April 21, 2013

သည်ဒေသ

အခုတစ်လော စိတ်ထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးတဲ့ ဒေသတစ်ခုကို အရမ်းသတိရနေမိတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ လောက်က သည်ဒေသကို ကျနော်ရောက်ခဲ့တယ်။ ၁၀နှစ်နီးပါးလောက် ကျနော်တို့ သည်ဒေသမှာ နေထိုင်အခြေချခဲ့ဖူးတယ်။ သည်ဒေသကို ရောက်တဲ့ အချိန်မှာ လျှပ်စစ်မီးဆိုတာလဲ ကောင်းကောင်း မမြင်ရဘူး။ သည်ဒေသရောက်မှ တပိုင်တနိုင် ဖယောင်းတိုင်လုပ်တဲ့ စက်လေးကိုလည်း မြင်ဖူးရတယ်။  လောပိတရေတံခွန်ကနေသွယ်တန်းထားတဲ့ လျှပ်စစ်ဓါတ်တိုင် ကြီးကြီးမားမားတွေတော့ သည်ဒေသကို ဖြတ်ပြီး ဆောက်ထားတာကို တွေ့ရတယ်။ ဓါတ်တိုင်ကြီးတွေရဲ့ အောက်မှာရှိတဲ့ သည်ဒေသမှာ လျှပ်စစ်မီးမရှိတာကို အထူးတလည် စဉ်းစားနေမိသေးတယ်။ ပတ်ပတ်လည်ကို ကြည့်လိုက်ပြန်တော့လည်း တောင်တွေက အပြည့်။ တောင်တွေတောင်တွေရဲ့ ထိပ်မှာ ထုံးဖြူဖြူတွေနဲ့ စေတီပုထိုးတွေကလည်း အပြည့်။ သည်ဒေသကို ရောက်မှ တစ်နှစ်စာ မိုးရေလောင်တဲ့ ကန်ကြီးတွေကို တွေ့ဖူးရတယ်။ သည်ဒေသရောက်မှ လက်ဖက် ဘယ်လိုရသလဲဆိုတာ သိလာရတယ်။ သည်ဒေသရောက်မှ သစ်တော်သီးကို အမုန်းစားခဲ့ရတယ်။ သည်ဒေသရောက်မှ ဂျူးမြစ်ဆိုတာ ဘာလဲသိလိုက်ရတယ်။  သည်ဒေသကို ရောက်မှ ဈေးဆိုတာလည်း သွားချင်တိုင်း သွားလို့ မရဘူးဆိုတာကိုလည်း သိလိုက်ရတယ်။ သည်ဒေသကိုရောက်မှ ငါးရက်တစ်ဈေးဖွင့်တဲ့ ရှမ်းခေါက်ဆွဲဆိုင်က ရှမ်းခေါက်ဆွဲကို ကြိုက်တက်နေပြီ။ သည်ဒေသရောက်မှ အပူချိန် အနှုတ်ဒီဂရီရဲ့ အရသာကိုလည်း ကောင်းကောင်းခံစားဖူးရတယ်။ သည်ဒေသကို ရောက်မှ တိုင်းရင်းသား၊သူတွေရဲ့ ရိုးသားမှုကို ကောင်းကောင်းတွေ့ရတယ်။ သည်ဒေသကို ရောက်မှ ဘာသာစကား နှစ်ခုကို လေ့လာခွင့်ရခဲ့တယ်။ သည်ဒေသကို ရောက်မှ ကျနော်ဟာ ချမ်းတက်လာခဲ့တယ်။ သည်ဒေသကိုရောက်မှ ကျနော့်ပါးလေးတွေ နီရဲ လာတယ်လို့ ခံစားရတယ်။ သည်ဒေသကိုရောက်မှ ကျနော် နှုတ်ခမ်းနီ ( အဆီ) ဆိုးတတ်လာခဲ့တယ်။ သည်ဒေသကို ရောက်မှ ဘုရားတည်ဖို့ ကုသိုလ်ဖြစ် အုတ်တွေသယ်ရင်း  တောင်တွေ တတ်ခဲ့ရတယ်။ သည်ဒေသမှာ ကျနော်ချစ်တဲ့ ဆရာမတွေ ရှိတယ်။ သည်ဒေသမှာ အလယ်တန်း၊ အထက်တန်းတွေနဲ့ အချိန်ကုန်စေခဲ့တယ်။ သည်ဒေသမှာ ကျနော့်ရဲ့ အဖေနဲ့ အစ်ကို့ကို အပ်ထားခဲ့ရတယ်။ နောက်ဆုံး သည်ဒေသကို ကျနော်တို့ စွန့်ခွာခဲ့ရတယ်။ သို့သော် သည်ဒေသကို ကျနော် ချစ်တယ်။ ကျနော် ဒီဒေသကို လွမ်းတယ်။ သည်ဒေသကို ကျနော် တစ်နေ့တော့ အလွမ်းပြေ သွားကြည့်အုံးမယ်။

