March 17, 2015

၈ ညအိပ် ၉ရက် ခရီး ( ၁ )

၁၃.၀၂.၂၀၁၅ ( သောကြာနေ့ )

အာရုံတွေက လန်းဆန်းလို့နေတယ်။ မနေ့ညက တစ်ခါမှမရောက်ဖူးသေးတဲ့ ပြည်မြို့ကို ရောက်ခဲ့ပြီ။ ခုမနက်မှာလည်း တစ်ခါမှ မရောက်ဖူးသေးတဲ့ နေရာတွေ သွားဖို့၊ ဘုရားတွေဖူးရတော့မယ်ဆိုတဲ့ စိတ်က မနက်ခြောက်နာရီလောက်မှာ စိတ်က အဆင်သင့်ဖြစ်နေခဲ့တယ်။ ၇ နာရီလောက်မှာ ဟိုတယ်ကကျွေးတဲ့ မနက်စာစားပြီး မနေ့ညက ခေါ်ထားတဲ့ ကားကိုစောင့်ရင်း ပြည်မြို့ရဲ့ မနက်ခင်း အရသာကို ခံစားကြည့်မိတယ်။

သွားစရာတွေထဲက အဝေးဆုံးဖြစ်တဲ့ အကောက်တောင်ကို ဦးဆုံးသွားဖို့ ထွက်လာခဲ့ကြတယ်။ အကောက်တောင်ရောက်ဖို့ လိုသေးတာမို့ ကားငှားခနဲ့ ဟိုတယ်ခကို နဲနဲပြောပြချင်ပါတယ်။ ကျွန်တော်တို့ တည်းတဲ့ Pyay Strand Hotel က ၂ယောက်ခန်းကို  နှစ်သောင်းခွဲ။ သူ့မှာ နှစ်သောင်းခွဲ၊ သုံးသောင်း၊ လေးသာင်း ဆိုပြီး အခန်းတွေရှိပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်ဘချက်နဲ့ကိုယ်မို့ နှစ်သောင်းခွဲ နှစ်ယောက်အခန်း ၂ခန်းယူလိုက်တယ်။ ၂ ညအိပ်ဆိုတော့ ဟိုတယ်ခက ၁ သိန်း။ ဒီနေ့ ဘုရားဖူးသွားဖို့ ကားငှားတာက ဆီမပါ ကားခကြီးပဲ သုံးသောင်း( တစ်နေ့ကုန်)။ ကားအတွက်ဆီဖိုးက မနက်ပိုင်းမှာ တစ်သောင်းခွဲ၊ ညနေပိုင်းမှာ တစ်သောင်းဖိုး ထည့်ရတယ်။ ရန်ကုန်- ပြည်ကားခကတော့ တစ်ယောက်ကို အသွား ၅၅၀၀၊ အပြန် ၅၅၀၀။

ကျွန်တော်တို့ကား အကောက်တောင်ကို သွားဖို့ စက်လှေဆိပ်ကိုရောက်တော့ လမ်းပြကလေးတွေက အများကြီးပဲ။ သူလည်းလိုက်မယ် ၊ငါလည်းလိုက်မယ် ၊ငါ့ကိုပဲခေါ်တာ ၊မင်းကို မခေါ်ဘူး ဆိုတဲ့ စကားသံတွေကြားထဲမှာမှ ကျွန်တော်တို့ကား ဝင်လာတဲ့အချိန် လမ်းထိပ်ကနေစောင့်ပြီး ခေါ်လာတဲ့ ကလေးကိုပဲ ' ညီလေး မင်းပဲလိုက်ခဲ့ ' လို့ကျွန်တော်ပြောလိုက်မှဘဲ အားလုံးငြိမ်သွားကြတော့တယ်။ အမှန်တကယ်က အကောက်တောင်ကို ကားနဲ့သွားလို့လည်း ရတယ်လို့ သိရတယ်။ ကျွန်တော်တို့က စက်လှေစီးချင်တာကြောင့် စက်လှေခ ၁၂၅၀၀ နဲ့ စင်လုံးငှား ထွက်လာခဲ့ကြတယ်။ လမ်းပြကလေးငယ်ကတော့ သူသိတာအကုန်ပြောပြရှာပါတယ်။ ကျွန်တော်ကတော့ သမိုင်းအကြောင်းသိချင်လို့ လာတာမဟုတ်ပဲ၊ မရောက်ဖူးသေးလို့ ရောက်ဖူးအောင် လာလည်တဲ့အတွက် လမ်းပြကလေးပြောပြတာပဲ ငြိမ်ပြီး နားထောင်နေလိုက်မိတယ်။ ပြန်ခါနီးမှာ လမ်းပြကလေးကို မုန့်ဖိုးပေးရင် ညီလေး မင်းပြောပြတာတွေက ကောင်းပါတယ်။ ဒါမဲ့ စာပြောမဟုတ်ပဲ စကားပြောလေးနဲ့ ရှင်းပြနိုင်ရင် ပိုကောင်းမယ်လို့ အကြံပေးဖြစ်တယ်။

