July 10, 2009

မအိမ်ကံ ( for July ) အပိုင်း - ၃

“စစ်ကြီးပြီးပါပြီ အမေပန်းရုံ။ အဖေမရှိတော့ပေမယ့် အမေပန်းရုံတို့ သားအမိကိုစောင့်ရှောက်ဖို့ ကျွန်တော့်မှာ တာဝန် ရှိပါတယ်။ တိုင်းပြည်အေးဆေးသွားရင် တပ်ကထွက်ပြီး ရွာမှာပဲ တောအလုပ်လုပ်ရင်း အမေပန်းရုံတို့နဲ့အတူနေတော့ မယ်။ မောင်ပြေသိမ်းလည်း ပြန်လာမှာပါ”

မောင်မြတ်သာ အပူငြိမ်းခဲ့သော်လည်း မောင်ပြေသိမ်း အပူက နှစ်ဆတိုးလာခဲ့ပြန်၏။ အမေပန်းရုံတို့ မိန်းမသားများ အဖို့ သားကိုသခင်၊ လင်ကိုဘုရား ကိုးကွယ်တတ်ကြရုံမက လင်နှင့်သားအတွက်ကို ပူရသည့်အပူကလည်း လောင်မြိုက် လွန်းလှပါတကား။

“အေး လှအုံရယ် မသိုင်းခြုံခေါ်စမ်းပါအေ။ မေးစမ်း ကြည့်ရအောင်လား”

နတ်ကတော် မသိုင်းခြုံကို မေးကြမည်ဆိုတော့ မအိမ်ကံ က မမေးစေချင်။ အကျော်ကရမက်မှန်လျှင် ပင်ကိုနံ့ထွက်လာ လိမ့်မည်။ နတ်ကတော်ဟောတော့မှ စိတ်ဒုက္ခမပိုချင်တာလည်း ပါပါ၏။ မအိမ်ကံကိုယ်တိုင်က ဗေဒင်မေး၊ နတ်မေးတွေကို ၀ါသနာ မထုံလှသော်လည်း ဘီလူးစည်း နတ်စည်း ကွဲလိုက် ချင်စမ်းမဟဲ့ ဆိုသည့်စိတ်တွေဝင်မိတာလည်း ခဏခဏ။ သို့သော် မအိမ်ကံခမျာ စိတ်သာရှိ၍ ကိုယ်မပါချင်ခဲ့။ ထွက်သွား သည့်လင် မင်မနေချင်တော့။ ဆန်ချေးတာနှင့် အဆဲခံရတာ မမျှဆိုသလို နတ်ကတော်ဖဲ့သမျှ ပဲ့မကျချင်တော့။

“အမေတို့ စိတ်ချမ်းသာမယ်ထင်ရင်တော့ အမေတို့ သဘောပါလေ။ မအိမ်ကံကတော့ ပါးစပ်တစ်ပေါက်၊ နား နှစ်ဖက် နည်းနည်းပြော၊ များများနားထောင်ချင်သာပဲရှိသယ်။ ဟုတ်ရင် မြည်လာပါလိမ့်မယ် အမေရယ်။ မပြောကောင်းမဆို ကောင်း ဘာသတင်းအစမှ မထွက်မှတော့ သူ မရှိလောက် တော့ဘူး ထင်ပါရဲ့”

“အမေတို့ကလည်း ချိုင်တော့တစ်ကိုင်း၊ ပြတ်တော့ တစ်ကိုင်း မဖြစ်ချင်သာပါအေ။ ဖြစ်နေသာကတခြား ထင်နေ သာက တလွဲဖြစ်မှာစိုးလို့ ပြောရသာပါ။ ငါ့သား သူတော် ကောင်း နဘယံ ဘေးမရှိပါစေနဲ့တော်”

နတ်ကတော် မသိုင်းခြုံရောက်လာခဲ့ပြီ။ အိမ်ကြီးအပေါ် ထပ်မှာ သင်ဖြူးလေးချပ်ခင်းကာ နတ်မေးခဲ့ကြသည်။ အုန်းငှက်ပျော ဘုရားပွဲတစ်ပွဲ၊ ဆိုင်ရာရိုးရာပွဲတစ်ပွဲပြင်ကာ ဘအိုကြီးနတ်ခေါ်ကြသည့် အဘမြင်းဖြူရှင်နတ်ကို ပင့်ဖို့ပြင် သည်။ မြင်းဖြူရှင်နတ်က မအိမ်ကံတို့ မိဆိုင်ဖဆိုင်နတ် မဟုတ်ပါ။ ရွာတော်ရှင်နတ်သာ ဖြစ်သည်။ မသိုင်းခြုံက ရွာတော်ရှင့်မေးမှ အဟောကောင်းထွက်မည်ဟု ဆိုပါ၏။ မအိမ်ကံတို့နယ်က ရွာတိုင်းမှာ မြင်းဖြူရှင်နတ်ကွန်းထူ၍ ရွာတော်ရှင်အဖြစ် ကိုးကွယ် ကြသည်။

“ထိုးကွင်းမင်ကြောင် ဆေးနီစနှင့် လူယဉ်လှ ပျိုထိပ်တင်၊ မြင်းဖြူကြီးရှင်၊ ရွှေပေါင်းတော်နီလွင်လွင်နှင့် နေ၀င်လျှင် ပေါက္ကံရောက်အောင် မြင်းငေါက်လို့နှင်...”
နတ်ကတော်မသိုင်းခြုံ၏အသံက ပြာအစ်အစ်။ မျက်လုံး တွေက ပြူးအစ်အစ်။ အသားမည်းလိုက်တာကလည်း ကောက်ညှင်းငချိတ်ပေါင်းကမှ ဖြူသေးသည်ဆိုရမလောက် ပင်။ ရွှေချည်တွေပါသော ငါးပိရောင်အင်္ကျီနှင့် အသားအရောင် တို့ကန်လျက်ရှိကြ၏။ မသိုင်းခြုံကိုယ်တိုင်ပင် မြင်းဖြူကြီးစီး ၀င်လာသလို တရွရွဖြစ်လာသည်။ ခေါင်းကိုငဲ့တာ၊ စောင်းတာ ကလည်း မြင်းဖြူကြီးကနေသလို။ အမေပန်းရုံက လက်အုပ်ချီ ကာ မျက်လုံးတွေ မှိတ်ထားလေ၏။ မလှအုံ၊ မအိမ်ကံ၊ ကျေးဥ နှင့် မအိမ်မြိုင်တို့ကလည်း ရို့ရို့ကလေး ထိုင်နေကြရသည်။