ပင်လောင်းမြို့ကို ရည်ရွယ်၍ ခံစားရေးပါသည်။

ရီနိုမာန်

April 3, 2013

ကျွန်တော်နှင့် အကျင့်ဆိုး

စာမရေးဖြစ်တာကြာသွားပြီ။ စိတ်ကူးနဲ့ ဇာတ်လမ်းတွေ ရေးနေမိပင်မဲ့ တကယ့်လက်တွေ့မှာ စာတစ်ပုဒ် ထွက်လာဖို့ ကျွန်တော့် ဦးနှောက်က လက်မခံဘူး။ ဒါနဲ့ ကိုယ့်အိမ်လေးကို ပစ်ထားမိသလို ဖြစ်သွားတယ်။ စာဖတ်တဲ့ အခါမှာလည်း ရသစာပေတွေကို ရှာဖတ်တယ်။ တစ်ခါတစ်လေမှာတော့ ရသအပြင် ကိုယ်တွေ့ကို ပိုပြီးသဘောကျမိတယ်။ ကိုယ့် ပတ်ဝန်းကျင် အခြေအနေ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ အကြောင်း၊ ကိုယ့်အကြောင်းတွေကို ရေးတဲ့စာတွေကို ဖတ်ရတာ ပိုနှစ်သက်မိတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ့်အကြောင်းကလွဲလို့ စိတ်ကူးယဉ် ဇာတ်လမ်းတွေကို မရေးတတ်ခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှာကြည့်လိုက်တော့ အကြောင်းအရာ တစ်ခုကို သွားတွေ့တယ်။ အဲဒါက ဘာလဲဆိုတော့ အကျင့်ဆိုး ပဲ။

ကိုယ်ကိုတိုင် သတိမထားမိတဲ့ ကိုယ့်ရဲ့ အကျင့်ဆိုးတွေကို ရေးမယ်လို့ စဉ်းစားလိုက်တဲ့အချိန်မှာ ကိုယ့်ဆီမှာ မကောင်းတဲ့ အကျင့်ဆိုးတွေ မရှိတော့လောက်အောင် ရှာရခက်သွားပါတယ်။ စဉ်းစားစမ်..... စဉ်းစားစမ်း ဦးနှောက်ကို ခိုင်းနေပင်မဲ့ စိတ်က ကျနော့်ကို ပြန်ပြောတာက။ မင်းမှာ အကျင့်ဆိုး တော့မရှိဘူး။ မင်းနဲ့ သဟဇာတ မဖြစ်တဲ့ အကျင့်တွေတော့ ရှိတယ်တဲ့။ ဘာတွေလဲပေါ့။ ကိုယ့်ဖာသာ စဉ်းစားကြည့်မိလိုက်တယ်။ ကျနော် သတိထားလိုက်မိတာက မူးတတ်တဲ့ အကျင့်ပဲ။ ကားနဲ့ပဲ ခရီးသွားသွား၊ ရထားနဲ့ပဲ သွားသွား၊ လေယာဉ်ပဲ စီးစီး ခေါင်းမူးတတ်တဲ့ အကျင့်က ဟိုးငယ်ငယ်လေးကတည်းက ခုချိန်ထိပဲ။ ငယ်ငယ်ကဆို ခရီးသွားရမှာ ကျွန်တော် အရမ်းကြောက်တာ။ အဲဒီ ခေါင်းမူးတဲ့ ဒဏ်ကို မခံချင်လို့။ ခရီးသွားတာကို နှစ်သက်လာတဲ့ အခါကျတော့ ကားမူးတဲ့ ဒဏ်ကိုခံနိုင်ဖို့ ဆေးတွေ ဆောင်ရတယ်။ ကြားဖူးနားဝ ရှိခဲ့ဖူးတဲ့ ( ဗိုက် )ချက်မှာ တိပ်ကပ်ရတယ်ဆိုတဲ့ ကိစ္စတွေကို လုပ်လာမိတယ်။ ခရီးမသွားခင် ဆေးဝယ်ရတာနဲ့ တိပ်ရှာရတွေဟာ အလုပ်တစ်ခုလို ဖြစ်လာတော့ ကျနော် သဘောမကျမိတော့ဘူး။ ဘာကြောင့် မူးရတာလဲဆိုတဲ့ အကြောင်းအရင်းကို ကျနော် ရှာကြည့်မိတယ်။ 

