March 26, 2012

ကလောမြို့လေးကို အလည်ရောက်လာ

ကျွန်တော်တို့ ကလောက Winner Hotel ကိုရောက်တဲ့ အချိန်မှာတော့ ညနေ ၇နာရီလောက်ရှိနေပါပြီ။ ဟိုတယ်မှာ Check In လုပ်၊ ရေမိုးချိုး ပြီး ညနေစာ ထွက်စားကြပါတယ်။ ကလောရဲ့ ရာသီဥတုကလည်း တောင်ကြီးထပ် နည်းနည်းလေး ပိုအေးတယ်လို့ ထင်ရပါတယ်။ ကျွန်တော်အတွက် ကိစ္စမရှိပင်မဲ့ ကျွန်တော် သူငယ်ချင်းကတော့ တော်တော်လေး အေးလို့ နေပါပြီ။ ဒါနဲ့ ညနေစာ မစားခင်မှာပဲ သူငယ်ချင်းအတွက် အနွေးထည်ဝယ်ဖို့ အနွေးထည်ဆိုင် လိုက်ရှာရပါပြီ။ ဟိုတယ်နဲ့ သိပ်ဝေးဝေးမဟုတ်တဲ့ လမ်းမကြီးဘေးမှာ ရှိနေတဲ့ဆိုင်လေးမှာပဲ ဝယ်လိုက်ကြပါတယ်။ ဆိုင်ရှင်လို့ ထင်ရတဲ့ အမျိုးသမီးကို သေသေချာချာ ကြည့်လိုက်တော့ ဘလောဂ့်ဂါ မမတွေထဲက အပျိုကြီး တစ်ယောက်နဲ့ ခပ်ဆင်ဆင်လေး တူနေပါတယ်။ ( ဘယ်သူလဲ လို့တော့ မမေးပါနဲ့တော့ဗျာ )

ရောက်တာကလည်း ညပိုင်းကြီးဆိုတော့ ဘယ်မှလည်း မသွားတော့ပဲ ညစာစားပြီး ဟိုတယ်ကို ပြန်လာခဲ့ကြတယ်။ ဒီညတော့ စောစော အိပ်ရာဝင်လိုက်ကြတယ်။ ဝင်းနားဟိုတယ် မှာ ကျွန်တော်တို့အတွက် Booking လုပ်တုန်းက တစ်သောင်းခွဲ( နှစ်ယောက်)ကို လုပ်ထားပင်မဲ့ ဟိုတယ်ကိုရောက်တော့ ကျွန်တော်တို့ကို နှစ်သောင်းခွဲတန်အခန်းနဲ့ တစ်သောင်းခွဲတန်အခန်းကို ယှဉ်ပြတော့ တစ်ညပဲ အိပ်မဲ့ ကျနော်တို့အတွက် နှစ်သောင်းခွဲတန် အခန်းကိုပဲ ကျနော်တို့ ယူလိုက်ကြတယ်။ အဲနှစ်သောင်းခွဲက နောက်နေ့ နေ့လည် ၁၂နာရီထိပဲ။ မန္တလေးကို ထွက်မဲ့ကားက ည ၈ နာရီမှ ဆိုတော့ နေ့လည် ၁၂နာရီကနေ ည ၈နာရီထိကို တစ်ယောက်ကို ငါးထောင်အခန်းကို ပြောင်းနေဖို့ ဆုံးဖြတ်လိုက်ကြတယ်။
 
မနက်စာ ထမင်းကြော်
၂၀ရက်ဇန်နဝါရီလ၂၀၁၂ရဲ့ နံက်ခင်းကိုတော့ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ကလောမြို့ရဲ့ အလှနဲ့အတူ နိုးထလာခဲ့ကြပါပြီ။ မနက် ၇ နာရီလောက်မှာ အိပ်ရာကထ ရေမိုးချိုး အဝတ်လဲပြီး ဟိုတယ်က ကျွေးတဲ့ နံက်စာ ထမင်းကြော်စားပြီး ပထမဆုံးနှီးဘုရား တည်ရှိရာအရပ်ကို ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် စတင်ထွက်လာခဲ့ကြပါတယ်။ ဟိုတယ်နဲ့ နှီးဘုရားမရောက်ခင် လမ်းတစ်ဝက်မှာ အသိအိမ် ကို အရင်ဝင်လိုက်တယ်။ စကားနည်းနည်းပြော နှုတ်ဆက်ပြီး ဘုရားရှိရာကို ကျွန်တော်တို့ ထွက်လာခဲ့တယ်။ 
 
နှီးဘုရားအား ဆရာတော် လေးပါးဖြင့် မ ပြနေသော ပုံ ဖြစ်ပါတယ်
ရွှေချဖို့ ဘုရားကိုယ်ပေါ်မှာ ရှိတဲ့ မကိုဋ်များ ချွတ်ထားတဲ့အချိန်နဲ့ ကြုံရပါတယ်။
ကျောင်းပေါ်က ဧည့်ခံတဲ့ လက်ဖက်
 