“နေလို ၀င်းတဲ့မြင်းဖြူရှင်၊ ခွာလေးဖက်စိန်စီတယ်၊ ဟန် ချီတဲ့နတ်မြင်း၊ ရန်မလုံရင် ခွာစုံနင်းမယ်၊ ဘိုးတော်ရဲ့မြင်း”
မသိုင်းခြုံက အဘမြင်းဖြူရှင်လေးပါးစလုံးပင့်လို့ရ ကြောင်းတွေ မွှမ်းနေခဲ့သေး၏။

“ထမင်းဦးပေါင်းခုနစ်စုံ၊ ထန်းလျက်ခုနစ်ခဲ၊ အုန်းခုနစ် စိတ်၊ မုန့်ဖြူခုနစ်ယှက်၊ မုန့်နီခုနစ်ယှက်၊ ရင်ပေါင်စာငါးမြီးစုံ ခေါင်းစုံ ခုနစ်ကောင်၊ စီးတော်မြင်းအတွက် လယ်ကညွတ် ခုနစ်စီး အသီးသီးရောက်ပါပြီ။ ကိုင်း ဘုရားရှင်ကန်တော့ ကိုယ့်ရိုးရာမိဆိုင်ဖဆိုင် ကန်တော့။ ပြီးမှ မြင်းဖြူရှင်ဘအိုကြီး ကန်တော့ကြ”
မအိမ်ကံတို့ ဘုရားကန်တော့နေကြစဉ်မှာပင် မသိုင်းခြုံက ကိုယ်ကို ယိမ်းစပြုလေ၏။

“ရွာတော်ရှင်တင်မကဘူး။ မြို့စောင့်ရွာစောင့်နတ်တွေ ဖြစ်တဲ့ ကိုးမြို့ရှင်နတ်၊ ရွှေစစ်သည်နတ်၊ ပြည်ကန်တော် မောင်နှမ၊ အောင်စွာမကြီးနတ်။ သမုဒ္ဒဃောသနဲ့ ဥမ္မာဒန္တီတို့ ကိုပါ ထည့်ပင့်လိုက်ရင် မအိမ်ကံ ညည်းလင် ဘယ်ပြေး လွတ်မှာတုံးဟဲ့။ စိန်ရောင်ငယ်လက်လက်၊ နားတောင်းသိင်္ဂီ၊ ကိုးမျက်ကယ်စုံစီ၊ ကြက်သွေးနီကတ္တီပါနဲ့၊ မွှေးစွာကြိုင်ပျံ့၊ ခေါင်းပေါင်းငယ်ကြယ်စီ၊ ပန်းဆိုးနီနဲ့၊ နှင်းဆီသော်မော်၊ မြင်းကျော်သခင်၊ နတ်သွင်တင့်လွန်း...”

နတ်ကတော်မသိုင်းခြုံ၏ မျက်နှာမည်းမည်းက မျက်ဖြူ ကြီးလန်ကာ တဆတ်ဆတ် တုန်လျက်ရှိ၏။ ငါးပိရောင်အင်္ကျီ ဘော်ကြယ်ထိုးကိုဝတ်ထားသည့် နတ်ဝင်သည် ပိန်ပါးပါး သည် နတ်လိပ်ပြာဝင်လာသည့်ပမာ မျက်နှာကြီး မဲ့လာခဲ့ သည်။ အမေပန်းရုံကစကာ အိမ်ကြီးပေါ်ရှိလူတွေအားလုံးကို စားတော့ ၀ါးတော့မည့်မျက်နှာနှင့် လိုက်ကြည့်နေခြင်းကပင် ကြောက်စရာကောင်းလှသည်။ မအိမ်မြိုင်ကလေးက စူးစူး ၀ါးဝါးငိုလိုက်သဖြင့် မလှအုံက အခန်းအပြင် ခေါ်သွားခဲ့ရ သည်။ နတ်ကတော် မသိုင်းခြုံက မအိမ်ကံကို စူးစိုက် ကြည့်သည်။ မအိမ်ကံကလည်း မျက်တောင်မခတ်စတမ်း ပြန်ကြည့်နေလေ၏။ အားပြိုင်နေကြသော မျက်လုံးများတွင် အခိုးတွေများ ထွက်နေကြပြီလားထင်ရလေသည်။

“မအိမ်ကံ နင့်လင် မသေဘူးဟဲ့။ သေကံမရောက် သက် မပျောက်ဘူးဟဲ့။ ကိုယ့်မွေးနံကစရေရင် သုံးခုမြောက်သဲ့နံ အရင်း ခြောက်ခုမြောက်သဲ့နံအဖျားမှာရောက်နေလို့ ဆင်းရဲနေ ရှာသယ်။ ညည်းလင်က နာမည်ရင်း သက်နှင်း... သီးနဲ့ ဖက် သန်းသား အနောက်တောင်ထောင့်မှာထားရမယ်။ ဘုရားမှာ ရေချမ်း၊ ပန်း၊ ဆီမီး၊ ထီး၊ တံခွန်လှူရမယ်။ ရိပ် ညောင်ပင်ရင်း၊ ဆဒ္ဒန်မင်း၊ ထန်ပြင်းမြားစူးရှ၊ သန်းရွေမြ လယ်၊ လွန်တင့်တယ်၊ မင်းကြွယ်ဘုန်းသစ်ထ၊ ကံကောင်းသ ကွဲ့နော။ နင့် လင်ပြန်လာပြီ။ အိမ်တံခါးဝကသာမျှော်တော့။ လာမယ့်မနက် ကျီးညိုကြီးတစ်ကောင် ၀င်းဝကသာလိမ့်မယ်။ ကြားလားဟဲ့ မအိမ်ကံ”

“ကြားပါသယ် အဖေကြီး”

“သက္ကရာဇ်ကိုတည်၊ အသက်နဲ့စား။ လဂ်ကို ခုနစ်နဲ့ မြှောက်။ ဆယ့်ခုနစ်နဲ့ထပ်စား။ သုည၊ တစ်၊ နှစ်ကြွင်းတော့ ကမ္မယက္ခ၊ သုံး၊ လေး၊ ငါးကြွင်းတော့ ဥပစ္ဆေဒက၊ ခြောက်၊ ခုနစ်၊ ရှစ်ကြွင်းတော့ ဥပပိဠိက၊ ကိုး၊ တစ်ဆယ်၊ ဆယ့်တစ် ကြွင်းတော့ အာယုယက္ခ။ နင့်လင်က ဥပပိဠိကကျသယ်။ မသေဘူး၊ ကြားလားဟဲ့။ ငါ မြင်နေရပြီ လာနေပြီ လာနေပြီ”