အမှန်တကယ်တော့ ကျနော်ခေါင်းမူးရတဲ့ အကြောင်းအရင်းက လေ ကြောင့်ပဲ။ လေ မရလို့ ခေါင်းမူးတာ။ အဲဒီ လျှိုဝှက်ချက်ကို သိသွားတဲ့ နောက်ပိုင်းမှာ ကျနော် ဘယ်ခရီးကိုပဲ သွားသွား အလွယ်တကူ လေရနိုင်မဲ့ ပြတင်းပေါက် ဘက်အခြမ်းမှာပဲ ထိုင်ဖြစ်တော့တယ်။ ပြတင်းပေါက်ပါတဲ့ အခြမ်းကတော့ ကားပေါ်မှာ ရထားပေါ်မှာကတော့ အရေးမကြီးဘူးပေါ့။ လေယာဉ်ပေါ်မှာတို့၊ နိုင်ငံခြားက အဝေးပြေးကားတွေပေါ်မှာကျတော့ ပြတင်းပေါက်ကို စိတ်တိုင်းကျ ဖွင့်လို့မှ မရတာ။ ပြတင်းပေါက်ဖွင့်လို့ မရတဲ့ နေရာတွေကျတော့ လေရနိုင်မဲ့ နေရာကို အသဲအသန်ရှာရပါတော့တယ်။ အဲဒီအချိန်မှာတော့ လေကောင်းလေသန့် ဖြစ်ဖို့ထက် လေဖြစ်ဖို့သာ အဓိကကျတော့တယ်။ အဲကွန်က ထွက်လာတဲ့ လေးကို ကျနော့်နှာခေါင်းနားက ဖြတ်သန်းသွားဖို့ ကျနော် ကြိုးစားရပါတယ်။ မဟုတ်ရင် ကျနော်ဟာ ဆန်ပြုတ်ထုတ်လုပ်တဲ့ လုပ်ငန်းကို လိုင်စင်မလိုပဲ လုပ်ကိုင်ခွင့် ရသွားနိုင်ပါတယ်။

ဒါကတော့ ကျနော့ရဲ့ အကျင့်ဆိုးတွေထဲက တစ်ခုပါ။ နောက်ထပ် အကျင့်ဆိုးများကို ရှာကြံပြီး ကိုယ့်လှန် ကိုယ်ပေါင် ထောင်း.. အဲမှားလို့။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ပါအုံးမယ်။

ရီနိုမာန်

January 6, 2013

ခဏတော့ ပြန်ရအုံးမယ်

ကိုယ်ခြေထောက်မှာ ဗွေပါမှန်း သတိထားခဲ့မိတာ တော်တော်ကြာပြီလို့ ဆိုရမယ်။ တစ်နေရာတည်းမှာ ကြာကြာမနေချင်တာကိုက ပင်ကိုဗီဇ ဖြစ်နေပြီ။ ၂၀၁၃ နှစ်သစ်ရဲ့ ပထမဆုံးရက်ကို ကြိုဆိုလိုက်ကြတာ ကိုယ်တို့တွေ မနက် ငါးနာရီကိုထိုးရော။ နှစ်သစ်မရောက်ခင် ရက်တွေကတည်းက ညညဆို အိပ်မပျော် ဖြစ်နေခဲ့တာ ရက်သတပတ်လောက် ရှိနေခဲ့တာ။ သတိမထားမခဲ့ဘူး။ ဒီလိုနဲ့ နှစ်သစ်ရဲ့ ပထမဆုံးရက်မှာပဲ ကိုယ်တို့တွေ မလေးရှားကို သွားလည်ခဲ့ကြတယ်။ စင်ကာပူနဲ့ မလေးရှား ( ဂျိုဟို) ကတော့ ကိုယ့်အတွက် အိမ်ဦးနဲ့ ကြမ်းပြင်လိုပါပဲ။ ဗီဇာ တစ်ခါတင်ထားလိုက်ရင် သက်တမ်းတစ်နှစ်ရတယ်။ ဘယ်ရမလဲ ကိုယ်ကလည်း တန်အောင်ကို သွားတာ။ ဗီဇာကြေးကလည်း မြင့်သထက်မြင့်လာပြီးကိုး။ 

မလေးရှား ခဏခဏသွားလို့ အထင်လည်း မကြီးလိုက်နဲ့အုံး။ ကိုယ်က ပိုက်ဆံရှိလည်း သွားတယ်။ မရှိလည်း သွားတယ်။ လက်ထဲမှာ စင်ကာပူ ၁၀ လောက်ပဲ ရှိအုံး ကိုယ့်အတွက်က အဆင်ပြေတယ်။ ဒါကြောင့်လည်း ခဏခဏဆိုသလို သွားဖြစ်နေတာ။ ဒါကတော့ ၂၀၁၃ရဲ့ ပွဲဦးထွက် ခရီးလို့ ပြောလို့ရတယ်။ ဒုတိယခရီးအနေနဲ့ အခွင့်အရေးနှစ်ခု ကိုယ်ရခဲ့တယ်။ ရွေးချယ်ခွင့်က တစ်ခုပဲ ရှိတယ်။ နှစ်ခုကို ဘယ်တော့မှ ပိုင်ဆိုင်ခွင့် မရှိခဲ့ဘူး။ ဒါပင်မဲ့ ကိုယ်ရွေးချယ်လိုက်တဲ့ တစ်ခုကတော့ မကောင်းဖြစ်နေစေအုံးတော့ ကိုယ် ကျေကျေနပ်နပ်ကို လက်ခံတယ်။ 

