September 22, 2012

သဘာဝတရားတဲ့...လား

သဘာဝတရားတဲ့လား........။
ဖြစ်မယ်၊ ပျက်မယ်လို့ ဘုရားရှင်က ဟောထားခဲ့ပြီးသား။
တကယ်တန် ဖြစ်တော့လည်း လူတွေက သနားစရာပါ။
ဒါဟာ ဘာကြောင့်လဲ... သဘာဝတရား တဲ့လား။

ရေတွေကြီးလို့ ငါတို့သွေးချင်းတွေ ဒုက္ခပင်လယ်ထဲမှာ..
အတွင်း ၃၇ မင်းလည်း မကယ်နိုင်၊ အပြင် ၃၇ မင်းလည်း မကယ်နိုင်
အထက် ပုဂ္ဂိုလ်လည်း မနိုင်၊ အောက် ပုဂ္ဂိုလ်လည်း မဆိုင်
ဖြစ်ချင်တာ ဖြစ်နေတာ..... သဘာဝတရားတဲ့လား။

ရပ်စဲဖို့ အခါခါ၊ နေ့ရက်တွေထဲ
အသက်ပေါင်းများစွာ စတေးခဲ့ရပြန်ပြီ။
ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ၊ ဆွေမျိုးများစွာအတွက်
ရင်ဘတ်ကြီးလည်း ကွဲခဲ့ရပြီ....ဒါလည်း.... သဘာဝတရားတဲ့လား။

မိန်းမလည်း လူ၊ ယောက်ျားလည်း လူ
လူ လူချင်းအတူတူ ဘာတွေများ ပိုထူးနေလို့လဲ...။
ဘာသာတစ်ခု အကြောင်းပြုလို့ ရင်းလိုက်ရတဲ့ လူ့အသက်တွေ
အိုအိမ်ပျက်စီးဆုံးရှုံးရတာလည်း.... သဘာဝတရားတဲ့လား။

ဟော့  တွေ့လိုက်ရပြန်ပြီ။
ရင်ဘတ်စည်းတီး ငိုချင်းချနေရတာ ရွှေမန်းတင်မောင်မှ မဟုတ်တာ။
ဘဝတွေရင်း၊ အချိန်တွေရင်း နေရာလေး တစ်ခုပိုင်ဆိုင်ပြီးခါမှ
မင်းမိန့်ဆိုတဲ့ စကားလေးတခွန်းကရော .... သဘာဝတရားတဲ့လား။

လေးစားစွာဖြင့်
ရီနိုမာန်

September 5, 2012

မိုးနှောင်း အိပ်မက်

အပြင်မှာ မိုးတွေသည်းထန်စွာ  ရွာသွန်းနေတယ်
လမ်းရဲ့ အပေါ်မှာတော့ ရေတွေပြည့်နေလေရဲ့
ကလေးငယ်တစ်ယောက် လွယ်အိတ်လေး တစ်လုံးဖြင့်
ပြေးလွှာဆော့ကစားလို့ နေပြန်တယ်။

မကြာခင်မှာပဲ မိုးတွေ အရွာရပ်တန့်သွားခဲ့ပြီ
ရေတွေတစ်ဖြေးဖြေး လျော့နည်းလို့လာခဲ့ပြီ
ကလေးငယ်ရဲ့ကိုယ်ပေါ်မှာ လွယ်အိတ် ရှိမနေတော့ပြီ
တစ်ချိန်တည်းမှာပဲ သူ့ကိုယ်ပေါ်က အင်္ကျီာကို ဆွဲချွှတ်နေပြန်ပါတယ်။

ငါးမိနစ်လောက် အကြာမှာတော့ ကောင်းကင်ကြီး တစ်ခုလုံး မှောင်မဲလို့
မိုး ထပ်ရွာတော့မယ်ဆိုတဲ့ အရိပ်အယောင်ကို သူပဲ သိနေသလိုလို
လမ်းပေါ်မှာ ငှက်ကလေး တစ်ကောင်၊ ခွေးကလေးတစ်ကောင် ရှိမနေပင်မဲ့
ခုထိကျနော် တွေ့နေရတာ မိုးရွာမရွာ မသိပင်မဲ့ မျှော်လင့်ကြီးစွာနဲ့ စောင့်နေတဲ့
ကလေးငယ်တစ်ဦး


