကိုများ ရည်ရွယ်လေးသလားလို့တောင် ထင်ရပါတယ်။ ဘာကြောင့်တော်ရာလို့ ပြောရသလဲဆိုတော့ ဒီမှာ ငါ့ရဲ့ ဝင်ငွေက စားပြီးသောက်ပြီး အမေ့ဆီကို သုံးလေးသိန်းလောက် ပို့ပေးနိုင်လို့ပဲ သူငယ်ချင်း။ မြန်မာပြည်မှာ ငါ့ရဲ့ ရိုးရိုးမေဂျာဘွဲ့လေး တစ်ခုနဲ့ ဘယ်လိုလုပ်ပြီး လစာ သုံးလေးသိန်း သွားရနိုင်မှာလဲ။ နင်လည်း သိမှာပါ။ နင်လည်း မြန်မာပြည်က အစိုးရ အင်ဂျင်နီယာ တစ်ယောက်ပဲလေ။

သူငယ်ချင်း နှင်းမေ စာလည်း တော်တော် ရှည်သွားပြီ။ နှစ် ၂၀လောက် ဝေးကွာခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်အတွက် သည်စာလေးကို ဖတ်လိုက်ရတဲ့ အချိန်မှာ လူတစ်ယောက်စီရဲ့ ဘဝအတွေ့အကြုံ မတူညီမှုတွေကို ခံစားသိရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း........စာကို အဆုံးသတ်လိုက်ပါတယ်။

နင့်ရဲ့ ငယ်သူငယ်ချင်း
ရီနိုမာန်
၁၄.၁၀.၂၀၁၂

လေးစားစွာဖြင့်
ရီနိုမာန်

October 5, 2012

ခရီးစဉ် အဆုံးသတ်

နေ့လည်ပိုင်း ဆူးလေဘုရားနား ရိုက်ထားတဲ့ ပုံ

ဆူးလေဘုရား
ညပိုင်း ပန်းခြံထဲကနေ ရိုက်ခဲ့တဲ့ ရွှေတိဂုံဘုရား
ညပိုင်း အလှ
ရှိုး လုပ်ရင် ဒီမှာပဲ လုပ်တယ်လို့ သူငယ်ချင်းက ပြောတယ်။ ခဏတော့ ထိုင်ဖြစ်ကြတယ်။
ရုပ်ရှင်ကြည့်ပြီး အပြန် ညပိုင်းဆူးလေဘုရား မြင်ကွင်း
စင်ကာပူ ပြန်မဲ့ မနက်ပိုင်း ရွှေတိဂုံဘုရားပေါ် သွားခဲ့တယ်။


နာဂစ်ဖြစ်တုန်းက ဒီအပင်ကြီး ဘာမှ မဖြစ်ပဲ ကျန်ခဲ့တာ အံ့သြမိတယ်။

ခြေတော်ရာ

စင်ကာပူကို ပြန်ရောက်နေတာ တစ်နှစ်တောင်ပြည့်တော့မယ်။ ခုထိအိမ်ပြန်တဲ့ ပို့စ်တွေက မကုန်နိုင်သေးတဲ့ အဖြစ်။ အမှန်က စာရေးရမှာ ပျင်းနေတာက ၇၀ ရာခိုင်းနှုန်းလောက်ရှိနေတာပါ။ သူများတွေ စာရေးတာ ပတ်ဝန်းကျင် အနေအထား ဘယ်လိုရှိမှ ရေးတက်ကြလည်းတော့ ကျနော်လည်း မသိဘူး။ ကျနော်ကတော့ ပတ်ဝန်းကျင်မှာ ငြိမ်နေမှ ကိုယ်လိုချင်တဲ့ ကိုယ်ရေးချင်တဲ့ အကြောင်းတွေကို စဉ်းစားလို့ရတယ်။ အခန်းပိတ်ပြီး ရေးမယ်လုပ်ပြန်တော့လည်း အခန်းထဲမှာက နေတာ လူရှစ်ယောက်ရှိတယ်။ အကုန်လုံးမောင်းထုတ် ပြီးမှပဲ ရေးလို့ရတော့မယ်။ သူတို့ ငြိမ်တဲ့ အချိန်ကို ကြည့်ပြန်တော့လည်း ညသံခေါင်ယံ ၁၂နာရီ ၁ နာရီ ရှိနေပြန်ပြီ။ ဒီလိုနဲ့ပဲ ရေးမယ်လုပ်လိုက် ရပ်ထားလိုက်နဲ့ သံသရာက မရှည်သင့်ပဲ ရှည်နေရပြီ။
စင်ကာပူကို ပြန်မလာခင် တစ်ည ရန်ကုန်မှာ ညအိပ်ဖြစ်တယ်။ လုပ်ချင်တာနဲ့ ကျန်တဲ့ အချိန်တွေက မလောက်ဘူး ဖြစ်နေတယ်။ ဒါနဲ့ လုပ်သင့်တာပဲ လုပ်လိုက်တော့တယ်။ လိုချင်တဲ စာအုပ်တစ်ချို့နဲ့ ဖတ်ချငတဲ့ စာအုပ်တစ်ချို့ လိုက်ဝယ်ပြီး တည်းခိုခန်းမှာ ပြန်ထားလိုက်တယ်။ ညနေပိုင်းမှာ သူငယ်ချင်းနှစ်ယောက်နဲ့ အတူညစာ သွားစားဖြစ်တယ်။ ညစာ စားပြီးအပြန်မှာ ပန်းခြံထဲ ဝင်ပြီး သူငယ်ချင်းတစ်ယောက်နဲ့ အတူ လမ်းလျှောက်စကားတွေ ပြောဖြစ်ကြတယ်။ ည၁၀ နာရီလောက်ကျတော့ ကားငှားပြီး တည်းခိုခန်းကို ပြန်လာခဲ့ကြတယ်။ တည်းခိုတဲ့ နေရာရောက်တော့ အစီအစဉ်က တစ်မျိုးပြောင်းသွားကြတယ်။ စောစောစီးစီး မအိပ်ချင်သေးတာကြောင့် ရုပ်ရှင် နောက်ဆုံးကားကို သွားကြည့်လိုက်ကြပြန်တယ်။