စက်လှေက တောင်ခြေဆိုက်တော့ ကျွန်တော်က မတက်တော့ဘူးလုပ်လိုက်ပါသေးတယ်။ သူငယ်ချင်းတွေက လာပါ ဖြေးဖြေးတက်ပေါ့ စောင့်ခေါ်ပါမယ်ဆိုတာကြောင့် တောင်ပေါ်ကို ရောက်သွားခဲ့တာပါ။ ကျွန်တော် ဘာကြောင့် တောင်တက် ရမှာ ကြောက်သလဲဆိုတော့ ပြင်ဦးလွင်က ဓါတ်တော်ချိုင့် နဲ့ ကျွန်တော်တို့ အိမ်နောက်က ဇွဲကပင်တောင် တက်ပြီးကတည်းက ဘယ်တောင်မှ မတက်ချင်တော့တာပါ။ ဒါပင်မဲ့ အကောက်တောင်ပေါ်ရောက်တော့ ကျွန်တော် တက်ရမှာ ကြောက်တဲ့ တောင်တွေရဲ့ ငါးပုံပုံ တစ်ပုံလောက်ပဲ မြင့်တာကို သတိထားမိလိုက်ပါတယ်။

တောင်ပေါ်မှာတော့ ဆရာတော် ကျောင်းတစ်ကျောင်းနဲ့ ဇရပ်ကြီးတစ်ခုရှိတယ်။ နောက်ပြီးလမ်းပြကလေး လိုက်ပြတဲ့ ကျောက်ဖား၊ နဂါးတွင်း သုံးတွင်း ၊ညောင်ကိုးပင်ဘုရား ဆိုလား ရှိတယ်။ နောက်ပြီး ဝါးပင် အပွင့်ပွင့်တာကိုလည်း ပထမဆုံးမြင်ဖူးခဲ့တယ်။ တောင်တက်လမ်းမှာလည်း တောင်စောင်းတွေကို ဆေးသုပ်ထားတဲ့ ဝါးခြမ်းလေးတွေနဲ့ ထောက်ထားတာကလည်း တစ်မျိုးလှလို့နေပြန်ပါတယ်။ ဇရပ်မှာကျွေးတဲ့ သက်သက်လွတ် ပဲခေါက်ဆွဲနဲ့ ကြာဇံကြော်ကလည်း တကယ်ကို စားလို့ကောင်းပါတယ်။ ဆရာတော်က ကျောင်းမှာ ညအိပ်ညနေလည်း လာလို့ရကြောင်းပြောပါတယ်။