လေးစားစွာဖြင့်
ရီနိုမာန်

August 29, 2012

ရာသီခွင်

လကလေးရယ်၊ ကြယ်ကလေးရယ်၊ လူတစ်ယောက်ရယ်......။

မှောင်မိုက်တဲ့ ညတစ်ညမှာ ကြယ်လေးတမျှ လင်းလက်နေတဲ့
မီးရောင်စုံတွေရဲ့ကြားမှာ ရာသီခွင်ကို စောင့်ကြည့်နေတဲ့ လူတစ်ယောက်။

ကြယ်တွေစုံပြီလား။

လူတွေကောစုံရဲ့လား။

ချိုမြိန်နေတဲ့ ဂီတသံနဲ့အတူ လှပတဲ့ကစားကွင်းကြီးအလယ်မှာ
ဆန်းသော်တာ လရဲ့အရိပ်ကတော့ မခို့တရို့။

ညတစ်ဝက် ကျိုးေ၇ာပေါ့။

အချိန်မှ မှန်ရဲ့လား။

တည်းခင်းထားတဲ့ ဧည့်ခံပွဲကြီးလည်း တိတ်ဆိတ်ငြိမ်သက်လို့နေရဲ့။
အနီရောင် ပန်သီးရဲ့ အလယ်တည့်တည့်မှာ ထိုးစိုက်ထားတဲ့ ဓါးတစ်လက်။
အနီရောင်ကောဇောကြီးလဲ သွေးသံရဲရဲ။

ပြီးဆုံးသွားခဲ့ပြီလား။

ပြည့်ရော ပြည့်စုံပါရဲ့လား။

မှောင်မိုက်နေပင်မဲ့ ဆန်းသော်တာ လရိပ်က အတိုင်းသာ။
ကြယ်လေးတွေလည်း သူ့နေရာနဲ့သူ ဘိုနေမြဲကျားနေမြဲ။
ကောင်းကင်မှာ နက္ခတ်ဖတ်ဖို့ စောင့်နေတဲ့ လူတစ်ယောက်တော့ ရှိနေလေရဲ့။


လေးစားစွာဖြင့်
ရီနိုမာန်

August 22, 2012

သံသရာ စက်ဝန်း

ကျနော်က မေမေ့ကို ချစ်တယ်။

မေမေက ဖေဖေ့ကို ချစ်တယ်။

ဖေဖေက ညီမလေးကို  ချစ်တယ်။

ညီမလေးက ကိုကို့ကို ချစ်တယ်။

ကိုကိုက မမ့ကို ချစ်တယ်။

မမက ကျနော့် ကိုချစ်တယ်။

လေးစားစွာဖြင့်
ရီနိုမာန်

August 16, 2012

ပိုက်ဆံရှိမှ လှူနိုင်တာ မဟုတ်ပါ

အလှူဆိုတာကလည်း ပိုက်ဆံရှိလို့ လှူနိုင်ကြသလို၊ ပိုက်ဆံမရှိလည်း လှူလို့ရတဲ့ ပုံစံ အမျိုးမျိုးရှိပါတယ်။ ကျနော်ကတော့ အလှူဆိုရင် စိတ်ကိုပဲ အဓိကထားပြီး လှူဖို့ စဉ်းစားပါတယ်။ ငါးကျပ်ပဲ တက်နိုင်( တက်နိုင်) ၁၀၀ပဲ နိုင်နိုင် လှူချင်တဲ့ စိတ်လေးကို အလှဆုံးထားဖြစ်ပါတယ်။ မျက်စိရှေ့မှာ ဘယ်လောက်ပဲ လှူဒါန်းနေကြပါစေ။ ကျနော်စိတ်ထဲမှာ လုံးဝနှလုံးသွင်းလို့မရဘူး ဆိုရင်တော့ ဘာကြီးပဲ ဖြစ်နေပါစေ လှူဖို့ အတွက် ငြင်းဆန်မိမြဲပါ။ 