နှီးဘုရား တည်ရှိရာ တောင်ပေါ်ရောက်တော့ အရာရာပြောင်းလဲနေတာကို ကျွန်တော်မြင်တွေ့ လိုက်ရပါတယ်။ ကျွန်တော် မရောက်ဖြစ်တာလဲ ၁၀နှစ်နီးပါးလောက် ရှိရောပေါ့။ နောက်ဆုံးတစ်ခေါက် ရောက်ဖြစ်တုန်းက နှီးဘုရားတည်ရှိရာ ကျောင်းက သစ်ကျောင်းပဲ ရှိသေးတယ်။ ခုတော့ အုပ်ကျောင်းဖြစ်နေပြီ။ တော်တော်လေးကို ပြုပြင်ထားတာတွေ့ရပါတယ်။ ကျောင်းပေါ်
ရောက်တော့ ကျောင်းထိုင်ဆရာတော်ကို ဝထ္တူငွေ ကပ်ပြီး ဘုရားဝတ်ပြုကြပါတယ်။ လာသမျှဧည့်သည်ကို ဧည့်ခံတဲ့ လက်ဖက်ကို စိတ်ကြိုက် စားခဲ့ပါသေးတယ်။ ဘုရားက ဆင်းပြီး ရွှေဥမင် သဘာဝဂူကို သွားဖို့ တောင်ခြေကို လမ်းလျှောက် ပြန်ဆင်းခဲ့ကြပါတယ်။ ဆရာကြီးလုပ်ပြီး သူငယ်ချင်းကို ခေါ်လာခဲ့ခါမှ လမ်းမှားပြီး မြို့ထဲရောက်သွားခဲ့ရတယ်။ ဂူကိုရောက်ဖို့ တော်တော်ဝေးသွားမှန်း သိတော့ ကျွန်တော် ဆက်လမ်းမလျှောက်ချင်တော့ပါဘူး။ ဒါနဲ့ မြင်းလှည်းငှားပီး ကျွန်တော်တို့ သဘာဝဂူကို ထွက်လာခဲ့ကြပါတယ်။
 
ဒီမြင်းလှည်းနဲ့ ဒီဂူကို လာခဲ့တာပါ
ဂူအတွင်းပိုင်းမှ ပုံ

ဂူအပြင်ဖက်က ပုံ


ရွှေဥမင်သဘာဝဂူထဲမှာ ဘုရားဖူး ဓါတ်ပုံရိုက် ပြီးတော့ ခုနက ငှားခဲ့တဲ့ မြင်းလှည်းကိုပဲ ကလောဈေးထိ ပြန်ငှားလာခဲ့ရပြန်ပါတယ်။ မြင်းလှည်းခ ရှင်းတော့ ဦးလေးကြီးတောင်းတဲ့ ဈေးထပ် ကျွန်တော်တို့ ပိုပေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြင်းကို သနားလို့ပါ။ ( ကျွန်တော့် တစ်ယောက်ထဲနဲ့တင် သူတော်တော်လေး ဆွဲလိုက်ရမှာကိုး )
 ကလောဈေးနေ့ ( ဈေးအပြင်မှ မြင်ကွင်း)

ကျွန်တော်တို့ ရောက်တဲ့ နေ့က ကလောဈေးနေ့။ ဒါပင်မဲ့ ကျွန်တော်တို့ ဈေးထဲရောက်တော့ လူတော်တော်လေး ကွဲနေတဲ့ အချိန်ဖြစ်နေပြီ။ ဈေးထဲဝင်ပြီး ဒေသစာ လေးတွေစားမယ်ဆိုပြီး သဘာဝကျကျ ကျွန်တော်တို့ ဈေးကြီးထဲက ရှမ်းဆိုင်မှာပဲ ထိုင်စားခဲ့ကြပါတယ်။


နေ့လည်စာကိုတော့ ဟိုတယ်နဲ့ မျက်စောင်းထိုးမှာရှိတဲ့ မြန်မာဆိုင်လေးမှာပဲ သွားစားဖြစ်ခဲ့တယ်။ စားလို့လည်းကောင်းတယ်။ ဈေးလည်းသက်သာတယ်။ နှစ်ယောက်ပေါင်း ဟင်းလေးမျိုးမှာစားတာ ငါးထောင်ပဲ ကျတယ်။ အဲဒီဆိုင်ကို ဓါတ်ပုံတောင်း မရိုက်ဖြစ်လိုက်ဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ နေ့လည် ပြန်နားလိုက်တယ်။ ညနေ လေးနာရီ ငါးနာရီလောက်ကျတော့ တစ်ခါ ဟိုတယ်အနီးအနား မြို့ထဲဖက်ကို လမ်းလျှောက်ကြပြန်ပါတယ်။ 


လမ်းလျှောက်ကြရင်းနဲ့ ဝက်သားဒုတ်ထိုးဆိုင် တွေ့တာကြောင့် သူငယ်ချင်းနှစ်ယောက် ဝင်ထိုင်စားလိုက်ပါသေးတယ်။ မြန်မာပြည်ပြန်ရောက်ရင် စားချင်တဲ့ အစာအစားတွေထဲမှာ ဝတ်သားဒုတ်ထိုးက ထိပ်ဆုံးက ပါနေတာကိုး။ ဒါပင်မဲ့ ကျွန်တော် ရန်ကုန်ရောက်တော့ ဝက်သားဒုတ်ထိုး မစားဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ဒါလေးနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။