အမေပန်းရုံက မျက်စိမှိတ်ထားရာက မအိမ်ကံကို လှည့် ပြုံးပြသည်။ သတင်းကောင်းရပြီ မဟုတ်လား။ မအိမ်ကံ ကတော့ ဗေဒင်ပါတွက်ပြနေသည့် နတ်ကတော်မသိုင်းခြုံကို စိုက်ကြည့်နေခဲ့သည်။ ကျေးဥ ထသွားပြီး မကြာခင် မလှအုံပြန် ၀င်လာခဲ့သည်။ မေးချင်တာ လေးငါးခွန်း မေးနေလိုက်သေး သည်။ မအိမ်ကံကတော့ ကိုပြေသိမ်း ပြန်လာတော့မယ်ဆို သည့် နတ်စကားကြားရသော်လည်း မတုန်လှုပ်သလိုရှိနေပါ ၏။ နတ်အဟော မှန်ပါစေလို့တော့ ဆုတောင်းမိသား။ ပြန် လာနေပြီတဲ့။ ဘယ်တော့လဲ။ ဘယ်ကိုရောက်နေပြီလဲ။ ကျီးညိုကြီးတစ်ကောင် ၀င်းဝကသာလိမ့်မတဲ့။ ရွှေကျီးညိုကို ပါ မျှော်ရတော့မှာပါလား။

နတ်ကတော် မသိုင်းခြုံပြန်တော့ အမေပန်းရုံက ဆန် တစ်စိတ်နှင့် ငွေတစ်ဆယ်ပေးလိုက်သည်။ မအိမ်ကံက ရက်ကန်းထည်ထဘီတစ်ကွင်းကိုပါပေးလိုက်ပါ၏။ နတ် အဟောမှန်တာ၊ မမှန်တာ နောက်ထား၊ သားသမက်ပြန်လာ နေပြီဆိုတာကိုပဲ အမေပန်းရုံ ၀မ်းသာနေရှာသည်။ မလှအုံ ကတော့ နတ်ကတော် မသိုင်းခြုံကို ဓာတ်ကျနေသူဆိုတော့ နတ်ကတော် ပေးသွားသော သဲစည်း၊ ခဲစည်း၊ ရေစည်းတွေ ၀ိုင်းဝသွားကြဲသည်။ တစ်ဝိုင်းလုံး အမှိုက်စင်စင်လှည်းသည်။ နတ်ကျသပြေပန်းတွေ ၀ိုင်းဝတိုင်နှစ်ဖက်မှာ နှီးတစ်ပင်စီနှင့် တုပ်သည်။

“ငါ့မောင်ပြန်လာမယ့်ရက် အိုးကြီးတိုက်ချက်လိုက်စမ်း မယ်။ တရော်ခုနစ်ပါးနဲ့ ခေါင်းဆေးခိုင်းရမယ်။ ရွှေကျီးညိုသာ ပါတော့ လှအုံတမော့မော့ပေါ့အေ”
မလှအုံ တတွတ်တွတ်ရွတ်သံကြောင့် မအိမ်ကံ ပြုံးရပါ ၏။ စိတ်ထဲက စကားတွေပြောနေမိပြန်သည်။

“ဟုတ်ပါရဲ့၊ ရွှေကျီးညိုသာပါတော့ မအိမ်ကံလည်း တမော့မော့ပါ အစ်ကို”
မအိမ်ကံ မျက်ရည်တွေကျရပြန်သည်။

ထိုနေ့က မအိမ်ကံတို့အိမ်ရှေ့က မနော်နွယ်သရက်ပင်ကြီး ထိပ်ဖျားမှာ ကျီးသာနေခဲ့သည်။ တအာအာသာနေသော ကျီးညိုကိုမော့ကြည့်ရင်း မအိမ်ကံရင်ထဲ လှိုက်ဖိုနေမိပါ၏။ မအိမ်ကံတို့အိမ်မှာ ကျီးသာတာ မဆန်းသလို ဧည့်သည်က လည်း တစ်ယောက်မဟုတ် တစ်ယောက်လာမြဲပင်။ သို့သော် မအိမ်ကံ မျှော်မောရသူကတော့ ပေါ်မလာခဲ့ပါ။ ကျီးညို ကလေးကိုမော့ကြည့်ရင်း မအိမ်ကံ မျက်ရည်တွေ ၀ဲလာမိ သည်။ သမီးကလေးက ဆပ်သွားဖူးရုံကြီးနားမှာ ပြေးလွှား ဆော့ကစားနေပါ၏။ ဖိုးကူးက ပြောင်းရိုးတွေစဉ်းရင်း သီချင်း ကလေးတအေးအေးဖြင့်။ ကျေးဥမှာ ကိုယ်ဝန်အရင့်အမာကြီး နှင့်မို့ ရက်ကန်းရုံမ၀င်နိုင်တော့ မအိမ်ကံမှာ မနက်စောစော ကတည်းက ရက်ထည်တွေနှင့် အလုပ်များနေခဲ့သည်။

ဖိုးကူးက သီချင်းညည်းရာက ၀င်ပေါက်ဆီလှမ်းကြည့် ရင်း ပဲညှစ်နေသောကျေးဥကို ရှူးခနဲအသံပေးသည်။ မေးထိုး ပြသည်။ ကျေးဥက ၀ိုင်းတံခါးဝဆီလှမ်းကြည့်သည်။

လူတစ်ယောက်...။
ပဲဇလုံကိုတွန်းဖယ်လိုက်ပြီး ၀င်းတံခါးဘက် ကျေးဥ တလှုပ်လှုပ် လျှောက်သွားလိုက်သည်။ တံခါးမင်းတုပ်ထဲလျှို ထားသောဝါးလုံးကို လက်တစ်ဖက်ဖြင့်ဆွဲပြီး တစ်ချပ်လှပ် လိုက်သည်။ ကျေးဥမှာ ရင်တွေပန်းတွေပင်တုန်သွားမိရပါ၏။


July 6, 2009

ဘ၀ကြင်ယာဖေါ် ရွေးချယ်နည်း

" အနှစ်လို အချစ်ပိုချင်ရင် *စစ်ဗိုလ် *ကိုစဉ်းစားပါ "

" ကညာမွန် အညာလွန် ချင်ရင် *ဆ၇ာဝန်* ကိုရွေးပါ "

" ရင်ခွင်လွှာမှာ အကြင်နာပါရင် *အင်ဂျင်နီယာ *ကို ထည့်တွက်ပါ "

" အကြောင်းအရာပေါ် ကောင်းရာမျှော်ချင်၇င် *ကျောင်းဆ၇ာ* ကတော် လုပ်ပါ "

" ပြည်သူ့ ထဲ ငြူ ဆူအမြဲ ဖြစ်နေ၇င် *ပြည်သူ့ ၇ဲ* တောင်မစဉ်းစားနဲ့ "

" အချစ်များပြီး ပြစ်ထားမယ်ဆိုရင် *စစ်သား* ကို လည်း မယူနဲ့ "

