တစ်နေ့တော့ နင်ငါ့ကို ချစ်သလိုမျိုး
နောက်တစ်ယောက်တွေ့အုံးမှာပါ တဲ့။
အဲဒီအခါကျရင် နင်ငါ့ကို မေ့သွားမှာပါတဲ့။
ငါနင့်ကို ချစ်သလိုမျိုး နောက်တစ်ယောက်
ရှိလာတော့မှာ မဟုတ်ဘူးလို့ ပြောတော့
နင်ပြုံးနေခဲ့တယ်။
နင်ပြောသလိုပဲ ဖြစ်တော့မှာလားလို့ ငါ့စိတ်ထဲ
ခဏခဏဖြစ်မိတယ်။
နင်ပြောခဲ့တဲ့ စကားတွေကို အတည်ပြုရတော့မယ့်
အချိန်ရောက်ရင် ငါ့ရင်ထဲမှာ နင်ပဲရှိနေတယ်ဆိုတာ
သေချာသထက်သေချာလာတယ်။
ငါ ဘယ်သူ့ကိုမှလည်း မလိမ်ခဲ့ဘူး။
ငါ့ကိုယ်ငါလည်း မလိမ်ခဲ့ဘူး။
ငါ နင့်ကိုပဲ ချစ်နေတုန်း ဆိုတာကိုပေါ့။
ငါက နင့်ကို အစကတည်းက ချစ်ပဲချစ်ခဲ့တာ။
နင်က ပိုင်ဆိုင်ချင်တာ။
နင်ငါ့ကို ချစ်တာငါသိပါတယ်။
ဒါပေမဲ့ နင်ပိုင်ဆိုင်ချင်တာ ငါမဟုတ်ဖူး
ဆိုတာလည်း ငါသိပြီးသားပါ။
ငါနင့်ကို အချိန်မရွေး ချစ်နေလို့ရတဲ့
ငါ့ကို နင်ပေးထားတဲ့ အခွင့်အရေးတစ်ခုနဲ့တင်
ငါကျေနပ်လို့ ရပါတယ်။
ငါ့ဘဝမှာ ငါတစ်ယောက်ထဲ နေလာတာ
နေသားတော့ကျနေပါပြီ။
ငါက ငါ့စိတ်ကို ငါအရမ်းနိုင်တာ။
ဒါပေမဲ့ နင့်ကို ချစ်ခဲ့ဖူးတယ်။
နင့်ကို ချစ်နေတုန်းပဲ။
နင်နဲ့တူတူသွား၊ တူတူစား
တူတူပျော်၊ တူတူကဲ ခဲ့တဲ့အချိန်တွေ။
နင့်ကို လွမ်းတဲ့ ငါ့ရဲ့စိတ်ကိုတော့
ငါထိန်းလို့ မရခဲ့ဘူး။
ထိန်းလည်း မထိန်းထားချင်ပါဘူး။
ငါက နင့်ကို ချစ်နေရရင် ကျေနပ်နေတာလေ။
ငါနင့်ကို ချစ်တဲ့ အချစ်သင်္ကေတ တစ်ခုအနေနဲ့
တစ်နှစ်ကို ပစ္စည်းတစ်ခု အမြဲငါစုခဲ့တယ်။
ငါစုခဲ့တဲ့ ပစ္စည်းတွေထဲမှာ
နင်နဲ့တူတူရှိတဲ့ နှစ်တွေတုန်းက
နင်ငါ့ကိုပေးထားတဲ့ ပစ္စည်းတွေလည်းပါတယ်။
ငါစုထားတဲ့ ပစ္စည်းတွေကို အချိုးချလိုက်ရင်
လေးပုံတစ်ပုံပဲ နင့်ပေးခဲ့တဲ့အမှတ်တရတွေရှိတယ်။
ဒီနှစ် ၂၀၁၆ မှာ ငါစုထားတဲ့ အမှတ်တရတွေက
၁၆ ခုရှိသွားပြီဟ။
အချိန်တွေ ဘယ်လိုပဲပြောင်းပြောင်း
နေရာတွေ ဘယ်လောက်ပဲ ဝေးဝေး
ငါ့ရင်ထဲမှာ နင့်ကိုချစ်တဲ့ အချစ်ကတော့
မပြောင်လဲဘူး။ အရင်အတိုင်းပဲ။
ခုတော့ ငါမှာ နင်နဲ့ပတ်သက်ပြီး ပိုလာတာ
တစ်ခုတော့ ရှိသွားတာပေါ့။
ငါ နင့်ကို ချစ်နေရရုံအပြင်
လွမ်းလည်း လွမ်းတတ်နေပြီ။
ရီနိုမာန်
February 13, 2016
September 2, 2015
စက်တင်ဘာ အောင်ပွဲ
ရိုးသားလှတဲ့ စက်တင်ဘာ
အေးချမ်းလွန်းတဲ့ စက်တင်ဘာ
နှစ်သစ်ရောက်ခဲ့ပြီ စက်တင်ဘာ
ဘဝပေါင်းများစွာထဲက စက်တင်ဘာ
ပြောင်းလဲခြင်းတွေပေးတဲ့ စက်တင်ဘာ
ကျေးဇူးရှင်မိဘနှစ်ပါးနဲ့ စက်တင်ဘာ
ဒီအချိန်ကိုရောက်ရင် သတိရတယ် စက်တင်ဘာ
မွှေးလွန်းတဲ့ပန်းအနံ့လေးတစ်ခုရှိတယ် စက်တင်ဘာ
နိုးထခြင်းကို အသက်သွင်းပေးနိုင်ခဲ့တဲ့ စက်တင်ဘာ
ရိုးသားမှုတွေကို ချပြနိုင်ခဲ့တဲ့ စက်တင်ဘာ
ရုန်းကန်မှုတိုင်းမှာ အဓိပ္ပာယ် ရှိလှတဲ့ စက်တင်ဘာ
ကြိုးစားရင်း မေ့လို့မရတဲ့ စက်တင်ဘာ
နှစ်သစ်ပေါင်းများစွာနဲ့အတူ ရှင်သန်ခဲ့တဲ့ စက်တင်ဘာ
စက်တင်ဘာကိုရောက်တိုင်း
စက်တင်ဘာတွေ ပျော်ရွှင်ခဲ့ရတယ်။