ကျွန်တော်တို့ စက်လှေဆိပ်ပြန်ရောက်တော့ နေ့လယ် ၁၂လောက်ရှိနေပါပြီ။ ရွှေဘုံသာမုနိဘုရားကို ဝင်ဖူးတယ်။ မင်းသားကျော်သူ တည်နေတဲ့ ဘုရားလည်း ရှိတယ်လို့ အကောက်တောင်ဆရာတော်က ပြောလိုက်ပင်မဲ့ ကျွန်တော်တို့ မဝင်ဖြစ်လိုက်ပါဘူး။ တောင်ပေါ်မှာ စားခဲ့တာများသွားလို့ ထင်တယ်။ ဗိုက်က မဆာကြသေးတာနဲ့ ရွှေတောင်ကို အရင်သွားပြီး ပြန်လာမှ ထမင်းစားကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။

ရဟံန္တာ၈၀ ဘုရားကို အရင်ဆုံး ဝင်ဖူးကြတယ်။ အဲဒီနောက်မှာ ရွှေမျက်မှန်ဘုရား။ ရွှေမျက်မှန်ဘုရားကထွက်တော့ အချိန်က နေ့လယ် ၂ နာရီကျော်နေပြီ။ အဲ့ကျမှ ဗိုက်ဆာသလိုလို ဖြစ်လာကြတယ်။ ရွှေတောင်ကနေ ပြည်ကိုပြန်လာပြီး နေ့လယ်စာ စားဖို့အတွက် ကားအငှားလိုက်တဲ့ ညီလေးအိမ်က စာသောက်ဆိုင်ဖွင့်ထားတော့ သူ့ဆိုင်မှာပဲ ဝင်အားပေးလိုက်ကြတယ်။

ထမင်းစားပြီးတဲ့အချိန်က ညနေလေးနာရီကျော်နေပြီ။ ဒါနဲ့ ကျွန်တော်တို့ ပျူးမြို့ဟောင်းကို သွားကြည့်ကြတယ်။ ပျူးမြို့ဟောင်းပြတိုက်ကို ရောက်တဲ့အချိန်က နည်းနည်းနောက်ကျသွားလို့ ပြတိုက်ကို မလေ့လာဖြစ်လိုက်ဘူး။ အဲဒီနောက်မှာတော့ ဘုရားကြီး၊ ဆယ်ထပ်ကြီးဘုရားနဲ့ ပြည်ရွှေဆံတော်ကို ဝင်ဖူးကြတယ်။ ဟိုတယ်ကို ပြန်ရောက်တော့ ည ၇ နာရီလောက် ရှိတော့မယ်။ အခန်းထဲမှာ ရေချိုး၊ ခဏနားပြီး ညစာ ထွက်ကြတယ်။ကျွန်တော်တို့သွားစားတဲ့ မြန်မာထမင်းဆိုင်က ရုပ်ရှင်ရုံ ရှိတဲ့လမ်းထဲမှာ။ ထမင်းစားပြီးလို့ ထွက်လာတော့ စိတ်ကူးက တစ်မျိုးပြောင်းသွားတယ်။ ရုပ်ရှင် ဝင်ကြည့်ဖို့ သူငယ်ချင်းတွေကို ဆွယ်တော့ မငြင်းရှာဘူး။ ကိုတင့်ဆိုတဲ့ ရုပ်ရှင်ကားကို ပြည်မြို့မှာ ကြည့်ဖြစ်လိုက်ကြတယ်။

ဟိုတယ်ကိုပြန်ရောက်တဲ့အချိန်က ည ၁၂ နာရီ။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ဒုတိယနေ့ ခရီးစဉ်လေးကို ပင်ပင်ပန်းပန်းနဲ့ အနားယူလိုက်ကြတယ်။ မနက်ကျရင် စောစောထရအုံးမယ်လေ။