ဒုတ်ထိုးဆိုင်ကနေ ဆက်လျှောက်လာတော့ ရှမ်းခေါက်ဆွဲဆိုင်ကိုတွေ့တော့ ရှမ်းခေါက်ဆွဲ တစ်ယောက်တစ်ပွဲ ထပ်စားကြပြန်ပါတယ်။ ရှမ်းခေါက်ဆွဲဆိုင်ကနေ ဆက်လျှောက်လာကြပြန်တော့ လက်ဖက်ရည်ဆိုင်ကိုတွေ့တော့ တစ်ခါ ဝင်ထိုင်လိုက်ကြပြန်ပါတယ်။ ကားလာဖို့ အချိန်ကလည်း လိုနေသေးတာကိုး။ ၈နာရီလောက်တော့ ကျွန်တော်တို့နှစ်ယောက် ဟိုတယ်ကိုပြန်လာခဲ့ကြပါတယ်။ ၈ နာရီခွဲလောက်မှာတော့ မန္တလေးကို ထွက်မဲ့ ရွှေတောင်ရိုးအဝေးပြေးကားဖြင့် ကျွန်တော်တို့ မန္တလေးကို ခရီးထွက်ခဲ့ကြပြန်ပါတယ်။
 သွားရင်းလာရင်း ရိုက်ဖြစ်ခဲ့တဲ့ ကလောမှ အိမ်

လေးစားစွာဖြင့်
ရီနိုမာန်

March 20, 2012

ခရီးစဉ်တစ်ခု ပြီးဆုံးခြင်း ( အင်းလေး )

အင်းထဲက အိမ်

 တောင်ကြီး ကြိုးတံတားကစလို့ ကျနော်ယူလာတဲ့ ကင်မရာဘတ်ထရီ နဲ့ ဖုန်း ဘတ်ထရီ ကုန်သွားခဲ့တယ်။ ဘတ်ထရီ အားသွင်းဖို့ အချိန်မရသေးပါဘူး။ အခုချိန်ထိ ဘတ်ထရီအားသွင်းဖို့ နေရာ ရှာမရသေးသလို တစ်ချိန်လုံး ကားပေါ်မှာ နဲ့ ရေပေါ်မှာသာ ဖြစ်လို့နေပါ။ ခုရိုက်တဲ့ ပုံတွေကလည်း သူငယ်ချင်း ကင်မရာနဲ့ ကျနော် ကိုယ်တိုင် လိုက်ရိုက်ထားတဲ့ ပုံတွေပါ။ ဖြစ်ချင်တော့ သူ့ကင်မရာထဲက ကျနော်ရိုက်ထားတဲ့ ပုံတွေကို ချက်ချင်း မကူးယူထားလိုက်မိဘူး။ သူနဲ့ ကျနော် ပြန်တွေ့တဲ့ အချိန်မှာတော့ ကျနော်ကိုယ်တိုင် စိတ်ကြိုက်ရိုက်ထားတဲ့ ပုံတွေ တော်တော်များများ သူဖျတ်လိုက်တဲ့ အထဲပါသွားပါတယ်။ တော်တော်လေး စိတ်မကောင်း ဖြစ်ရသလို ကျနော့်ကိုယ်ကျနော်ပဲ အပြစ်တင်လိုက်ပါတော့တယ်။ ကျနော်မှ ချက်ချင်း မကူးထားလိုက်တာကိုး။

ကျနော်တို့ အလိုတော်ပေါက်ဘုရားကနေ ထွက်လာတော့ နေ့လည် ၁နာရီကျော် ကျော်လောက် ရှိတော့မယ်။ ဆက်စရာတွေက ရှိနေသေးတာကြောင့် အချိန်ကိုကြည့်ပြီး ဘုရားဖူး၊ ဓါတ်ပုံရိုက်၊ စက်လှေပေါ်တက်၊ နောက်တစ်နေရာသွား၊ သွားနေရင်း စိတ်ထဲလှတာ တွေ့ရင်ဓါတ်ပုံရိုက် လုပ်နေရင်းနဲ့ ကျနော်တို့ သိထားကျတဲ့ ကြောင်ခုန်ကျောင်း ( ငါးဖယ်ချောင်းကျောင်း ) ကိုရောက်လာခဲ့ပါတယ်။ အချိန်သာ ရမယ်ဆိုရင် ကျနော်တို့ကြောင်ကလေးတွေ ခုန်ကစားပြတဲ့ ပုံလေးတွေကို ရိုက်နိုင်မှာပါ။ သိုပင်မဲ့ ကလောအရောက် နောက်ကျနေမှာ ဆိုးတာကြောင့် ကျောင်းထိုင်ဆရာတော်ကို ဝထ္တူငွေကပ်ပြီး ပြန်ဖို့ပြင်လိုက်ပါတော့တယ်။    ဒီနေရာကတော့ ကျနော်တို့ အင်းလေးမှာ လည်စရာနေရာတွေထဲက နောက်ကနေ ရည်တွက်ရင်း ဒုတိယမြောက်နေရာလေးပါ။ နောက်ဆုံး တစ်နေရာပဲ ကျန်ပါတော့တယ်။ အဲနေရာကတော့ ကျနော်အရင်တုန်းက သိထားခဲ့တဲ့နာမည်လေးက ရေလယ်တည်ခိုခန်းလို့ သိထားခဲ့တာပါ။ အရင်တစ်ခေါက်ရောက်တုန်းကလည်း ဧည့်ခန်း၊ အိပ်ခန်းနဲ့ မီးဖိုခန်းဆိုပြီး ပြည့်ပြည့်စုံစုံရှိခဲ့တဲ့ နေရာလေးပါ။ ခုတစ်ခေါက်ရောက်တဲ့ အချိန်မှာတော့ ဘာမှကို မရှိတော့ပါဘူး။ ပြုပြင်ထားတာကိုလည်း မတွေ့ရပါဘူး။ ကျန်နေတာ တစ်ခုကတော့ အခန်းတွေကြားထဲမှာ မွေးထားတဲ့ ငါးတွေတော့ ရှိနေသေးတယ်။ အရင်လောက် မများတော့ပင်မဲ့ ရှိနေသေးတယ်လို့ ပြောလို့ရပါတယ်။