ရွေးချယ်စရာ အခွင့်အရေးနှစ်ခုက ဘာလဲဆိုတော့ တစ်ခုက အလုပ်ကိစ္စနဲ့ အင်းဒိုးနီးရှားကို တစ်လလောက်သွားရမယ်။ နောက်တစ်ခုကတော့ တစ်ရုတ်နှစ်ကူးမှာ ကိုယ် အမေ့ဆီကို ခွင့်၁၀ရက်နဲ့ ပြန်ရမယ်။ ကိုယ်ပြန်မဲ့ ခွင့်၁၀ရက်က အလုပ်ကိစ္စတစ်လအတွင်းထဲမှာ ညှိနေတယ်။ ရွေးဖို့တစ်လမ်းပဲ ရှိတယ်။ ကိုယ် ဘာလုပ်ရမလဲ။ ကိုယ်ဘာလုပ်သင့်လဲ။ ကိုယ့်အနေနဲ့ အလုပ်ဖက်ကို သွေးတိုးစမ်းကြည့်သေးတယ်။ ရလာတဲ့ အဖြေက ဓါးသွားပေါ်မှာ လက်လျှောက်ရမဲ့ အဖြစ်။ ဒါနဲ့ ကိုယ်လည်း ဒုတိယ ခရီးစဉ်ကိုပဲ ရွေးလိုက်တယ်။ ဒုတိယ ခရီးစဉ်အတွက် ဒုတိယလမ်းကြောင်းကို ကိုယ်ရွေးလိုက်တဲ့ အချိန်မှာပဲ ကိုယ့်ရဲ့စိတ်တွေ လွတ်လပ်ပေါ့ပါးသွားရသလို ခံစားလိုက်ရတယ်။ ဘာကြောင့်လဲ....။ ကိုယ်ချစ်တဲ့ ကိုယ့်အမေရင်ခွင်ထဲမှာ တစ်ပတ်လောက်ပဲ နေရစေအုံးတော့ ကိုယ်ကျေနပ်တယ်။ အရာရာနဲ့ ကိုယ် လဲနိုင်တယ်။

ကိုယ် အင်းဒိုကိုသာ သွားခဲ့မယ်ဆိုရင် ဘာသုံးသုံး ဘာစားစား ဘယ်သွားသွား အလကားမတ်တင်းနဲ့ သွားရမှာ။ ခုတော့ မြန်မာပြည်ကို ပြန်ဖို့ ကိုယ်လက်မှတ်တွေ ဝယ်နေရပြီ။ ဟိုရောက်ရင် သုံးဖို့ ကိုယ်ပိုက်ဆံတွေ စုနေရပြီ။ ဘာပဲဖြစ်ဖြစ် ကိုယ်ပျော်ပါတယ်။ မြန်မာပြည်မှာ မနေချင်တာ မှန်းပင်မဲ့ မြန်မာပြည်ကို ကိုယ်ချစ်ပါတယ်။ မြန်မာပြည်ကို ချစ်တာထက် မြန်မာပြည်အတွင်းထဲမှာ ရှိတဲ့ ကိုယ်တို့ အိမ်လေးကို ကိုယ်အရမ်းခင်တွယ် မက်မောတယ်။ အဲဒီ အိမ်လေးကိုရောက်ရင် ကိုယ့်ချစ်တဲ့ အမေရှိမယ်။ ကိုယ်ချစ်တဲ့ ညီမလေးနဲ့ ကိုယ့်အကိုကမွေးတဲ့ တူလေးတစ်ယောက်ရှိမယ်။ ကိုယ်အိမ်ပတ်ဝန်းကျင်မှာ ရိုးသားတဲ့ ကရင်တိုင်းရင်သားမိသားစု အိမ်လေးတွေ ရှိမယ်။ ကိုယ်အိမ်ပြန်ရောက်နေမှန်း သိရင် ပကာသနမပါတဲ့ အသံကျယ်ကျယ်လောင်လောင်နဲ့ လှမ်းနှုတ်ဆက်ကြမယ်။ ပြီးရင် ငရုတ်သီးစိမ်းတွေထောင်းထည့်၊ ပြုတ်ထားတဲ့ ငါးသေးသေးလေးတွေကို ထည့်ထားတဲ့ ငပိရည်နဲ့ ကိုယ့်ကို ထမင်းခေါ်ကျွေးမဲ့ ရိုးသားတဲ့ ကရင်မိသားစုကိုလည်း ကိုယ်ချစ်တယ်။