" အပြတ်ဖြေဖျော် လာဘ်လာဘ မျှော်၇င် *နတ်ကတော်* လည်းမရွေးနဲ့ "

" အစဉ်အမြဲသိမ်း ၇င်ထဲထိန်းချင်၇င် *ယာဉ်ထိန်းရဲ *ကိုလည်းမစဉ်းစားနဲ "့

" ကုန်တာမှိုင် လို၇ာမပိုင်၇၇င် *companyပိုင်၇ှင် လည်း အလျှော့မပေးနဲ့ "

" အဖြီးအပြတ်လှော် မီးသတ်မတော်၇င်* မီးသတ်* *ကတော်လည်း မလုပ်နဲ့ "

" ၇မက်တပ်၇စ် အ၇က်မပြတ်ကစ်၇င် *လက်မှတ်စစ်* ကို လည်း မစဉ်းစားနဲ့ "

" ၇တက်ဖြစ်အေ၇း လက်ဖက်ရည် ကစ်ေ၇း ဆို၇င် *ဆက်သွယ်ေ၇း *ကောင်လည်း မရွေးနဲ့ "့ 

" ယမင်းအပျော်ထား အတင်းပျော်အား နေ၇င် *သဘောင်္သား** *ကိုလည်းေ၇ှာင်ပါ "

" ရှာသမျှ ကုန်မယ်ဆို၇င် ကညာမကျ တဲ့ ပါသမျှ *ကုန်သည် * ကိုလည်းမစဉ်းစားနဲ့ "

" မယားမပြတ်မော. အနားကပ်လျော့၇င် *ကားဝပ်ေ၇ှာ** *့ဆ၇ာလည်း မရွေးနဲ့"

"နောင်မပူ ပြီးစီးမယ်ဆို၇င် *တောင်သူဦးကြီး *များကို စဉ်းစားပါ့"


မေးလ်ထဲမှရလို့ အစ်မများနဲ့ ညီမလေးများ အတွက် တင်ပေးလိုက်ရပါတယ်။ စိတ်မဆိုးကြနဲ့နော်။
ဖတ်ပြီးရင်းတော့ စိတ်ဆိုးလည်း ပြောသွား စိတ်မဆိုးလည်းပြော သွားပါနော်။ ဟဲ ဟဲ
ခုတစ်လော အရမ်းပင်ပန်းနေလို့ စာရေးပျင်းနေပါတယ်။ ဘယ်မှ ကိုလည်း အိမ်လည် မသွားနိုင်
ဖြစ်နေပါတယ်။ အားလုံး ခွင့်လွှတ်ကြပါနော်။ ရေးစရာ ရှိတာများကိုလည်း ရေပါ့မယ်။
တက်ခ့်စရာရှိတာများ ကိုလည်း တက်ခ့်ဖို့ စဉ်းစားနေပါတယ်။ ခုတစ်လော တက်ခ့်ပို့စ်တွေ
မတွေ့တာကြာလို့ပါ စိတ်ဆင်းရဲနေရပါတယ်။ ပထမဆု ရယူဖို့ဟေ့ ဆိုတဲ့ တက်ခ့်ခေါင်းစဉ် ကိုပြောပြ
လိုက်တယ်နော်။ ဘယ်သူတွေလဲတော့ အဆင်သင့်ပြင်ထားကြပါ။ ကျနော် တက်ခ့်လိုက်ရင် လည်း သိကြတဲ့
အတိုင်း တစ်ဆွေလုံး တစ်မျိုးလုံးပါမှာ ဖြစ်ပါကြောင်းးးးးးးးးးးးးး..........

လေးစားလျှက်
ရီနိုမာန်

July 5, 2009

ရှမ်းပြည် တောင်ပိုင်း ခရီးစဉ် (၂)

သူများ ဘလော့ဂ်တွေ လိုက်ဖတ်လိုက်ရင်း စာအရေးအသားလေးတွေ ကောင်းတာကိုတွေ့ရတော့ ကျနော်ရေးနေတဲ့ ကျနော် အကြောင်းတစ်ချို့တွေကို (အားလုံးနီးပါး) ပြန်ဖတ်လိုက်ရင် တကယ်ကို အရေးမလှတာတွေ တွေ့နေရတယ်။ ကျနော် ကိုယ်တိုင်လည်း သိပါတယ်။ ကျနော် စာအရေးအသား ညံ့မှန်း။ စာရေးချင်တဲ့ စိတ်ကတော့ အပြည့်ရှိတယ်။ ရေးလိုက်ရင်လည်း အစီအငေါ် လုံးဝမထည့်ဘူး။ ဒီလို မကောင်းတဲ့ ကြားကနေ မောင်နှမ သံယောဇဉ်နဲ့ မကောင်းလဲဖတ် ကောင်းလဲဖတ် ဆိုတဲ့အတိုင်း လာရောက်ဖတ်ရှူကြတဲ့ ညီအစ်ကို မောင်နှမ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်။ ကဲ ကျနော့်ရဲ့ ခရီးစဉ် လေးကို စလိုက်ကြရအောင်.............................


ပထမဆုံး ကျနော်တို့ အင်းလေးကို အရင်သွားကျတယ်။ အင်းလေးကိုရောက်တော့ မနက် ၁၀နာရီခွဲလောက် ရှိနေပြီ။ ကျနော်တို့ အဖွဲ့က လူလည်းများတော့ စက်လှေကို စင်းလုံးငှားလိုက်တယ်။ ဖောင်းတော်ဦးဘုရားကို မရောက်ခင်မှာ စက်လှေမောင်းတဲ့ အကိုကြီးက ရေပေါ်ရွာနဲ့ ရေပေါ်ဈေးကို လိုက်ပြခဲ့တယ်။ ဘုရားဖူး ပြီးအပြန်မှာလည်း ကြောင်လိမ္မာလေးတွေ ရှိတဲ့ ဘုန်းကြီးကျောင်း( ဘုန်းကြီးကျောင်း နာမည် မမှတ်မိတော့ပါ) ကိုလိုက်ပို့သေးတယ်။ ပြီးတော့ ရေလယ် ဟော်တယ်ကိုလည်ရောက်ခဲ့တယ်။ ရေလယ် ဟော်တယ်ကတော့ VIP ရှိမှ သုံးတယ်လို့ သိရတယ်။ ဟိုတယ်မှာပဲ ခြံလုပ်ပြီး ငါးတွေကို မွေးထားကြသေးတယ်။ ငါးခူးတွေများတယ် ။ စက်လှေဂိတ်ကို ပြန်ရောက်မှပဲ ကျနော်တို့ နေ့လည်စားကို စားကြပါတယ်။ အချိန်လည်းလုနေ ရပြီလေ။ နောက်သွားချင်တဲ့ နေရာက နှစ်နေရာ ကျန်သေးတာဆိုတော့။