စင်ကာပူကို ပြန်မဲ့မနက်စောစောမှာပဲေ၇ွှတိဂုံဘုရားကို သူငယ်ချင်းနဲ့ တူတူသွားဖြစ်ခဲ့ပါတယ်။ ဘုရားက ပြန်ရောက်တော့ ဟိုတယ်မှာပဲ မနက်စာ စား၊ ရေမိုးချိုးပြီး လေဆိပ်ကို ထွက်လာခဲ့ကြပါတော့တယ်။ ဒါဟာ ကျနော်မြန်မာပြည်ကို လေးနှစ်လောက်မပြန်ပဲ နေခဲ့ရာမှ ပထမဆုံးအကြိမ် ၁လခွင့်နဲ့ ပြန်ဖြစ်ခဲ့တဲ့ ခရီးစဉ် ဒီမှာပဲ ဆုံးသွားခဲ့ပါပြီ။

ခရီးစဉ်ဆုံးသွားခဲ့ရပင်မဲ့ မဆုံးသေးပဲ ကျန်နေခဲ့တာကတော့ ကျနော့်ရဲ့ စိတ်ပါပဲ။ လူကြီးသူမတွေက ပြောကြတယ် အသက်လေးရလာတော့ ကိုယ့်ရပ်ကိုယ့်ရွာကိုပဲ သတိရတယ်။ ပြန်နေချင်တယ်တဲ့။ ပထမတော့ လက်မခံပင်မဲ့ ခုတော့ ကျနော်ကိုယ်တိုင်ကလည်း ကိုယ့်ရွာလေးနဲ့ ကိုယ်အိမ်လေးကို လွမ်းတဲ့ စိတ်ကြောင့်ရယ်၊ အသက်ရလာပြီး ဖြစ်တဲ့ အမေနဲ့ အတူနေချင်တဲ့ စိတ်ကလေးတွေကြောင့်ပဲ တစ်နှစ်တစ်ခေါက် တပတ်ရရ၊ ဆယ်ရက် ရရ မြန်မာပြည်ကို ပြန်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်   

September 22, 2012

သဘာဝတရားတဲ့...လား

သဘာဝတရားတဲ့လား........။
ဖြစ်မယ်၊ ပျက်မယ်လို့ ဘုရားရှင်က ဟောထားခဲ့ပြီးသား။
တကယ်တန် ဖြစ်တော့လည်း လူတွေက သနားစရာပါ။
ဒါဟာ ဘာကြောင့်လဲ... သဘာဝတရား တဲ့လား။

ရေတွေကြီးလို့ ငါတို့သွေးချင်းတွေ ဒုက္ခပင်လယ်ထဲမှာ..
အတွင်း ၃၇ မင်းလည်း မကယ်နိုင်၊ အပြင် ၃၇ မင်းလည်း မကယ်နိုင်
အထက် ပုဂ္ဂိုလ်လည်း မနိုင်၊ အောက် ပုဂ္ဂိုလ်လည်း မဆိုင်
ဖြစ်ချင်တာ ဖြစ်နေတာ..... သဘာဝတရားတဲ့လား။

ရပ်စဲဖို့ အခါခါ၊ နေ့ရက်တွေထဲ
အသက်ပေါင်းများစွာ စတေးခဲ့ရပြန်ပြီ။
ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ၊ ဆွေမျိုးများစွာအတွက်
ရင်ဘတ်ကြီးလည်း ကွဲခဲ့ရပြီ....ဒါလည်း.... သဘာဝတရားတဲ့လား။

မိန်းမလည်း လူ၊ ယောက်ျားလည်း လူ
လူ လူချင်းအတူတူ ဘာတွေများ ပိုထူးနေလို့လဲ...။
ဘာသာတစ်ခု အကြောင်းပြုလို့ ရင်းလိုက်ရတဲ့ လူ့အသက်တွေ
အိုအိမ်ပျက်စီးဆုံးရှုံးရတာလည်း.... သဘာဝတရားတဲ့လား။

ဟော့  တွေ့လိုက်ရပြန်ပြီ။
ရင်ဘတ်စည်းတီး ငိုချင်းချနေရတာ ရွှေမန်းတင်မောင်မှ မဟုတ်တာ။
ဘဝတွေရင်း၊ အချိန်တွေရင်း နေရာလေး တစ်ခုပိုင်ဆိုင်ပြီးခါမှ
မင်းမိန့်ဆိုတဲ့ စကားလေးတခွန်းကရော .... သဘာဝတရားတဲ့လား။

လေးစားစွာဖြင့်
ရီနိုမာန်