ပြီခဲ့တဲ့ ၂၀၁၂ကတော့ ကိုယ်တစ်လ ခွင့်ရခဲ့လို့ ပြန်ခဲ့ရပြီးပြီ။ ဒီနှစ်တော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်ရတာ။ အသွားအပြန် ၁၀ ရက်ဆိုတော့ အိမ်မှာ နေရမဲ့ရက်က ၇ ရက်လောက်ပဲရှိတယ်။ ဒီကြားထဲ ကိုယ်က ကျိုက်ထီးရိုး ဘုရားဖူးချင်သေးတာ ဆိုတော့ အချိန်က အနောက်က ကျားလိုက် သလို ဖြစ်မှာတော့ မြင်ယောင် ပါသေးတယ်။ ဒါပင်မဲ့ မတက်နိုင်ဘူး။ ကိုယ်ချစ်တဲ့ အမေ့ရင်ခွင်ထဲမှာ တစ်ရက်ပဲရရ၊ နှစ်ရက်ပဲ ရရ ကိုယ်နေချင်သေးတယ်။ နောက်လ ဒီလိုနေ့ရက် ဒီလိုအချိန်( မြန်မာပြည်အချိန်) ဆိုရင် ကိုယ်က အမေ့ဆီကို ရောက်ရှိနေမယ်ဆိုတာ သေချာသွားပါပြီ။

လေးစားစွာဖြင့်
ရီနိုမာန်

November 18, 2012

ပန်းကြာဝတ်မှုန်ရုပ်ရှင်အား ပြန်ခံစားခြင်း

ဒီနေ့ စင်ကာပူမှာ ပြတဲ့ ပန်းကြာဝတ်မှုန်ရဲ့ နောက်ဆုံးပွဲကို သွားရောက်ကြည့်ရှုဖြစ်ခဲ့ပါတယ်။ လိုချင်တဲ့ နေရာမရပင်မဲ့ ရတဲ့နေရာကပဲ အားပေးကြည့်ဖြစ်ခဲ့ပါတယ်။ ဝတ္ထုကို အကြိမ်ကြိမ်ဖတ်ထားမိတဲ့ အတွက် ဝတ္ထုထဲကအတိုင်း အကုန်ပါအောင် မရိုက်ပြနိုင်ခဲ့ပင်မဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်း တစ်ပုဒ်လို့ မှတ်ချက်ပေးလိုက်မိပါတယ်။ 

ပန်းကြာဝတ်မှုန်ဝတ္ထုကို ဖတ်ထားတဲ့ သူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဝတ္ထုလောက် အရသာမရှိဘူးလို့ တွေးမိကြမယ်လို့ ထင်ပါတယ်။ ဝတ္ထုကို ရေးထားတဲ့ ဆရာမခင်ခင်ထူး ကိုယ်တိုင်က အားရမှုမရှိပင်မဲ့ ရုပ်ရှင်သရုပ်ဆောင် အဖွဲ့သူ၊သားတွေ ပင်ပန်းတာကိုကြည့်ပြီး ကျေနပ်ပါတယ်လို့ ပြောထားမှတော့ ကျနော်ကိုယ်တိုင်လည်း ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် လက်ခံထားမိလျှက်သားပါပဲ။

ဝတ္ထုကို ဖတ်ပြီးတဲ့ အချိန်မှာ ကျန်ခဲ့တဲ့ စိတ်ခံစားမှုမျိုးကို ဒါရိုက်တာ အနေနဲ့ ဘယ်လိုများ အဆုံးသတ်မလဲဆိုတဲ့ စိတ်ကြောင့် ဒီနေ့ ဒီပွဲကို သွားကြည့်ဖြစ်စေခဲ့တာပါ။ စိတ်ထဲမှာတော့ ဆရာမရဲ့ ဇာတ်သိမ်းအတိုင်း မသိမ်းပါစေနဲ့လို့ ဆုတောင်းမိခဲ့တာတော့ အမှန်ပါ။ တကယ်သွားကြည့်ဖြစ်လိုက်တဲ့ အချိန်မှာတော့ ကြည့်ရကျိုးနပ်တယ်လို့ပဲ ယူဆလိုက်မိပါတယ်။ ဝတ္ထုထဲမှာ ပါတဲ့ဇာတ်ဝင်ခန်း တော်တော်များများ ရုပ်ရှင်မှာ မပါဝင်တာကလွဲလို့ ဇာတ်လမ်းရဲ့ဇာတ်ကွက် အချိတ်အဆက်မိပါတယ်။ ဇာတ်သိမ်းမှာ မင်းသားနဲ့ မင်သမီးကိုပေးပေါင်းထားတဲ့ အတွက်လည်း ဇာတ်ရှိန်ကို အကောင်းဆုံးနဲ့ အဆုံးသတ်တယ်လို့ ယူဆမိပါတယ်။