စက်တင်ဘာတွေ ငိုကြွေးခဲ့ရတယ်။
စက်တင်ဘာတွေ အံ့သြခဲ့ရတယ်။
စက်တင်ဘာတွေ ရူးသွပ်ခဲ့ရတယ်။
စက်တင်ဘာတွေ အောင်မြင်ခဲ့ရတယ်။
စက်တင်ဘာတွေ တမ်းတခဲ့ရတယ်။
ခုတော့ စက်တင်ဘာတွေ
ပျော်ရွှင်ဖို့ အချိန်ရောက်ခဲ့ပြီ။
ငိုကြွေးဖို့ အချိန်ရောက်ခဲ့ပြီ။
အံ့သြဖို့ အချိန်ရောက်ခဲ့ပြီ။
ရူးသွပ်ဖို့ အချိန်ရောက်ခဲ့ပြီ။
အောင်မြင်ဖို့ အချိန်ရောက်ခဲ့ပြီ။
တမ်းတဖို့ အချိန်ရောက်ခဲ့ပြီ။
စက်တင်ဘာတွေ စက်တင်ဘာနဲ့ စလိုက်ကြရအောင်။
🌺🌸🌳🌲🌷🌻🌵🌴
ရီနိုမာန်

April 4, 2015
သူနဲ့သာဆိုရင်
ဘာလိုလိုနဲ့ ( ၆ ) နှစ်ပြည့်သွားပြီ။ အဆောက်အဦးအနေနဲ့ ပြောရမယ်ဆိုရင် ကျွန်တော့်ရဲ့ အိမ်ကလေးပေါ့။ ပိုင်ဆိုင်မှုအနေနဲ့ ပြရမယ်ဆိုရင် ဒါဟာ ကျွန်တော်ရဲ့ ဒိုင်ယာရီလေးပါပဲ။ ကျွန်တော့်ရဲ့မိတ်ဆွေ၊ ကျွန်တော့်ရဲ့ သူငယ်ချင်း၊ တစ်ခါတလေ ကျွန်တော့်ပြောသမျှ တိတ်တိတ်လေး လေးနားထောင်ပေးတတ်ပြန်တယ်။ တစ်ခါတလေလည်း ကျွန်တော် သူ့ကို မသိကျိုးကျွန် ပြုနေတတ်ပြန်တယ်။ ဒါပင်မဲ့ သူဟာကျွန်တော်ကို အမြဲနားလည်ပေးခဲ့တယ်။ ကျွန်တော်နဲ့အတူ အမြဲတမ်းရှိနေပေးခဲ့တယ်။
ကျွန်တော်နဲ့ သူ စတွေ့တာ ၂၀၀၉ ခုနှစ်လောက်က။ သူနဲ့စရင်းနှီးတော့ ကျွန်တော်ပျော်ရွှင်ခဲ့ရတယ်။ ကျွန်တော်ဖြစ်ချင်တာတွေကို သူက ကူညီပေးခဲ့တယ်။ သူ့ကိုလည်း ကျွန်တော်ကိုယ်တိုင် အမျိုးမျိုးပြုပြင်ပြောင်းလဲနိုင်ခဲ့တယ်။ ကျွန်တော့်အပေါ် ဇောဒကတတ်တာမျိုးလည်း မရှိခဲ့ဘူး။ ကျွန်တော်က နေဆို သူနေတယ်။ ကျွန်တော်ကသွားဆို သူသွားတယ်။ ကျွန်တော်က အဆက်အသွယ်မလုပ်ဘဲ နေလည်း သူက ဘာမှမပြောရှာဘူး။ ဒါပင်မဲ့ ဘယ်လိုပဲ မသိချင်ယောင် ဆောင်ဆောင်၊ မဆက်သွယ်ပဲနေနေ ကျွန်တော်ကိုယ်တိုင်ပြုစုပျိုးထောင်ထားတဲ့ သူ့ကို ကျွန်တော် ဘယ်လိုလုပ် မေ့လို့၊ ထားခဲ့လို့ရနိုင်မှာတဲ့လဲ။
တစ်ခါတလေမှာ သူနဲ့အတူ ကျွန်တော့်ရဲ့ဘဝ အမှတ်တရလေးတွေကို ပြန်ပြောဖြစ်ကြတယ်။ သူနဲ့စကားပြောတဲ့အချိန်တွေဆိုရင် ကျွန်တော့်ရဲ့စိတ်ကို ကျေနပ်မှု အမြဲပေးတယ်။ သူနဲ့ပတ်သက်ပြီး ကျွန်တော်မှာ မိတ်ဆွေဆိုတာ တိုးလာခဲ့တယ်။ အဓိကကတော့ သူ့သူငယ်ချင်းတွေနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးခဲ့တယ်။ သူကိုမေ့ပြီး သူ့သူငယ်ချင်းတွေနဲ့ အဖွဲ့ကျနေလည်း ကျွန်တော့်ကို အပြစ်မဆိုဘူး။
သူနဲ့ခင်မင်ခဲ့တဲ့ ဒီ ( ၆ ) နှစ်အတွင်းမှာ တစ်နှစ်လောက်ရှိမယ်။ ကျွန်တော် သူ့ကိုမခေါ်မပြောပဲနေခဲ့တာ။ ဒါပင်မဲ့ သူကတော့ ကျွန်တော်ပြန်လာတဲ့ အချိန်မှာ ကျွန်တော်အတွက် အဆင်သင့်ဖြစ်နေပြန်ပါတယ်။ သူနဲ့ကျွန်တော်ကို အမြဲလိုလို တွဲမြင်နေကျဆိုတော့ ကျွန်တော့်ကိုတွေ့ရင်း သူ့ကို မေးမေးနေကြပြန်ပါတယ်။
အတိုင်းအတာတစ်ခုအထိတော့ ကျွန်တော်တို့ အတူတူရှိနေအုံးမှာပါ။ သူက ကျွန်တော်ကို ထားခဲ့မယ်ဆိုတဲ့ဖြစ်ရပ်ဟာ ဘယ်တော့မှ ဖြစ်မလာနိုင်သလို၊ ကျွန်တော် အသက်ရှင်နေသ၍ သူဟာ ကျွန်တော်နဲ့ အတူရှိနေမဲ့ ကျွန်တော့်ရဲ့ တစ်ဦးထဲသော အဖေါ်ပါ။