ကျန်တဲ့ နှစ်နေရာထဲက ကုံလုံ ဆရာတော်ကျောင်းကို အရင်းသွားခဲ့ကြတယ်။ ဆရာတော်က တစ်နေ့ကို နှစ်ကြိမ် အဖူးမြော်ခံ ကြွတယ်။ တစ်ချို့ဆိုရင် ဆရာတော်ကို မဖူးရပဲ ပြန်သွားကြရတယ်။ ကျနော်တို့ ရောက်တဲ့ အချိန်က ဆရာတော့ အဖူးမြော်ခံတဲ့ အချိန်မဟုတ်ပါဘူး။ ဧည့်သည်များလို့ ခဏထွက် အကြည်ညိုခံ တာနဲ့ ကြုံသွားလို့ ဆရာတော်ကို အနီးကပ် ဖူးမြော်ခွင့် ရလိုက်ကြတယ်။ ဆရာတော်ကို ဖူးမြော်ပြီးတာနဲ့ ကျနော်တို့ အဖွဲ့ သုတ်ခြေတင်းရတော့တာပေါ့။ ည ၇ နာရီဆိုရင် ပင်းတယဂူက ပိတ်တာကို...............

ပင်းတယမြို့ထဲကိုရောက်တော့ တစ်ချိန်တုန်းက နတ်သမီးတွေ ရေလာချိုးကြတဲ့ ဘုတ်တလုပ် ( သတ်ပုံမှားရင် ခွင့်လွှတ်ကြပါနော်) ကန်ကိုတွေ့နေရတယ်။ ရေကန်ထဲက ရေဟာ တစ်နှစ်ပတ်လုံး ကျခြင်းတက်ခြင်း ခန်းခြင်း လုံးဝရှိဘူးလို့တော့ ကားဆရာ ပြောစကားအရ ကြားခဲ့ရတယ်။ ကန်ကြီးဘေးကနေမှ ဖြတ်ပြီး ပင်းတယဂူကို သွားကြတယ်။ ကျနော်တို့ ရောက်တဲ့ အချိန်က ဓာတ်လှေကားက ပိတ်သွားပြီ။ ကားကိုရောက်တဲ့ နေရာထိမောင်းပြီး ခြေချင်းတက်ခဲ့ ကြတယ်။ ဂူထဲမှာတော့ အေးစက်နေပြီး လက်ညိုးထိုးမလွဲ ဘုရားပေါင်း မြောက်မြားစွာ ရှိနေပါတယ်။ ကျနော် မှတ်မိနေတာတော့ အောင်မြေ၊ ကျောက်စက်ရေ ( ကျောက်တိုင်ကနေ ရေစိမ့်ထွက်နေတာ)၊ ကျောက်မောင်း( ကျောက်သား နံရံကို ထုလို့ရတာနဲ့ ထု မောင်းအသံမြည်းနေတာပါ။ အဲ့ဒီနေရာလေးတစ်ခုပဲ မြည်းပြီ ကျန်တဲ့ နေရာတွေကတော့ မမြည်းပါဘူး)၊ မှည့်ရှင် ဘုရား၊ ဝင်္ဂပါဘုရား တို့ ရှိတယ်။ ဂူရဲ့ ဟိုးအတွင်းပိုင်းရဲ့ နောက်ဆုံးမှာတော့ လူတစ်ယောက် ဝင်လို့ရတဲ့ ဂူသေးသေးလေး တစ်ခုရှိတယ်။ ပိတ်ထားတာတွေလို့ မေးကြည့်တော့ အဲဒီဂူထဲကို ကိုရင်တစ်ပါးဝင်သွားတာ လုံးဝပြန်ထွက်မလာလို့ ပိတ်ထားတာလို့ပြောကြတယ်။ တစ်ချို့ကလည်း ရှေးဟောင်းပုဂံထိ ရောက်တယ်လို့လဲ ပြောကြတယ်။ ဟုတ်မဟုတ်တော့ ကျနော်လည်း မသိဘူး။ ကျနော်တို့ အဖွဲ့ကံကောင်းကြပါတယ်။ ဂူအဆုံးကိုရောက်တော့ ဂူပိတ်တော့မဲ့ အကြောင်း ခေါင်းလောင်းတီး သံကို ကြားနေရပြီ။

အပြန်တော့ ပင်းတယ လက်ဆောင်တွေဝယ်ပြီး ဓါတ်ပုံရိုက်ကြတယ်။ ဓါတ်ပုံရိုက်တယ်ဆိုလို့ အမှတ်တရ ပြောပြပါရအုံးမယ်။ အဲဒီအချိန်တုန်းက ကျနော်ဆံပင်က ပုခုံးကျော်ကျော်လေးရှည်ပါတယ်။ အမေနဲ့ ကျန်တဲ့ လူတွေက တောင်ခြေနားက ဆိုင်လေးထဲမှာ ဝင်ထိုင်နေကြတယ်။ ကျနော် နဲ့ သူငယ်ချင်းတွေက ဓါတ်ပုံ ရိုက်ဖို့ ကားနားမှာ လာရိုက်ကြတာ။ အားလုံး အမှတ်တရ ဆိုပြီး ကားခေါင်းမိုးပေါ် တက်ပြီး ရိုက်ကြတာပေါ့။ နယ်တွေရဲ့ ထုံစံ အတိုင်းသူစိမ်း တစ်ယောက်တွေ့ပြီး ဆိုရင် ဝိုင်းကြည့်တာလေ။

ခုလည်း ကျနော်တို့ အဖွဲ့ကို ဝိုင်းကြည့်နေကြတာပေါ့။ ကျနော် ကားခေါင်းမိုးပေါ် တက်တဲ့ အချိန်မှာ အမေတို့ သွားထိုင်နေတဲ့ ဆိုင်က အမကြီးက ကျနော်ကားခေါင်းမိုးပေါ်တက်တာကိုမြင်တော့ “ ဟိုး ကောင်းမလေးက ကားခေါင်းမိုးပေါ် တက်နေတယ်ရော” လို့ အံ့သြတဲ့လေသံနဲ့ ပြောတော့ အမေ လှည့်ကြည့်လိုက်တော့ ကျနော်ဖြစ်နေတယ်။ အမေတို့ လဲ အဲ့အမကြီးကို စချင်ကြတာနဲ့ ဘာမှမပြောပဲနေ လိုက်ကျတယ်။ ကျနော်တို့ ဓါတ်ပုံရိုက်ပြီး ဆိုင်ထဲကို ဝင်လာတော့ ဆိုင်ထဲမှာရှိတဲ့ လူတွေက ကျနော်ကို ဝိုင်းကြည့်နေကြတယ်လေ။ ကျနော်က အမေကို “ အမေဝယ်ပြီးရင်လည်း သွားကြရအောင်”လို့ လှမ်းပြောတော့ ခုနက အမကြီးက “ ဟင်း ယောက်ကျားသံကြီးနဲ့ ”လို့ ပြောမှပဲ အားလုံးက ဝိုင်းရယ်ကြပါတော့တယ်။ ကျနော်ကို ချစ်လို့တဲ့ မုန့်တောင်လက်ဆောင် ရလိုက်သေးတယ်။ ခုနက အမကြီးပေးတာ။

အောင်ပန်းရောက်တော့ ည ၉နာရီရှိနေပြီ။ အဲ့ကျမှ ညစားစားကျတယ်။ ပင်လောင်းကို ပြန်ရောက်တော့ ည ၁၂ထိုးနေပြီ။


ဆက်ရန်.........................