ရေလယ်တည်ခိုခန်းကနေပဲ ကျနော်တို့ ကမ်းကို သုံးနာရီခွဲလောက်အရောက် ပြန်လာခဲ့ကြပါတယ်။ ကမ်းပေါ်ရောက်တော့ လက်ကျန်စက်လှေခရှင်းပြီး စက်လှေမောင်းတဲ့ ညီလေးနှစ်ယောက်ကိုနှုတ်ဆက်ပြီး ကျနော်တို့ အင်းလေးကနေ ပြန်ထွက်လာခဲ့ပါပြီ။ အင်းလေးကို အသွားကတည်းက အပြန်ကျမှ နေ့လည်စာ စားမယ်လို့ ကားဆရာဦလေးကို ပြောထားခဲ့တာကြောင့် ကျနော်တို့ ညောင်ရွှေမြို့ မရောက်ခင် ငါးကင်းရတဲ့ ဆိုင်မှာပဲ ကျနော်တို့ နေ့လည်စားကို ထပ်စားကြပြန်ပါတယ်။ ဓါတ်ပုံ တော်တော်များများ အဖျတ်ခံရတဲ့ အထဲမှာ ငါးကင်းပုံတွေလည်း ပါသွားခဲ့သလို အောင်ပန်း မရောက်ခင် ဘဘဦးသုခ ရိုက်ခဲ့တဲ့ ဘဝသံသရာ တံတား ရထားလမ်းကို ရိုက်ထားတဲ့ ပုံပါ အဖျတ်ခံရတဲ့ အထဲပါသွားမှန်း သိလိုက်ရတယ်။ ဒါကြောင့် ဓါတ်ပုံနှင့်တကွ ဖော်ပြနိုင်ခြင်း မရှိတဲ့ အတွက် ခွင့်လွှတ်ပေးကြပါအုံးဗျာ။ 

ညနေ ၇ နာရီမှာတော့ ကျနော်တို့ ကလောဟိုတယ်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။ ပစ္စည်းတွေ ချပြီး ကားရှင်းတော့ အားလုံးပေါင်း ၇သောင်း ရှင်းလိုက်ရပါတယ်။ တောင်ကြီးမှာ လေးနေရာအတွက် တစ်သောင်းခွဲ၊ တောင်ကြီး - ကလောကို လေးသောင်း ၊ အင်းလေးကို ဝင်တာ တစ်သောင်းခွဲ။ ၇ သောင်း စိတ်ထဲမှာ များနေပင်မဲ့ သူငယ်ချင်းနှစ်ယောက်ထဲ အေးအေးချမ်းချမ်း နဲ့ လွတ်လွတ်လပ်လပ် သွားလာခဲ့ရပါတယ်။   

အင်းထဲက ဓါတ်တိုင်

အင်းထဲက ဘုန်းကြီးကျောင်းတစ်ခု


 ကြောင်ခုန်ကျောင်း ( ငါးဖယ်ချောင်းကျောင်း )

ကြောင်ခုန်ကျောင်း အတွင်းထဲမှ ဘုရား

 ဇင်ယော်တွေကို စက်လှေပေါ်ကနေ အစားကျွေးရင်း ရိုက်ထားတဲ့ ပုံတွေအများကြီးထဲမှ ဒီတစ်ပုံပဲ ကျန်ခဲ့ပါတယ်။ စိတ်ကြီးကြီးနာရသလို ကျနော့်သူငယ်ချင်းကို ကျနော် တော်တော် စိတ်တိုပါတယ်။ အတန်တန်မှာထားလျှက်နဲ့ ဖျက်ဖြစ်အောင် ဖျက်လိုက်လို့ပါ။ အောက်ကပုံတွေကတော့ ရေလယ်တည်ခိုခန်းကနေ ရိုက်ထားတဲ့ ပုံတွေပါ။ တစ်ပုံမှ စိတ်ကြိုက်ဖြစ်တဲ့ ပုံမကျန်ခဲ့ပါဘူး။ တော်ပါပြီ။ မပြောတော့ပါဘူး။ ကိုယ့်စိတ်ကို ဒုက္ခပေးသလိုပဲ ဖြစ်နေပါတော့မယ်။ ကိစ္စမရှိပါဘူး။ ကလောကနေစပြီး ကျနော့်စိတ်ကြိုက် ဓါတ်ပုံတွေကို တင်ခွင့်ရသွားတော့မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလောဟိုတယ်ရောက်မှ ကျနော့်ဖုန်းကို အားသွင်းလိုက်ရလို့ပါ။