အခုဆို ကျွန်တော်တို့ ခင်မင်ရင်းနှီးခဲ့ကြတာ ဒီနေ့ဆို ( ၆ ) နှစ်ပြည့်သွားခဲ့ပြီ။ ( ၆ ) နှစ်ကနေ ( ၇ )၊ ( ၇ ) ကနေ (၁၀)နှစ်၊ (၁၀) နှစ်ကနေ လာမဲ့ နှစ်ပေါင်းများစွာ တူတူရှိနေမယ်လို့ ဆန္ဒပြုရင်း..........။

March 30, 2015
ခရီးစဉ် အဆုံးသတ်ခဲ့လေပြီ
၁၈.၀၂.၂၀၁၅ ( ဗုဒ္ဓဟူးနေ့)
ညတုန်းက ပြန်တာနောက်ကျပင်မဲ့ ဒီနေ့မနက် သူငယ်ချင်းတွေနဲ့ မနက်စာစားဖို့ ချိန်းထားတာမို့ အစောကြီးထပြီး မြို့မကျောင်းလမ်းပေါ်က Oriental House ဆိုင်မှာ မနက်စာစားဖြစ်ကြတယ်။ မနက်စာစားပြီးတော့ သူငယ်ချင်းတွေနဲ့ လမ်းခွဲလိုက်တယ်။ ကျွန်တော်က မနက်ဖြန် အလှူကိစ္စအတွက် ပိုက်ဆံသွားထုတ်ရအုံးမယ်လေ။
အဲဒီနေ့က အမှတ်တရပါပဲ။ အွန်လိုင်းမှာ ခင်တာကြာခဲ့ပင်မဲ့ အပြင်မှာ တစ်ခါမှ မတွေ့ဖူးသေးတဲ့ ကိုဏီလင်းညို၊ အန်တီတင့်၊ ညီမမြတ်မွန်၊ အစ်မနော်ဖောနဲ့ မခင်မင်းဇော်။ အပြင်မှာ သိလည်းသိ၊ ခင်လည်းခင်နေတဲ့ တလနွန်၊ မောင်မျိုး ၊ မနိုဘယ်မိုးနဲ့ မဇွန်မိုးစက်တိုလည်းပါတယ်။ ကျွန်တော်တို့ တွေ့ဖြစ်ကြတဲ့ ဆိုင်ကတော့ Lady potato လို့နာမည်ပေးထားတဲ့ မမဒမ်ကိုးရဲ့ ဆိုင်မှာပါ။ ကျွန်တော်တို့တတွေ စကားတွေအများကြီး ပြောဖြစ်ကြတယ်။ ခင်ဖို့လည်း ကောင်းကြတယ်။ နေ့လယ် ၁ နာရီလောက်မှာ ကျွန်တော်တို့ လမ်းခွဲလိုက်ကြတယ်။ လမ်းမခွဲခင် ကျွန်တော်ရယ် တလနွန်ရယ် မဇွန်မိုးစက် သုံးယောက်သာ မနက်ဖြန်အလှူအတွက် တိုင်ပင်ဖြစ်ကြတယ်။
အဲဒီနေ့က ညပိုင်းပြန်ရောက်တော့ ည ၁၁ နာရီထိုးတော့မယ်။ မနက်ဖြန်လည်း အစောကြီးသွားရအုံးမှာဆိုတော့ စောစောပဲ နားလိုက်ကြတယ်။
၁၈.၀၂.၂၀၁၅ ( ကြာသပတေးနေ့)
ဒီနေ့ကို ရောက်လာခဲ့ပြီ။ အပိုင်း (၃) မှာရေးခဲ့တဲ့ OBYG ရဲ့ အလှူနေ့ပေါ့။ ကျွန်တော်တို့ စာရေးဖော်လည်းဖြစ် အဖွဲ့ဝင်လည်းဖြစ်တဲ့ တလနွန်၊ မဇွန်မိုးစက်နဲ့ ကျွန်တော်တို့ က တစ်ကား။ အဖွဲ့ဝင် သုံးယောက်က နောက်ကားတစ်စီး။ စုစုပေါင်းကား၂စီးနဲ့ ကျွန်တော်တို့ မနက် ၈ နာရီလောက်မှာ ထွက်လာခဲ့ကြတယ်။ ကျွန်တော်တို့ လှူဖို့ရည်ရွယ်ထားတဲ့နေရာက သံလျင် သီလဝါ သီလရှင်သင် ပရဟိတ ပညာရေးကျောင်းပဲ ဖြစ်ပါတယ်။
ကျောင်းမှာက ကျောင်းအိပ်၊ကျောင်းနေ မိဘမဲ့ ကလေးနဲ့ သီလရှင် စုစုပေါင်း (၄၅) ဦးလောက်ရှိပါတယ်။ ရွာထဲက ပိုက်ဆံမတတ်နိုင်တဲ့ မိသားစုမှ ကလေးတွေလည်း ကျောင်းတက်တယ်လို့ သိရပါတယ်။ ကျောင်းဖွင့်ရက်မှာ ကလေး စုစုပေါင်း ၆၀ ကျော် ၇၀ လောက်ရှိတယ်လို့လည်း ပြောပါတယ်။ အဲဒီနေ့က အဖွဲ့ဝင်ဖြစ်တဲ့ ညီငယ်နှင့်ညီမငယ်တို့ရဲ့ မင်္ဂလာတစ်နှစ်ပြည့်အတွက် ကလေးတွေကို ဒန်ပေါက်နဲ့ ကြက်သားဟင်း ကျွေးတယ်။ အလှူရှင်ကတော့ ပုံမှန်မရှိဘူးလို့ ဆရာလေးကပြောပါတယ်။ တစ်လမှ နှစ်ခါလောက်ပဲ လာလှူကြတယ်။ ကျန်တာတော့ ကျောင်းက ဒိုင်ခံကျွေးရတယ်။