အောင်နိုင်သူရဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်သွားတဲ့ နိုင်းနိုင်း အနေနဲ့ ဘာမှ ပြောစရာမရှိပင်မဲ့ သီရိမေနေရာမှာ သရုပ်ဆောင်တဲ့ သက်မွန်မြင့်ကိုတော့ ပြောစရာနည်းနည်းလေးရှိနေပါတယ်။ အကယ်ဒမီရပြီးသားသူ တစ်ယောက်မို့ သရုပ်ဆောင်မှုအပိုင်းမှာ ပြောစရာမရှိပင်မဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်တဲ့အချိန်မှာ ဝတ်ဆာဆင်ယင်မှုအနေနဲ့ မြန်မာဆန်သောလည်း သိပ်မလိုက်ဖက်ဘူးလို့ ကျနော့်အနေနဲ့ မြင်မိပါတယ်။ နောက်တစ်ခုက ထွေးထွေးသိန်းနဲ့ ပတ်သက်လို့ ဟာသတွေ အခန်းတော်တော်များများ ရှိနေပင်မဲ့ ရုပ်ရှင်မှာတော့ တစ်ခန်းစ၊ နှစ်ခန်းစလောက်ပဲ ပါတာကို တွေ့ရပြန်ပါတယ်။

ပန်းကြာဝတ်မှုန် ဇာတ်ကားမှာ ကြည့်ရတာ အတန်းဆုံးကတော့ ရှုခင်းတွေရဲ့ အလှပါပဲ။ ရိုက်ကွင်းရိုက်ကွက်တွေ အခန်းတိုင်းလိုလို လှတယ်လို့ ပြောရင် မှားမယ် မထင်ပါဘူး။ မူရင်းဝတ္ထုကို မဖတ်ထားပဲ ကြည့်မယ်ဆိုရင်တော့ တော်တော်လေး ကောင်းမဲ့ ဇာတ်လမ်းလို့ ပြောလို့ရပါတယ်။ ဝတ္ထုဖတ်ထားတဲ့ သူတစ်ယောက် အနေနဲ့ကတော့ ကောင်းတယ်လို့ ပြောလို့မရပင်မဲ့ နောက်ဆုံးဇာတ်သိမ်းကြောင့် ကျေနပ်မှု  ဖြစ်ခဲ့ရပါတယ်။

ဝတ္ထုကို ဖတ်ပြီးတဲ့ အချိန်မှာ စိတ်မှန်းနဲ့ အကယ်ဒမီ ပေးဖြစ်ခဲ့ပါတယ်။ 
ဇာတ်ကောင် သီရိမေ နေရာ အကယ်ဒမီရနိုင်တယ်လို့....ပြီးတော့
ဒါရိုက်တာ၊ ဇာတ်ညွန်း၊ ဇာတ်လမ်းလို့ စိတ်မှန်းနဲ့ ပေးထားခဲ့ပါတယ်။

ရုပ်ရှင် ကြည့်ပြီးတဲ့ အချိန်မှာတော့ ဓါတ်ပုံ၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ လောက်သာရနိုင်တော့မယ်လို့ စိတ်ထဲ အလိုလို သိလာပါတယ်။ ဘယ်သူတွေ ဘာဆုရကြမလဲဆိုတာတော့ နောက်လ ( ဒီဇင်ဘာလ) ၃၀ရက်နေ့မှာ ကျင်းပမဲ့ အကယ်ဒမီပေးပွဲတွင် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ကျနော့်ကိုယ်ပိုင် အတွေးနဲ့ကတော့ အကယ်ဒမီဆု တစ်ခုလောက်တော့ ရကောင်းပါရဲ့...လို့တွေးရင်းးးးးး။


လေးစားစွာဖြင့်
ရီနိုမာန် 

မှတ်ချက် -
စာဖတ်ပရိသတ် တစ်ယောက်အနေနဲ့ ခံစားရေးဖွဲ့ခြင်း ဖြစ်ပါတယ်။ ဆရာမ၏ ဝတ္ထုအား တစ်စုံတစ်ရာ ဝေဖန်ခြင်း မဟုတ်ပါ။ 
ရုပ်ရှင်ကြည့် ပရိသတ်တစ်ယောက်အနေနဲ့ ခံစားမိသမျှ ရေးဖွဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒါရိုက်တာ၏ ပညာအား တစိုးတစိမျှ စော်ကားလိုခြင်း မရှိပါကြောင်း လေးစားစွာ အသိပေးအပ်လိုက်ရပါတယ်။
 