အင်းလေးခရီးစဉ် ဒီမှာပဲ ပြီးဆုံးသွားခဲ့ပါပြီ။ ရှေ့ဆက်ပြီး ကျနော်တို့ ကလောမှာ ရှိတဲ့ နှီးဘုရား ၊ ရွှေဥမင် သဘာဝလိုင်ဂူ နှင့် ကလောမြို့ထဲမှာ သွားချင်တဲ့ နေရာသွားပြီး  ရိုက်ချင်တဲ့ နေရာတွေမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို ဆက်လက် ဖေါ်ပြပေးသွားပါအုံးမယ်။

လေးစားစွာဖြင့်
ရီနိုမာန်

March 16, 2012

အင်းလေး သို့ တစ်ခေါက်

ညောင်ရွှေမြို့ကနေ အင်းလေး စက်လှေဂိတ်ကိုရောက်တော့ နေ့လည်၁၂ခွဲလောက် ရှိနေပါပြီ။ နေ့လည်စာကို အပြန်ကြမှ စားကြမယ်ဆိုပြီး သူငယ်ချင်းနှစ်ယောက် စက်လှေအသွား၊ အပြန် ၂သောင်းခွဲနဲ့ ငှားလိုက်ကြတယ်။ စက်လှေမောင်းတဲ့ ညီလေးနှစ်ယောက်ကလည်း မြန်မာလို ကောင်းကောင်း မပြောတက်ကြဘူး။ ကျနော်နဲ့ ပါလာတဲ့ သူငယ်ချင်းကလည်း မြိတ်သားဆိုတော့ စကားက မပီဘူး။ စက်လှေပေါ်မှာ သူပြောတာ ငါနားမလည်၊ ငါမေးတာ သူနားမလည် နဲ့ပေါ့။ စက်လှေစီးရတာတော့ တော်တော်လေးကြာအောင် စီးရပါတယ်။ တစ်နေရာ နဲ့ တစ်နေရာကို ရောက်ဖို့ တော်တော်လေး ကြာမြင့်တယ်လို့ ယူဆရပင်မဲ့ ရောက်တဲ့နေရာမှာတော့ အေးအေးဆေးဆေး လည်ပတ်လို့ ရခဲ့ပါတယ်။ ကျွန်တော်တို့ ပထမဆုံး ဖောင်းတော်ဦး တည်ရှိတဲ့ ရေလယ်ဘုရားကို အရင်ဆုံး သွားခဲ့ကြတယ်။
 စက်လှေပေါ်က တက်လိုက်တယ်ဆိုရင်ပဲ  ဈေးရောင်းတဲ့ကလေးတွေ ဝိုင်းလို့လာပါတယ်။ ဘုရားပန်းရောင်းတဲ့ ကလေးလေးတွေပါ။ ဘုရားပန်း မဝယ်လိုက်ပင်မဲ့ ကျနော့်နားမှာ ပေကပ်ပြီး ရောင်းနေတဲ့ ကလေးကိုတော့ မုန့်ဖိုးပေးလိုက်ပြီး နှုတ်က မှာလည်း မှာလိုက်ရပါသေးတယ်။ ဘယ်သူမှ မပြောနဲ့နော်လို့လေ။ ကလေးကတော့ မပြောဘူးနဲ့တူပါတယ်။ ကျနော်နားမှာ ဘယ်သူမှ ထပ်မလာတော့ဘူး။ ကျနော့်သူငယ်ချင်းကတော့ အပြန်ကြရင် ဝယ်မယ်လို့ ပြောလိုက်တော့ ကလေးတွေ ရှဲသွားကြပါတယ်။ ဒီလိုနဲ့ ကျနော်တို့ ဘုရားပေါ်တက် ဘုရားဖူး ၊ ရွှေသင်္ဃန်းကပ် အလှူငွေလှူပြီးတော့ ပြန်ဆင်းခဲ့ကြပါတယ်။

ဘုရားပေါ်က ဆင်းတော့ ကျနော်တို့ တော်တော် လေး ဗိုက်ဆာလို့နေပါပြီ။ ကားဆရာဦးလေးကလည်း ကမ်းပေါ်ရောက်မှ စားကြမယ်လို့ ပြောထားပင်မဲ့ ကျနော်တို့ နှစ်ယောက် ဘယ်လိုမှ မခံစားနိုင်တော့ပါဘူး။ ဒါကြောင့်ပဲ စက်လှေမောင်းတဲ့ ညီလေးကို ဘယ်မှာ ရှမ်းစာ စားလို့ကောင်းတဲ့ ဆိုင်ကို ပို့ခိုင်းလိုက်ရပါတော့တယ်။  
 ငါးထမင်းနယ်
 ရှမ်းထမင်းသုပ် လို့ ထင်တာပဲ။ ( မမှတ်မိတော့ဘူး ဟိဟိ)
ငါးဒုက္ခ နဲ့ စွန်တန်ဟင်းချို
စားလို့ကောင်းမယ်လို့ ထင်ထားတာ ထင်သလောက် မကောင်းပါဘူး။ ဗိုက်ပြည့်ရုံသာ စားလိုက်ပြီး နောက်တစ်နေရာကို ထွက်လာခဲ့ပါတယ်။ ယက်ကန်းရုံတွေ သွားကြည့်အုံးမလားလို့ မေးပင်မဲ့ အချိန်နောက်ကျမှာ ဆိုတာကြောင့် ယက်ကန်းရုံတွေကို သွားမကြည့်ဖြစ်လိုက်တော့ပါဘူး။
စက်လှေနဲ့ သွားရင်းလာရင်း ရိုက်မိတဲ့ ဓါတ်ပုံလေးတွေပါ။ ခြေထောက်နဲ့ လှေလှော်တဲ့ အင်းသားတွေရဲ့ ပုံကိုတော့ ကောင်းကောင်းရိုက်မရလို့ ရတဲ့အနောက်ကလှမ်းပြီ ရိုက်လိုက်တာပါ။