ကျွန်တော်တို့ ဝယ်သွားတဲ့ ဆန်ငါးအိတ်၊ ဆီ ငါးပုံးကလည်း အထောက်အကူဖြစ်သွားစေပါတယ်။ အလှူငွေ ကောက်ခံလို့ရတဲ့ သိန်း၂၀ကို ကျောင်းဆောက်တဲ့ နေရာနဲ့ ကျောင်းအထွေထွေအတွက်လှူဒါန်းလိုက်ပါတယ်။
အဲဒီနေ့က ကျွန်တော်တို့ အလှူပြီးတော့ အိမ်မပြန်သေးပဲ ရေလယ်ကျောက်တန်းကို ဘုရားဖူးသွားခဲ့ကြသေးတယ်။ ကားနှစ်စီးနဲ့ စုစုပေါင်း ၁၀ယောက် ပျော်စရာကြီးပါပဲ။ ဘုရားကပြန်တော့ အွန်လိုင်းမှာ ခင်တာကြာပင်မဲ့ အပြင်မှာ တစ်ခါမှ မတွေ့ဖူးသေးတဲ့ သူငယ်ချင်း မြစ်ကျိုးအင်းနဲ့လည်း တွေ့ဖြစ်ပါသေးတယ်။ စကားမပြောဖြစ်တာကြာတော့လည်း စကားတွေက ပြောမကုန်အောင်ပါဘဲ။ နောက်တစ်စီးက သူငယ်ချင်းတွေက သာကေတရွှေပုဇွန်အအေးဆိုင်မှာ စောင့်နေကြတာမို့ စကားလက်စဖြတ်ပြီး ထွက်လာခဲ့ရတယ်။
ရွှေပုဇွန်မှာ အအေးသောက်ပြီး အဲ့ဆိုင်ကနေပဲ အားလုံးလမ်းခွဲလိုက်ကြတယ်။ သူတို့နဲ့ လမ်းခွဲလိုက်ပင်မဲ့ လမ်းကြောင်းမပျက်သေးတဲ့ ကျွန်တော်မှာတော့ ဟိုတယ်ပြန်၊ ရေမိုးချိုးပြီး Feel မှာချိန်းထားတဲ့ အစ်မတွေဆီလာပြီး ညစာ တူတူစားတယ်။ စကားတွေပြောကြတယ်။ အစ်မတွေနဲ့လမ်းခွဲတော့ ည ၈ နာရီကျော် ၉ နာရီလောက်ရှိတော့မယ်။ မနေ့က ကျွန်တော့်ကို လက်ဆောင်ပေးမယ်ဆိုပြီး မပေးဘဲပြန်သွားတဲ့ ကိုဏီဆီက လက်ဆောင်သွားယူလိုက်တယ်။ ကိုဏီဆီကပြန်တော့ ၁၁ နာရီကျော်သွားပြီ။ ညကျရင် ကားနဲ့ ရန်ကုန်ရဲ့ညအလှကို ခံစားမယ်လို့ပြောထားတဲ့ သူငယ်ချင်းတွေလည်း ကျွန်တော့်ကို စောင့်ရင်းအိပ်ပျော်သွားကြပြီ။
၂၀.၀၂.၂၀၁၅ ( သောကြာနေ့)
ဒီနေ့တော့ ကျွန်တော်တို့ ပြန်ရတော့မယ်။ လေယာဉ်ချိန်က ည ၇ နာရီမှ ဆိုပင်မဲ့ ကျွန်တော့်အတွက်အချိန်မှ လောက်ပါမလားလို့ စိုးရိမ်နေရတဲ့ အဖြစ်။ ရန်ကုန်ကိုပြန်ရောက်ကတည်းက ကိုယ်အလုပ်နဲ့ကိုယ် ရှုပ်နေခဲ့တာ။ ရွှေတိဂုံဘုရားကို မရောက်ဖြစ်သေးဘူး။ ဒီနေ့မှမသွားရင် ရောက်တော့မှာ မဟုတ်ဘူး။ ဒါနဲ့ ကျွန်တော် မနက်စောစောထ သူငယ်ချင်းနဲ့တူတူ ဘုရားတက်ခဲ့ကြတယ်။ ဘုရားပေါ်ရောက်တော့လည်း ကျွန်တော်အတွက် ထွေထွေထူးထူး ဘာမှမရှိဘူး။ အစကတည်းက ဆုတောင်းတာ ဝါသနာမပါတဲ့ အတွက် ဦးသုံးကြိမ်ချပြီးရင် ပြီးပြီ။ ဘုရားရင်ပြင်တော်ပေါ် တစ်ပတ်ပတ်ပြီး ပြန်ဆင်းခဲ့ကြတယ်။ ပြန်ဆင်းမှ ကျွန်တော် အရမ်းလိုချင်နေတဲ့ ဘုရားပုလ္လင်လေး ၂ခုဝယ်ခဲ့တယ်။
ဘုရားပေါ်ကဆင်းမှ ကျွန်တော်တို့ မနက်စာသွားစားကြတယ်။ လေဆိပ်ကို ညနေလေးနာရီလောက်တော့ ဆင်းမှအဆင်ပြေမယ်။ မဟုတ်ရင် ကားလမ်းပိတ်တာနဲ့ ဘာနဲ့ဆို မမှီမှာလည်း ပူရသေးတယ်။ လုပ်ချင်တာတွေကလည်း များတော့ လုပ်သင့်တာကို အရင်လုပ်လိုက်တယ်။ လက်ထဲမှာ ပိုက်ဆံက မကျန်တော့ဘူး။ ဒါကြောင့် ဘဏ်မှာ ပိုက်ဆံသွားထုတ်လိုက်တယ်။ ပိုက်ဆံထုတ်ပြီးတော့ အဲနေ့မှာမှ ရုံတင်တဲ့ ရုပ်ရှင်ကားကို ဝင်ကြည့်လိုက်တယ်။ ကားနာမည်တော့ မမှတ်မိတော့ဘူး။ ပြေတီဦး၊ နေမင်း၊ စိုးမြတ်သူဇာနဲ့ မိုးဟေကိုတို့ပါတယ်။ ဟာသကားပေါ့။ ဆရာမ ခင်ခင်ထူးရဲ့ ဝထ္တုကိုပြန်ရိုက်ထားတာ။ရုပ်ရှင်ရုံကထွက်တော့ နေ့လည် ၂ နာရီကျော်ပြီ။