November 17, 2012

အစားအသောက်များနှင့် ကျနော်

၂၀၀၄ မတိုင်ခင် ရန်ကုန်မှာ အလုပ်လုပ်တုန်းက ရုံးကအဖွဲ့နဲ့၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အမြဲတမ်းလိုလို သွားစားဖြစ်ခဲ့ပါတယ်။ ကိုယ်တိုင်က ကြိုက်နှစ်သက်တာဆိုတော့ မကြာခဏဆိုသလို သွားစားဖြစ်ခဲ့ပါတယ်။ ခုတစ်ခေါက် မြန်မာပြည်ပြန်တုန်းကလည်း မှတ်မှတ်ရရ သူငယ်ချင်းတစ်ယောက်နဲ့ အတူတူ သွားစားဖြစ်ခဲ့ပြန်ပါတယ်။ ပထမတော့ မစားခင် မှတ်မှတ်ရရ ဓါတ်ပုံ အရင်းရိုက်ယူလိုက်မယ်လို့ စိတ်ကူးထားခဲ့ပင်မဲ့ ကိုယ့်ရှေ့မှာ ရောက်လာတဲ့ ခေါက်ဆွဲပုဂံကို မြင်ပြီး ဓါတ်ပုံရိုက်ဖို့ မေ့သွားတဲ့ အထိပါပဲ။ ပထမ တစ်ပုဂံကုန်သွားမှပဲ ဓါတ်ပုံရိုက်ဖို့ သတိရသွားတယ်။ ဒီပုံလေးကတော့ ဒုတိယအခေါက် မစားခင်မှာ ရိုက်ယူထားလိုက်တဲ့ ပုံလေးပါ။ ပုံကို မြင်ရင်တော့ သိကြလိမ့်လို့ ထင်ပါတယ်။ ရွှေတောင်ခေါက်ဆွဲ... ပါ။ ပုဇွန်တောင်မြို့နယ် ရေကျော်ဖက်လို့ ပဲမှတ်မိပါတယ်။ လိပ်စာကတော့ သေသေချာချာ မမှတ်မိတော့ပါဘူး။ 

ရွှေရင်အေး... ပါ။ ကာလာစုံတဲ့ မြန်မာ့မုန့်လို့ ပြောရင်လည်း ရနိုင်မယ် ထင်ပါတယ်။ ဆိပ်ကမ်းသာလမ်း အလယ်ဘလောက်မှာ အဲဆိုင်လေး တည်ရှိပါတယ်။ မြင်ရရင်ကို စိတ်ထဲမှာ အလိုလို နှစ်သက်နေမိခဲ့တာပါ။ ဒါလည်း မြန်မာပြည်ပြန်တုန်း ဝင်စားရင် ရိုက်ခဲ့တဲ့ ပုံပါပဲ။ လမ်းဘေးမှာ ရောင်းတယ်ဆိုပင်မဲ့ အော်ဒါမှာရင်လည်း လက်ခံတယ်လို့ သိရပါတယ်။ ဆိုင်အတွက် ကြော်ငြာဝင်ပေးနေသလိုမျိုးများ ဖြစ်နေပြီလား မသိ။ 

တရုတ်တန်းကို ရောက်တော့ ဝက်သားတုတ်ထိုး သွားစားကြမယ်လို့ သူငယ်ချင်းနဲ့ အတူတူ စဉ်းစားထားကြတာပါ။ ဝက်သားတုတ်ထိုးဆိုင် မရောက်ခင်မှာပဲ ဝက်ခေါင်းသုပ်ဆိုင်နဲ့ မြေးအိုးမြီးရှည်ဆိုင်ကို တွေ့တော့ စားကြမယ်ဆိုတာနဲ့ ဝင်စားလိုက်တာ ဝက်သားတုတ်ထိုး စားမဲ့ အစီအစဉ်လည်း ပျက်သွားရပါတော့တယ်။ ဗိုက်ပြည့်သွားတာ ဘယ်လိုမှ ဘာမှ ဆက်မစားနိုင်တော့တဲ့ အထိပါပဲ။ မှာစားကြတာကတော့ သုံးလေးပွဲလောက် ရှိပါတယ်။ ဓါတ်ပုံ ရိုက်ဖြစ်တော့ ဒီအပေါ်က ဝက်ခေါင်းသုပ် ပုံတစ်ပုံပဲ ပါလာတော့တယ်။
မိသားစု ဆိုတဲ့ ဝေါဟာရကို အဓိပ္ပါယ် ဖွဲ့ဆိုတဲ့ အခါ မပါမဖြစ် ထမင်းဝိုင်းဟာလည်း အဓိက နေရာကနေပါဝင်နေခဲ့ပါတယ်။ ကျနော်တို့ အိမ်မှာတော့ များသောအားဖြင့် အဖေရှိစဉ်ကရော၊ အဖေ မရှိတော့တဲ့နောက်ပိုင်းရော မိသားစု စုံစုံညီညီနဲ့ အမြဲလိုလို ထမင်းစားဖြစ်ခဲ့ကြပါတယ်။ တစ်ခါတစ်လေ အိမ်နီးနားချင်း မိတ်ဆွေတစ်ချို့လည်း သူတို့အိမ်က ချက်တဲ့ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဘာဟင်းချက်ချက် အိမ်မှာ စုပြီး စားတက်ကြပြန်ပါတယ်။ နေ့လည်ပိုင်းတွေဆိုရင်တော့ အိမ်မှာ ရှိတဲ့ မိသားစုနဲ့ အတူတူစားဖြစ်ကြပင်မဲ့ ညနေပိုင်းဆိုရင်တော့ ကျနော်တို့အိမ်မှာ လူစုံတက်စုံပါပဲ။ ဟင်းလည်းစုံတယ်လို့ ပြောလို့ရပါတယ်။ ပုံထဲက ထမင်းဝိုင်းကတော့ ကျနော်တို့ နေ့လည်စာစားဖို့ ပြင်ဆင်ထားခြင်းပဲ ဖြစ်ပါတယ်။ ဘာရယ်မဟုတ် စိတ်ထဲမှာ ဓါတ်ပုံရိုက်ချင်လာတာကြောင့် ရိုက်လိုက်မိတာပါ။ ၂၀၁၂ ဇန်နဝါရီလ မြန်မာပြည်ပြန်တုန်းက ရိုက်ဖြစ်ခဲ့တဲ့ ဓါတ်ပုံလေးတွေပါ။ ခရီးထွက်တာ တစ်နှစ်ပြည့်ပါတော့မယ်။ ခရီးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကတော့ မပြီးနိုင်မစီးနိုင်ပါပဲ။ 