ဒီပုံကတော့ အမှတ်တရ မှတ်တိုင်လေးလို့ သိရပါတယ်။ ဖောင်းတော်ဦးဘုရားငါးဆူ အပူဇော်ခံထွက်တုန်း ဘုရားငါးဆူ ရေထဲကျသွားတယ်ဆိုတာ ကြားဖူးကြမယ်ထင်ပါတယ်။ အဲဒီနေရာ ကို ယခုလို အမှတ်အသားလေး လုပ်ထားပါတယ်။
ရေပေါ်မူလတန်းကျောင်းလေးပါ
အဝေးက ရိုက်မိတဲ့ ဇင်ယော်များရဲ့ ပုံ

အဲဒီကနေမှ တဆင့် အလိုတော်ပေါက်ဘုရားကို ဆက်သွားခဲ့ပြန်ပါတယ်။ အလိုတော်ပေါက်ဘုရားကိုရောက်တဲ့ အချိန်မှာတော့ ခုနကလိုပါပဲ။ ကလေးတွေ ဝိုင်းအုံလို့ လာပြန်ပါတယ်။ ဒီတစ်ခေါက် ကျနော် ဖြေရှင်းနည်းက အရင်တိုင်းပဲ ဆိုပင်မဲ့ မအောင်မြင်ခဲ့ပါဘူး။ ကျနော်ပေးလိုက်တဲ့ ကလေးက ဆွေမျိုးသိတယ်လို့ ပြောရမလိုပါပဲ။ သိပ်မကြာခင်မှာပဲ ကျနော်အနားကို ကလေးတွေ အများကြီးရောက်လာပါတော့တယ်။ ဒီတစ်ခေါက်တော့ ဈေးရောင်းကြတာ မဟုတ်တော့ပါဘူး။ သမီးတို့ကိုလည်း မုန့်ဖိုးလေး၊ သားတို့ကိုလည်း မုန့်ဖိုးလေး ပေးပါ လို့ဖြစ်ကုန်ပါတယ်။ ကျနော်လည်း ၁၀ယောက်ကျော်လောက် ရှိတဲ့ ကလေးတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိယုံကလွဲလို့ ဘာမှ မတက်နိုင်ခဲ့ပါဘူး။ 
အဝေးက မြင်ရတဲ့ အလိုတော်ပေါက်ဘုရား

 ဘုရားအတွင်းမှာ ရှိနေတဲ့ ပုံတော်များ
အတွင်းပိုင်းမှာ ရှိတဲ့ ဘုရားပုံ

အလိုတော်ပေါက်ဘုရားမှ တဆင့် ကျနော်တို့ ကျောင်းကုန်းကျောင်းနဲ့ ရေလယ်တည်ခိုခန်းကို ဆက်သွားခဲ့ပါတယ်။ပုံလေးတွေ တော်တော်များသွားပြီး ဖြစ်တာကြောင့် ကျောင်းခုန်ကျောင်းနှင့် ရေလယ် တည်ခိုခန်းမှာ ရိုက်ခဲ့တဲ့ ပုံတွေကို နောက်မှ ဖော်ပြပေးပါတော့မယ်။ 

လေးစားစွာဖြင့် 
ရီနိုမာန်

မှတ်ချက် ။    ။ ခရီးသွားမှတ်တမ်း နာမည်ဖြင့်တင်သော ပိုစ့်များတွင်ပါသော ပုံများသည် ကျနော်ကိုယ်တိုင် ရိုက်ကူးထားခြင်း ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။



March 13, 2012

တောင်ကြီးမြို့မှ နှုတ်ဆက်ပါပြီ

နံက်စာ စားပြီးတဲ့ အချိန်မှာတော့ မနက် ၁၀နာရီခွဲလောက် ရှိနေပါပြီ။ ဒါနဲ့ ကျနော်တို့လည်း ကြိုးတံတားဘက်ကို ထွက်လာခဲ့ကြပါတယ်။ ကြိုးတံတားကနေ ကျနော်တို့ ကလောကို လိုင်းကားစီးပြီ သွားမယ်လို့ စဉ်းစားလိုက်ပင်မဲ့ ကလောကို ရောက်မဲ့ အချိန်ကို တွက်ကြည့်လိုက်တော့ အချိန်ကုန် လူပန်းဖြစ်မှာ ဆိုးတာကြောင့် ကားဆရာဦးလေးကို တောင်ကြီးကနေ ကလောကို ဆင်းရင် ဘယ်လောက်ပေးရမလဲ မေးကြည့်လိုက်တော့ လေးသောင်းလောက်တော့ပေးရမယ်ဆိုတာကြောင့် ကားဆရာဦးလေးကိုပဲ ကလောထိ ကားဆက်ငှားထားလိုက်ပါတယ်။ ကြိုးတံတားမှာ ဓါတ်ပုံရိုက်လို့ပြီးရင် ကျနော်တို့ ကလောကို ဆက်ဆင်းပါတော့မယ်။