ပန်းဆိုးတန်းလမ်းမှာ ဖတ်ချင်တဲ့စာအုပ်တွေ ပြေးဝယ်။ နေ့လည်စာ စားပြီး ဟိုတယ်ပြန် ပစ္စည်းသိမ်းရတော့တာပေါ့။ ကျွန်တော်တို့ရဲ့ ၈ ညအိပ် ၉ ရက်ခရီးစဉ်လေးကတော့ ဒီနေ့ဟာ နောက်ဆုံးပါပဲ။ ၉ရက်ခရီးစဉ်မှာ မရောက်ဖူးသေးတဲ့ နေရာကိုလည်း ရောက်ခဲ့တယ်။ စိတ်လက်အပန်းဖြေမဲ့ နေရာမှာလည်း အေးအေးချမ်းချမ်း နေခဲ့ရတယ်။ ကျွန်တော်ခင်၊ ကျွန်တော်ချစ်တဲ့ သူတွေကိုလည်း တွေ့ခဲ့ရတယ်။ အလှူလည်း လှူခဲ့ရတယ်။ ၉ရက်ဆိုတဲ့ အချိန်အတွင်းမှာ လုပ်ချင်တာတွေကော၊ လုပ်သင့်တာတွေကော လုပ်ခဲ့ရပြီတဲ့နောက်မှတော့ စင်ကာပူက အဆောင်ကိုပြန်ရောက်တော့ ည ၂ နာရီကျော်နေပြီ။ ကျွန်တော့်အတွက်တော့ ဒါဟာ ပုံမှန်ပါပဲ။
ဒီနေရာမှာပဲ ကျွန်တော်ရဲ့ ၈ ညအိပ် ၉ ရက်ခရီးစဉ်လေးကို အဆုံးသတ်လိုက်ပါရစေ။

March 24, 2015
၈ ညအိပ် ၉ ရက်ခရီးစဉ် ( ၃ )
၁၆.၀၂.၂၀၁၅ ( တနင်္ဂနွေနေ့)
ဒီနေ့ ကျွန်တော်တို့အဖွဲ့ ဘာလုပ်ဖြစ်ကြလဲဆိုတော့ မနက်ပိုင်း ဟိုတယ်က ကျွေးတဲ့ မနက်စာစားပြီး ကမ်းခြေမှာ လမ်းလျှောက်ကြတယ်။ သဲဖြူကျွန်းကို သွားဖို့ အမြန်ယာဉ်လက်မှတ်ဝယ်တယ်။ လက်မှတ်က တစ်စောင်ကို ၆ ထောင်ကျပ်။ အနည်းဆုံးလေးယောက်စာ ဝယ်ရတယ်။ ကျွန်တော်တို့ ဟိုတယ်ကနေ စက်လှေဆိပ်ကို ဆိုက်ကယ်နဲ့ သွားကြတယ်။ ဆိုင်ကယ်ခက တစ်ယောက်ကို ငါးရာကျပ်။ စက်လှေဆိပ်ကို အသွား ဆိုင်ကယ်သမားတွေက ကျောက်မောင်နှမကိုလည်း သွားလို့ရတယ်။ ဆိုင်ကယ် တစ်စီးကို တစ်နာရီသုံးထောင်။ တစ်နာရီဆို အသွားအပြန်လောက်တယ် ဆိုတာနဲ့ အိုကေ သွားကြမယ်ပေါ့ ဆိုပြီး သဲဖြူကျွန်းအပြန်လာစောင့်နေဆိုပြီး မှာထားခဲ့လိုက်တယ်။
Speed Boat လို့ခေါ်တဲ့ အမြန်ယာဉ်နဲ့ သဲဖြူကျွန်းကို ထွက်လာခဲ့ကြတယ်။ ကျွန်တော့်သဘောနဲ့ ကျွန်တော်ဆိုရင်တော့ လာဖြစ်မှာ မဟုတ်ဘူး။ အရင်တစ်ခေါက်က ကျွန်တော်ရောက်ဖူးပြီးသား။ ဒါပင်မဲ့ ဒီတစ်ခေါက်က သူငယ်ချင်းတွေလည်း မရောက်ဖူးသေးတာမို့ လိုက်ပို့တဲ့ သဘောနဲ့ လိုက်လာခဲ့တာ။ မြန်မာဇာတ်ကားတစ်ကားမှာ ကျွန်တော်ကြည့်ဖူးတယ်။ စေ့စပ်ကြောင်းလမ်းတာကို အဲ့သဲဖြူကျွန်းပေါ်မှာ သွားလုပ်တယ်။ ဘယ်လိုစိတ်ကူးမျိုးနဲ့ လုပ်သလဲတော့ မသိဘူး။ ကျွန်တော်ဆို နောက်တစ်ခေါက်သွားဖို့တောင် အနိုင်နိုင်စဉ်းစားရမယ်။ ကျွန်းပေါ်သွားပြီး ဘာမှလည်း ရှိတာမဟုတ်ဘူး။ ဒါပင်မဲ့ စပိဘုတ် စီးရတာတော့ အရသာ ရှိသဗျာ။
သဲဖြူကျွန်းကပြန်ရောက်တော့ ကျွန်တော် ခဏကပြောထားတဲ့အတိုင်းပဲ ဆိုင်ကယ်ငှားပြီး ကျောက်မောင်နှမကို ထွက်လာခဲ့ကြတယ်။ ကျွန်တော်က တစ်စီး သူငယ်ချင်း နှစ်ယောက်က နှစ်ယောက်တစ်စီးနဲ့ စုစုပေါင်း သုံးစီးထွက်လာခဲ့ကြတယ်။ ၁၅ မိနစ်လောက်တော့ မောင်းလိုက်ရတယ်။ ကျောက်မောင်နှမ ဘာတွေ နာမည်ကြီးလဲတော့ ကျွန်တော်လည်း မသိဘူး။ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။ ငါးကြော်နဲ့ အုန်းရည်ရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ရှိတယ်။ ဒီလောက်ပါပဲ။ အပြန်ကျမှ ဟိုတယ်တွေရှိတဲ့ဖက်က ပြန်လာခဲ့တယ်။ ဟိုတယ် အချို့ရှိတယ်။ ရေကတော့ ချောင်းသာရေထက် ကြည်တယ်။ သူက မြစ်နဲ့ ဝေးလို့လည်းပါလိမ့်မယ်။