လေးစားလျှက်
ရီနိုမာန်


ခွင့်လွှတ်ကြပါနော်။ ကျနော် စာများများ မရိုက်နိုင်တဲ့ အတွက် အခုလို ခွဲခွဲပြီးရေးနေရတာပါ။ နောက်တစ်ပိုင်းမှာ ကလော နှင့် တောင်ကြီး ခရီးစဉ် ရှိပါသေးတယ်။

July 4, 2009

မအိမ်ကံ ( for July ) အပိုင်း - ၂

မအိမ်မြိုင်နှင့် မှုံနံ့သာ။
သူတို့နှစ်ဦးထဲကသာ ရွေးကြကြေးဆိုလျှင် ဘယ်သူ ကွမ်းတောင်ကိုင်ရလေမလဲ။ တွေးမိရာက မအိမ်ကံမှာ ရင်ထဲ ဆို့တက်လာခဲ့သည်။ သမီးကလေးအဖို့ရာ ကွမ်းတောင်ကိုင်ဖြစ် ဖို့အရေးမှာ ဖအေပျောက်ကိန်းကြုံရရှာပါပကော။ စဉ်စားကြည့်လေ ရင်နာစရာကောင်းလေ။ ကိုပြေသိမ်း က ရွာပြင်ထွက်ပြီး ချဉ်ပေါင်တစ်တက်၊ ရုံးပတီတစ်တောင့် သွားခူးတာမဟုတ်။ တစ်မြေတခြား ကုန်ရောင်းကုန်ဝယ် သွားတာမျိုးလည်း မဟုတ်။ စစ်မြေပြင်ကို သွားခြင်းဖြစ်သည်။ သွားပါပြီဆိုကတည်းက အသက်တစ်ဝက် ပေးထားနှင့်ပြီး သား။ ကိုယ်မဦးတော့ သူဦး၊ သူမဦးတော့ ကိုယ်ဦး။ ဘယ်သူ သေလို့ ဘယ်သူကြေမှန်းမသိရသည့်အဖြစ်။ သူတကာတွေ ပြန်ရောက်ကြပါလျက် ကိုပြေသိမ်း ပြန်မလာပုံထောက်တော့ မုဆိုးမစင်စစ် ဧကန်ဖြစ်ရပြီထင်ပါရဲ့လို့သာ အောက်မေ့ရတော့ သည်။ မအိမ်ကံအဖို့ရာ မုဆိုးမဖြစ်ရတာကိုလည်း မဥပါဒ်မိ။ အဖမဲ့သမီးမို့ ကွမ်းတောင်ကိုင် လွဲရရှာတော့မည့်သမီး အတွက်တော့ ဒုတိယအကြိမ် ရင်နှင့်အမျှခံစားရပါ၏။ မအိမ်ကံ ဒါကိုပဲ နာလွန်းလှသည်။

မအိမ်မြိုင်ကလေးကို ရွှေမှုံကပင် ချောလှပါပေ့ဆိုခဲ့သည်။ ရွှေမှုံက သူ့သမီးကလေးကို ကိုယ်တိုင်လက်ဆွဲလာသည့် ကြားက မအိမ်မြိုင်ကို အားရပါးရ ချီးကျူးခဲ့တာကိုတော့ မအိမ်ကံ ကျေနပ်နေမိခဲ့သည်။ သမီး မအိမ်မြိုင်က မှုံနံ့သာထက် ပိုချော၊ ပိုလှတာလည်း အမှန်ပင်။ သို့သော် အရွယ်တွေက ငယ်ကြသေးသည်။ သည်ရုပ်သည်ရည်လေးတွေကို အတည် ယူလို့ မရသေးမှန်းတော့ မအိမ်ကံ သိပါ၏။ နောင်ဆယ်နှစ် ကျော်ကျော်ဆိုလျှင်တော့ ခံဆူးလား၊ ဆီးဆူးလား ကွဲကြရော့ မည်။

ရက်ကန်းရုံထဲမှာ အလုပ်တွေ လုပ်နေခဲ့သည့်တိုင် မအိမ်ကံ ရင်မလင်းခဲ့။ ရေကြောင့် နွံဖြစ်ရပြီ။ နွံကြောင့်ပင် ရေနောက်ရ ပြန်ပါပကော။ ကျေးဥက ကလေးကိုချီလာတော့ သမီးကလေးကို မအိမ်ကံ ပွေ့ယူလိုက်သည်။ မအေ့ထက် တောင် ချောလှသူကလေးရယ်။ ညည်းအဖေနဲ့ငါ ရှင်ကွဲလား၊ သေကွဲလား။ ဘယ်လိုပဲကွဲကွဲ ကွဲကြပြီဆိုရင်တော့ လင်စုံ မယားဖက် မဟုတ်လို့ ညည်း ကွမ်းတောင်ကိုင်ဖြစ်စရာ မရှိ တော့ပါလား အေ။ အမေနဲ့ သမီး သည်နေရာမှာတော့ ဘ၀ချင်း မတူပါရစေနဲ့ သမီးရယ်။ သည်တစ်ခါတော့ ဇောင်ချမ်းကုန်း မှာ ညည်း ကွမ်းတောင်ကိုင်ပြစေချင်စမ်းပါဘိ။