တောင်ကြီး ရှုခင်းသာကြိုးတံတား

ပန်းခြံထဲမှာ


 တက်လာတုန်းက ရိုက်ရမဲ့ပုံပါ။ သို့သော် ကျနော်တို့ တောင်ကြီးကို ရောက်တဲ့ အချိန်က မနက်အစောကြီး ဖြစ်နေတာကြောင့် ပြန်ဆင်းတဲ့ အချိန်ကြမှ ပေါင်းပြီး ရိုက်လိုက်ရပါတယ်။


၁၁နာရီ ကျော် ၁၂လောက်မှာ တောင်ကြီးမြို့ကနေ ကျနော်တို့ စတင်ထွက်လာခဲ့ပါပြီ။  အေးချမ်းလှတဲ့ မြို့ပေါ်ကနေ ဆင်းလာခဲ့ကြပင်မဲ့ အနွေးထည် မာဖလာကတော့ မချွတ်ရသေးပါဘူး။ တောင်ကြီးရောက်မှ သတိတစ်ခုရသွားတယ်။ ကျနော် မတက်ခဲ့ရတဲ့ တောင်ကြီး တက္ကသိုလ် ဘက်ကို မသွားဖြစ်လိုက်ခဲ့ဘူး။ ၂၀၀၀ခုနှစ်လောက်က တောင်ကြီးတက္ကသိုလ်မှာ အဝေးသင် သမိုင်းမေဂျာနဲ့ ကျောင်းတက်ရောက်ခွင့်ရခဲ့ပါတယ်။ တက်ခွင့်ရတဲ့ အချိန်မှာပဲ ရန်ကုန်မှာ အလုပ်လုပ်နေပြီး ဖြစ်တာကြောင့် ရန်ကုန်မှာ ပဲ တက်ဖို့ စီစဉ်ရပါတော့တယ်။ ဒီလိုနဲ့ ကျနော် တောင်ကြီးကိုလာပြီး ကျောင်းပြောင်းလာလုပ်ရပါတယ်။ အဲဒီတစ်ခေါက်ပဲ ကျနော် တောင်ကြီးတက္ကသိုလ်ထဲကို ရောက်ဖူးလိုက်တယ်။ အမှတ်တရ ဖြစ်နေမဲ့ နေရာလေးကို သတိရလိုက်ပင်မဲ့ ကျနော်တို့ ငှားလာတဲ့ ကားကတော့ တောင်အောက်ရောက်လို့ နေခဲ့ပါပြီ။

ဟဲဟိုးကို ရောက်တော့ ကျနော် အမှတ်မထင်ပဲ သတိရလိုက်မိတာကတော့ ကျနော် ၈တန်းကျောင်းသာဘဝတုန်းက အတန်းပိုင်ဆရာမနဲ့ အတူခရစ္စမတ် ကလောကို လိုက်လာဖူးပါတယ်။ ကလောကိုရောက်တော့ ဘုရားကျောင်းကအဖွဲ့တွေ တောင်ကြီးတက်ပြီး ကယ်ရယ်ဆင်ဂင်း သွားဆိုကြမယ်ဆိုလို့ ကျနော် လိုက်လာခဲ့တယ်။ ဟဲဟိုးက အသိအိမ်မှာ ညနေစာ စားခဲ့ကြတာ၊ ဟဲဟိုးကနေတောင်ကြီးကို တက်တော့ တစ်လမ်းလုံး သီချင်းတွေ ဆိုခဲ့ကြတာကို အမှတ်သွားရနေမိပါတယ်။ 

မထင်မှတ်ပဲ ဒီမြို့အဝင်မုဓ်ဦးကိုတွေ့တော့ ကျနော့်ကို ကားဆရာဦးလေးက အချိန်ရသေးတာပဲ အင်းလေး သွားလည်ကြပါလား။ ဒီကနေသွားရင် သိပ်မဝေးတော့ဘူး။ ကျနော်တို့ သွားမဲ့ အစီအစဉ်ထဲမှာ အင်းလေးသွားမဲ့ အစီအစဉ်မပါပါဘူး။ ဒါနဲ့ ဦးလေးကို ကားခ ဘယ်လောက်ထပ်ပေးရမလဲ၊ အချိန်ဘယ်လောက်ပေးရမလဲလို့ မေးကြည့်လိုက်တော့ ကားခက တစ်သောင်းခွဲပဲ ပေးပါတဲ့။ အချိန်ကတော့ နေ့လည် ၃နာရီခွဲလောက် အရောက်ပြန်လာခဲ့ရင် ကလောကို ၅ နာရီ ၆ နာရီလောက် ပြန်ရောက်နိုင်တယ်။ အချိန်ရယ်ငွေရယ်ကို ကြည့်လိုက်တော့ မဆိုးဘူး။ မသွားဘူးဆိုရင်လည်း မရောက်တော့ဘူး။ ကျနော်ကတော့ ရောက်ဖူးနေတော့ ကိစ္စမရှိဘူး။ ကျနော်နဲ့ တူတူပါလာတဲ့ သူငယ်ချင်းက မရောက်ဖူးတော့ သူ့ကိုမေးကြည့်ချင်သေးတာကြောင့် ကားကိုရပ်ခိုင်းလိုက်ရပါတယ်။ 