ကျောက်မောင်နှမကပြန်ရောက်တော့ နေ့လယ် ၁ နာရီထိုးတော့မယ်။ ဒါနဲ့ ကျွန်တော်တို့ တည်းတဲ့ ဟိုတယ် အနောက်ဖက်အခြမ်းမှာ ရှိတဲ့ စားသောက်ဆိုင်မှာပဲ မှာစားလိုက်ကြတယ်။ အစားအသောက်နဲ့ပတ်သက်ပြီး တန်တယ်လို့ပဲ ပြောရမယ်။ ခုကျွန်တော်တို့ ငါးယောက်စားတာ သုံးသောင်းမပြည့်ဘူး။ စားတာများသွားလို့နဲ့ တူပါတယ်။ ဟိုတယ်ပြန်ရောက်တော့ ခဏလှဲမယ်လို့ စဉ်းစားလိုက်ပင်မဲ့ အိပ်ပျော်သွားရတဲ့အထိပါပဲ။
အိပ်ယာနိုးတော့ ရေဆင်းဆော့တယ်။ ညနေစာကို မနေ့က ကျွန်တော်တို့ နဲ့အတူတူစားတဲ့ မိသားစုနဲ့ပဲ မနေ့က ဆိုင်မှာပဲ သွားစားဖြစ်ကြတယ်။ ဒီညတော့ ကျွန်တော်တို့ နည်းနည်း ပင်ပန်းနေကြပြီ။ ထမင်းစားပြီး ဆက်ရန်ရှိတဲ့ ပွဲတွေကို ပင်ပန်းလို့ဆိုပြီး အကြောင်းပြပြန်လာခဲ့ကြတယ်။ ဟိုတယ်ရောက်မှ သူငယ်ချင်းလေးယောက်တိုင်ပင်ပြီး ဟိုတယ်က အနှိပ်ခန်းမှာ သွားအနှိပ်ခံကြတယ်။ အဲဒီညက ကျွန်တော်တို့ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားခဲ့ကြတယ်။
၁၇.၀၂.၂၀၁၅ ( တနင်္လာနေ့ )
ဒီနေ့တော့ ကျွန်တော်တို့ ရန်ကုန်ပြန်ကြရတော့မယ်။ မနက်စာစားပြီးတော့ အခန်းပြန် ပစ္စည်းတွေ သိမ်းလိုက်ကြတယ်။ ရန်ကုန်ပြန်ရောက်လည်း နားရအုံးမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်သိနေတယ်။ဘာဖြစ်လို့လဲဆိုတော့ ၁၉ ရက်နေ့မှာ လုပ်မဲ့အလှူအတွက် ပိုက်ဆံကိစ္စဘာမှ မလုပ်ရသေးလို့ပဲ။ သြော်..... ပြောဖို့ တစ်ခုမေ့နေတာ။ ၁၉ရက်နေ့မှာ အလှူလုပ်ဖို့က ဒီမလာခင် ၂ လလောက်အလိုကတည်းက စီစဉ်ထားတာ။ ဒီနေရာမှာ ကျွန်တော်တို့ အဖွဲ့လေးအကြောင်း နည်းနည်းတော့ ပြောပါရစေ။ ကျွန်တော်တို့ အဖွဲ့နာမည်ကို OBYG ( Oversea Burmese Youth Group) ဆိုပြီး ၂၀၁၀ လောက်ကတည်းက ဖွဲ့ထားခဲ့တာ။ ပထမတော့ အဖွဲ့ဝင် လေးငါး ဆယ်ယောက်လောက်နဲ့ တစ်လကို တစ်ယောက် စင်ကာပူ ငါးဒေါ်လာ စုခဲ့ကြတယ်။ လေးနှစ်အတွင်းမှာ စင်ကာပူဒေါ်လာ ၇ ထောင်ကျော် လှူဒါန်းနိုင်ခဲ့တယ်။ ပထမတစ်နှစ်မှာ ကလေးငါးယောက်ကို ကျောင်းထားပေးခဲ့တယ်။ ဒုတိယနှစ်မှာ ကလေးရှစ်ယောက်နဲ့ တတိယနှစ်မှာတော့ ကလေးငယ် ကိုးယောက်ကို ကျောင်းထားပေးနိုင်ခဲ့တယ်။ OBYG က တွေ့တဲ့နေရာ လှူတာမျိုးတော့ မဟုတ်ပါဘူး။ OBYG အနေနဲ့ ပထမဆုံး ဦးစားပေး လှူဖြစ်တာက မိဘမဲ့ကလေးငယ်တွေ အတွက်ပါ။ ဒုတိယကတော့ သက်ကြီးရွယ်အို အဖိုးအဘွားတွေ၊ နောက်ဆုံးကတော့ သဘာဝဘေးကျတဲ့ နေရာတွေကို လှူဖို့ဆိုပြီး ရည်ရွယ်ပြီး ဖွဲ့ထားတဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။