မအိမ်ကံ မျက်ရည်ကျတော့ ကျေးဥက ကလေးကိုပြန်ဆွဲ ယူကာ ရက်ကန်းရုံထဲမှ ထွက်လာခဲ့သည်။ အခုတော့ လျှော့ တော့လည်း မိစ္ဆာ၊ သာတော့လည်း ဒိဋ္ဌိ။ ရှိပါစေတော့။ ဖရုံ တစ်ညှာ၊ ဘူးတစ်ညှာဖြစ်လာသမျှအကြောင်း အကောင်း ချည်းလို့သာ မအိမ်ကံ သဘောထားခဲ့လေသည်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးပြီး၍ အုပ်ချုပ်ရေးသစ် ပြန်လည်စနေပြီဆိုသော်လည်း ကိုပြေသိမ်း ပြန်မလာသည့် အတွက် တစ်စတစ်စ စိတ်ပူပန်လာရသူမှာ အမေပန်းရုံဖြစ် သည်။ သမီးဖြစ်သူ၏ အိမ်ထောင်ရေးကိစ္စတွင် တောသူ တောင်သား မိဘပီပီ ၀င်ရောက်စွက်ဖက်ခြင်းမပြုဘဲ အခြေ အနေကိုသာ အကဲခတ်နေခဲ့သည်။ တစ်နေ့ပြန်လာနိုး၊ တစ်ရက် ပြန်လာနိုး မျှော်ကိုးနေခဲ့မိသည်။ ပြန်မလာတော့တာသေချာ လျှင်လည်း ကုသိုလ်ကောင်းမှုပြုဖို့ရာ တာဝန်ရှိသည်။ ဘ၀ကူး ကောင်းရန် ဆွမ်းသပိတ်သွပ်ရမည့် ကိစ္စတွေရှိသည်။ ဘ၀ကံကပေးသမျှ ပေါင်းဖက်ခဲ့ရသည့်သမီးအတွက် ရိုးမြေ ကျ မပေါင်းဖက်ရလေခြင်းဆိုသည့် စိတ်ဒုက္ခကို လူမသိ သူမသိ ကျိတ်ခံစားရခြင်းတွင် ကာယကံရှင် မအိမ်ကံထက် မလျော့ပေ။ ကျီးသာလေတိုင်း ထွက်ကြည့်ရင်း မျှော်ရတာ အမော။ သားသမက်ဆိုသော်လည်း သမီး၏အိမ်သားဆိုတော့ သားရင်းနှင့်မခြား မေတ္တာမျှရသူပင်။

“လှအုံရယ် ငါ့မလည်း တစ်ဒုက္ခပါအေ။ မအိမ်ကံ သူ့အိမ် သားကိုမျှော်သလို ငါ့မလည်း သားမလာလို့မျှော်ရသဲ့မအေလို ၀မ်းခါးလွန်းလှပြီ။ ဘယ်နှယ့်အေ သေလေသလား၊ ရှင်လေ သလားမသိရသဲ့အဖြစ်ကိုက ဆိုးလွန်းလှသယ်။ ဘယ်သူ့ မေးလို့ မေးရမှန်းမသိသဲ့အဖြစ်ပါကော။ ငါတော့ စိတ်တုံးတုံး ချချင်လှပြီ”

“ဟုတ်ပါရဲ့ အရီးရယ်။ မောင်ပြေသိမ်းက လူသူတော် ကောင်းပါ။ သားပစ်၊ မယားပစ် ကစုတ်ကညစ်ထဲကမဟုတ် လေတော့ ပိုလို့တောင်စဉ်းစားရကျပ်သယ်။ ရှင်သေးသရွေ့ တစ်တီတူးများ ကမ္ဘာပြိုသယ်ထင်သလို ဇောက်ထိုးပြေးလာ မယ့်လူပါ။ ကျုပ်တော့ ဆိုင်ရာမေးချင်လှသတော်”

“အေး ငါလည်း ဒါပဲတွေးနေသာ။ ခက်သာက နတ်က တော်တော်၊ နတ်ကတော်ကယိမ်းလွန်းဆိုသာလို မမှန်မကန်တွေ ကလည်း များသား။ ညည်း ဘယ့်နှယ်စဉ်းစားတုံး လှအုံ”

“မသိုင်းခြုံတော့ စိတ်တွေ့သားပဲ။ မောင်မြတ်သာ အတွက်မေးတုန်းက ကြည့်ပါလား၊ ဒက်ထိတိုးတာတော်။ သိုင်းခြုံက နတ်မျိုးရိုး မဟုတ်ပေသိ နတ်ကြီးကောက်မို့ အဟောအပြောမှန်လို့ကို ကျုပ်က သဘောကျသာ”

ဖအေဆုံးတာတောင် ပေါ်မလာသော မောင်မြတ်သာ တုန်းကလည်း နတ်မေးခဲ့ကြသေးသည်။ ပြန်လာလိမ့်မည်ဟု နတ်ကတော်မသိုင်းခြုံ ဟောသည့်အတိုင်း မောင်မြတ်သာ ရွာကို ပြန်လာခဲ့ပါ၏။ စစ်သားကြီးလုံးလုံး ဖြစ်သွားသော မောင်မြတ်သာကတော့ ရွာမှာ တအိုးတအောင့်နေထိုင်ပြီး ဇနီးသည် မစိမ်းမြကိုပါ တစ်ပါတည်း ခေါ်သွားခဲ့သည်။ မောင်မြတ်သာလည်း ပေါ်မလာ အတော်ကြာပါပကော။


July 3, 2009

ရှမ်းပြည် တောင်ပိုင်း ခရီးစဉ် (၁)

ခရီးသွားခြင်းနှင့် ပတ်သက်ပြီး ပြောရရင် မွေးကတည်းက ခုချိန်ထိ ထွက်နေရတဲ့ ခရီး မပြီးဆုံးသေးတဲ့ ဘဝခရီး၊ ခရီးပေါင်းမြောက်မြားစွာထဲမှ အမှတ်ရနေတဲ့ ခရီးစဉ်တစ်ခုကို ရေးသားဖေါ်ပြလိုက်ရပါတယ်။

၂၀၀၂ခုနှစ် မတ်လနောက်ဆုံးတစ်ပတ်အား ရုံးမှခွင့်ယူပြီး အဖေတာဝန်ကျနေတဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းကို ရုံးမှသူငယ်ချင်းလေးယောက်နဲ့ စနေနေ့ နေ့လည် (၁)နာရီမှာ ရန်ကုန် စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်မှ ရန်ကုန်-တောင်ကြီး အယ်ကွန်းကားကြီးနဲ့ ခရီးစတင်ထွက်ခဲ့ကြပါတယ်။ အဖေရှိတဲ့ ပင်လောင်းကို အရင်းသွားရမှာ ဖြစ်တဲ့အတွက်ကြောင့် လမ်းဆုံဖြစ်တဲ့ အောင်ပန်းမှာ ဆင်းကြရပါတယ်။ အောင်ပန်းကိုရောက်တဲ့ အချိန်ကမနက် ၅ နာရီလောက်ဆိုတော့ ရှမ်းပြည်ရဲ့ နွေရာသီကလည်း ရန်ကုန်ဆောင်းထက်ပင် အလွန်အေးပါသေးတယ်။ ရှမ်းပြည်ကို တစ်ခါမှ မရောက်ဖူးကြတဲ့ ကျနော့် သူငယ်ချင်းများကတော့ ကောင်းကောင်းကြီးကိုထိတော့ တာပေါ့။ ကျနော် ခေါ်လာတာ လူတွေပါ။ ဒါပင်မဲ့ ကျနော် အနားမှာ ဘဲတွေလိုပဲ ဂတ်......ဂတ်......ဂတ် နဲ့ပေါ့။