အလှူအတန်လုပ်တဲ့ အခါမှာလဲ ကိန်းကြီးခန်းကြီးလုပ်ပြီး လှူဒါန်းတာကို ကျနော် သဘောမတွေ့တက်ပါဘူး။ ဥပမာ ဘုန်းကြီးငါးပါး ဆွမ်းကပ်ချင်တယ်ဆိုပါတော့။ ဘုန်းကြီးငါးပါးကို ဆွမ်းကပ်လို့ ကုန်မဲ့ပိုက်ဆံက ၁၀၀ရှိတယ်။ လူပရိတ်သတ်ကို ပြန်ဧည့်ခံရတဲ့ ကုန်ကျစရိတ်က ၁၀၀လောက် ဖြစ်နေပြန်ရော။ အဲလိုဆိုရင် ကျနော့်အနေနဲ့ ၂၀၀လုံး ဘုန်းကြီးငါးပါအတွက် သုံးလိုက်ဖို့ပဲ စိတ်ဝင်စားပါတယ်။ ကျနော့်ရဲ့ အမြင် မှားကောင်းမှားနိုင်ပါလိမ့်မယ်။ သို့ပင်မဲ့ ကျနော် ကျေနပ်လက်ခံထားတာ ဒီအတိုင်းပါပဲ။

အဓိက စိတ်ကို နေရာမှန်အောင် အရင်လုပ်ပါတယ်။ စိတ်က လက်ခံနိုင်ပြီးဆိုရင် ဘာဖြစ်ဖြစ် ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လွယ်လွယ်ကူကူနဲ့ လုပ်နိုင်ကြစမြဲပါ။ ငယ်ငယ်တုန်းက ဆရာသမားတွေပြောတဲ့ စကားက သိပ်ကိုမှန်ပါတယ်။ လူတစ်ယောက်မှာ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်တဲ့။ ရည်ရွယ်ချက်မရှိတဲ့ လူဟာ ကိုယ်လျှောက်နေတဲ့ လမ်း ပျောက်နေသလို ခံစားရပါတယ်... တဲ့။ အဲလိုပဲ အလှူဆိုတဲ့ လှူချင်တဲ့ စိတ်ကလေးသာ ရှိလိုက်။ ငါးကျပ်လှူလည်း အလှူမြောက်ပါတယ်။ တစ်သိန်းလှူလဲ အလှူမြှောက်ပါတယ်။ အလှူဆိုတဲ့ စိတ်ကလေးကို နေရာထားတက်ဖို့ပဲ လိုမယ်လို့ထင်ပါတယ်။ 

ငယ်ငယ်တုန်းကဆိုရင် ကြားဖူးနားဝရှိခဲ့တဲ့ မျက်ကြည်လွှာ လှူတာတို့၊ အသည်းတစ်ခြမ်းလှူတာတို့ဆိုတဲ့ သတင်းတွေဖတ်လိုက်ရရင် ကိုယ်လည်း တစ်နေ့တော့ အဲလိုလှူမယ်လို့ စိတ်ကူးထားခဲ့ဖူးပါတယ်။ တကယ့်တကယ် အရွယ်ရောက်လို့ မိတ်ဆွေအပေါင်းအသင်း မိသားစုနဲ့ ဖြစ်သွားတဲ့ အချိန်မှာတော့ အသည်းတစ်ခြမ်းလှူဖို့ မပြောနဲ့ သေလို့ မျက်ကြည်လွှာလှူမယ်ဆိုတဲ့ စိတ်ကူးလေးတောင် ပျောက်ပျောက်သွားတယ်။ လူ့လောကရဲ့ စားဝတ်နေရေးကို လုံပန်နေရတာနဲ့ အချိန်တွေ ကုန်လို့ကုန်မှန်း မသိရအောင်ပါပဲ။ ဒါပင်မဲ့ စိတ်လေးတစ်ခုကို သတိထားလိုက်နိုင်တဲ့ အတွက် ယနေ့အချိန်ထိ မှတ်မှတ်ရရ လှူဒါန်းဖြစ်တဲ့ ကိစ္စလေး တစ်ခု ရှိနေခဲ့ပါတယ်။ 