ရီနိုမာန်

March 16, 2015

၈ညအိပ် ၉ ရက် ခရီးစဉ်

ဒီတစ်ခေါက် မြန်မာပြည်ကို ပြန်လည်မယ်လို့ စိတ်ကူးလိုက်တဲ့ အချိန်မှာတော့ ကိုယ့်အိမ် ကိုယ့်ရာဖြစ်တဲ့ ဇွဲကပင်တောင်ခြေကို ပြန်မယ်လို့ စိတ်ကမရောက်ပဲ စိတ်လက်အပန်းဖြေဖို့ ကမ်းခြေတစ်ခုခုကို သွားဖို့သာ စိတ်က ရောက်နေခဲ့ပါတယ်။ အပန်းဖြေလို့ ဆိုပင်မဲ့ အမှန်တကယ်က စိတ်ထဲအရမ်းအေးချမ်းတဲ့ ဒေသ ( ဥပမာ - ကလော၊ တောင်ကြီး၊ ပြင်ဦးလွင်... စသဖြင့် ) လိုမျိုး၊ တိတ်ဆိတ်တဲ့ ညအချိန်မျိုးမှာ သဘာဝရဲ့ ဂီတသံကြားနေရတဲ့ ကမ်းခြေလို နေရာမျိုးတွေကို ဘယ်နှကြိမ် ဘယ်နှခါ သွားသွား ရိုးသွားတယ်ဆိုတာမျိုး ဘယ်တုန်းကမဖြစ်ခဲ့ပါဘူး။

အခုလည်း ကိုယ်တစ်ယောက်ထဲသွားရတာ အားမရသေးလို့ အခန်းဖေါ်သူငယ်ချင်းတွေကို မဲဆွယ်ရတော့တာပေါ့။ တစ်ယောက်ကို ဘယ်လောက်ဆို ရပြီ။ ဘယ်နှရက်ရက်နေလို့ရမယ်။ စားချင်တာ အကုန်စားလို့ရမယ်။ သူငယ်ချင်းတွေပဲသွားတော့ အရမ်းပျော်ဖို့ကောင်းမှာ။ ဒီမှာနေပြီး ပိတ်ရက်လည်း ပိုက်ဆံကုန်မဲ့ တူတူ ကမ်းခြေမှာ သွားအနားယူလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ ဆိုတဲ့စကားလုံးတွေနဲ့ ပြောပြ ချပြ တွက်ပြလိုက်တော့မှ ကျွန်တော်နဲ့တူတူ ခရီးထွက်ဖို့ သူငယ်ချင်းနှစ်ယောက်က သဘောတူလိုက်ကြတယ်။ အမှန်တကယ်တော့ အဲခရီးစဉ်အတွက် အချိန်က ၈လ၊ ၉လလောက် အချိန်ရသေးတယ်။

ပြန်လည်ဖို့ စီစဉ်ထားတဲ့ ရက်က တရုတ်နှစ်ကူးအချိန်ဆိုတော့ လေယာဉ်လက်မှတ်တွေက ဈေးအရမ်းကြီးသွားမှာ။ ရက်ကပ်မှ ဝယ်ရင် လေယာဉ်လက်မှတ်ဖိုးတင် လေးရာ ငါးရာလောက် ရှိသွားမယ်။ ကျွန်တော်တို့က ခရီးစဉ် စလယ်ဆုံး သုံးဖို့ တစ်ယောက်ကို ၆၀၀ လောက်ပဲ မှန်းထား၊ တွက်ထားတာဆိုတော့ လေယာဉ်လက်မှတ်ကို ရက်ကပ်မှ ဝယ်လို့ မဖြစ်တော့ဘူး။ ကြိုဝယ်မှ ရတော့မယ်။ ဒါနဲ့ လေယာဉ်လိုင်းတွေကို အွန်းလိုင်းကနေ စရှာပြီး လက်မှတ်ဈေးတွေ စုံးစမ်းရတော့တယ်။ နောက်ဆုံး ဈေးအသက်သာဆုံးဖြစ်တဲ့ ဂျက်စတား လေယာဉ်လိုင်းနဲ့ သုံးယောက်စာ ၅၄၃ ဒေါ်လာနဲ့ အသွားအပြန်လက်မှတ်ကို အွန်းလိုင်းကနေ ဝယ်ထားလိုက်ကြတယ်။