အခုလည်း အဖွဲ့ဝင်မောင်နှမတွေကိုယ်တိုင် ပါဝင်လှူဒါန်းတဲ့ အလှူလေးတစ်ခုဖြစ်ဖို့ စီစဉ်လိုက်တဲ့ သဘောပါပဲ။ ကဲ ခုတော့ ခရီးအကြောင်းလေးပဲ ဆက်လိုက်ကြရအောင်။ ရန်ကုန်ပြန်ရောက်တော့ ညနေ လေးနာရီကျော် ငါးနာရီလောက်ဖြစ်နေပါပြီ။ ဖိုးစိန်လမ်းက FAME ဟိုတယ်မှာ ခဏနားလိုက်တယ်။ ရန်ကုန်ရောက်တော့ သူငယ်ချင်းနှစ်ယောက်က တစ်နေရာ၊ ကျွန်တော်နဲ့ သူငယ်ချင်းနှစ်ယောက်က တစ်နေရာစီ တည်းကြတယ်။ ရန်ကုန်ပြန်ရောက်တော့ သိတဲ့အတိုင်းလူတွေလည်း မဲသဲနေကြပြီ။ မဲတာက မဲတာ တစ်ပိုင်း၊ ပင်ပန်းတာက ပင်ပန်းတာ တစ်ပိုင်း သူ့အပိုင်းနဲ့ သူထားပြီး အဲ့ညက သူငယ်ချင်းလိုက်ပို့တဲ့ ကလပ်ဘ် ရောက်သွားခဲ့တယ်။ ဟိုတယ်ပြန်ရောက်တော့ ည တစ်နာရီကျော် နှစ်နာရီထိုးတော့မယ်။
ပင်ပန်းလား ဆိုတော့ ခုထိပင်ပန်းတယ်လို့ မငြီးမိသေးဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ၆ ရက် ကုန်ဆုံးသွားခဲ့ပြီ။

March 20, 2015
၈ ညအိပ် ၉ ရက် ခရီးစဉ် ( ၂ )
၁၄.၀၂.၂၀၁၅ ( စနေနေ့ )
ဒီနေ့မနက်တော့ ဟိုတယ်ကကျွေးတဲ့ မနက်စာကို မစားပဲ ပြည်ထမင်းသုပ် သွားစားတယ်။ ပြည်ရောက်မှတော့ ပြည်ထမင်းသုပ် စားဖူးရမယ် မဟုတ်လား။ ထမင်းသုပ်စားပြီးတော့ အပြန်ပြည်လက်ဆောင် မလိုင်တွေဝယ်၊ ဟိုတယ်မှာပဲ ကားဂိတ်ကိုသွားဖို့ မားစီဒီ သုံးဘီးကားကို စောင့်နေလိုက်ကြတယ်။
ကျွန်တော်တို့ ပြည်ကနေ နေ့လယ် ၁၁ နာရီထွက်လာတယ်။ ရန်ကုန်ကို ည ၆ခွဲ ၇ နာရီလောက်မှဝင်တယ်။ ချောင်းသာကိုသွားဖို့ ကားလက်မှတ်ဖြတ်ထားတာက ည ၉နာရီခွဲ။ အချိန် ၂နာရီကျော်ကျော်ရသေးတာနဲ့ ညနေစာကို သံလမ်းမှတ်တိုင်နားက ဆိုင်တစ်ဆိုင်မှာ ဝင်စားကြတယ်။ စားနေတုန်း ဖုန်းဝင်လာလို့ နားထောင်လိုက်တော့ " အစ်ကို ဘယ်နားမှာလဲ" ဆိုတာကို ကျွန်တော်က " အစ်ကို ကျွန်တော်တို့ ရောက်ပြီ" လို့ ကြားလို့ စားနေရင်းတန်လန် ထပြေးလိုက်ရသေးတယ်။ အမှန်ကသံလမ်းမှတ်တိုင်ကို ကားက၁၀ နာရီလောက်မှ ရောက်လာတယ်။ ကားပေါ်ရောက်တော့လည်း အဖြူမတစ်ယောက် ပွစိပွစိ လုပ်နေတာကို ခံခဲ့ရပါသေးတယ်။
ပွစိပွစိ လုပ်တာ အခြားတော့ မဟုတ်ပါဘူး။ ကားပေါ်မှာ အဲကွန်းဖွင့်ထားတာ တအားအေးလို့ လျော့ဖို့ ပြောတယ်။ ကျွန်တော်တို့စီးတဲ့ ကားက အဲကွန်းကိုအလျော့အတင်းလုပ်လို့ မရဘူး။ ပိတ်၊ဖွင့် နှစ်မျိုးပဲ လုပ်လို့ရတယ်။ သူ့ဘေးနားမှာ ထိုင်တဲ့ ကျွန်တော့်သူငယ်ချင်းကိုလည်း ပြောတယ်။ ဒီလောက်အေးတာ မင်းတို့က ဘာမှမပြောဘူးလား။ တစ်ခုခုတော့ ပြောရမှာပေါ့။ ရယ်နေလို့ မရဘူးလေ။ သူမကိုကြည့်တော့ အင်္ကျီာလက်ပျက်နဲ့။ နောက်ဆုံးတော့ ကျွန်တော်တို့လည်း သူ ပြောချင်တာပြော ကိုယ်တွေကတော့ အိပ်တယ်ဟ ဆိုပြီး အိပ်တော့တာပေါ့။
၁၅.၀၂.၂၀၁၅ ( တနင်္ဂနွေ )