ကျနော်က ကိုယ့်အသားနားမှာ သိပ်ကြောက်တဲ့ ကောင်ပါ။ ကိုယ့်အသားနားမှာ ကြောက်တဲ့ အတွက် သူတစ်ပါးရဲ့ အသားကိုလည်း နားအောင် မလုပ်တက်ပါဘူး။ နေမကောင်းဖြစ်လို့ ဆေးထိုးရမှာ အသေကြောက်ပါတယ်။ အသားထဲကို အပ်ထိုးလိုက်တဲ့ အချိန်နဲ့ ဆေးဝင်တဲ့ အချိန်တွေကို ကျနော် အရမ်းကို ကြောက်ပါတယ်။ ငယ်ငယ်က နေမကောင်းဖြစ်တော့ ဆေးထိုးမှ ပျောက်ဖို့ အခြေအနေကို ဆေးမထိုးပဲ ပေပြီး ဆေးသောက်ခဲ့တာ နောက်ဆုံးသောက်ရတဲ့ ဆေးတွေ များပြီး ပြန်အမ်းထွက်မှ ဆေးထိုးဖို့ အခွင့်ကို ကျနော်ပေးခဲ့တာပါ။ ဒါတောင် အကြောဆေးထိုးတဲ့ အသေးဆုံးအပ်နဲ့မှ ဆေးထိုးခံခဲ့တာပါ။

စင်ကာပူကို ရောက်လာတဲ့ အချိန်မှာတော့ ကျနော်အရမ်းကြောက်ပါတယ်ဆိုတဲ့ စိတ်ကလေးတစ်ခုကို ဖြေပျောက်ပေးနိုင်တဲ့ အခွင့်အရေး ကို ကျနော်တွေ့ရှိခဲ့ပါတယ်။ တစ်ခြားတော့ မဟုတ်ပါဘူး။ သွေးလှူခြင်း ပါပဲ။ မြန်မာပြည်မှာ သွေးလှူရင် သွေးထုတ်တဲ့ အပ်က အကြီးကြီးပဲ ဆိုတဲ့ အသံကြားတာနဲ့တင် ကျနော် ဝေးဝေးရှောင်ခဲ့ပါတယ်။  ဒီမှာတော့ ထုံဆေးသုံးတဲ့ အတွက် ကျနော့်အတွက် အတော်လေးကို အဆင်ပြေပါတယ်။ သုံးလတစ်ကြိမ်နဲ့ ပုံမှန်လှူခဲ့တာ အခုဆို ၁၀ကြိမ်ပြည့်သွားခဲ့ပါပြီ။ ကျနော့်ကို ပီတိဖြစ်စေခဲ့တဲ့ အလှူတွေထဲ အလှူတစ်ခုပါ။

ကျနော့်မှာ ငွေရှိနေစရာမလိုဘူး။ အချိန်အများကြီးပေးနေစရာ မလိုဘူး။ မလှူနိုင်လို့ စိတ်ဒုက္ခရောက်နေစရာလည်း မရှိဘူး။ လှူလို့ရတဲ့ အခွင့်အရေးရှိလို့ လှူနိုင်ခဲ့တယ်။ ဒီအတွက် အလှူဖြစ်မြောက်ဖို့ ကျနော်ကို ပထမဆုံးအကြိမ်မှာ အကူအညီပေးခဲ့ဖူးတဲ့ ကိုဂျူလိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒုတိယအကြိမ်မှာ ကျနော့်ကို အဖော်လိုက်ကူညီပေးခဲ့တဲ့ တစ်ချိန်က သိခဲ့၊ခင်ခဲ့ဖူးတဲ့ ကိုမိုးကုတ်သားကိုလည်း ကျေးဇူးတင်ပါတယ်။

ကျနော်ကိုယ်တိုင် လှူဒါန်းနိုင်ခဲ့သလို ကျနော့် ပတ်ဝန်းကျင်မှာ ရှိတဲ့ သူငယ်ချင်းတွေကိုလည်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီပိုစ့်လေးကို ဖတ်ပြီး ပထမဆုံး အကြိမ်ဖြစ် သော၎င်း၊ နောက်တစ်ကြိမ် သွားလှူဒါန်းချင်တဲ့ စိတ်ကလေး ဖြစ်မိသွားမယ်ဆိုရင်တော့ ကျနော်အနေနဲ့ အရမ်းကို ဝမ်းသာကျေနပ်နေရမှာ ဖြစ်ပါတယ်။
      