ကြိုတင်စီစဉ်ထားတဲ့ ကိစ္စတွေဆိုရင် ပျက်တတ်လွန်းလို့ ကျွန်တော်မှာ ကြိုပြီး ရင်မခုန်ရတဲ့ အဖြစ်။ အရေးတကြီး အလုပ်တွေများ ပေါ်လာမလား။ သူဌေးမှ ခွင့်ပြုပါ့မလား။ စီစဉ်ထားတာတွေ အစီအစဉ်တကျ ဖြစ်မှဖြစ်ပါမလား။ လား ပေါင်းများစွာနဲ့အတူ ပြန်ရမဲ့ရက်ကို ရောက်လို့လာခဲ့ပါပြီ။ ကံကောင်းချင်တော့ ကျွန်တော်လုပ်နေတဲ့ အလုပ်ကလည်း ခရီးမထွက်ခင် တစ်ပတ်အလိုမှာ ဖြတ်ထားနိုင်ခဲ့တယ်။ နှစ်တိုင်းပေးနေကျ အပိုဆုငွေကလည်း ခရီးမထွက်ခင် တစ်ရက်အလိုမှာ ရလိုက်ပြီ။ ခရီးထွက်ဖို့ အိတ်ကလည်း ပြင်ဆင်ပြီးတာ တစ်ပတ်လောက်ကတည်းက အဆင်သင့်။ ဒီလိုနဲ့ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် ၂လပိုင်း ၁၂ ရက်နေ့ မနက်ပိုင်း ဖလိုက်နဲ့ ကျွန်တော်တို့ရဲ့ ခရီးစဉ်ကို  စတင်လိုက်ကြပါတော့တယ်။

၁၂.၀၂.၂၀၁၅ ( ကြာသပတေးနေ့)

ကိုယ့်ပြည်ကိုယ့်ရွာကို ပြန်ရတော့မယ် ဆိုတဲ့စိတ်က ပျော်နေပင်မဲ့ ဝယ်ထားတဲ့ ကီလိုနဲ့ သယ်လာရတဲ့ လူကြုံပစ္စည်းတွေ အဆင်မှပြေပါ့မလား။ အွန်းလိုင်းမှာ ဝယ်ရင် ကီလို ၂၀ မှ ၂၆ဒေါ်လာလောက်ပဲ ပေးရတာ။ လေဆိပ်ရောက်မှ ဝယ်ရရင် တစ်ကီလို ၂၀ တောင်ပေးရမှာ။ အထုပ်တွေ မချိန်ရသေးမချင် စိတ်က ဒုံးဒုံးမချနိုင်သေးဘူး။ ထင်ထားတဲ့ အတိုင်းပါပဲ ဝယ်ထားတာ ကီလိုတစ်ရာ။ ချိန်ကြည့်လိုက်တော့ ကီလို ၁၁၆ကီလိုဖြစ်နေပြီ။ ဘယ်လိုမှ အဆင်မပြေတဲ့အဆုံး ၁၀ကီလိုလောက် ဆွဲထုတ်ပြီး လက်ဆွဲလိုက်ရတယ်။ ဘာပဲပြောပြော စိတ်က အခုမှပဲ ပျော်ဖို့သတိရတော့တယ်။

မြန်မာစံတော်ချိန် ၁၁ နာရီလောက်မှာ ရန်ကုန်မြေကို ကျွန်တော်တို့ စီးလာတဲ့ လေယာဉ်ဆိုက်ရောက်ခဲ့တယ်။ ကိုယ့်မြေကိုယ်ရေကို ဘယ်နှကြိမ်ပဲ ပြန်ရပြန်ရ ကျွန်တော်ကတော့ ရင်ခုန်စမြဲ။ နွေးထွေးသလို ခံစားရတယ်။ လုံခြုံအေးချမ်းသွား သလိုလည်း ထင်ရတယ်။ ကိုယ်စီစဉ်ထားတဲ့ ခရီးစဉ်ကို ကိုယ်တိုင် အကောင်အထည်ဖေါ်ရတော့မယ်ဆိုတဲ့ စိတ်က ကျွန်တော်ရဲ့ ခြေလှမ်းတွေမှာ သိသိသာသာ   ထင်ရှားလို့ နေပါတော့တယ်။