မနက်သုံးနာရီကျော် လေးနာရီလောက်ကြီး ကျွန်တော်တို့ တည်းမဲ့ ဟိုတယ်ကိုရောက်တယ်။ အခန်းက နေ့လည် ၁၂ မှရမှာ။ မိုးလင်းတဲ့အထိ ထိုင်ခုံမှာ ထိုင်စောင့်နေလိုက်တယ်။ ရောက်တဲ့နေ့အတွက် မနက်စာမပါပင်မဲ့ တစ်ယောက်ကို ၄၅၀၀ ပေးပြီး မနက်စာ စားလို့ရတာကြောင့် ကျွန်တော်တို့ ငါးယောက် ဝင်စားလိုက်ကြတယ်။ ဘာကြောင့် ကျွန်တော် မနက်စာ စားတဲ့အကြောင်း ပြောသလဲဆိုတော့ ကျွန်တော်တို့ တည်းတဲ့ဟိုတယ်ရဲ့ မနက်စာ ကျွေးတဲ့ပုံစံလေးကို သဘောကျမိလို့ပါ။
ကျန်တဲ့ ဟိုတယ်တွေ ဘယ်လိုကျွေးလဲ ဆိုတာတော့ ကျွန်တော်လည်း သေသေချာချာ မသိပါဘူး။ ဒီဟိုတယ်ကတော့ ပထမတစ်ခေါက် တည်းပြီးကတည်းက အဲမှာပဲ တည်းဖို့ဆုံးဖြတ်ခဲ့တာပါ။ အချို့ဟိုတယ်တွေမှာက မနက်စာ ဒါတွေ ဒါတွေပဲ ရတယ်။ ဒီမနက်တော့ ဒါပဲ ရှိပါတယ် ဆိုတာမျိုးကများတယ်။ ဟိုတယ်တိုင်းတော့ မဆိုလိုပါဘူး။ ချောင်းသာမှာ တည်းတဲ့ Belle ဟိုတယ်ကတော့ မနက်စာ တကယ်ကိုကောင်းပါတယ်။ မနက်စာကို ဘူးဖေးစတိုင် လုပ်ထားပါတယ်။ မုန့်ဟင်းခါး သို့မဟုတ် အုန်းနို့ခေါက်ဆွဲ တစ်မျိုးမျိုးပါပါတယ်။ ခေါက်ဆွဲကြော်၊ ထမင်းကြော်၊ ထမင်းဆီဆမ်း၊ အရွက်ကြော်၊ အသားဟင်း၊ ဆန်ပြုတ်၊ ကောက်ညှင်းပေါင်းနဲ့ ငခြောက်ဖုတ်၊ မုန့်အချိုပွဲ သုံးမျိုး၊ သစ်သီး သုံးမျိုး၊ အအေး၂ မျိုး၊ ပေါင်မုန့်မီးကင်နှင့် ယို ၂ မျိုး၊ ကော်ဖီ လက်ဖက်ရည် တို့ကို ကျွန်တော်တို့တည်းခဲ့တဲ့ ၂ညအိပ် သုံးရက်မှာ မနက်တိုင်း ပြင်ဆင်ပေးထားပါတယ်။
ဟိုတယ် ဈေးနှုန်းတွေကတော့ ပင်လယ်ကို မျက်နှာချင်းဆိုင်က နှစ်ယောက်အခန်းကို တစ်သိန်း၊ နောက်က ပန်းခြံView ကတော့ နှစ်ယောက်အခန်းကို ၇သောင်းလို့ပြောတယ်။ ကျွန်တော်တို့ကတော့ တစ်သိန်းအခန်း နှစ်ခန်းယူလိုက်တယ်။ မီးကတော ထုံးစံအတိုင်း နေ့လည် ၁ နာရီကနေ ညနေ ၃ နာရီထိ တစ်ခါ၊ ည ၆ နာရီကနေ မနက် ၆ နာရီထိတစ်ခါ ၂ခါပဲ လာတယ်။ ဟိုတယ်မှာ ကာရာအိုကေ အခန်းလည်း ရှိတယ်။ တစ်နာရီ ၈၀၀၀ ကျပ်။ အနှိပ်ခန်းလည်း ရှိတယ်။ တစ်ဆက်ရှင် ကို တစ်သောင်းကျပ်။ တစ်နာရီခွဲကြာတယ်။ မာကပ်တင်း ဆင်းတာတော့ မဟုတ်ပါဘူး။ ကျွန်တော် သိတာလေးတွေကို ပြောပြတဲ့ သဘောပါ။
ဒီလိုနဲ့ ကျွန်တော်တို့ နေ့လည် ၁၁ နာရီကျော်ကျော်လောက်မှာ အခန်းရပါတယ်။ အခန်းထဲ ပစ္စည်းတွေနေရာချ၊ ဟိုတယ်မှာပဲ နေ့လယ်စာစားဖို့ မှာပြီး ရေဆင်းကူးကြတယ်
ညနေပိုင်းကြတော့ ချောင်းသာမှာ ချိန်ထားတဲ့ သူငယ်ချင်းမိသားစုနဲ့ ညနေစာ သွားစားကြတယ်။ စုစုပေါင်း ၁၃ ယောက်။ အနည်းဆုံး တစ်သိန်းလောက်တော့ ရှင်းရလိမ့်မယ်လို့ ထင်ထားတာ။ တကယ်ရှင်းတော့ ခြောက်သောင်းပဲကျတယ်။ တန်လိုက်တာလို့ ပြောယူရတဲ့အထိပါပဲ။ ညစာစားပြီလို့ နားရမယ် မထင်နဲ့အုံး။ သူတို့တည်းတဲ့ မက်စ် ဟိုတယ်မှာလည်း ကာရာအိုခေ အခန်းရှိတယ် သွားဆိုရအောင်ဆိုတော့ သွားကြပြန်တာပေါ့။ အဲဒီနေ့က အခန်းကို ပြန်ရောက်တော့ ည ၂ နာရီရှိပြီ။ ပင်ပန်းတယ်လို့ တစ်စက်ကလေးမှ မခံရသေးဘူး။ လုပ်ချင်တာတွေ လုပ်နေရတော့ ပျော်နေတာပေါ့။
ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ လေးရက်ကုန်ဆုံးသွားခဲ့ပြီ။
Subscribe to:
Posts (Atom)