လေးစားလျှက်
ရီနိုမာန်

November 10, 2012

ပန်းကြာဝတ်မှုန်

ဝတ္ထုကို ဖတ်ပြီးကတည်းက နောက်တစ်ခေါက်ပြန်ဖတ်ချင်ရလောက်အောင် ကျနော် စွဲလမ်းမိခဲ့ပါတယ်။ ပထမတစ်ခါ ဖတ်တုန်းက အွန်လိုင်းကနေ ဒေါင်းပြီး ဖတ်ရတာကို အားမရနိုင်ဖြစ်ခဲ့ရတာမို့ စာအုပ်ဝယ်ပြီး အိမ်မှာ နောက်တစ်ခေါက် ပြန်ဖတ်ခဲ့ရ ပြန်ပါတယ်။ စာအုပ်ကို ဖတ်ပြီး စိတ်ထဲမှာ မချင့်မရဲဖြစ်နေတဲ့ အချိန်မှာပဲ ဒါရိုက်တာ ဇင်ယော်မောင်မောင်က ဒီစာအုပ်ကို ရုပ်ရှင်ရိုက်နေပြီဆိုတဲ့ သတင်းကြောင့် အရမ်းကို ကြည့်ချင်တဲ့ စိတ်ဖြစ်နေခဲ့တာ ကြာခဲ့ပါပြီ။ စိတ်ထဲထင်ထားတာက မြန်မာပြည်မှာ ရုံတင်တဲ့ ကြည့်နိုင်သလို၊ ဗွီဒီယိုအခွေ ထွက်လာတဲ့ အခါမှာမှပဲ ကြည့်ရတော့မယ်လို့ ထင်ထားခဲ့တာပါ။ အခုတော့ ကံကောင်းတယ်( ကျနော် တစ်ဦးတစ်ယောက်ထဲ) လို့ပဲ ပြောရမယ်ထင်ပါတယ်။ စင်ကာပူမှာ ကြည့်ဖို့ အတွက် အခွင့်အရေး ရခဲ့ပါပြီ။

လာမဲ့ အပတ် ( နိုဝင်ဘာလ ၁၇ ၊ ၁၈ ) စနေနဲ့ တနင်္ဂနွေမှာ Cathay ရုပ်ရှင်ရုံမှာ ပြမယ်ဆိုတာကို ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ သေသေချာချာ သိခဲ့ရပါတယ်။ ဒါကြောင့် ကျနော့်လိုပဲ ဒီဝတ္ထုလေးရဲ့ ဇာတ်သိမ်းကို ဘယ်လိုများ ဇာတ်သိမ်းသွားမလဲဆိုတာ သိချင်တဲ့ သူများ ရှိခဲ့မယ်ဆိုရင် အောက်ဖေါ်ပြပါ အချိန်အတိုင်း သွားရောက် ကြည့်ရှုအားပေးနိုင်ပါပြီ။ ကြိုတင်လက်မှတ်တွေကိုတော့ စီးတီဟောမှာ ရောင်းတယ်လို့တော့ ကြားမိပါတယ်။ ရုပ်ရှင်ရုံမှာ ပြတာ ဖြစ်တဲ့ အတွက်ကြောင့် ရုပ်ရှင်ရုံမှာတော့ လက်မှတ်ဝယ်ယူနိုင်မယ်လို့ ထင်မိပါတယ်။ 

ပြမဲ့ အချိန်တွေကတော့ .....

စနေနေ့မှာ  ညနေ ၅နာရီ ၁၀ မိနစ် တစ်ပွဲ
တနင်္ဂနွေနေ့မှာတော့ မနက် ၁၀ နာရီ တစ်ပွဲနဲ့ နေ့လည် ၂ နာရီခွဲ တစ်ပွဲရှိပါတယ်။
အော်ချက်က Cathay ရုံမှာ ပြမှာ ဖြစ်ပါတယ်။

ကျနော့်လိုပဲ ရူးသွပ်သူ တစ်ဦးတစ်ယောက်လောက်များ ရှိခဲ့မယ်ဆိုရင်တော့ .....
ဒီဇာတ်လမ်းအပေါ်မှာ ရူးသွပ်သူ ကျနော် တစ်ဦးထဲသာ ရှိခဲ့မယ် ဆိုရင်လဲ..... ကျေနပ်နေပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်