ဒီနေရာမှာ ပြောစရာတစ်ခုကျန်ခဲ့တယ်။ ကျွန်တော် စီစဉ်ထားတဲ့ ကမ်းခြေခရီးစဉ်က ၂ လပိုင်း ၁၅၊ ၁၆ရက် ၂ညအိပ်ခရီးစဉ်။ ကျွန်တော်တို့ ဝယ်ထားတဲ့ လေယာဉ်လက်မှတ် အသွားအပြန်ရက်က ၂ လပိုင်း ၁၂ရက်ကနေ ၂၀ ရက်နေ့အထိ။ စုစုပေါင်း ၉ ရက်ခရီးစဉ်။ ကမ်းခြေကို သွားမှာ အလယ် ၂ ရက်ထဲ။ ရှေ့ ၂ ရက် ၊ နောက် သုံးရက်က ပိုနေတာ။ လုပ်စရာကိစ္စက မရှိတော့ ရန်ကုန်မှာလည်း မနေချင်ဘူး။ ဒါနဲ့ ရှေ့ ၂ရက်ကို ရက်တိုခရီးစဉ်လေး တစ်ခုဆွဲလိုက်တယ်။ ဘယ်သွားမလဲ။ ဘယ်သွားလို့ ရလဲ။ ဘယ်သွားချင်လဲ ဆိုတဲ့ မေးခွန်းမျိုး ကိုယ်ဖာသာ ကိုယ်မေးလိုက်တယ်။

ရက်တိုသွားလို့ရတဲ့ နေရာတွေကို စဉ်းစားကြည့်လိုက်တော့ ကျိုက်ထီးရိုးနဲ့ ပြည်ကို စဉ်းစားလို့ ရသွားတယ်။ ကျွန်တော်နဲ့ တူတူလိုက်တဲ့ သူငယ်ချင်းတွေက ကျိုက်ထီးရိုးကို ရောက်ဖူးတယ်။ ပြည် ကို မရောက်ဖူးဘူး။ ကျွန်တော်က ကျိုက်ထီးရိုးလည်း မရောက်ဖူးသေး၊ ပြည်လည်း မရောက်ဖူးသေးဘူး။ကျွန်တော်အနေနဲ့ ကျိုက်ထီးရိုးထက် ပြည်ကိုပဲ စိတ်ဝင်စားနေမိတယ်။ ကျိုက်ထီးရိုးကို ဘာကြောင့် မသွားချင်ရသလဲဆိုတဲ့ အဖြေ ကျွန်တော်မှာ မရှိဘူးဖြစ်နေတယ်။ ကဲ....ထားပါတော့။ ကျွန်တော်တို့ ပြည်သွားဖို့ပဲ ဆုံးဖြတ်လိုက်ကြတယ်။

ရန်ကုန်ရောက် နေ့လယ်စာ စားပြီတဲ့ အချိန်က ၁၂ခွဲ။ ပြည်ကို သွားဖို့ လက်မှတ်ဝယ်ထားတာက  နေ့လယ်  ၃ နာရီခွဲ။ အချိန်က အများကြီးကျန်နေပင်မဲ့ နေ့လယ်ပိုင်း ပူတဲ့ အပူချိန်က တက်ကြွနေတဲ့ ကျွန်တော့်ရဲ့စိတ်တွေကို နွမ်းလျသွားစေခဲ့ပါတယ်။ ပူပူလောင်လောင်ဖြစ်နေတဲ့ အပူချိန်ကို ကားဂိတ်မှာ ထိုင်စောင့်ပြီး အချိန်ဖြုန်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကားဂိတ်ကိုရောက်တော့ နေ့လယ် ၁နာရီခွဲတော့မယ်။  ၁ နာရီခွဲထွက်မဲ့ကားမှာ နေရာရှိသေးတာကြောင့် ဆိုင်းမဆင့်ပဲ တက်လိုက်လာခဲ့ကြတယ်။