၉နာရီလောက်မှ ပင်လောင်းကိုသွားမဲ့ ကားတွေပင်လောင်းကနေ ရောက်လာကြတော့တယ်။ ယောက်ကျားလေး တွေပဲဆိုတော့ ကားနောက်ကနေ တွဲစီးလာကြတာပေါ့။ ပင်လောင်းကို နေ့လည် ၁၂ နာရီလောက်မှပဲ ရောက်တော့တယ်။ နေ့လည်စား ကို အိမ်ရောက်မှစားကြတာ။ (ချွေတာရေးပေါ့ ဟဲ ဟဲ) စားပြီးတော့ အိပ်တဲ့လူကအိပ်၊ ကျနော်ကတော့ ကျနော်တို့ရဲ့ ခရီးစဉ်ကို အမေကိုပြောပြနေတယ်။

ညနေပိုင်းရောက်တော့ တပ်ထဲမှာရှိတဲ့ ဖုန်ထူမြေနီလမ်းကို လျှောက်ပြီး ပတ်ဝန်းကျင် ကိုလိုက်ပြလိုက်တယ်။ တနင်္လာနေ့မှာတော့ အမေကိုနေ့လည်စား ပြန်စာမယ်ဆိုပြီး မနက်ထဲကခေါ်သွားတာ(သူငယ်ချင်းတွေကို) ။ မြို့ထဲခေါ်ပြီး ကုလားဆိုင်မှာ နွားနို့ တိုက်ပြီး (ရည်ရွယ်ချက်နဲ့) ကျနော်က ကျနော်ရဲ့ ကျူရှင်ဆရာကို ဝင်ကန်တော့ပြီး သူငယ်ချင်းတွေကို ဘယ်ခေါ်သွားတယ် ထင်လဲ။ (လျှောက်မတွေးနေနဲ့အုံး) ပင်လောင်းမှာရှိတဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဂျူးတောင်ကိုခေါ်သွားတာဗျ့။ တောင်ပေါ်ကို အားလုံးကရောက်နေကျပြီ။ မရောက်သေးပဲ တောင်တစ်ဝက်မှာ ကျန်နေတာက ကျနော်ရယ်ပါ။ ( ကုလားဆိုင်မှာတုန်းက နွားနို့ မသောက်ခဲ့လို့နဲ့တူပါတယ်။) ဟောဟဲ....ဟောဟဲ......နဲ့ဖြေးဖြေးချင် တက်ရင်းနဲ့တော့ ရောက်သွားပါတယ်။
မနက်ဖြန် ငှားထားတဲ့ ကားနဲ့ အင်းလေး၊ ကုံလုံ ၊ ပင်တယ ကို မနက်စောစောသွားကြရမှာဖြစ်တဲ့ အတွက် ဒီညနေတော့ ကျနော်တို့ ဘယ်မှ မသွားပဲ ရှမ်းပြည်ထုပ် လိမ္မော်ဖြူလေးနဲ့ ပဲ စောစောအိပ်ရာဝင် လိုက်ပါတော့တယ်။ လိမ္မော်ဖြူဆိုတာ လိမ္မော်နံ့လေးမွှေးနေတဲ့ အရက်ကိုပြောတာ။

အင်္ဂါနေ့

တီ...တီ.......တီ....... ကားဟွန်းသံ ကြားမှပဲ တအိမ်လုံးနိုးလာကြတယ်။ ရာသီဥတုက အေးအေးဆိုတော့ ကွေးကောင်းကောင်းနဲ့ ကွေးနေကြတာ ကားဟွန်းတီသံကြား မှပဲနိုးတော့တယ်။ တော်သေးတာပေါ့ အမေက ညကတည်းက အစားအသောက်နဲ့ အခြားလိုအပ်မဲ့ ပစ္စည်းတွေကို ပြင်ဆင်ထားလို့။ ကားက ဟိုင်းလပ်ကား။ လူက ကားဆရာနှစ်ယောက်၊ ကျနော်တို့အဖွဲ့က ငါးယောက်၊ အကိုတို့ လင်းမယားနှစ်ယောက် ၊ အမေနဲ့ ညီမလေး ၊ နောက် အန်တီမနော်နဲ့ သူ့သမီးလေး အာလုံးပေါင်း ၁၃ယောက်။ ကားကိုဘေးထိုင်ခုံတွေ ဖြုတ်ပြီး ကားဝမ်းထဲမှာပဲ ဂွမ်းကပ်လေးထည်လောက်ထည့်လာပြီး ခရီးစတင်ပါတော့တယ်။ ရာသီဥတုက အေးအေး၊ ကားကလည်းလေဝင်၊ ဝင်တဲ့လေကလည်း အေးစိမ်းနေတော့ တစ်ယောက်နဲ့ တစ်ယောက်မဖက်ထားရုံတမယ် ကွေးနေကြတော့တာပေါ့ဗျာ။........

အရမ်းကိုအိပ်ချင်နေလို့ ဒီလောက်နဲ့ ပဲ ရပ်ထားလိုက်ပါတယ်ဗျာ။ နောက်ရက်မှ ကျန်တာဆက်ရေးပေးပါမယ်။


လေးစားလျှက်
ရီနိုမာန်

July 1, 2009

ကဗျာလေး


ကောင်းကင်ကြီးထဲမှာ
လှပတဲ့ အပြာရောင်ရှိတယ်

“မောင့်” ရင်ထဲမှာ
မင်းရဲ့ အပြုံးလှလှလေး တွေရှိတယ်


လောကကြီးထဲမှာ
သူ့ဟာနဲ့ သူ ပြည့်စုံနေတယ်

“မောင့်” ရင်ထဲမှာ
မင်းရဲ့ ပြည့်စုံတဲ့ အလှရှိတယ်


ကမ္ဘာမြေကြီးကို လူတွေက
ထားသွားတက်ကြတယ်

“မင်း” လည်း “မောင့်” ကို
ထားသွားမယ်ဆိုတာ “မောင်” သိနေတယ်


လူတွေက ပန်းတွေကို
နှစ်သက်ခဲ့ကြသလို

“မောင်”လည်း “မင်း” ကို မြတ်နိုး ခဲ့တာပါ

“မောင်” “မင်း” ကို ချစ်တာ
“မောင်” သာ အသိဆုံးပါ


လေးစားလျှက်
ရီနိုမာန်