သူငယ်ချင်းကလည်း လမ်းကျောသင့်နေတာကြောင့် သွားမယ်ဆိုပြီး ကျနော်တို့ မထင်မှတ်ပဲ အင်းလေးကို ရောက်သွားခဲ့ကြပြန်ပါတယ်။ အင်းလေးမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို နောက်ပိုစ့်တစ်ခု အနေနဲ့ ဖေါ်ပြပေးသွားပါအုံးမယ်။ 

လေးစားစွာဖြင့်
ရီနိုမာန် 

March 12, 2012

တောင်ကြီး ဖဝါးအောက် ( ၂ )


မြစိမ်းတောင်၊ ရွှေဘုန်းပွင့်၊ စူဋ္ဌာမုနိလောက ချမ်းသာစေတီတော် နှင့် တောင်ကြီးကြိုးတံတား။ ထိုလေးနေရာအတွက် ကားခ တစ်သောင်းခွဲ ပေးရပါတယ်။ ကျနော်တို့ သူငယ်ချင်းနှစ်ယောက် တတိယနေရာဖြစ်တဲ့ စူဋ္ဌာမုနိလောက ချမ်းသာစေတီတော် ကိုအရောက်မှာတော့ မနက်ကတည်းက ဘာမှမစားရသေးတာကြောင့် မုဒ်ဦးဝမှာ ဆိုင်တွေ တွေ့တာကြောင့် အပြန်ကျမှ မနက်စာစားမယ်လို့ ကားဆရာကြီးကို ပြောတော့ သူက ဒီမှာ မစားနဲ့။ ရှမ်းစာစားချင်တယ်ဆိုရင် ကောင်းတဲ့ နေရာ လိုက်ပို့ပေးမယ်တဲ့။ ဒါနဲ့ ကျနော်တို့လည်း စိတ်ရှိတိုင်း ဘု၇ားဖူးခဲ့ကြပြန်ပါတယ်။
 
ဒီမုဒ်ဦးကတော့ ကားလမ်းက ဝင်လာတုန်း လှမ်းရိုက်တဲ့ ပုံပါ။
ဒီမုဒ်ဦးကတော့ တစ်ဖက်ခြမ်းမှာ ရှိတဲ့ လူတက်လမ်းက မုဒ်ဦးပါ။
အမှန်တကယ်တော့ မုဒ်ဦးကို ရိုက်ချင်လို့ မဟုတ်ပါဘူး။ ရောက်တဲ့နေရာ ဘယ်နေရာမှန်း စာအုပ်လည်း မပါတာကြောင့်  လွယ်လွယ်မှတ်မိအောင် ရိုက်ထားးခြင်းပါ။  

ရင်ပြင်တော်မှ ရိုက်ထားခြင်း
အတွင်းပိုင်းမှ ဘုရား လေးဆူ ရပ်တော်မှု ( ၁)


အတွင်းပိုင်းမှ ဘုရား လေးဆူ ရပ်တော်မှု ( ၂ )


အတွင်းပိုင်းမှ ဘုရား လေးဆူ ရပ်တော်မှု ( ၃ )


အတွင်းပိုင်းမှ ဘုရား လေးဆူ ရပ်တော်မှု ( ၄ )


 စေတီအတွင်းသို့ အဝင်ပေါက် တစ်နေရာ


ဘုရားက ပြန်ဆင်းတော့ ကျနော်တို့နှစ်ယောက် တော်တော်လေး ဗိုက်ဆာနေကြပါပြီ။ ဒါနဲ့ ကားဆရာကိုပဲ ဆိုင်တစ်ဆိုင်ဆိုင်ကို အရင်မောင်းပေးပါ။ စားပြီးမှပဲ ကြိုးတံတား သွားတော့မယ်လို့ ပြောလိုက်၇ပါတယ်။ ကားဆရာကလည်း ဘာစားချင်တာလဲ။ ရှမ်းခေါက်ဆွဲလား၊ တို့ဟူးနွေးလားတဲ့။ ကျနော်က တို့ဟူးနွေးပိုကြိုက်တော့ တို့ဟူးနွေးဆိုင်ပဲ သွားခဲ့ကြပါတယ်။
ဒါတောင်ကြီးမှာ စားခဲ့တဲ့ တို့ဟူးနွေးပါ 
စားနေရင်းနဲ့ အိုက်ခီလောက် ကို သွားသတိရလိုက်ပါသေးတယ်။ သူတောင်ကြီးကို မပြန်ခင် မလေးရှားမှာ ကျနော်နဲ့တွေ့တုန်းက တောင်ကြီးရောက်ရင် အိုက်ခီလောက်စားသောက်ဆိုင် ဖွင့်မယ်တဲ့။ တောင်ကြီးရောက်ရင် လာခဲ့ပါဆိုလို့ ကျနော်မေးကြည့်ပါသေးတယ်။ အဲ့နာမည် မကြာဖူးသေးဘူးတဲ့။
မနက်စာ စားသောက်ပြီးတော့ ကြိုးတံတားသွားဖို့ ထွက်လာခဲ့ကြပါတယ်။ ကျနော်တို့ စားတဲ့ မနက်စာကို ကားဆရာ ဦးလေးမှ ရှင်းပေးခဲ့ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်