ပြည်ကိုရောက်တဲ့အချိန်မှာတော့ ည ၇ နာရီခွဲနေပြီ။ ဘိုကင်ကြိုတင်ထားတဲ Pyay Strand Hotel ရောက် ပစ္စည်းတွေ နေရာချ၊ ဟိုတယ်ဘေးက စားသောက်ဆိုင်မှာ ညစာစားတယ်။ နောက်နေ့သွားမဲ့ ခရီးစဉ်ကို ထမင်းစားရင်း ဆွဲလိုက်ကြတယ်။ ခရီးပန်းလာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ ထမင်းစားပြီးဟိုတယ် ပြန်နားလိုက်ကြတယ်။ ကျွန်တော်နဲ့ သူငယ်ချင်းကတော့ ပြည်ရဲ့ ညဈေးတန်းကို အမြည်းသဘောနဲ့ လမ်းလျှောက်ထွက်ခဲ့ကြတယ်။

ခရီးစဉ် ပထမနေ့ကို ည ၁၁ နာရီလောက်မှာ ဟိုတယ်ပြန်ပြီး အဆုံးသတ်လိုက်ကြတယ်။


ရီနိုမာန်

March 7, 2015

အချစ်ကြောင့် ကျွန်တော်ဟာ ပြုံးလို့

သူမက နုညံ့တယ်။
သူမနဲ့ စကားပြောတဲ့အခါ 
ကြင်နာတဲ့ အသံကိုကြားရတယ်။
သူမဟာ မျက်လုံးကို လှပအောင် ခြယ်သထားတယ်။
သို့သော် သူမရဲ့ မျက်လုံးက ပြုံးရီနေတယ်။
သူမရဲ့ ဆံနွယ်က ပျော့ပျောင်းသွယ်လျလို့။
သူမနဲ့ စကားပြောတဲ့အခါ အလိုက်အထိုက်
နွဲ့ယိမ်းလို့ ကပြတတ်တဲ့ ဆံနွယ်လေးကိုလည်း တွေ့ရတတ်တယ်။
ကျွန်တော် သိပ်ချစ်တဲ့အထဲမှာ သူမရဲ့ လက်ကလေးတွေ
နုညံ့လွန်းတဲ့ သူမရဲ့ လက်ဖဝါးလေးရယ် 
ကိုင်လို့ကောင်းတဲ့ သူမလက်မောင်းသားလေးရယ်
လှပစွာ ပြုံးတတ်တဲ့ သူမ နှုတ်ခမ်းလေးနဲ့
ယုယစွာ နမ်းတဲ့ သူမရဲ့ အနမ်း။
အသက်ပါလှတဲ့ သူမရဲ့ခြေလှမ်းတွေ
ရိုးရှင်းလှတဲ့ သူမရဲ့ကိုယ်ခန္ဓာ
ဒေါင်းတစ်ကောင်လို လှတဲ့ သူမရဲ့အလှ
နတ်ဘုရားရဲ့ သမီးတော် တစ်ပါးအလား
ပြီးပြည့်စုံတယ်လို့ ပြောရင် ကျွန်တော်ကို
ရူးတယ်လို့ ပြောကြလိမ့်မယ်။
သူမကို ကျွန်တော်က အမည်တစ်ခု ပေးလိုက်မိတယ်။

( အချစ် ) လို့...................။

အချစ်ကြောင့် လူတွေက ပျော်ရွှင်လို့။
အချစ်ကြောင့် လူတွေက ကြည်နူးလို့။
အချစ်ကြောင့် လူတွေက သာယာလို့။
အချစ်ကြောင့် လူတွေက ဘဝပျက်လို့။
အချစ်ကြောင့် လူတွေက ရိုင်းစိုင်းလို့။
အချစ်ကြောင့် လူတွေက စိတ်ကုန်လို့။
အချစ်ကြောင့်.........................။
အချစ်ကြောင့်.........................။
အချစ်ကြောင့်..........................။