ငါးကြိမ်အတွက် တစ်ခု၊ ၁၀ကြိမ်အတွက် တစ်ခုပါ

အပေါ်က တစ်ခုက သွေးထုတ်တုန်း ပေးထားတာ။ အောက်ကအဝါရောင်ကတော့ လက်ဆောင်
Woodland သွေးလှူဘဏ်က ပုံပါ။







လေးစားစွာဖြင့်
ရီနိုမာန်

August 15, 2012

ချောင်းသာမှာ ခရီးဆုံးပြီ

မန္တလေးမှာ လည်လို့ပတ်လို့ပြီးတော့ ညနေပိုင်း ၅နာရီလောက်မှာ ဟိုတယ်ကို ချက်အောက်လုပ်လိုက်ပြီး ကားဂိတ်ကို ၇နာရီလောက်မှာ ကျွန်တော်တို့ မနက်က လျှောက်လည်ခဲ့တဲ့ ကားကိုပဲ ထပ်ငှားထားလိုက်ကြတယ်။ မန္တလေးရောက်တော့ ဘာလက်ဆောင်မှမဝယ်ပြန်ရင်လဲ မကောင်းဘူး။ အိမ်လည်း ပြန်ရတော့မှာမို့ မန္တလေးထိုးမုန့်ကို တစ်ယောက် ငါးဗူးစီ ဝယ်လိုက်ကြတယ်။ နှစ်ယောက်ပေါင်း ဘယ်သွားသွား ဘာစားစား ဘာဝယ်ဝယ် စုထားတဲ့ ပိုက်ဆံထဲက ပဲ သုံးကြတယ်။ ခုမုန့်ဝယ်တော့လဲ အဲအထဲကပဲ သုံးကြတယ်။ ကားဂိတ်မဆင်းခင် ရန်ကုန်- ချောင်းသာ ကားဂိတ်ကို ဘိုကင်အရင် ဖုန်းနဲ့ လုပ်လိုက်တယ်။ ညစာစားဖို့ လမ်းမှာ ရပ်ပေးတယ်။ ကားတွေရပ်တဲ့ နေရာက တော်တော်လေးကို ပြောင်းလဲသွားတာပဲ။ အရင်တုန်းကလို မဟုတ်တော့ဘူး။ သပ်သပ်ရပ်ရပ်လေ။ ဘယ်နားလဲလို့တော့ မေးကြည့်လိုက်သေးတယ်။ ဒါပင်မဲ့ ကျနော် မမှတ်မိတော့ဘူး။ 

ဒီလိုနဲ့ ကျနော်တို့ ရန်ကုန်ကို မနက်လေးနာရီလောက်ကြီး ရောက်လာကြတယ်။ ချောင်းသာကား မနက်၆ နာရီထွက်မှာ ဆိုတော့ အချိန်က တော်တော်လေး မှီသေးတယ်။ ဒါနဲ့ ကားငှားပြီး ချောင်းသာကားဂိတ်ကို ထွက်လာခဲ့ကြတယ်။ အဲကွန်ကားတွေက ညပိုင်းမှ ထွက်ကြတာများတယ်။ ကျနော်တို့ကလည်း အချိန်မကုန်ရအောင်လို့ ရတဲ့ ကားနဲ့ လိုက်လာခဲ့ကြတာပေါ့။ ရိုးရိုးဟီနိုးကားကြီး။ ကားပေါ်မှာ လူသိပ်မပါဘူး။ နိုင်ငံခြားသားတွေတော့ လေးယောက်လောက် ပါတယ်။ လမ်းမှာ ကုန်တွေပဲ ရသလောက်တင်ပြီး ထွက်လာခဲ့လိုက်ကြတာ ချောင်းသာ မရောက်ခင် ဥတိုတံတားကို ရောက်တော့ အရင်တုန်းက ရုံးအဖွဲ့နဲ့ ပထမဆုံးအကြိမ်လာတုန်းက ဒီတံတားပေါ်ရောက်တော့ မန်နေဂျာအမကြီးက လှမ်းအော်တာကို သွားသတိရတယ်။ ချောင်းသာနဲ့ တော်တော်လေးနီးပြီ။ သေသေချာချာနားထောင်ကြ လှိုင်းသံတွေ ကြားရလိမ့်မယ်တဲ့။ အဲဒီအချိန်တုန်းက အသည်းအသန် နားထောင်ကြည့်နေတာကိုလည်း သတိရမိပါတယ်။
ချောင်းသာကိုရောက်တော့ ကျနော်တို့ အန်ဘို ဟိုတယ်ရှေ့မှာ ဆင်းလိုက်ကြတယ်။ ဘိုကင်တော့ တင်မထားဘူး။ အခန်းကြည့်မယ်ဆိုပြီး အခန်းတွေ လိုက်ကြည့်ကြတယ်။ ပင်လယ် မျက်နှာစာ မဟုတ်တဲ့ နေရာက ၂သောင်းခွဲ၊ မျက်နှာစာက သုံးသောင်းခွဲ ၊ နောက်တစ်နေရာက ပင်လယ်နဲ့ ပိုနီးတယ်။ သူက လေးသောင်းခွဲ။ ကျနော်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ သုံးသောင်းခွဲအခန်းကို အဲကွန် မသုံးဘူးဆိုတာကြောင့် သုံးသောင်းနဲ့ ပေးတယ်။ 
ဒီပုံလေးကတော့ ကျနော်တို့နေခဲ့တဲ့ အခန်းပါ။ နှစ်ညအိပ်ကို စိတ်ရှိလက်ရှိနေခဲ့ကြတယ်။ မနက် တစ်ခါ ညနေတစ်ခါ ရေဆင်းဆော့ကြတယ်။ ကမ်းခြေမှာ လိုက်ရောင်းတဲ့ ပုဇွန်ကင်၊ ငါးကင်တွေဝယ် စားကြတယ်။ ညနေပိုင်း ရေမချိုးခင် အုန်းရည် ဝယ်သောက်ကြတယ်။ 