ရီနိုမာန်

March 3, 2015

ငါ့ရင်ထဲမှာ

အောင်မြင်ခြင်းဆိုတာ
လူတွေနဲ့  မဝေးသလို
အချစ်ဆိုတာလည်း
ငါ့ရင်ထဲမှာရှိတယ်။

မဝေးတော့တဲ့ အနာဂတ်မှာ
တို့ နှစ်ယောက် အတူတူရှိနေနိုင်ဖို့ 
ကြိုးစားရင်း ငါ ရှိနေမယ်

လူတွေက ပြောကြတယ်
အချစ်ဆိုတာ ဘာဘာညာညာ ပေါ့
ငါ့ရင်ထဲမှာတော့ မင်းကို
ချစ်တဲ့ အချစ် ပဲရှိတယ်

ငါ့ရင်ထဲမှာ...................
မင်းကိုချစ်တော့
ငါ့ရင်ထဲမှာ.....................

မင်းမရှိတော့ ငြိမ်းချမ်းလိုက်တာ

ငါ့ရင်ထဲမှာ မင်း မရှိခဲ့တာ ကြာခဲ့ပေါ့

အလွမ်းတွေဆိုတာလည်း ငါ မသိခဲ့ဘူး

အဆွေးဆို ပိုလို့ နားမလည်ခဲ့ဘူး....

ခဏတာ တွေ့ခဲ့ ကြတဲ့ အချိန်တွေကိုတော့

ငါ သတိရနေမိတာတော့ အမှန်

ခုချိန်မှာ ငါ အေးချမ်းနေတယ်

မယုံရင် ငါ့ရင်ထဲ ဝင်ကြည့်လိုက်ပါ

ငြိမ်းချမ်းတဲ့ ရင်ခွင် တစ်စုံရှိနေလိမ့်မယ်.......

March 13, 2014

ရာသီခွင်

လကလေးရယ်၊ ကြယ်ကလေးရယ်၊ လူတစ်ယောက်ရယ်......။

မှောင်မိုက်တဲ့ ညတစ်ညမှာ ကြယ်လေးတမျှ လင်းလက်နေတဲ့
မီးရောင်စုံတွေရဲ့ကြားမှာ ရာသီခွင်ကို စောင့်ကြည့်နေတဲ့ လူတစ်ယောက်။

ကြယ်တွေစုံပြီးလား။

လူတွေကောစုံရဲ့လား။

ချိုမြိန်နေတဲ့ ဂီတသံနဲ့အတူ လှပတဲ့ကစားကွင်းကြီးအလယ်မှာ
ဆန်းသော်တာ လရဲ့အရိပ်ကတော့ မခို့တရို့။

ညတစ်ဝက် ကျိုးေ၇ာပေါ့။

အချိန်မှ မှန်ရဲ့လား။

တည်းခင်းထားတဲ့ ဧည့်ခံပွဲကြီးလည်း တိတ်ဆိတ်ငြိမ်သက်လို့နေရဲ့။
အနီရောင် ပန်သီးရဲ့ အလယ်တည့်တည့်မှာ ထိုးစိုက်ထားတဲ့ ဓါးတစ်လက်။
အနီရောင်ကောဇောကြီးလဲ သွေးသံရဲရဲ။

ပြီးဆုံးသွားခဲ့ပြီလား။

ပြည့်ရော ပြည့်စုံပါရဲ့လား။

မှောင်မိုက်နေပင်မဲ့ ဆန်းသော်တာ လရိပ်က အတိုင်းသာ။
ကြယ်လေးတွေလည်း သူ့နေရာနဲ့သူ ဘိုနေမြဲကျားနေမြဲ။
ကောင်းကင်မှာ နက္ခတ်ဖတ်ဖို့ စောင့်နေတဲ့ လူတစ်ယောက်တော့ ရှိနေလေရဲ့။

( ဆားချက်တယ်၊ အသက်သွင်းတယ်)