မနက်စောစောထပြီး ဘုရားရှိတဲ့ ဖက်ကို လမ်းလျှောက်ထွက်ခဲ့ကြပြန်ပါတယ်။

ညနေပိုင်း ရေကူးပြီတော့ ပင်ပန်းလို့ အခန်းထဲမှာ နားနေတုန်း လေတွေ တအားတိုက်လာလို့ အပြင်ထွက်ကြည့်တော့ တော်တော်လေး လှတဲ့ မြင်ကွင်းကို မြင်ခဲ့ရပြန်ပါတယ်။ တော်တော်လေးကြာအောင် ကျနော် ရပ်ကြည့်နေမိပါတယ်။


၂ညအိပ်ပြီး နောက်နေ့ မနက်မှာတော့ ရောက်တဲ့ နေ့ကတည်းက ဝယ်ထားတဲ့ အဲကွန်ကားနဲ့ ရန်ကုန်ကို ပြန်လာခဲ့ကြပါတယ်။ ကျနော်တို့ ခရီးစဉ်လေးကတော့ ဒီမှာပဲ အဆုံးသတ်သွားပါပြီ။ ကျနော်နဲ့ လိုက်တဲ့ သူငယ်ချင်းက သူ့အတွက် ပထမဆုံး ရောက်ဖူးတာ ဖြစ်ပင်မဲ့ ကျနော်အတွက်တော့ ရောက်ဖူးနေကျ နေရာလေးတွေပါပဲ။ ဘယ်အချိန် သွားသွား သွားလို့ မဝတဲ့ နေရာလေးတွေပါပဲ။ ဒီခရီးစဉ်ပြီးတော့ နောက်တစ်ခေါက် ဒီလိုမျိုး ပြန်ဖြစ်ခဲ့ရင် ရှမ်းပြည်အရှေ့ပိုင်း လာရှိုးဖက်ကို သွားကြမယ်လို့ စိတ်ကူးထားပါတယ်။ အဲနေရာကတော့ ကျနော် တစ်ခေါက်မှ မရောက်ဖူးသေးတဲ့ နေရာပါ။

နောက်ဆုံးကျနော်တို့ သူငယ်ချင်းနှစ်ယောက် စုစုပေါင်း ကုန်ကျစရိတ်ကို တွက်လိုက်တော့ ခရီးစဉ် စ လယ် ဆုံး စုစုပေါင်း ၈ သိန်းကုန်ပါတယ်။ တစ်ယောက်ကို လေးသိန်းစီပေါ့။ တကယ်ကို ကျေနပ်ဖို့ ကောင်းတဲ့ ခရီးဖြစ်ခဲ့ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်